ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၃၃) Unicode

သုံးလကြာပြီးနောက်......

Florida, United States

အမေရိကန် နိုင်ငံ ဖလော်ရီဒါ မြို့ရဲ့ လမ်းသွယ်လေးတစ်ခုမှာ တည်ရှိတဲ့ "နှင်းဆီနီ " လို့ခေါ်တဲ့ ပန်းဆိုင်လေးဟာ လူသိများသည်။စဖွင့်တာ နှစ်လကျော်လောက်ပဲ ရှိသေးပေမယ့် ဝယ်ယူအားပေးဖူးတဲ့သူ အချင်းချင်း လမ်းညွှန်သတင်းပေးမှုတွေ ကြောင့် တစ်စထက်တစ်စ လူသိများလာခြင်းဖြစ်​၏။

လူသိများရခြင်း​၏ အဓိက အကြောင်းရင်းက ပန်းစည်းလေးတွေကို ဝယ်ယူသူ စိတ်တိုင်းကျ ဒီဇိုင်းလေးများဖြင့် အလှဆင်ထုတ်ပိုးပေးတဲ့ ဆိုင်ရှင် ကြောင့်ပင်။

တစ်ခါတစ်လေ ဝယ်ယူသူတွေကတောင် ဝေခွဲမရဖြစ်တတ်တယ်။ ဆိုင်နာမည်လေး "နှင်းဆီနီ "ဆိုတာ ပန်းလေးတွေကို အစွဲပြုပြီးပေးထားတာလား နှင်းဆီပန်း အနီလေးတွေ ရှုံးအောင်လှတဲ့ ဆိုင်ရှင်လေးကို အစွဲပြုပြီးပေးထားတာလား ဆိုတာ။

ပန်းလာဝယ်တဲ့ သူတွေဟာ ပန်းစည်းလေးတွေ ပြင်ပေးနေတဲ့ လက်သွယ်သွယ်လေးတွေကို အကြည့်မခွာနိုင်ဖြစ်ရပြီး အပြုံးလေးတွေကို တွယ်ညိတတ်ကြတယ်။ တချို့သော အားပေးသူတွေအနေနဲ့တော့ ပန်းလေးတွေ အစား ဆိုင်ရှင်လေးကို သာ ရှိုက်သွားချင်လောက်သည်အထိဖြစ်ရတယ်ဆိုပြန်တယ်။သို့သော်လည်း ရိသဲ့သဲ့ စကားတို့ မဆိုရဲ။

ဆိုင်ရှင်လေးအပြုံးလှလည်း မျက်နှာကြောက အတင်းသား။

"ကြွပါခင်ဗျာ....."

ရှောင်းကျန့်က သူ့ဆိုင်ထဲ ဝင်လာတဲ့ ဝယ်ယူသူ ဧည့်သည် တစ်ဦးကို ကြိုဆိုမှုပြုလိုက်သည်။

"ဘာကူညီပေးရမလဲခင်ဗျ...."

ရှောင်းကျန့်က ကူညီပေးဖို့ ကမ်းလှမ်းလိုက်တဲ့အခါ ဧည့်သည်က....

"အင်း.....ကိုယ့်ကောင်မလေး စိတ်ကောက်နေလို့ ချော့မလို့  ပန်းစည်းလှလှလေးတစ်ခုလိုချင်တယ်....."

"ကောင်းပါပြီ.....ဧည့်သည်ရဲ့ ကောင်မလေးက ဘာပန်းလေးတွေ ကြိုက်တတ်လဲ....."

"အဲ့တာတော့ ကိုယ်လည်း သေချာမသိဘူး ဒီကပဲ ကြည့်ကြပ်ပြီး စီစဉ်ပေးလိုက်ပါ....."

ဧည့်သည်ရဲ့ စကားကို ရှောင်းကျန့် ခေါင်းညိမ့်လိုက်ပြီး......

"အင်း....ကိုယ့်ကောင်မလေး အကြိုက်မသိမှတော့ တစ်ဖက်က စိတ်ကောက်တာလည်း မဆန်းပါဘူး....အဲ့တော့ ကောင်မလေး အကြိုက်သိသွားတဲ့ အချိန်မှ ပြန်လာခဲ့ပါ...."

ဆက်ဆံရေး အင်မတန်ပြေပြစ်လှတဲ့ ဆိုင်ပိုင်ရှင် ကြောင့် ဝယ်ယူသူ အနေနဲ့ ဆွံ့အသွားရသည်။ စောဒကတက်ဖို့ပြင်လိုက်ပေမယ့် ဆိုင်ပိုင်ရှင်က အပြောကြမ်းကြမ်းတွေနဲ့ပြောပစ်လိုက်ဖို့ မလိုက်ဖက်စွာ လှလွန်းနေတာကြောင့် ပြောတောင်မထွက်ခဲ့တော့။ အမုန်းစကားတွေ မပြောချင်တဲ့အခါ......
"မင်းကရော ဘာကြိုက်တတ်လဲ....."

တစ်ဖက်က လူရဲ့ စကားအသွားအလာကို ရှောင်းကျန့် နားထောင်ရင်း နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်လိုက်ကာ.....

"ကိုယ်က ဝမ်ရိပေါ် ဆိုတဲ့ လူကိုပဲ ကြိုက်တတ်တယ်...."

ပြတ်ပြတ်သားသား အပြောအဆိုအောက်မှာ တစ်ဖက်လူလည်း အောင့်သက်သက်ဖြစ်သွားရကာ နှုတ်တောင်မဆက်နိုင်ဘဲ ပြန်လှည့်ထွက်သွားရသည်။

ရှောင်းကျန့်ကတော့ အခြားသော ပန်းစည်းလေးတွေကို ဆက်ပြီး ပြင်ဆင်လို့နေသည်။ ဒီလိုလူတွေ ဒီလိုအပြုအမူ အပြောအဆိုတွေက သူနေ့တိုင်းနီးပါး ကြုံနေရတဲ့ ကိစ္စ။ တစ်ခါတစ်လေဆို ပန်းစည်းလာဝယ်တဲ့သူတွေက သူ့စိတ်ကြိုက်ပြင်ခိုင်းပြီးတော့ သူပြင်ထားတဲ့ ပန်းစည်းတွေ သူ့ကိုပဲ ပြန်ပေးသွားတာရှိသည်။
လူအယောက်တစ်ရာမှာ ပန်းတကယ်လာဝယ်တဲ့ သူက အယောက်ငါးဆယ်ဆို ကျန်အယောက်ငါးဆယ်က သူ့ကို ရိသဲ့သဲ့လာလုပ်တဲ့သူတွေသာ။ ဆိုင်တစ်ခါ ပြန်သိမ်းသွားရင် သူ့ကို ပြန်ပေးလို့ ကျန်ခဲ့တဲ့ ပန်းစည်းတွေက တစ်ရက်ကို ငါးစည်းထပ်မနည်း။

ဒီလိုမျိုးတွေက အခုမှ မဟုတ်ပါဘူး ။ သူဘေကျင်းမပြန်ခင် ဒီမှာ ကျောင်းပြီးလို့ ဒီဇိုင်နာ လောကထဲဝင်လာကတည်းက ကြုံနေကျတွေသာ။ သူက အာရှသားတစ်ယောက်ဖြစ်ပေမယ့် အဖြူတွေကြားထဲမှာလည်း လူကြိုက်များတယ် ထင်ပါ့။
ရှောင်းကျန့် တစ်ယောက်တည်း တွေးနေရင်း သူ့အရောင်းကောင်တာရှိ ပန်းအိုးလေးထဲက နွမ်းနေတဲ့ နှင်းဆီနီ လေးကို ယူ၍ အမှိုက်ပုံးလေးထဲ ထည့်ကာ အသစ်တစ်ပွင့်နဲ့ လဲလိုက်သည်။ ဒါက သူနေ့တိုင်းလုပ်နေကြအလုပ်။ ပန်းအိုးလှလှလေးထဲက တစ်ပွင့်နှင်းဆီနီ လေးက မသိရင် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည့်နှယ်။

"ချွင်...."

ဖြည်းညင်းစွာ တွန်းပွင့်လာတဲ့ မှန်တံခါးလေးတစ်ချပ်နှင့် အတူ တံခါးမှာ ချိတ်ဆွဲထားတဲ့ အလှဆွဲခေါင်းလောင်းရဲ့ အသံသာသာ လေးကလည်း တစ်ပြိုင်နက် ပေါ်ထွက်လို့လာသည်။
"ကြိုဆို....."

ရှောင်းကျန့်က ခါတိုင်းလိုပင် ကြိုဆိုစကားပြောဖို့လုပ်လိုက်ပေမယ့် ဝင်လာတဲ့ သူကို တွေ့လိုက်သည့်အခါ စကားကို ဆုံးအောင်မပြောတော့ဘဲ အကြည့်လွှဲကာ မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။ ထို့နောက် အရေးမစိုက်ဘဲ လုပ်စရာရှိတာပဲ ဆက်လုပ်နေသည်။

ဝင်လာတဲ့သူကလည်း ရှောင်းကျန့်ကို တစ်ချက်သာ စိုက်ကြည့်ပြီးနောက် ပန်းလာဝယ်တဲ့ဧည့်သည်တွေ ထိုင်စောင့်လေ့ရှိတဲ့ သစ်သားစားပွဲလေးရှိရာ ထိုင်ခုံတွင်သာ ဝင်ထိုင်လို့နေ​၏။
ငါးမိနစ် မကလို့ ဆယ်မိနစ်ကြာသည့်တိုင် တစ်ယောက်နဲ့ တစ်ယောက် စကားတစ်ခွန်းစမပြောကြသလိုအကြည့်တစ်ချက်တောင် မဆုံဖြစ်ကြ။ အကြည့်မဆုံဖြစ်ရတဲ့ အကြောင်းရင်းက ထိုင်နေတဲ့သူက ရှောင်းကျန့်​၏ လှုပ်ရှားမှုများကို မျက်တောင်တစ်ချက်မခတ် စိုက်ကြည့်နေပေမယ့် ရှောင်းကျန့်ဘက်က တစ်ချက်ပြန်လှည့် မကြည့်ခြင်းကြောင့်ဖြစ်​၏။

နေ့လည်နေ့ခင်း အရောင်းပါးချိန်ဖြစ်တာကြောင့် ဆိုင်ထဲမှာ တိတ်ဆိတ်နေစဉ် ဆိုင်ခန်းတံခါးကို အလုအယက်တွန်းတိုက်ပြီး ဝင်လာတဲ့ အထက်တန်းကျောင်းသူတစ်အုပ်က အရောင်းကောင်တာ ရှေ့တွင် သူ့ထက်ငါ အပြိုင်အရှေ့ဆုံးနေရာရောက်အောင် ရပ်ကြသည်။ အာရှက ကျောင်းသူလေးတွေနဲ့ မတူအောင် အပြောအဆို အမူအရာလေးတွေကလည်း ရဲတင်း​၏။
ကျောင်းသူလေးများထဲမှ အရပ်မြင့်မြင့်လေးနဲ့ တစ်ယောက်က ရှောင်းကျန့်ကို ကြည့်ကာ.....

"ဖုန်းနံပါတ်သိလို့ရမလား....."

"ခွမ်း....."

ကျောင်းသူလေးများက ရှောင်းကျန့်​၏ အဖြေကို မျှော်လင့်တကြီး စောင့်စားနေကြစဉ် အနောက်နားဆီက ပန်းအိုးတစ်လုံးကျကွဲသံကြား​၏။ စားပွဲပေါ်မှာ တင်ထားတဲ့ အလှပန်းအိုးက တမင်တကာ လက်နဲ့တိုက်ချခြင်း ခံရဟန်တူသည်။

ကျောင်းသူလေးတစ်အုပ် အသံလာရာကို လှည့်ကြည့်လိုက်တဲ့ အခါ တွေ့လိုက်ရတဲ့ အကြည့်စူးစူးတွေကြောင့် တစ်ကိုယ်လုံးတောင့်သွားသလို ခံစားလိုက်ရသည်။ စိတ်ထဲမှာ နည်းနည်းလန့်လာတာကြောင့် တစ်ယောက်နဲ့တစ်ယောက်လက်တို့ကာ လာရင်းကိစ္စကို မေ့ပစ်လိုက်ကြပြီး ဆိုင်ထဲက ကုပ်ကုပ်လေးပြန်ထွက်သွားကြ​၏။
ထိုင်နေတဲ့သူက မျက်နှာသုန်မှုန်စွာဖြင့် ထလာဖို့ပြင်လိုက်စဉ် ဆိုင်ထဲထပ်ဝင်လာတဲ့ ဧည့်သည် တစ်ယောက်ကြောင့် ပြန်ထိုင်လိုက်ပြန်​၏။

ဝင်လာတဲ့သူက အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။ ရှပ်အင်္ကျီလက်ရှည်ကို စတိုင်လ်ဘောင်းဘီနဲ့ လိုက်ဖက်စွာဝတ်ဆင်ထားတာကြောင့် နှစ်ခေါက်ပြန်ကြည့်မိအောင် ကြည့်ကောင်းသူဖြစ်သည်။ ထိုလူက ရှောင်းကျန့်​၏ အရှေ့တွင်ရပ်ပြီး....
"ကိုယ် ပန်းစည်းလေး တစ်စည်းလိုချင်လို့....."

"ဟုတ်ကဲ့ပါ ဘယ်ပန်းလေးတွေနဲ့ စည်းပေးရမလဲ...."

"မင်းနဲ့တူတဲ့ နှင်းဆီနီ လေးတွေပါတဲ့ ပန်းစည်းလေးတစ်ခု....."

ရှောင်းကျန့် အင်တင်တင်ဖြစ်သွားပေမယ့် အလိုက်အထိုက်လေးပြုံးလိုက်ကာ.....

"အင်း ဘယ်နှစ်ပွင့် ထည့်ပေးရမလဲ......"

"မင်းအနေနဲ့ ဆိုရင်ရော ဘယ်နှစ်ပွင့်ပါတာကြိုက်လဲ....မင်းပဲကြည့်စီစဉ်လိုက်....."

"အဲ့တာဆိုရင်တော့ အပွင့်သုံးဆယ်ထည့်ပြီး စည်းပေးလိုက်ပါမယ်....."
"မင်းရဲ့သဘောပါ....."

ရှောင်းကျန့်က ဆယ်မိနစ်ကြာလောက်ပြင်ဆင်ပြီးတဲ့ နှင်းဆီနီ ပန်းစည်းလေးကို တစ်ဖက်လူကို ကမ်းပေးလိုက်ကာ......

"ဧည့်သည်ရဲ့ ကောင်မလေးက ကံကောင်းတဲ့သူဖြစ်မှာပါ....."

"ကိုယ့်ကောင်မလေးက မင်းလောက်မလှတော့ ဒီပန်းစည်းလေး မင်းကို ပြန်ပေးခဲ့ပါရစေ....."

.

.

.

.

ဟက်.....တော်တော်ကိုလွန်နေတာ။ အကောင်းနဲ့ထိုင်ကြည့်နေတာတော့မဟုတ်။

ကောင်တာမှာ အပြန်အလှန်ပြောဆိုနေတဲ့ စကားတွေကို နားထောင်နေရင်း ဝမ်ရိပေါ် ​၏နဂို သုန်မှုန်နေတဲ့မျက်နှာရိပ်က တဖြည်းဖြည်းမဲတက်လာရသည်။ အသားဖြူတဲ့လူတစ်ယောက်မလို့ ရဲတက်လာသည်ဟု သုံးရင် ပိုမှန်လိမ့်မည်သာ။
သူဒီဆိုင်ထဲ စဝင်လာကတည်းက ပြုံးပြလိုက်ပေမယ့် သူ့ရဲ့ အပြုံးကိုလျစ်လျူရှုပြီး တစ်ဖက်တောင်လှည့်သွားသေးတဲ့သူကို သူကျေနပ်လွန်းနေတာတော့ မဟုတ်။ အဲ့တာတွေထက် သူရောက်နေတာကို အခုထက်ထိတစ်ချက်တောင် အသိအမှတ်မပြု​သေးတာဖြစ်သည်။

အဆိုးဆုံးကတော့ သူထိုင်နေတဲ့ နာရီဝက်အတွင်းမှာ အရေးမပါတာတွေ တွေ့နေရတာ။ဒီဆိုင်က ပန်းစည်းရောင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာလား....လွတ်လွတ်လပ်လပ် လာကြောင်နိုင်ပါသည် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတာလား။အခုလာကြောင်နေတဲ့လူက ဝင်လာကတည်းက အသိသာကြီးကို ဟိုတစ်ယောက်ကလည်း မသိလို့လား သိသိကြီးနဲ့ အကြောင်ခံနေတာလား တော့မသိ။
ကိုယ့်ချစ်သူကို လာကြောင်နေတဲ့ကောင်တွေကိုဘယ်သူက လက်ပိုက်ကြည့်နိုင်လဲ။အထူးသဖြင့် ကိုယ့်လူကို အကြည့်တစ်ချက်ပြစ်မှားတာတောင် မခံနိုင်တဲ့သူ့လိုလူ။ ဒါတောင် သူ့ရှေ့တည့်တည့်မှာပြောလိုက်သေး....မင်းကကိုယ့် ကောင်မလေးထက်ပိုလှလို့ ပန်းစည်းလေးပြန်ပေးမယ် ဆိုပဲ ။အဲ့တော့လည်း လဲသေလိုက်။

ဝမ်ရိပေါ် သူထိုင်နေရာကနေ ထလာကာ ရှောင်းကျန့်ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လာပြီး အရှေ့ကနေ လက်တစ်ဖက်ဖြင့် ရှောင်းကျန့်​၏ ခါးကိုတင်းကြပ်နေအောင် ဖက်လိုက်ပြီး ကျန်လက်တစ်ဖက်က ရှောင်းကျန့်​၏ ဂုတ်သားလေးကို ထိန်းကိုင်လိုက်​၏။ ထို့နောက် ရှောင်းကျန့်ကို အရောလာဝင်နေတဲ့သူရှေ့မှာပင် အင်္ကျီစလစ်ဟာနေတဲ့ လည်တိုင်ဖြူဖြူလေးကို နစ်နေအောင် မလွှတ်တမ်းနမ်းကိုက်လိုက်​၏။
"ဘာလုပ်တာလဲ...."

​ရှောင်းကျန့်က အတင်းတွန်းလွှတ်ပေမယ့် ဝမ်ရိပေါ်က အလွှတ်မပေးဘဲ လည်တိုင်မှာတော်တော်ကြီးကို အရာထင်ကျန်သွားလောက်သည့်အခါမှ ခွာလိုက်ပြီး သူတို့ကို ကြောင်ကြည့်နေတဲ့ အရှေ့က လူရဲ့ မျက်နှာကိုတည့်တည့်ကြည့်ကာ.....

"ခင်ဗျားလာကြောင်နေတဲ့ ဒီလူက ခင်ဗျားကောင်မလေး ထက်မှ မဟုတ်ဘူး.....တစ်လောကလုံးက လူတွေထက်ကို ပိုလှတာ.....စိတ်မကောင်းစရာက ဒီလူမှာ ပိုင်ရှင်ကြီးငုတ်တုတ် ကျုပ်ရှိနေတာပဲ.....သဘောပေါက်တယ်ဆိုရင် လာရာလမ်းအတိုင်းပြန်လိုက်တော့......"
အရှေ့ကလူလည်း ဝမ်ရိပေါ် ဘာဆိုလိုလည်း သဘောပေါက်တာကြောင့် ဆိုင်အတွင်းမှ ထွက်သွားတဲ့အခါ ဝမ်ရိပေါ်က ရှောင်းကျန့်အရှေ့က ပန်းစည်းကို ပါယူ၍ ဆိုင်အပြင်သို့ လွှတ်ပစ်လိုက်ကာ ဆိုင်တံခါးကို ပါအတွင်းမှ အသေပိတ်လိုက်ပြီး "ဆိုင်ပိတ်သည်" ဆိုသည့် ဆိုင်းဘုတ်ပါ ကောက်ချိတ်လိုက်သည်။

"ဘာလုပ်တာလဲ ဝမ်ရိပေါ်....."

သူ့ဆိုင်ကို သူ့လက်သူ့ခြေနဲ့ လာလုပ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က တည်တင်းသော မျက်နှာထားနဲ့မေးလိုက်သည်။ ရှောင်းကျန့်​၏ အခေါ်အဝေါ်တွေကြောင့် ဝမ်ရိပေါ် သူ့နားသူမယုံဟန်ဖြင့် မျက်ခုံးများကို သိသိသာသာ တွန့်ချိုးပစ်လိုက်ပြီး......
"ရှောင်းကျန့်.....မင်းမောင့်ကို ဘယ်လိုခေါ်လိုက်တာ...."

ရှောင်းကျန့်က ပုခုံးတစ်ချက်တွန့်လိုက်ကာ.....

"တခြားနာမည်ရှိသေးလို့လား...."

"ရှောင်းကျန့်....."

​ဝမ်ရိပေါ်ကို ရှောင်းကျန့်က မျက်ကွယ်ပြုလိုက်ပြီး သူ့ဆိုင်တံခါးကို ပြန်သွားဖွင့်ဖို့ ကောင်တာမှ ထွက်လာသည့်အချိန်၌ ဝမ်ရိပေါ်က အနောက်က သိုင်းချုပ်လိုက်သည်။

"လွှတ်စမ်း....."

"မလွှတ်တာ...."

"လွှတ်လို့ပြောနေတယ်နော်.....ဝမ်...ရိ...ပေါ်..."

"မင်း အခေါ်အဝေါ်တွေ ပြန်ပြင်လိုက်....."
"ဟက်....နာမည် မှတ်မိတာတောင် ကံကောင်း....လွှတ်တော့....."

"မရုန်းစမ်းနဲ့ ရှောင်းကျန့်.....မောင့်ကို မင်းနိုင်အောင်ရုန်းနိုင်တာမဟုတ်ဘဲနဲ့....."

ဝမ်ရိပေါ်က အသံမာမာနဲ့ ပြောလိုက်သော်လည်း ရှောင်းကျန့်က အတင်းရုန်းနေတဲ့ အခါ ဝမ်ရိပေါ်လက်တစ်ဖက်ဖြင့် အားကုန်ချုပ်၍ သူ​၏ ဘောင်းဘီ အိတ်ကပ်ထဲက တစ်စုံတစ်ရာကို ထုတ်ယူလိုက်ကာ ရှောင်းကျန့်​၏ ဘယ်ဘက် လက်သူကြွယ်မှာ အတင်းဝတ်ပေးလိုက်သည်။

"မောင့်ကို လက်ထပ် ရှောင်းကျန့်....."
"ဆုတောင်း....."

ရှောင်းကျန့်က သူ့လက်သူကြွယ်ပေါ်ရောက်နေတဲ့ လက်စွပ်ကို အတင်းပြန်ချွတ်နေတာကြောင့် ဝမ်ရိပေါ် လက်ချောင်းများကို ဆုပ်ကိုင်၍တားလိုက်ကာ.....

"ရှောင်းကျန့် မဆိုးနဲ့နော်....တခြားနေရာတွေမှာ ကြိုက်သလိုဆိုး....ဒီလို ပုံမျိုးတွေ လာမဆိုးနဲ့ မောင်သည်းမခံနိုင်ဘူး...."

"ဘယ်သူက သည်းခံခိုင်းလို့လဲ....."

"တစ်ဦးတည်းသော သက်ရှိနှောင်ကြိုးလေး မောင့်ကို သိပ်သိပ်ချစ်တာတို့ လက်စွပ်ပါယူခဲ့လို့ ပြောခဲ့တာ မင်းမဟုတ်ဘူးလား......"
"မသိဘူး....သုံးလကြာပြီဆိုတော့ မှတ်မိစရာအကြောင်းမရှိတော့ဘူး.....လွှတ်စမ်း....."

ခပ်ဆတ်ဆတ် အပြောနဲ့ အတင်းရုန်းနေတဲ့သူကို ဝမ်ရိပေါ် ချုပ်ထားရင်းလည်း အသံများထွက်အောင် ရယ်မိသည်။အခုမှ သူသဘောပေါက်မိသည်။

"မင်းမောင့်ကို စိတ်ကောက်နေတာပေါ့.....မထင်ရဘူး မင်းလည်း စိတ်ကောက်တတ်တယ်ဆိုတာ....."

"သေလိုက်...."

သေလိုက်ဆိုတဲ့ စကားတစ်ခွန်းကြားမှ အခြေအနေပြန်ကောင်းလာမှန်း ဝမ်ရိပေါ် ရိပ်စားမိ​၏။ ရှောင်းကျန့်က သူ့ကိုစိတ်ကောက်နေတာကြောင့် ဒီလိုပြုမူနေမှန်းသိလိုက်ရတဲ့ အခါ ဝမ်ရိပေါ် အနောက်က သိုင်းဖက်ထားလျက်နဲ့ ရှောင်းကျန့်​၏ လည်ဂုတ်လေးကို ဖွဖွလေးနမ်းလိုက်​၏။
"စိတ်မကောက်ပါနဲ့......နည်းနည်းတော့ ကြာသွားပေမယ့် မောင်ရောက်လာပြီပဲ.....မောင့်ကို သိပ်လွမ်းနေခဲ့တာပဲလား....."

ဝမ်ရိပေါ်​၏ ရင်ခွင်ထဲ ကျောအပ်နေတဲ့ ရှောင်းကျန့်က နည်းနည်းတော့ ငြိမ်ကျသွားသည်။ ဝမ်ရိပေါ်နောက်တစ်ခေါက် ပေးလာတဲ့ ခပ်ဖွဖွ အနမ်းတစ်ခုကို ထပ်ပြီး ရုန်းကန်ခြင်းမရှိတော့။

"မောင် တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့တာပဲ.....စိတ်မကောက်နဲ့တော့နော်.....ဟုတ်ပြီလား...."

"......"

"နော်လို့....."
ရှောင်းကျန့်က တိတ်ဆိတ်နေပြီးမှ.....

"ဘာလို့ ဖုန်းတောင်မဆက်တာလဲ....."

"မင်းမှ မောင့်ကို ဖုန်းနံပါတ်မပေးခဲ့တာ....."

"ချားလ်စ် ဆီမှာ မေးကြည့်ပါလား....အဲ့လောက်တောင် မသိဘူးလား......"

ဒီတစ်ခုတော့ ဝမ်ရိပေါ် တကယ်မသိခဲ့တာပင်။ သူ့ကိုတောင် မပေးခဲ့တာ ချားလ်စ်ကို ပေးခဲ့မယ်မှန်း သူဘယ်လိုလုပ်သိမှာလဲ။

"ဒါတော့ မောင်လိုသွားတယ်.....ပြီးတော့ မင်းကမောင့်ကို တိုက်ရိုက်ပေးခဲ့တာမှ......"

ဝမ်ရိပေါ် စကားမဆုံးခင် ရှောင်းကျန့်​၏ ခါးကို အနောက်က သိုင်းဖက်ထားတဲ့ လက်များပေါ်၌ နွေးထွေးတဲ့ စိုစွတ်မှုလေးတွေကို ခံစားလိုက်ရတာကြောင့် ရင်ထဲပြာသွားရသည်။ လက်ပေါ်က စိုစွတ်မှုလေးတွေနဲ့အတူ ရင်ခွင်ထဲက သိမ့်ကနဲ ဖြစ်သွားတဲ့ ကိုယ်လုံးလေး။ ဝမ်ရိပေါ် အနောက်က သိုင်းဖက်ထားတာကို လွှတ်ပေးလိုက်ပြီး ရှောင်းကျန့်​၏ ကိုယ်ကို အသာလှည့်ကာ သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။
မောင့် ချစ်ဦးသူလေး က ငိုနေတာတဲ့လား။

​မျက်ဝန်းအိမ်လေးတွေရဲနေသူ​၏ ပါးပြင်ပေါ်သို့ တလှိမ့်ချင်း စီးကျနေတဲ့ မျက်ရည်စလေးတွေကို ဝမ်ရိပေါ် လက်မလေးနဲ့ ခပ်ဖွဖွ ပွတ်ဆွဲသုတ်ပေးလိုက်သည်။ သို့သော် ပိုတိုးလို့စီးဆင်းလာတဲ့ မျက်ရည်တွေကို သူ့လက်ဖြင့် မကူနိုင်တော့တဲ့ အခါ ရှောင်းကျန့်​၏ မျက်နှာကို သူ့ပုခုံးပေါ် အပ်စေလိုက်ပြီး ကိုယ်လုံးလေးကို ဖက်ရင်း ကျောပြင်လေးကိုအသာ သပ်ပေးလို့နေသည်။
"မောင့်ကို သိပ်လွမ်းနေခဲ့တာပဲလား......"

ရှောင်းကျန့်က ဆက်ပြီး ရှိုက်နေတာကြောင့်ဝမ်ရိပေါ်က သက်ပြင်းငွေ့ငွေ့ချလိုက်ကာ.....

"တိတ်တော့နော်.....မောင်ဘက်က တကယ်လိုသွားတာ.....မောင်တောင်းပန်တာမလို့ တိတ်တော့....မင်းငိုရင် မောင်စိတ်မကောင်းဘူးလေ.....တိတ်....တိတ်...."

ဝမ်ရိပေါ် တဖွဖွချော့နေရင်း ငါးမိနစ်ခန့်ကြာသွားသည့်အခါမှ ရှောင်းကျန့်​၏ တသိမ့်သိမ့်ဖြစ်နေတဲ့ ကိုယ်လုံးလေးက ငြိမ်သွားသည်။
ဝမ်ရိပေါ် သူတို့ရပ်နေတဲ့ အနားမှာရှိတဲ့ ကောင်တာ ပေါ်က စာရင်းစာအုပ်တချို့ကို လက်ဖြင့်ဖယ်လိုက်ကာ လူတစ်ကိုယ်စာနေရာလေးလုပ်လိုက်သည်။ ထို့နောက် ရှောင်းကျန့်​၏ ခန္ဓာကိုယ်ကို ချီမ၍ ကောင်တာပေါ်မှာ ထိုင်စေလိုက်သည်။ သူကတော့ ကောင်တာပေါ်မှာ ခြေတွဲလွဲကျကာ ထိုင်နေတဲ့ ရှောင်းကျန့်​၏ အရှေ့တွင်ရပ်နေလိုက်​၏။

ရှောင်းကျန့်က မျက်နှာကို အောက်ကိုငုံ့ထားတာကြောင့် ဝမ်ရိပေါ်က ငုံ့ထားတဲ့ မျက်နှာလေးကို လိုက်မော့ကြည့်ရင်း......
"မောင့်ကို ကြည့်ဦးလေ ရှောင်းကျန့်....."

"......"

"ရှောင်းကျန့်....."

ဝမ်ရိပေါ်​၏ ညင်သာတိုးလျစွာ တောင်းဆိုနေမှုကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်ကိုကြည့်လိုက်​၏။ ရှောင်းကျန့်​၏ မျက်နှာကို ရှင်းရှင်းလင်းလင်းလေးမြင်လိုက်တဲ့အခါ ဝမ်ရိပေါ် နွေးထွေးလွန်းစွာပြုံးလိုက်ပြီး ငိုထားတဲ့ အရှိန်ကြောင့် နီရဲရဲလေးဖြစ်နေတဲ့ ရှောင်းကျန့်​၏ နှာခေါင်းထိပ်လေးကို လက်ညိုးလေးနဲ့ အသာထိလိုက်သည်။
"ကြည့်ပါဦး.....နှာခေါင်းလေး​တွေ နီနေပြီလေ.....ကလေးလေးလား ဘာလို့ဒီလောက်တောင် ငိုရတာလဲ.....မောင့် ရှောင်းကျန့်က အဲ့လော​က် အငိုသန်ရလား......"

ရှောင်းကျန့်က ဘာမှ ပြန်မဖြေဘဲ သူ့ဘယ်ဘက်လက်သူကြွယ်က လက်စွပ်လေးကိုသာ စိုက်ကြည့်ရင်း လက်ချောင်းလေးများနဲ့ ပွတ်သပ်နေသည်။

"မောင်ရွေးထားတာ သဘောကျရဲ့လား....."

"......"

"သဘောကျရဲ့လားလို့....."

"ဘာလို့ ဘူးလေးနဲ့မပေးတာလဲ....."

"ဟင်.....ဘာကိုလဲ....."

ငိုပြီးခါစဖြစ်၍ မပီမသဖြစ်နေတဲ့ ရှောင်းကျန့်​၏ စကားကြောင့် ဝမ်ရိပေါ် ထပ်မေးလိုက်ရသည်။
"လက်စွပ်ဘူးကိုပြောတာ....."

"အင်း.....မင်းကို တွေ့တာနဲ့ တစ်ခါတည်းတန်းဝတ်ပေးရအောင် မောင် လက်စွပ်ဘူးလေးချန်ထားခဲ့တာ.....ကားပေါ်မှာ ရှိတယ်....."

"အနီရောင်လေးလား......"

"အင်း.....အနီရောင်လေး....."

"ကတ္တီပါသားလေးနဲ့ လုပ်ထားတာလား....."

"အင်း ဟုတ်တယ်.....မောင်သွားယူပေးရမလား...."

ရှောင်းကျန့်က ခေါင်းညိမ့်ပြနေတာကြောင့် ဝမ်ရိပေါ် အကြပ်ရိုက်ရသည်။

တကယ်သွားမယူခိုင်းဘူး ထင်၍ ငိုခဲ့သူရဲ့ စိတ်တိုင်းကျ ကျေနပ်အောင် အဖြူရောင်မုသားသုံးကာ ပြောလိုက်ပေမယ့် တစ်ဖက်ကတကယ်ကြီးသွားယူခိုင်းနေတာဖြစ်သည်။ အဲ့တော့လည်း ဘယ်တတ်နိုင်မှာလဲ နီးစပ်ရာမှာ အမြန်ဆုံးသွားရှာရမည်သာ။
ဝမ်ရိပေါ်က ရှောင်းကျန့်​၏ နဖူးလေးကို နမ်းလိုက်ပြီးနောက်.....

"ခဏစောင့်နော်.....မောင်သွားယူပေးမယ်....."

​ဝမ်ရိပေါ် အရှေ့က ထွက်သွားမည်အလုပ် ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လည်ပင်းကို လှမ်း၍သိုင်းဖက်လိုက်ကာ....

"မသွားနဲ့ နောက်မှသွား....."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ မျက်နှာကို အကြာကြီးစိုက်ကြည့်လို့နေ​၏။ ချက်ချင်းလိုက်ခဲ့စေချင်၍လိပ်စာအတိအကျပေးခဲ့တာကို သုံးလကြာမှ လိုက်လာခဲ့တာ ဖြစ်သည်။ လိုက်လာခဲ့တော့လည်း စစတွေ့ချင်းဝုန်းဒိုင်းကြဲလိုကြဲ။ လက်စွပ်ကိုလည်း အသာအယာ နူးနူးညံ့ညံ့လေး ဝတ်ပေးတာမဟုတ်ဘဲ အတင်းချုပ်ပြီး ဝတ်ပေးတာပင်။သူ့ရဲ့ လက်သူကြွယ် မကျိုးသွားတာ ကံကောင်း။
သူ့မျက်နှာကို အကြာကြီးကြည့်နေတဲ့ ရှောင်းကျန့်မျက်နှာရှေ့သို့ ဝမ်ရိပေါ် နီးကပ်သွားကာ နှုတ်ခမ်းပါး နီစွေးစွေးလေးတွေကို စိုက်ကြည့်၍လေသံတိုးတိုးဖြင့်......

"လုပ်ပါဦး....."

"ဘာလုပ်ရမှာလဲ....."

"မောင့်ကို အလွမ်းပြေလေး နမ်းပါဦး...."

"အင်း...."

ရှောင်းကျန့် သူ့ရဲ့ နှုတ်ခမ်းပါးတွေကို ဝမ်ရိပေါ်​၏ နှုတ်ခမ်းများပေါ်သို့အသာလေး ထိကပ်စေလိုက်သည်။အနမ်းတို့က နူးညံ့လွန်း၍ နှုတ်ခမ်းပေါ် ပုရွက်ဆိတ်ဖြတ်လျှောက်နေရုံလေး ခံစားနေရတာကြောင့် ဝမ်ရိပေါ်က ရုတ်တရက်ပြန်ခွာလိုက်ကာ......
"အဲ့လောက်နဲ့တော့ မောင်က အလွမ်းဘယ်ပြေမှာလဲ....."

ပြောပြီးတာနဲ့ ရှောင်းကျန့်​၏ နှုတ်ခမ်းပါးတို့ကိုမက်မက်မောမော ဦးဆောင်နမ်းရှိုက်လိုက်​၏။ ဝမ်ရိပေါ်​၏ အနမ်းတို့က အလွန်နင့်သည်းလွန်းနေတဲ့အခါ ရှောင်းကျန့်ဘက်ကတောင် ခေတ္တရပ်တန့်ခွင့်တောင်းလိုက်သည်။

ရှောင်းကျန့်က အနမ်းရိုင်းတွေကြားက အသက်လုရှူရင်း မောဟိုက်နေတဲ့ လေသံဖြင့် ဝမ်ရိပေါ်​၏ မျက်ဝန်းများကို စိုက်ကြည့်ရင်းဆို​၏။
"အရမ်းချစ်တယ် မောင်....."

________ ___________

ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့ နှစ်ဦးသား ရှောင်းကျန့် နေထိုင်ရာ နှစ်ထပ်အိမ်ဝန်းလေးသို့ ရောက်ရှိလို့လာ​၏။ ဝမ်ရိပေါ်က ကားတစ်စီးနှင့် ခရီးဆောင်အိတ်တစ်ခုသာ ပါလာခဲ့ခြင်းဖြစ်သည်။ အိမ်ထဲသို့ရောက်သောအခါ ရှောင်းကျန့်က ဝမ်ရိပေါ်ကို လှည့်ကြည့်ရင်း.....

"မောင့်အခန်းက အောက်ထပ်မှာ ကိုယ်ပြင်ပေးထားတယ်.....ကိုယ်ကတော့ အပေါ်ထပ်မှာ......"

ရှောင်းကျန့်​၏ စကားကို ဝမ်ရိပေါ် ဂရုမစိုက်ဘဲ အပေါ်ထပ်ကို သာ ခရီးဆောင် အိတ်ဆွဲ၍ တက်သွားသည်။ ရှောင်းကျန့်က အနောက်က တောက်လျှောက်လိုက်လာရင်း.....
"ဘယ်သွားနေတာလဲ မောင့်အခန်းက အောက်ထပ်မှာပါဆို......"

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ရှောင်းကျန့်.....မောင်က မင်းနဲ့ တစ်ခန်းတည်းမအိပ်ရဘဲ ဒီထိဘာလာလုပ်ရမှာလဲ....."

"မောင်တောင် မသိတာ ကိုယ်ကဘယ်လိုသိမှာလဲ....."

"တော်ပြီကွာ မောင်ခရီးပန်းလာပြီ မင်းနဲ့နောက်မှ စကားနိုင်လုမယ်.....လာ ရေသွားချိုးမယ်....."

ဝမ်ရိပေါ်က အိမ်အပေါ်ထပ်က ရှောင်းကျန့် အိပ်ခန်းထဲရောက်လာတဲ့ အခါ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ရှောင်းကျန့်​၏ လက်ကိုဆွဲကာ ရေချိုးခန်းထဲဝင်ဖို့ပြင်​၏။
"ဘာလုပ်တာလဲ မောင်.....ရေချိုးတာ လူနှစ်ယောက်လိုလို့လား....."

"မောင့်အတွက်တော့ မင်းကိုလိုတယ်...."

"ကိုယ်ကတော့ တစ်ယောက်တည်း ချိုးတတ်တယ်...."

ဝမ်ရိပေါ် ရှောင်းကျန့်ကိုကြည့်ရင်း စိတ်မရှည်ဖြစ်လာရသည်။ မသိချင်ယောင်ဆောင်တာလား....အရူးကွက်နင်းနေတာလားတော့မသိ။

"မြန်မြန်လုပ်ကွာ.....ရှောင်းကျန့်....."

"အင်းပါ...."

ရှောင်းကျန့် သူ့အင်္ကျီကြယ်သီးများကို တစ်လုံးချင်းဖြုတ်လို့နေသည်။ နဂိုကတည်းက အပေါ်ကြယ်သီးသုံးလုံးက ဖြုတ်ထားပြီးသား ဖြစ်သော်လည်း တမင်တကာ အချိန်ဆွဲကာ.....
"မောင် အရင်ဝင်နှင့်.....ကိုယ် အင်္ကျီချွတ်ပြီးဝင်လာခဲ့မယ်....."

ရှောင်းကျန့်​၏ လက်သွယ်သွယ်လေးတွေနဲ့ အသာတွန်းပို့မှုကြောင့် ဝမ်ရိပေါ် ရေချိုးခန်းထဲ အရင်ဝင်လို့သွားကာ ရေပန်းအောက်သို့ဝင်လိုက်​၏။

"ချက်...."

ရေပန်းအောက်ဝင်နေရင်း အနောက်ဘက်ဆီမှ တံခါးချက်ချသံကြားလိုက်တာကြောင့် ဝမ်ရိပေါ် ပြုံး၍ လှည့်ကြည့်လိုက်ရာ မည်သူမှရှိမနေ။

ဤတွင်သိလိုက်ရသည်မှာ ချက်ကနဲ အသံက အပြင်ကနေ တံခါးလော့ခ်ချလိုက်သည့်အသံ။
ဝမ်ရိပေါ် ရေပန်းကို ပိတ်၍ ရေချိုးခန်းတံခါးကို အတွင်းပိုင်းမှ ထုလို့နေ​၏။

"ရှောင်းကျန့် ပြန်ဖွင့်ပြီး မင်းဝင်လာလိုက်.....မောင်ထွက်လာရင် မင်းပိုဆိုးမှာနော်....."

ဝမ်ရိပေါ် အတွင်းက ထုရိုက်ကျိန်းမောင်းနေလည်း ရှောင်းကျန့်က ကြားနိုင်မည်မဟုတ်။

ဝမ်ရိပေါ်ကို အပြင်ကသော့ခတ်လိုက်ပြီးကတည်းက အောက်ထပ်က ရေချိုးခန်းမှာ တစ်ယောက်တည်း အေးအေးဆေးဆေး ရေချိုးလို့နေကာ ဆပ်ပြာပူဗောင်းလေးတွေနဲ့တောင် ဆော့ကစားလို့နေပြီဖြစ်သည်။
ဒါဟာ သုံးလကြာမှ လိုက်လာတဲ့လူကို မဆိုသလောက်လေး ဒဏ်ခတ်လိုက်ခြင်းမျိုးပေလား။

ပန်းဝတ်ရည်လေးကို ရှိုက်ကာသုံးချင်တဲ့ ပျားပိတုန်းလေးကို ရှောင်ကာပုန်းလို့ သင်ရက်စက်တယ် နှင်းဆီနီ ရယ်.....။