ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

Final(Unicode)

"အဖြူရောင်....."

"မရဘူး အနီရောင်ပဲ မောင်...."

"ရှောင်းကျန့်....."

"မရဘူး ကိုယ်ပြောပြီးသားနော်.....အနီရောင်ပဲဝတ်မှာ......"

"မင်းဘဝတစ်လျှောက်လုံး အနီရောင်တွေပဲ ဝတ်နေတာ မငြီးငွေ့ဘူးလား......"

"ဟင့်အင်း.....မောင်ကရော အနီရောင်ပဲဝတ်တဲ့ ကိုယ့်ကို ငြီးငွေ့လို့လား......"

"မင်းကို မောင်က ချစ်လို့တောင် မဝတာ ဘယ်လိုလုပ်ငြီးငွေ့မှာလဲ.....အနီရောင်ဝတ်ရအောင်လည်းရိုးရာ မင်္ဂလာဆောင်မဟုတ်ဘူးလေ......လုပ်ပါ....အဖြူရောင်လေး ဝတ်ရအောင်...."

"မောင်ဝတ်ချင်ရင်ဝတ် ကိုယ်ကတော့ အနီရောင် suit ပဲဝတ်မှာ......"

"ရှောင်းကျန့် မောင့်စကားနားထောင်......"

"ကိုယ်က ကိုယ်ကြိုက်တာ ကိုယ်ဝတ်မှာ....မောင်ကိုယ့်ကို အနီရောင်မဝတ်ခိုင်းရင် ကိုယ်ကအနီရောင်ဝတ်ခိုင်းတဲ့ သူနဲ့သွားလက်ထပ်မှာ....."

"ရှောင်းကျန့်....! "

လက်ထပ်ပွဲနေ့မရောက်ခင် ဝတ်စုံသွားရွေးတဲ့ အချိန်တစ်ပတ်အလိုကတည်းက လောင်ခဲ့တဲ့မီးတောက်က လက်ထပ်ပွဲနေ့ရောက်တဲ့အထိ မငြိမ်းသေး။

အစိမ်းရောင် မြက်ခင်းနုနု ကွင်းပြင်ကျယ်ကြီးမှာ ဆယ်ဝိုင်းခန့်ရှိသော စားပွဲဝိုင်းလေးများက အသီးသီးနေရာယူလို့ထားသည်။

စားပွဲဝိုင်းဆယ်ဝိုင်းမှာ ငါးဝိုင်းက လျှောက်လမ်းလေး​၏ ဘယ်ဘက်မှာ ရှိပြီး ကျန်တဲ့ ငါးဝိုင်းက ညာဘက်အခြမ်းတွင်ရှိလို့နေတာဖြစ်သည်။ ဘယ်ဘက်က စားပွဲဝိုင်းလေးတွေက အနီရောင် ညာဘက်က စားပွဲဝိုင်းလေးတွေက အဖြူရောင်။

တစ်ဖက်တစ်ချက်ဆီက စားပွဲဝိုင်းတွေရဲ့ အလယ်မှာ ဆင်ရင်ထားတဲ့ လျှောက်လမ်းလေးက တစ်လမ်းလုံး နှင်းဆီပွင့်ဖတ် အနီရောင်လေးတွေ ပြည့်နှက်လို့နေ​၏။ လျှောက်လမ်းလေးအဖြစ်အသုံးပြုထားတဲ့ ကော်ဇောလေးကတော့ အဖြူရောင်။

ခမ်းနားကြီးကျယ်သော အပြင်အဆင်တွေထက် နွေးထွေးမှုကို ဆောင်​၏။ ဂုဏ်သရေရှိ လူကြီးမင်းတွေထက် တကယ်ခင်မင်တဲ့ အိမ်နီးချင်းတွေနှင့် သူငယ်ချင်း တချို့သာပါသည့် ဒီလက်ထပ်ပွဲလေးက ရိုးရှင်းလွန်းသည်။ ဘာမီဒီယာမှမပါ လူအယောက်ငါးဆယ်ခန့်သာ ဖိတ်ထားတာကြောင့် အုန်းအုန်းကျက်ကျက် မဖြစ်နေဘဲ သိုသိပ်လွန်းလှသည်။

"မောင်....ပြုံးထားစမ်း...."

"......"

"ဘာလဲ လက်ထပ်တဲ့နေ့မှာတောင် မပြုံးချင်ဘူးလား မောင်....."
ရှောင်းကျန့် ဘာပြောပြော ဝမ်ရိပေါ်က မျက်နှာ

တည်တင်းလို့နေ​၏။ စကားကို အဖက်လုပ်ပြီး ပြန်မပြောသော်လည်း လက်ချောင်းချင်းယှက်ပြီး တွဲထားတဲ့ လက်ကိုတော့ မဖြုတ်။

"မောင် ပြုံးပါဆို.....မသိရင် ကိုယ်က မောင့်လည်ပင်းဓားထောက်ပြီးယူထားသလိုမျိုးနဲ့.....ကိုယ်ကအဲ့တုန်းက နောက်ပြီးပြောလိုက်တာကို.....မောင်ကလွဲလို့ ကိုယ်ကဘယ်သူနဲ့ လက်ထပ်ရမှာလဲ......"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို စောင်းကြည့်လိုက်ပြီး....
"မင်း စိတ်ထဲမပါဘဲ အဲ့စကားထွက်လာမှာ မဟုတ်ဘူး.....မင်းက အနီရောင် suit ဝတ်ခိုင်းတဲ့သူကိုပဲ လက်ထပ်ချင်တာမလား......"

"အခုကိုယ့်လက်ကို တွဲထားတာ ဘယ်သူလဲ မောင်...."

"......"

"ရတယ်လေ......နောက်ငါးမိနစ်အတွင်းမှ မောင်ပြန်မပြုံးလာရင်လည်း မတတ်နိုင်ဘူး.....မောင်သိလား မင်္ဂလာဦးည ဆိုတိုင်း မင်္ဂလာက ဦးရတာ မဟုတ်ဘူးနော်....."

ရှောင်းကျန့်က ပြောပြီးတာနဲ့ ဝမ်ရိပေါ်​၏ လက်ကိုဖြုတ်ပြီး အဝေးတစ်နေရာသို့ လျှောက်သွားလိုက်​၏။ မင်္ဂလာပွဲက မစသေးတာကြောင့် ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်​၏နောက်သို့ မပြေးရုံတမယ် အမီလိုက်​၏။
ကြွလာတဲ့ ဧည့်သည်တွေက စရောက်လာကတည်းက တကြိတ်ကြိတ်ဖြစ်နေကြတဲ့ စုံတွဲကို ကြည့်ပြီး ပြုံးစိစိဖြင့်။ တချို့ဆို ကြိတ်ရယ်လို့ပင်နေသည်။

အကြောင်းကား မင်္ဂလာစုံတွဲတွင် တစ်ယောက်က အနီရောင်ဝတ်စုံဝတ်ထားပြီး ကျန်တစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံဖြင့်။ စားပွဲထိုင်ခုံတွေကလည်း အဖြူတစ်ခြမ်း အနီတစ်ခြမ်းဖြစ်နေ၍ မည်သည့်ဘက်ကို သွားထိုင်ရမည် မသိသော်လည်း အလိုက်တသိနဲ့ မျှသာထိုင်လိုက်ကြ​သည်။
ရှောင်းကျန့် တမင်တကာ ဝမ်ရိပေါ် အနားကနေ ဝေးဝေးသွားနေရင်း ခြေလှမ်းများကို ရပ်တန့်မိ​၏။ လက်ထပ်ပွဲကျင်းပရာ ဝန်းထဲသို့ တရုတ်ရိုးရာ ဝတ်စုံကိုပင့်မရင်းခြေချလာသူကို ရှောင်းကျန့် ကြည့်ရင်းမင်သက်မိသည်။ ထိုသူက သူရှိရာသို့ တဖြည်းဖြည်း နီးကပ်စွာလျှောက်လာရင်း နွေးထွေးသော အပြုံးဖြင့်ပြုံးပြ​၏။ ရှောင်းကျန့် ​၏ မျက်ဝန်းတွေမှာ မျက်ရည်တွေ ရစ်ဝဲလာကာ....

"အဘွား....."

ဝမ်ဘွားက ရှောင်းကျန့်​၏ အနားသို့ရောက်သွားသည်နှင့် ရှောင်းကျန့်​၏ ကိုယ်လေးကို ဖက်လိုက်သည်။အရပ်ချင်းကွာတာကြောင့် ဝမ်ဘွားက ရှောင်းကျန့်​၏ ရင်ဘတ်နားလောက်မှာ မြုပ်လို့နေ​၏။ ဝမ်ဘွား​၏ အနောက်မှာ ဂျက်က ရပ်လို့နေပြီး ဝမ်ဘွား​၏ လက်ကိုင်အိတ်လေးကို ကိုင်ထားပေးတာဖြစ်သည်။ဝမ်ရိပေါ်လည်း ရှောင်းကျန့် နောက်သို့ ထပ်ကြပ်မကွာ လိုက်နေရင်းမှ လှမ်းမြင်လိုက်တဲ့မြင်ကွင်းကြောင့် ခြေလှမ်းများကို နှေးစေလိုက်သည်။
"ဂုဏ်ယူပါတယ်.....လူလေး....."

ဝမ်ဘွားရဲ့ ဂုဏ်ပြုစကားကြားအပြီးမှာ ရှောင်းကျန့်ခေါင်းကိုတွင်တွင်ညိမ့်ရင်း မျက်ရည်များစီးကျလို့နေ​၏။ မထိန်းနိုင်တဲ့ မျက်ရည်တွေ နှင့်အတူ ရောထွေးနေတဲ့ ခံစားချက်တွေကြောင့် လက်ထပ်ပွဲစတော့မည့် အကြောင်းတောင်မေ့လို့သွား​သည်။

သူ့ဘဝမှာ သူမယုံကြည်ခဲ့တဲ့ အချစ်ကို ပိုင်ဆိုင်ရ​၏။ ထိုပိုင်ဆိုင်ခြင်းကို အသိမှတ်ပြုကောင်းချီပေးခြင်းပါခံရတဲ့ အခါ သူဘာလိုသေးလဲလို့တောင် တွေးလိုက်မိသည်။ ရနေရင်ပိုလိုချင်တဲ့ လူ့စိတ်ကြောင့် ဘာမှမလိုတော့တဲ့အခါမှာတောင် လီချန်းကောသာရှိသေးရင်ဆိုတဲ့ အတွေးမျိုးကဝင်လာသည်။
ဝမ်ဘွားက ရှောင်းကျန့်ကို ဖက်ထားရာမှ ခွာလိုက်ပြီး လက်လေးနှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ.....

"ရိပေါ်ကြောင့်လာတာ မဟုတ်ဘူး.....လူလေးကြောင့်လာတာ.....အဲ့တာကြောင့် ဘာမှမတွေးနဲ့ဟုတ်ပြီလား......"

ရှောင်းကျန့် မျက်ရည်များ စီးကျလို့နေ နေဆဲ။

ထိုစဉ် ဝမ်ရိပေါ်က အနားသို့ရောက်လာကာ သူ့အဘွားနဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့် ​၏ လက်လေးကို ကြားဖြတ်ယူလိုက်ကာ....

"မင်းက မောင့်ကို တွေ့တွေ့ချင်းတောင် အဲ့လောက်မျက်ရည်တွေ မကျခဲ့ဘဲနဲ့....."
သူ့မြေး​၏ ဂျစ်တစ်တစ်အပြောကို ဝမ်ဘွား မနှစ်မြို့စွာ မျက်စောင်းခဲလိုက်ပြီး....

"အဲ့တာ ဘွားကို မြင်မြင်ချင်းနှုတ်ဆက်လိုက်တဲ့စကားပေါ့ ဟုတ်လား ရိပေါ်....."

ဝမ်ရိပေါ် က သူ့အဘွားကို ပုခုံးတွန့်ပြပြီး ရှောင်းကျန့်ဘက်လှည့်ကာ မျက်ရည်စလေးတွေ သုတ်ပေး၍နေသည်။

"ဟိုဘက်ကို သွားနှင့်နော်.....ချားလ်စ်စောင့်နေတယ်....မောင်ပြီးရင် လိုက်ခဲ့မယ် ဟုတ်ပြီလား......ဂျက် အနောက်ကလိုက်ခဲ့ပေးလိမ့်မယ်....."
​ဝမ်ရိပေါ်က ပြောရင်း ရှောင်းကျန့်​၏ပါးလေးကို နမ်းလိုက်တာကြောင့် ဝမ်ဘွား အကြည့်လွှဲမိသည်။ ရှောင်းကျန့် သွားပြီးလို့ ဝမ်ဘွားနှင့် ဝမ်ရိပေါ် နှစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်မှာ ဝမ်ရိပေါ်က သူ့အဘွားကိုကြည့်ရင်း......

"ကျေးဇူးတင်ပါတယ်....."

"မင်းတောင်းဆိုခဲ့တာ မှန်ပေမယ့် ဘွားကမင်းအတွက်လာခဲ့ပေးတာ မဟုတ်ဘူး ရိပေါ်.....ဟိုကလေးဘက်ကနေလာခဲ့ပေးတာ....."

"ဘာပဲ ဖြစ်ဖြစ်ကျေးဇူးတင်တယ် ဘွား...."
"သွားတော့ ပွဲစတော့မယ် ဘွားဖြည်းဖြည်းချင်းလျှောက်လာမယ်......"

"အင်း သွားပြီ....."

ခပ်သုတ်သုတ်နဲ့ ပြေးသွားတဲ့သူ့မြေးကို ဝမ်ဘွားကြည့်ရင်း ခုံဝိုင်းတွေရှိရာသို့လျှောက်လာခဲ့သည်။ သူ့ရဲ့ မြေးဟာသိပ်ကို ပြောင်းလဲလို့သွားခဲ့ပြီ။ တဇောက်ကန်း စိတ်လေးကတော့ မပျောက်သေးပေမယ့် အေးစက်စက်လေးမဟုတ်တော့။ နွေးထွေးတဲ့ အပြုံးတွေ နူးညံ့တဲ့ အမူအရာတွေနဲ့ သူချစ်တဲ့သူကို ဆက်ဆံနေတဲ့ပုံတွေက သူ့ကို ပီတိဖြစ်စေသည်။
သူ့မြေး အမေရိကကို လိုက်မသွားခင်ညတုန်းက သူ့ကို တောင်းဆိုခဲ့တယ်။ သူ့ကို အမွေဖြတ်ချင်ဖြတ်လိုက် သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ မျက်နှာလေးဖြစ်ဖြစ်လာပြပေးဖို့။ ပြောခဲ့ပါသေးတယ်။

"ကျွန်တော့်အတွက် ဒုတိယတစ်ခေါက်ဖြစ်ပေမယ့်....သူ့အတွက်တော့မတူဘူးတဲ့...."

တကယ်တော့ အမွေဖြတ်ဖို့ကိစ္စပြောတာကလည်း သူတို့ဘက်က မလုပ်မှန်းသိလို့ ဒီကောင်လေးပြောခြင်းသာ။ CEO ကို အမွေဖြတ်တော့ လုပ်ငန်းစုက ဘယ်လိုလည်ပတ်လို့ရမလိမ့်တုန်း။ဒါကိုဒီကောင်လေးကောင်းကောင်းသိတယ်။
"ဖြောင်း....ဖြောင်း....ဖြောင်း....."

သူ့အစ်ကို လီချန်းအစား ချားလ်စ်​၏ လက်မောင်းကိုတွဲချိတ်လို့ မင်္ဂလာလျှောက်လမ်းလေးတစ်လျှောက် တစ်လှမ်းခြင်း လျှောက်လာတဲ့ ရှောင်းကျန့်ကို ပွဲလာဧည့်သည်တွေက လက်ခုပ်ဩဘာသံညံ စွာကြိုဆိုဂုဏ်ပြုနေကြသည်။

ဝမ်ရိပေါ်ကတော့ သူ့ဆီကို တဖြည်းဖြည်းနီးကပ်လာတဲ့ ရှောင်းကျန့်ကို ကြည့်ကာ အပြုံးတွေက မရပ်တန့်နိုင်။

"စိတ်ချပါရစေ ဝမ်ရိပေါ်...."

ချားလ်စ်က ဝမ်ရိပေါ်​၏ ပုခုံးကိုပုတ်ပြီး လက်ထဲသို့ရှောင်းကျန့်ကိုအပ်လိုက်ပြီးနောက် အရှေ့ဆုံးခုံဝိုင်းမှာ ပြန်ဝင်ထိုင်လိုက်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို စူးစိုက်ကြည့်ကာ လက်ကိုလည်း မလွှတ်တမ်းဆုပ်ကိုင်လို့ထားသေးသည်။ သူ့ကို ကြည့်နေတဲ့ ဝမ်ရိပေါ် အနားသို့ ရှောင်းကျန့်တိုးကပ်သွားကာ.....

"မောင်.....မျက်ရည်ဝဲလေ...."

"ဟင်...."

"ရုပ်ရှင်တွေထဲမှာ ပါတယ်လေ သတို့သားတွေက သူတို့်လက်ထပ်မယ့်သူကို တွေ့ရင် မျက်ရည်ဝဲတာလေ.....မောင်ကျတော့ ဘာလို့မျက်ရည်မဝဲတာလဲ....."

"သူတို့က သူတို့ယူမယ့်လူနဲ့ ဖြတ်ကျော်ရမယ့် အနာဂတ်ကို တွေးကြောက်လို့လေ.....မောင်က မင်းနဲ့ဖြတ်ကျော်မယ့် အနာဂတ်မှာကြုံရမယ့် ပျော်စရာတွေကို တွေးနေတော့ ပြုံးပဲ ပြုံးမိတာ....."
ဟူး.....အလျှောက်ကောင်းသွားသည် ထင်ပါ့။ မေးခွန်းတွေ ဆက်မထုတ်တော့ဘဲ ကျမ်းသစ္စာကျိန်မည့် နေရာဘက်ကိုသာ မျက်နှာမူသွားသည့် သူကြောင့် ဝမ်ရိပေါ် စိတ်သက်သာရ ရသွားသည်။

"ကျွန်တော် ဝမ်ရိပေါ်သည် ရှောင်းကျန့် အပေါ်တွင် အကောင်းဆုံး ခင်ပွန်းတစ်ယောက် ဖြစ်စေရမည်ဟု ဘဝတစ်ခုလုံးနဲ့ပုံပြီး သစ္စာဆိုပါသည်....."

"ကျွန်တော်လည်း ဝမ်ရိပေါ် ပြောသလိုပါပဲ....."

ဝမ်ရိပေါ်​၏ သစ္စာဆိုမှုအပြီးမှာ ရှောင်းကျန်းက ညာလက်လေးကို ထောင်လိုက်ကာ တိုတိုပြတ်ပြတ်လေး ပြောလိုက်တာကြောင့် ဝမ်ရိပေါ် မကျေနပ်။
"ရှောင်းကျန့် အပြည့်အစုံပြော...."

"မောင် ပြောသလိုပါပဲဆို.....ဟိုစာကြောင်းက အရှည်ကြီးလေ....."

"ရှောင်းကျန့်....."

အခုအချိန်ထိ တကြိတ်ကြိတ်ဖြစ်နေတာကြောင့် ကြားထဲက ကျမ်းစာအုပ်ကိုင်ထားတဲ့သူက မနေနိုင်တော့ဘဲ......

"ကျွန်တော်အစားပြောပေးမယ်လေ...."

ဝမ်ရိပေါ်က ထိုလူဘက်ကို စူးရဲစွာကြည့်လိုက်ကာ.....

"ကျွန်တော်က ခင်ဗျားနဲ့ လက်ထပ်တာမဟုတ်ဘူး.....ရှောင်းကျန့်နဲ့လက်ထပ်တာ.....ရှောင်းကျန့်ပြောနော် မောင့်ကိုစိတ်တိုအောင်လာမလုပ်နဲ့...."
"အင်းပါ မောင်ကလည်း နောက်တာကို...."

"ပြော...."

"ကျွန်တော် ရှောင်းကျန့် သည် ဝမ်ရိပေါ်အပေါ်တွင် အကောင်းဆုံး ခင်ပွန်းတစ်ယောက် ဖြစ်စေရမည်ဟု ဘဝတစ်ခုလုံးနဲ့ပုံပြီး သစ္စာဆိုပါသည်....."

"အဲ့တာဆိုလည်း သက်သေအနမ်းလေး ပေးလိုက်ကြပါဦးနော်...."

ကြားထဲကလူလည်း ထိုအရှေ့မှ အမြန်လစ်ထွက်ချင်ပြီဖြစ်တာကြောင့် ကျမ်းစာအုပ်ကို အသာချလို့ အနီးဆုံးခုံဝိုင်းမှာသာ ဝင်ထိုင်လိုက်​၏။

မင်္ဂလာစုံတွဲတို့ သက်သေအနမ်းလေး ပေးခိုက် လက်ခုပ်သံများ တစ်ကွင်းလုံးညံသွားရသည်။
ဝမ်ဘွားကတော့ လက်ကိုင်ပုဝါလေးထုတ်လို့ ကျဆင်းလာတဲ့ ပီတိ မျက်ရည်လေးတွေကို သုတ်လို့နေသည်။တကယ်ဆိုသူဟာအချစ်မပါဘဲ မျိုးဆက်တွေရလာမယ့် အိမ်ထောင်ရေးထက် မျိုးဆက်မရှိတော့ပေမယ့် အချစ်တွေပြည့်နှက်နေတဲ့ အိမ်ထောင်ရေးတစ်ခုကို အားပေးခဲ့တာ မဟုတ်လား။ မျိုးဆက်ရချင်ရုံသူ့အတ္တတစ်ခုအတွက်နဲ့ သူ့မြေးရဲ့ ပျော်ရွှင်မှုလေးကို မဖျက်ဆီးခဲ့တဲ့ သူဟာ အချစ်စစ်​၏ တန်ဖိုးကိုကောင်းကောင်းကြီး နားလည်ခဲ့၍ပင်။
လက်ခုပ်တီးကြတဲ့ လူတွေအားလုံးထဲမှာ ချားလ်စ်​၏ လက်ခုပ်သံက အကျယ်ဆုံးဖြစ်လို့နေသည်။လက်ထပ်ပွဲကို ဂုဏ်ပြုတာထက် သူ့သူငယ်ချင်းကို ချီးကျူးနေမိတာ။

တွေးကြည့်မိရင် ရှောင်းကျန့်လုပ်သွားတာလေးတွေသိပ်လှတာ။အမှန်တော့ ရှောင်းကျန့်က ဒီကောင်လေးနဲ့ တရားဝင် လက်တွဲမယ်ဆိုတဲ့ စိတ်ကူး​တွေအထိတောင်ရှိခဲ့တာပင်။

တရုတ်ပြည်မှာ ယောကျာ်းလေးခြင်း တရားဝင် လက်ထပ်ဖို့ အခွင့်အလမ်း မရှိဘူးဆိုတာ သူကောင်းကောင်းသိလို့ အမေရိကကို သူပြန်လာခဲ့တာ။ ပြီးတော့ ဟိုကောင်လေးသူ့နောက်ကို ကျိန်းသေလိုက်လာမယ်ဆိုတာ လည်းသိခဲ့လိုပင်။ပြောရရင်တော့ ကိုယ့်လူကိုယ်ပိုင်တာ။
ကိုယ်တောင်မှ ကြားထဲက သူတို့အတွက် နည်းနည်းတောင် ခံစားသွားရသေးသည်မဟုတ်လား။တကယ်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ ကြားလူဆိုတဲ့ အဓိပ္ပာယ်က ဒီနှစ်ယောက်နဲ့တွေ့မှ သူကောင်းကောင်းကြီးကို သဘောပေါက်လာရသည်။

ဂုဏ်ပြုလက်ခုပ်သံတွေကြားမှာ အနမ်းတွေသည်းနေတဲ့ စုံတွဲလေးဟာ မင်္ဂလာဝတ်စုံ အရောင်မတူသော်လည်း အလွန်လိုက်ဖက်မှုရှိသည်သာ။

မတူညီဝတ်စုံ အနီရောင် နဲ့ အဖြူရောင် အသီးသီးဝတ်ထားကြတဲ့ စုံတွဲလေးကို အဝေးတစ်နေရာ ခပ်လှမ်းလှမ်းက ကန့်လန့်ဖြတ်ကြည့်လိုက်ပါက....
အင်္ဂလန်နိုင်ငံ အလံလိုလို 🏴󠁧󠁢󠁥󠁮󠁧󠁿

ကြက်ခြေနီတံဆိပ်လိုလို ⛑

__________ _________

ဝမ်ရိပေါ် သူတို့ ဟန်းနီးမွန်းအတွက် ငှားထားတဲ့ အဆင့်မြင့်ဟိုတယ်ကြီးရဲ့ အမြင့်ဆုံးအထပ်က အခန်းတွင်းရှိ အိပ်ရာအလယ်၌ ငုတ်တုတ်ထိုင်နေတဲ့ သစ်ကုလားအုတ်အနီရောင် အရုပ်ကို မျက်မှောင်ကျုံ့၍ကြည့်နေ​၏။

ဒီအရုပ်ဟာ ဆိုရင်ဖြင့် ဘေကျင်းမှာမကလို့ ဖလော်ရီဒါထိ ရောက်လာပြီး အခုတော့ သူတို့ ဟန်းနီးမွန်း အိပ်ရာထက်မှာတောင် ရောက်လို့ လာခဲ့တာဖြစ်သည်။
ဘာတွေ ဒီလောက်ချစ်ဖို့ကောင်းနေလည်းတော့ မသိ။ သူ့ချစ်သူကို ဖက်အိပ်ဖို့ ကြိုးစားတဲ့ အခါတိုင်း ကြားထဲကခံနေကျဖြစ်သည်။ ခါတိုင်းအချိန်တွေဆို သူဘာမှ မပြောပေမယ့် ဒီလို ဟန်းနီးမွန်း အချိန်တော့ သူတစ်ခုခုလုပ်ရမည်။

ဝမ်ရိပေါ် ဖဲအိပ်ရာထက်က အရုပ်ကို ယူကာ ဟိုတယ် ပြတင်း တံခါးကို ဖွင့်လိုက်၍ အောက်သို့ပစ်ချလိုက်သည်။ ထို့နောက် တခြမ်းစောင်းအပြုံးပြုံးကာ တံခါးကိုသေချာပြန်ပိတ်လိုက်သည့် အချိန်၌.....
"အဲ့တာ ဘာလုပ်တာလဲ မောင်...."

အရုပ်လွှတ်ပစ်တာကို အစအဆုံးမြင်သွားသည့် ရှောင်းကျန့်က ဝမ်ရိပေါ်​၏ အနောက်မှာ ရပ်၍နေကာ မျက်နှာထားတင်းတင်းဖြင့်မေးလိုက်​၏။

"သွားပြန်ကောက်လိုက်ပါ...."

"အင်း....နောက်မှသွားကောက်ပေးမယ်...."

​ရေချိုးဝတ်ရုံကိုသာဝတ်ဆင်ထားပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ ရှောင်းကျန့်​၏ ပုံစံက ရေမခြောက်တခြောက်လေးဖြစ်လို့နေပြီး ရူးပစ်လောက်အောင် ဆွဲဆောင်မှုရှိနေလွန်းတာကြောင့် ဝမ်ရိပေါ် အနီးသို့သွားပြီး ခါးလေးကို လှမ်းဖက်ဖို့ပြင်လိုက်လျှင်ပဲ.....
"မထိနဲ့ မောင်.....အရုပ်ပြန်ပါလာမှ ဆက်ပြောကြတာပေါ့...."

"မောင်အသစ်ပြန်ဝယ်ပေးမယ်.....အခုလောလောဆယ်တစ်ချက်လောက်ပဲ နမ်းခွင့်ပြု....."

ဝမ်ရိပေါ်က ရှေ့ဆက်တိုးလိုက်ပေမယ့် ရှောင်းကျန့်က နောက်တစ်လှမ်းသို့ဆုတ်လိုက်သည်။

"သွားပြန်ကောက်ပေးလို့ပြောနေတယ်နော် မောင်...."

"ဘာဖြစ်လို့တုန်း မောင်တစ်ယောက်လုံးရှိနေတာတောင် အရုပ်ကဘာလုပ်ဖို့လဲ....."

"အင်း ကိုယ်လည်းပြောမယ် မောင်မရှိရင် အိပ်တတ်ပေမယ့် အဲ့ဒိအရုပ်လေးမရှိရင်မအိပ်တတ်ဘူး...."
ဝမ်ရိပေါ် စိတ်ထဲနည်းနည်းတင်းသွားရသည်။

"အဲ့လောက်တောင် အဲ့အရုပ်ကိုကြိုက်နေရင် ကိုယ့်ဟာကိုယ်သွားကောက် မောင်ကတော့ သွားမကောက်ပေးဘူး....."

​ရှောင်းကျန့် ဝမ်ရိပေါ်ကို အကြည့်စိမ်းစိမ်းတွေနဲ့ကြည့်ပြီး.....

"ရတယ်လေ...."

ရှောင်းကျန့် သူ့​ဝတ်ထားတဲ့ ဝတ်ရုံအား ညာဘက်ပုခုံးသား တစ်ဖက် သိသိသာသာကြီးပေါ်လွင်အောင် ဆွဲချလိုက်တာကြောင့် စိတ်ဆိုးဆိုးဖြင့် ပြတင်းမှန်များဘက်သို့ မျက်နှာလွှဲထားတဲ့ ဝမ်ရိပေါ် ခေါင်းတင်မက တစ်ကိုယ်လုံးပါ လည်လာရသည်။
ရှောင်းကျန့်က ရေစိုနေတဲ့ ဆံနွယ်တွေကို လက်ဖြင့် ခပ်ကြမ်းကြမ်းတိုးဖွလိုက်သည်။ စင်လာတဲ့ ရေမှုန်ရေစတွေလေးတွေ ကြားမှာ ရေချိုးပြီးစ မျက်နှာဖြုနုနုလေးက ရှင်းသန့်နေပြီး အပြုအမူတို့က အရိုင်းဆန်နေလွန်းတာကြောင့် ဝမ်ရိပေါ် ရုတ်တရက်ကြီး အသက်ရှူ ရပ်မတတ်တောင်ဖြစ်သွားသည်။

ရှောင်းကျန့် ခြေလှမ်းတို့ကို ဟိုတယ်အခန်းတံခါးဝဆီသို့ လျှောက်လှမ်းလိုက်သောအခါ ဝမ်ရိပေါ်က ချက်ချင်းခြေလှမ်းကျဲများဖြင့် လိုက်သွား၍လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်​၏။
"အဲ့တာ မင်းဘယ်သွားမလို့လဲ....."

"ကိုယ့် အရုပ်ကိုယ် သွားပြန်ကောက်မလို့လေ....."

"ဒီတိုင်းပဲ သွားမလို့လား....."

"ဒီတိုင်းက ဘာဖြစ်နေလို့လဲ မောင်...."

ဝမ်ရိပေါ်က တားလိုက်ကာမှ ရှောင်းကျန့်က သူ​၏ ဘယ်ဘက်ပုခုံးသားတွေပေါ်သည်အထိပါ ရေချိုးဝတ်စုံကို ဆွဲချလိုက်သည်။

"ကျစ်....ရှောင်းကျန့် အင်္ကျီသွားဝတ်စမ်း.....မင်းမောင့်ကို စိတ်ဆိုးအောင်လာမလုပ်နဲ့....."

"ဘာလို့လဲ မောင်....ကိုယ်ဝတ်ထားတာ အဆင်မပြေလို့လား....."
"မင်းဒီတိုင်းထွက်သွားရင် ဟိုတယ်အောက်တောင် ရောက်လိုက်မှာမဟုတ်ဘူး.....လမ်းမှာတင် တွေ့တဲ့လူကဆွဲပြီး....."

ဝမ်ရိပေါ် ဒေါသတကြီးပြောပြီးမှ ပြောလက်စကို ရပ်လိုက်သည်။ ရှောင်းကျန့်က စကားဆက်မပြောတော့တဲ့ ဝမ်ရိပေါ်​ကိုကြည့်ရင်း လည်တိုင်ကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ယှက်တွယ်လိုက်ကာ.....

"ဆက်ပြောလေ....တွေ့တဲ့လူက ဆွဲပြီးဘာဖြစ်မှာလဲ....."

"......"

"ပြောလေ မောင်...."

ရှောင်းကျန့်​၏ လက်လေးများကို ဝမ်ရိပေါ်က အသာဖယ်လိုက်ပြီး.....
"မောင် သွားပြန်ကောက်ပေးမယ်....မင်းသာ ယောင်လို့ ဒီလိုပုံမျိုးနဲ့ ဒီအခန်းရဲ့ အပြင်ဘက်ကို ခြေတောင်မချမိစေနဲ့...."

​တံခါးကို ဖွင့်ပြီး ဟိုတယ်အခန်း​၏ အပြင်ကို ထွက်ဖို့လုပ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ကို ကြည့်ရင်း....

"အဲ့လိုမှပေါ့ မောင်ရယ်....မြန်မြန်ပြန်လာနော် ကိုယ်က ဒီတိုင်းပဲ စောင့်နေမှာ မလို့....."

ရှောင်းကျန့်​၏ ခပ်ညုညုအပြောကို ဝမ်ရိပေါ် ကြားယောင်မိရင်း ဓာတ်လှေကား​၏အောက်ဆုံးအထပ်ကိုနှိပ်ကာကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။ လက်ကဘာလို့ ဟိုအရုပ်ကို လွှတ်ပစ်လိုက်မိမှန်းတောင်မသိ။
တကယ်လို့သူသာ မလွှတ်ပစ်မိခဲ့ရင် ဒီလိုမင်္ဂလာဦးချိန်မှာဒီဓာတ်လှေကားထဲရောက်နေမှာ မဟုတ်။ အခုသူသွားကောက်ပေးမယ်ဆိုမှ ရှောင်းကျန့်က ကြည်ကြည်ဖြူဖြူစကားဆိုလိုက်တာဖြစ်သည်။ တကယ်လို့ အရုပ်သာမပါကြည့် အကပ်တောင်ခံမှာမဟုတ်တာပင်။

ရှောင်းကျန့် အကြောကို ဘယ်သူအသိဆုံးလဲလို့လက်ထောက်မေးရင် မှန်ထဲကြည့်ရင်းကိုယ့်ဟာကိုယ် ပြန်လက်ထောက်ပြရမည်သာ။ ဒီအကြောတင်းကိုပဲ ချစ်မြတ်နိုးလွန်းလို့ သူအရယူထားတာမဟုတ်လား။
ဝမ်ရိပေါ် သူအရုပ်ပစ်ချလိုက်ရာအရပ် ဟိုတယ်အပြင်ဘက်ရောက်ရောက်လာချင်း မျက်ဝန်းအိမ်များကျယ်သွားပြီ နားထင်သွေးတွေတောင် ဒိန်းကနဲဖြစ်သွားရသည်။ လက်သီးကိုလည်း ဆုပ်လိုက်ကာ လက်ဆစ်များကို သွားနဲ့ ခပ်နာနာကိုက်လိုက်​၏။

သွားပြီ။

ပြဿနာတွေတော့တက်ပြီ။

ဘယ်လိုလုပ်ကြမလဲ။ သူပစ်ချလိုက်တဲ့နေရာတည့်တည့်မှာ ဟိုတယ်ရေကူးကန်က ရှိနေခဲ့တာ။

ဝမ်ရိပေါ် လက်သီးကိုကိုက်ထားရင်းနဲ့ပဲ ရေကူးကန် ရှေ့သို့တိုးသွားကာ ကြည့်လိုက်တော့ ရှစ်ပေနက်တဲ့ ရေကူးကန်​၏ အောက်ခြေမှာ အနီရောင်အရာလေးက ငုတ်တုတ်။
🎵 အချစ်အတွက်နဲ့ ကူးခတ်ဆဲ အဆုံးအဆမဲ့တဲ့ ဘဝလှိုင်းတွေထဲ.....🎶

ဝမ်ရိပေါ် သူ့ဘေးခပ်လှမ်းလှမ်းက သီချင်းဖွင့်ထားတဲ့လူကို မိုက်ကြည့် ကြည့်လိုက်သည်။ မထူးတော့ပါဘူး။ သူ့အဖြစ်ကို တိုက်ဆိုင်စွာ သီချင်းကတောင် အားပေးနေမှတော့.....

"ဗွမ်း...."

ရေတွေနစ်ဝင်ပြီး ရေတွေတတောက်တောက်ကျနေတဲ့ အနီရောင်သစ်ကုလားအုတ် ကိုခြေထောက်ကနေဆွဲပြီး ဓာတ်လှေကားထဲဝင်လာတဲ့ ဖြူဖြူနုနု ခန့်ညားတဲ့ အာရှသားလေးကို တွေ့လိုက်ရသည့်အခါ ဓာတ်လှေကားအတွင်းမှ လူများဘေးတစ်ဖက်တစ်ချက်စီသို့ ရှဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အရုပ်ကို ဇောက်ထိုးကိုင်ထားသည့် အာရှသားလေးသည်လည်း အရုပ်ကဲ့သို့ ကြွက်စုတ်ဖြစ်လို့နေလေသည်။
"ရှောင်းကျန့် အိပ်မပျော်သွားသေးနဲ့ဦးနော်...."

"အင်း...."

ရှောင်းကျန့်​၏ အသံက အိပ်ပျော်တော့မည့်လူတစ်ယောက်အသံကဲ့သို့ခပ်လေးလေးဖြစ်လို့နေသည်။

"ရှောင်းကျန့်...."

"အင်း မအိပ်သေးပါဘူးဆို....."

ဝမ်ရိပေါ် ဟိုတယ်ခန်းက ဆိုဖာပေါ်မှာ dryer တစ်ခုဖြင့် သစ်ကုလားအုတ်အရုပ်ကို အခြောက်ခံလို့နေသည်မှာ သုံးနာရီကျော်ပြီဖြစ်သည်။ ဟိုတစ်ယောက်က ပြောထားသည်။ အရုပ်မခြောက်မချင်း အိပ်ရာပေါ်မတက်ခဲ့ဖို့​။ သူတကယ်ကို အသည်းပေါက်ရပါသည်။ အရုပ်ကိုလား....သူ့ကိုယ်သူလား....ဒီအရုပ်ကိုသည်းသည်းလှုပ်နေတဲ့ ဟိုတစ်ယောက်ကိုလားမသိ။
"ရှောင်းကျန့်...."

ရှောင်းကျန့်ဘက်မှ တုံ့ပြန်သံမကြားရတော့တာကြောင့် ဝမ်ရိပေါ် ထပ်ခေါ်လိုက်သည်။

"မောင့်ရှောင်းကျန့်....."

ရှောင်းကျန့်ဘက်က တုံ့ပြန်သံမကြားရတော့သည်သာမက အသက်ရှူသံညင်းညင်းလေးပါထွက်ပေါ်လာတာကြောင့် ဝမ်ရိပေါ် လက်ထဲက dryer ကို ခလုတ်ပိတ်လိုက်သည်။

ဟိုတယ်အခန်းထဲက နာရီကို မော့ကြည့်လိုက်တော့ မနက်တစ်နာရီတောင် ရောက်လို့နေပြီဖြစ်သည်။ ဝမ်ရိပေါ် မစိုမခြောက်လေးဖြစ်နေတဲ့ အရုပ်လေးကို ဆိုဖာပေါ်မှာ အသာချကာ အိပ်ရာရှိရာသို့ ခပ်ဖွဖွလျှောက်လို့သွား​၏။ ဝမ်ရိပေါ် အိပ်ရာပေါ်သို့ မတက်သေးခင် အိပ်ရာပေါ်မှာ သိမ်မွေ့စွာ အိပ်ပျော်နေတဲ့ သူကိုကြည့်လိုက်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။
မောင့်ရှောင်းကျန့်က မောင်အနားမှာ မအိပ်ပေးရင် စောင်တောင် လုံအောင်မခြုံတတ်တာပါလား။ ရှောင်းကျန့်က ခါးအောက်ဘက်ပိုင်းတွေသာ စောင်ကို အလုံခြုံထားပြီး အပေါ်ပိုင်းတို့က လစ်လပ်နေတာဖြစ်တာကြောင့် ဝမ်ရိပေါ် စောင်ကို ဆွဲယူ၍ ခေါင်းလေးပေါ်ရုံသာ ခြုံပေးလိုက်သည်။

ထို့နောက် နဖူးလေးပေါ်သို့ ဖွဖွ နမ်း၍ ရှောင်းကျန့်​၏ ခေါင်းအောက်သို့ သူ့လက်မောင်းကို အသာလျှိုသွင်းလိုက်ကာ ကျန်လက်တစ်ဖက်က ကိုယ်လုံးလေးကို ဖက်ဖို့ပြင်လိုက်​၏။အိပ်ပျော်နေတဲ့ သူနိုးသွားမည်စိုး၍ ဝမ်ရိပေါ် အသက်ပြင်းပြင်းတောင် မရှူရဲ။
"အင်း....အင့်...."

ရှောင်းကျန့် အိပ်ပျော်နေရာမှ ဆတ်ကနဲဖြစ်သွားတာကြောင့် ဝမ်ရိပေါ် လန့်နိုးသွားတဲ့ကလေးတစ်ယောက်ကို ပြန်ချော့သိပ်သည့်ပုံမျိုးဖြင့် ရှောင်းကျန့်​၏ရင်ဘတ်ပေါ်ကို အသာလေးပုတ်ပေးကာ လေသံလေးဖြင့် ကျွတ်သပ်ပေးရင်း....

"ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်ဘူး....မောင်ရှိတယ်....."

ဝမ်ရိပေါ်က ရင်ဘတ်လေးကို အသာပုတ်ပေးနေသော်လည်း ရှောင်းကျန့်က အအိပ်ဆတ်တဲ့သူဖြစ်တာကြောင့် မျက်လုံးများကို အသာဖွင့်လိုက်ကာ ဝမ်ရိပေါ်ဘက်ကို စောင်းငဲ့ကြည့်လိုက်ပြီး......
"မောင်...."

"ဟင်....မောင်ကြောင့် နိုးသွားတာလား...."

ရှောင်းကျန့်က ခေါင်းခါပြ​၏။

​"မောင်...."

ရုတ်တရက်တစ်ရေးနိုးထလာရလို့ နီရဲတဲ့မျက်ဝန်းလေးတွေထက်က မျက်ခွံမို့အစ်အစ်လေးတွေ ကို ဝမ်ရိပေါ်ငုံ့နမ်းလိုက်ကာ....

"ပြောလေ....မင်းဖြစ်စေချင်တာသာပြော မောင်လိုက်လျောပေးမယ်....."

ရှောင်းကျန့်က မျက်လုံးလေးများကို ပွတ်သပ်လိုက်ရင်း.....

"ရိကျန့်လေးရော....."

"ဟင် ဘာကိုပြောတာလဲ...."

"ရိကျန့်လေးရော...."

ဝမ်ရိပေါ်​၏ စိတ်ထဲတွင် ရှောင်းကျန့်အိပ်မက်ယောင်နေသည်ဟုထင်မှတ်လိုက်​၏။
"မောင့်ရှောင်းကျန့် ပြန်အိပ်တော့နော် နောက်ကျနေပြီ....."

"ရိကျန့်လေးကို ယူပေးပါလား မောင်....."

"ရိကျန့်လေးက ဘယ်သူလဲ....."

ရှောင်းကျန့်​၏ အသံက အိပ်ချင်မူးတူးဖြစ်နေတာကြောင့် သိပ်ပီပီသသတော့မရှိ။

"မောင်ခုနက ရေစိုအောင်လုပ်လိုက်တာလေ...."

"......"

"မောင်ပစ်ချလိုက်တာလေ ကိုယ်တို့ရဲ့ ရိကျန့်လေးကို....."

ဟာ.....ရှောင်းကျန့်ရာ။ မောင့်အသည်းကို ခြွေဖို့မင်းမှာ နည်းလမ်းဘယ်နှစ်ခုတောင်ရှိတာလဲ။ နှလုံးသားတစ်ခုလုံးကို ပိုင်ဆိုင်ထားပြီးတာတောင် မင်းမကျေနပ်နိုင်သေးဘူးထင်တယ်။
ဝမ်ရိပေါ် အခုမှ အတွေးဝင်ရ​၏။ရှောင်းကျန့်ဆိုလိုနေတာ ဟိုအရုပ်ကိုမလား။ ပြီးတော့ ရိကျန့်ဆိုတဲ့နာမည်။ ဝမ်ရိပေါ် ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ခံစားမှုကြောင့် မျက်ရည်တောင် ရစ်ဝဲလာရသည်။

ဒါကြောင့် မောင့်ရှောင်းကျန့်က အဲ့ဒိအရုပ်လေးကို သည်းသည်းလှုပ်ဖြစ်နေခဲ့တာလား။ သူတို့နှစ်ယောက်ရဲ့ နာမည်ကိုပေါင်းပြီးပေးထားတာဖြစ်၍။ ဝမ်ရိပေါ် ကြည်နူးစိတ်ကြောင့် ရှောင်းကျန့်​၏ ပါးလေးကို ဖွဖွလေးနမ်းကာ.....
"ရိကျန့်လေးကို မနက်ကျမှ ယူနော်.....မခြောက်သေးဘဲ ဖက်အိပ်ရင် မင်းရင်ဘတ်တွေအေးကုန်မှာစိုးလို့.....ရိကျန့်လေးအစားမောင်ဖက်အိပ်ပေးမယ် ဟုတ်ပြီလား....."

ခေါင်းလေးငြိမ့်ပြရင်း ရင်ခွင်ထဲကို ခေါင်းလေးတိုးလာတဲ့သူကို ဝမ်ရိပေါ် ကြားလေးမရှိအောင်ကို ဖက်ထားလိုက်သည်။ဒီအချိန်က သူတို့ရဲ့ မင်္ဂလာဦးဖြစ်ပေမယ့် သူ့ရဲ့ စိတ်ထဲဘာမှရှိမနေ။ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး အိပ်မောကျနေတဲ့သူကို အကြင်နာတွေနဲ့သာ ထွေးပွေ့ထားချင်စိတ်ရှိသည်။
တကယ်ဆို ချစ်တဲ့သူနဲ့ ဖြတ်ကျော်ရမယ့် နေ့ရက်တိုင်းက မင်္ဂလာတွေ ဦးကြိုနေတော့ မင်္ဂလာဦးပဲ မဟုတ်လား။

__________  ___________

ယေဘူယျ အားဖြင့် ဟန်းနီးမွန်း စုံတွဲတွေဟာ ဒီလိုမနက်မျိုးတွေမှာ အိပ်ရေးမဝစွာနိုးထလာရပေမယ့် ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကတော့ အိပ်ရေးဝလွန်းတာကြောင့် ဖောင်းအစ်နေတဲ့ မျက်လုံးများဖြင့် မနက် ၈ နာရီလောက်ကတည်းက ဟိုတယ်စားသောက်ဆိုင်မှာ မနက်စာ စားဖို့ရောက်ရှိလို့လာကြပြီဖြစ်သည်။
အတန်ကြာအောင် မနက်စာ စားသောက်နေကြပြီးနောက် အချိုပွဲများရောက်ရှိလာချိန်တွင်....

"မောင် ကိုယ် သန့်စင်ခန်းခဏ သွားလိုက်ဦးမယ်....."

"လိုက်ခဲ့ပေးရမလား....."

"မလိုဘူး.....ခဏပဲ...."

ရှောင်းကျန့် သန့်စင်ခန်းဝင်နေတဲ့ အချိန် ဝမ်ရိပေါ်က တစ်ယောက်တည်းဖြစ်နေတာကြောင့် ကော်ဖီသောက်ရင်း စောင့်ဆိုင်းနေစဉ် သူထိုင်နေရာအနီးသို့ နုရွယ်ချောမောတဲ့ အာရှသူတစ်ဦး ရောက်ရှိလို့လာသည်။ ဝမ်ရိပေါ်က သူသောက်နေတဲ့ ကော်ဖီကိုသာ အာရုံရနေတာကြောင့် သူ့အနားနီး လာကပ်ရပ်နေတဲ့သူကို သတိမထားမိ တနည်းအားဖြင့် အဖက်မလုပ်သည့်ပုံမျိုးဖြင့်။
ထိုအမျိုးသမီးငယ်က လိပ်စာကဒ်လေးကို ဝမ်ရိပေါ် အရှေ့သို့ ထိုးပေးလိုက်သည်။ ဝမ်ရိပေါ်က ဘာလဲဆိုတဲ့ အကြည့်မျိုးဖြင့် ကြည့်လိုက်တော့.....

"ဟိုတစ်ယောက်ကို ပျင်းသွားရင် အချိန်မရွေးဆက်သွယ်လိုက်ပါ.....ယောကျာ်းလေးချင်းဆိုတော့ ငြီးငွေ့လွယ်မှာပေါ့....."

ထိုအမျိုးသမီးကို ဝမ်ရိပေါ် မဲ့ပြုံးဖြင့်ကြည့်ရင်းခပ်ဟဟရယ်လိုက်ကာ တစ်ခုခုပြန်ပြောမည် ပြင်လိုက်စဉ်.....

"မောင်....."

ရှောင်းကျန့် က သန့်စင်ခန်းက ပြန်လာပြီးချင်း သူ့ခုံနေရာမှာ ပြန်မထိုင်ဘဲ ဝမ်ရိပေါ်​၏ ပေါင်ပေါ်တွင်ဝင်ထိုင်လိုက်​၏။
ဝမ်ရိပေါ် နည်းနည်းတော့ အံ့ဩသွားရပေမယ့် ရှောင်းကျန့်​၏ ခါးသွယ်သွယ်ကို တင်းကြပ်စွာပြန်ဖက်ထားလိုက်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လည်တိုင်ကို လက်များဖြင့် တွယ်ချိတ်ထားလိုက်ပြီး သူတို့ ခုံဝိုင်းနားမှာ အခုထိမတ်တပ်ရပ်နေသေးတဲ့ အမျိုးသမီးငယ်ဘက်ကို ကြည့်လိုက်ကာ.....

"ကိုယ့်အိမ်သားကို လာကြောင်ချင်ရင်တော့ ကိုယ့်လောက်နီးနီးလှရက်မှ ပြန်လာခဲ့....ဟုတ်ပြီလား...."

ရှောင်းကျန့်က ပြောပြီးတာနဲ့ ဝမ်ရိပေါ်​၏ မေးဖျားကို နစ်နေအောင် နမ်းရှိုက်လိုက်သည်။ ထို့နောက် ဝမ်ရိပေါ်နှင့် နဖူးချင်းထိတွေ့လိုက်ကာ.....
"ချစ်လားမောင်....."

"သိပ်သိပ်ချစ်တာပေါ့....."

"ကိုယ့်အနမ်းတွေရော ထပ်လိုချင်သေးလား....."

"တစ်သက်လုံး အချိန်မရွေး...."

"အဲ့တာဆို ဘာလို့ ဟိုတစ်ယောက်ကို ပြုံးပြတာလဲမောင်....."

"ဟင်...."

စကားလမ်းကြောင်းက ဒီနေရာမှာ လွဲသွားပြီဖြစ်ကြောင်း ဝမ်ရိပေါ်သိလိုက်ရ​၏။

"မေးခွန်းလေးတစ်ခုကို ဖြေဖို့တော်တော်ကို ကြာနေတာနော် မောင်....."

"အဲ့တာ မဲ့ပြုံး....."

"မောင် ဘယ်လိုပဲပြုံးပြုံး ကြည့်ကောင်းတယ်ဆိုတာ မသိလို့လား မောင်...."
ရှောင်းကျန့် ဝမ်ရိပေါ်​၏ ပေါင်ပေါ်ထိုင်နေရာမှ ထမည်ပြင်လိုက်တဲ့အခါ ဝမ်ရိပေါ်က အလွှတ်မပေးဘဲ ရှောင်းကျန့်လှုပ်လို့မရအောင်ကို ဖက်လို့ထား​၏။ ဟိုအမျိုးသမီးငယ်ကတော့ ဟိုတယ် စားသောက်ဆိုင်အတွင်းမှ ဘယ်အချိန်ကတည်းကပျောက်လို့သွားသည်မသိ။

"ဖယ်စမ်း...."

"ဘယ်သူအရင်လာထိုင်တာလဲ ပြော...."

ရှောင်းကျန့်က မျက်နှာတည်တင်းကာ တစ်ဖက်ကို လှည့်ထားလိုက်​၏။

"သဝန်တိုနေတာလား မောင့်ကို...."

"......"
"ဖြေပါဦး...."

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်သို့ပြန်လှည့်လာကာ....

"သဝန်တိုတာ ဘာလဲ ကိုယ်မသိဘူးမောင်.....ဒါပေမယ့် ကိုယ်ပိုင်တဲ့အရာလို့ သတ်မှတ်ထားပြီးရင်တော့ အဲ့တာ ကိုယ့်ဟာပဲ....."

"ဟား....ဟား တကယ်သဝန်တိုနေတာပါလား.....မင်းကိုသဝန်တိုတဲ့စိတ်မျိုးခံစားစေမိတာ မောင့်ဘက်ကလိုလို့....စိတ်မကောက်နဲ့တော့ဟုတ်ပြီလား....."

ဝမ်ရိပေါ်က ရှောင်းကျန့်ကို သူတို့စားပွဲဝိုင်းမှာ အလှဆင်ထားတဲ့ နှင်းဆီနီ ပန်းအိုးလေးဘက် လက်ညိုးထိုးပြရင်း....
"မောင့်ရှောင်းကျန့်.....ဟိုအိုးထဲက နှင်းဆီနီလေးတွေကိုတွေ့လား...."

"အင်း...."

"သူတို့လေးတွေ လှလား....."

ရှောင်းကျန့် ခေါင်းငြိမ့်ပြ​၏။

"မောင့်အတွက်တော့ မင်းလောက်မလှဘူး.....ပြီးတော့ အသက်ကို ရှိုက်သွင်းကြည့်လိုက်....ရနံ့လေးတွေသင်းတယ်မလား....."

ဝမ်ရိပေါ် ပြောတဲ့အတိုင်း ရှောင်းကျန့် လုပ်လိုက်ကာ ခေါင်းငြိမ့်ပြပြန်​၏။ ထိုအခါ ဝမ်ရိပေါ်က ရှောင်းကျန့်​၏ လည်ဂုတ်လေးကို နမ်းရှိုက်လိုက်ကာ....
"အင်း...မောင့်အတွက်တော့ မင်းလောက် နမ်းရှိုက်ချင်စရာမကောင်းဘူး....."

ရှောင်းကျန့်​၏ မျက်နှာ တဖြည်းဖြည်းပြုံးယောင်သန်းလာရတာမလို့ ဝမ်ရိပေါ်ကဆက်ပြီး....

"လှလွန်း မွှေးလွန်းတဲ့ နှင်းဆီနီလေးတွေကို လူတိုင်းက အရမ်းချစ်ကြတယ်မဟုတ်လား.....ဒါပေမယ့်...."

ဝမ်ရိပေါ်က ရှောင်းကျန့်ကို အနောက်ဘက်မှ သိုင်းချုပ်ထားရာမှ လွှတ်ပေးလိုက်ပြီး ရှောင်းကျန့်​၏ ကိုယ်လေးကို လက်နှစ်ဖက်ဖြင့်ပွေ့ယူသယ်လိုက်ကာ မျက်ဝန်းများဆုံစေ၍ပြောလိုက်သည်။
"မောင်ကတော့ မင်းကို အချစ်ဆုံး "

ပြီးပါပြီ....။

1/11/2021