ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၃၂)Unicode

"မင်းတကယ်ပြောတာလား ရှောင်းကျန့်....."

ရှောင်းကျန့် အလုပ်ချိန်အပြီး ချားလ်စ်က ကုမ္ပဏီအနီးက ကော်ဖီဆိုင်မှာ ခဏလာတွေ့ခြင်းဖြစ်​၏။ တွေ့တွေ့ချင်း ရှောင်းကျန့်ဆီက ထွက်လာတဲ့ စကားတစ်ခွန်းကို ချားလ်စ် မယုံနိုင်စွာဖြင့်မေးလိုက်သည်။

"ဘယ်တော့လဲ....."

"နောက်လ....."

"မင်းဘာဖြစ်တာတုန်း ဒီမှာ အားလုံး မင်းဖြစ်ချင်သလိုတွေ ဖြစ်နေပြီလေ....."

ဝမ်အိမ်တော်နဲ့ ယန်အိမ်တော် တို့ရဲ့ ပတ်သက်မှုတွေ တရားဝင်ပြတ်စဲသွားကြောင်းက အခုအပတ်အတွင်း သတင်းစားခေါင်းကြီးပိုင်းတွေမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့သည်။ လူမှုရေးတင်မဟုတ် စီးပွားရေး တွေက အစယတိပြတ်ရပ်စဲခဲ့ကြောင်းတွေပေါ့။ အဲ့ဒိသတင်းတွေနဲ့ အတူဒီလိုပြတ်စဲမှုကိစ္စတွေက ရှောင်းကျန့်နဲ့ ပတ်သတ်တယ်ဆိုတာတွေကလည်း တစ်ခါတစ်ခါ ဒွန်တွဲပါလာတတ်သေးသည်သာ။

အဓိက ကတော့ ယောကျာ်းလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို တရားဝင်လက်မခံနိုင်တဲ့ တရုတ်ပြည်ရဲ့ ဥပဒေကြောင့် ​ဝေဖန်မှုတွေကလည်း များသည်။ ပိုလို့ဆိုးတာက ဝမ်ရိပေါ်က အိမ်ထောင်ရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး ရှောင်းကျန့် ကြောင့်ပြိုပျက်ခဲ့ရသည်ဟု ရှောင်းကျန့်ပေါ် အမြင်စောင်းပြီး ရေးထားတဲ့ ဆောင်းပါးတချို့လည်း ရှိ​၏။

သို့သော် ထိုသတင်းတွေကို ဝမ်ရိပေါ်ဘက်က ငွေဖြင့်လိုက်ပြီး ရှောင်းကျန့် မထိခိုက်အောင် အတတ်နိုင်ဆုံးလိုက်ဖုံး​၏။ သတင်းစာတိုက်တွေကို ထိန်းချုပ်နိုင်ပေမယ့် အင်တာနက်က ဝေဖန်မှုတွေကတော့ ထိန်းချုပ်ဖို့ခက်လှသည်။

"အင်း ဖြစ်ချင်သလိုတွေ ဖြစ်သွားပြီးလို့ပဲ ထွက်သွားတော့မှာ......ငါအစကတည်းကပြောထားပြီးသား ကိစ္စတွေအားလုံး ပြီးသွားတာနဲ့ ဒီမြေက ထွက်သွားမှာဆိုပြီး....."

ရှောင်းကျန့်​၏ အဖြေကို ချားလ်စ် လက်မခံနိုင်စွာ ခေါင်းခါရမ်းလိုက်သည်။

"အေး အဲ့တာ မင်းဘဝထဲ ဟိုကောင်လေး မဝင်လာခင်တုန်းက ပြောခဲ့တဲ့ စကား အခုက မတူတော့ဘူး ရှောင်းကျန့်....."

"......"

"မင်းထွက်သွားမယ့် အကြောင်း ဝမ်ရိပေါ်သိလား...."

ရှောင်းကျန့်က ခေါင်းခါပြလိုက်​၏။

"မင်းက ဘယ်တော့မှ ပြောမယ်စိတ်ကူးထားတာလဲ ရှောင်းကျန့်ရာ....အခုကတည်းက ကြိုမပြောထားလို့ ဘယ်လိုလုပ်မှာလဲ....."

ရှောင်းကျန့်သူ့ရှေ့က ရေခွက်ကို စိုက်ကြည့်ရင်း.....

"အခုကတည်းက ကြိုပြောထားရင် ငါ့ကို မသွားနိုင်အောင်လုပ်လိမ့်မယ်.....သွားခါနီးမှပြောဖြစ်ရင်ပြောမယ် ဒါမှမဟုတ် ဟိုရောက်မှပဲ....."

ရှောင်းကျန့် ဆက်မပြောခင် ချားလ်စ်က တားလိုက်သည်။

"ငါကတော့ လက်မခံဘူး.....မင်းဟိုရောက်သွားမှ အသိလှမ်းပေးလိုက်ရုံနဲ့တော့ ငါလက်မခံဘူး....မင်းအဲ့ကောင်လေး စိတ်ကိုမသိဘူးလား......တွဲနေတဲ့ မင်းမပြောနဲ့ ဘေးကကြည့်နေတဲ့ ငါတောင်သိတယ် ရှောင်းကျန့်.....အဓိပ္ပာယ်မရှိတာတွေ မလုပ်စမ်းပါနဲ့ကွာ....."
ချားလ်စ် ခေါင်းမာလွန်းတဲ့ ရှောင်းကျန့်ကို တားမရဖြစ်နေသည်။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားမိသွား​၏။

"ရှောင်းကျန့်......မင်း ဒီလို ဆုံးဖြတ်လိုက်တာ တစ်စုံတစ်ယောက်ရဲ့ ပရောဂ ပါနေလား.....ဥပမာ ဟိုကောင်လေးရဲ့ အသိုင်းအဝိုင်းက မင်းကို တစ်ခုခုပြောလို့လား......"

​ချားလ်စ် ပြောတော့ ရှောင်းကျန့်​၏ မျက်နှာ နည်းနည်းပျက်သွားသည်။

"မရှိပါဘူး.....ငါ အစကတည်းက ဆုံးဖြတ်ထားတဲ့ ကိစ္စမလို့.....ငါပြန်တော့မယ် ချားလ်စ် သူအလုပ်ပြီးတော့မှာ အတူပြန်ကြမှာမလို့....."
"အေးပါ....ဂရုစိုက်သွား.....ငါကတော့ မင်းစိတ်ပြောင်းသွားဖို့ပဲ မျှော်လင့်တယ်....ဒါနဲ့ မင်းဟိုလူကြီးကို သွားမတွေ့တော့ဘူးလား......မီဒီယာတွေကိုတော့ လုံအောင်ဖုံးထားပေမယ့် ဆေးရုံတောင် တင်ထားရတယ် တစ်စွန်းတစ်စကြားတယ်....."

"တွေ့စရာအကြောင်းမရှိတော့ဘူး ထင်တာပဲ ငါတစ်ခါပြောပြီးပြီ သူ့ဟာသူနားမထောင်တာတော့ သူ့အကြောင်းနဲ့သူပဲ.....ပြီးတော့ ငါနောက်တစ်ခေါက်သွားတွေ့ရင် ဟိုကောင်လေးက ယန်အိမ်တော်ကို မီးသွားရှို့မယ် ကျိန်းထားတယ်....ဟား....ဟား....."
"အဲ့တာကြောင့် ပြောတာ ရှောင်းကျန့်.....ဟိုဘက်က မင်းကို အဲ့လောက် တန်ဖိုးထားတာ သိလျက်နဲ့....."

ချားလ်စ်​၏ အပြောကို ရှောင်းကျန့်ဘာမှ မတုံ့ပြန်ဘဲ လက်ပြနှုတ်ဆက်ပြီးတော့သာ ဆိုင်ထဲမှ ထွက်သွားသည်။ တကယ်ဆို ချားလ်စ်ပြောတာတော့ မမှား။ ဘယ်သူ့ပရောဂကြောင့်လဲတော့ သူမသိ သူကိုယ်တိုင် ဒီနိုင်ငံက ထွက်သွားချင်တာတော့ သိသည်။

ဖြစ်နိုင်ရင်တော့ သူတစ်ယောက်တည်းတော့.....။

ရှောင်းကျန့် သက်ပြင်းတစ်ခုချလိုက်ပြီးနောက် မနက်က အကြောင်းကို ပြန်တွေးလို့နေမိသည်။မနက်တုန်းက ဟိုကောင်လေး ရေချိုးခန်းထဲဝင်နေတုန်း ဖုန်းက အဆက်မပြတ်မြည်လာတာကြောင့် သူကြည့်လိုက်မိတော့ "ဘွား" ဆိုတဲ့ နာမည်ကိုတွေ့​၏။အစကတော့သူမကိုင်ဖို့တွေးလိုက်မိပေမယ့်တစ်ထိုင်တည်းနဲ့ငါးခေါက်ထပ်မနည်းအဆက်မပြတ်ခေါ်ဆိုလာတာကြောင့် သူကိုင်လိုက်မိ​၏။
ဖုန်းကိုင်လိုက်ချင်း တစ်ဖက်က ကြားလိုက်ရတာက ငိုသံသာဖြစ်​၏။ ဖုန်းထဲက ပလုံးပထွေးနှင့် ဝမ်ဘွား​၏ ငိုသံက သူ့ကိုစိတ်မကောင်းဖြစ်စေသည်။ ဝမ်ဘွားဘက်က ဖုန်းဖြေဆိုတဲ့သူက သူ့မြေးမဟုတ်မှန်းသိသွားတော့ အငိုတိတ်သွားပြီး သူ့ကို တောင်းဆိုခဲ့သည်။ဟိုကောင်လေးကို အိမ်ပြန်ခိုင်းဖို့။

ဝမ်ဘွားအနေနဲ့ ယန်ယူမီလည်း အိမ်တော်က ထွက်သွားပြီ ဖြစ်တာရော သူ့ရဲ့သားကလည်း စီးပွားရေး ခရီးတွေပဲ သွားနေတာရောကြောင့် အိမ်မှာ အလုပ်သမားတွေနဲ့ တစ်ယောက်တည်း ရှိပုံရ​၏။
သူအဲ့ဒိအချိန်မှာ ရူးကြောင်ကြောင်တော့ မျှော်လင့်မိသား။ ဝမ်ဘွားအနေနဲ့ သူ့မြေးကို အိမ်ပြန်ခေါ်ရင်း သူ့ကိုပါ အသိအမှတ်ပြုဖို့ကိုပေါ့။ ပြောသားပဲ ရူးကြောင်ကြောင် မျှော်လင့်ချက်တစ်ခုသာလို့။ တစ်ဖက်ကို တရားဝင် ပြတ်စဲသွားသည့်တိုင် သူ့ကိုတော့ တရားဝင် အသိအမှတ်ပြုလိမ့်မည် မဟုတ်။

________ ___________

"မောင်....ကိုယ် အလုပ်ထွက်ချင်တယ်....."

ထမင်းစားပွဲတွင် မှာယူထားတဲ့ညနေစာများ စားနေကြစဉ် ရှောင်းကျန့်ကို ဝမ်ရိပေါ် ပြောလိုက်​၏။
"ဘာဖြစ်လို့လဲ ရုတ်တရက်ကြီး.....မောင်တို့ ကုမ္ပဏီကပေးတဲ့ လစာ နည်းလို့လား....ဟား....ဟား....."

ရုတ်တရက်ဆန်တာတော့ ဟုတ်​၏။ အလုပ်ဆက်သွားနေသေးရင် နေ့တိုင်းတွေ့မိကြဦးမှာဖြစ်သည်။ နေ့တိုင်းတွေ့နေရင်တော့ ဒီတစ်လအတွင်း ထွက်သွားမည့် ကိစ္စက အောင်မြင်မှာ မဟုတ်။ ရယ်စစနဲ့ နောက်ပြီး ပြောလာတဲ့ သူကိုရှောင်းကျန့်ကြည့်၍ စားပွဲခုံပေါ်တင်ထားတဲ့လက်တစ်ဖက်ကို အုပ်ကိုင်လိုက်ကာ.....

"မောင်ပြောတယ်လေ.....ကိုယ် အလုပ်မရှိရင်တောင် မောင်တင်ကျွေးထားမယ်ဆို.....ကိုယ် ဝါသနာပါတာပဲ လုပ်ပြီးတော့ မောင့်လုပ်စာ ထိုင်စားဖို့....."
ရှောင်းကျန့်​၏ အဖြေကို ဝမ်ရိပေါ် သဘောကျတာကြောင့် ရှောင်းကျန့်​၏ မေးဖျားလေးကို ဆွဲယူကာ နှုတ်ခမ်းလေးကို နမ်းဖို့ပြင်လိုက်စဉ် ရှောင်းကျန့်က ရှောင်လိုက်တာကြောင့် စိတ်ထဲခုသွားရသည်။

"စားပြီးမှ နမ်း....တော်ကြာ ဆီတွေပေကုန်မှာစိုးလို့...."

"ခါတိုင်း ငြင်းဖူးလို့လား....."

ဝမ်ရိပေါ် ရေတစ်ခွက်ကို သာမော့သောက်လိုက်သည်။ရှောင်းကျန့်က ဝမ်ရိပေါ်​၏ စိတ်အခြေအနေကို ရိပ်မိတာကြောင့်.....
"ကိုယ်က နောက်တာပါ မောင်ကလည်း.....နည်းနည်းလေးတောင် နောက်လို့မရဘူးလား....လာ ပြန်နမ်း...."

"မနမ်းဘူး.....မောင်က မင်းမကြိုက်ဘဲ အတင်းနမ်းတယ်ဆိုပြီးတော့လည်း အထင်မခံနိုင်ဘူး....."

ဝမ်ရိပေါ်က စိတ်ကောက်နေတဲ့ ပုံဆောင်တာကြောင့် ရှောင်းကျန့် သူ​၏ နှုတ်ခမ်းကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်ကာ ဝမ်ရိပေါ် ​၏ ပါးပေါ်ကို အကြာကြီး ဖိကပ်နမ်းလိုက်​၏။ တော်တော်ကြာမှ ပြန်ခွာလိုက်ပြီး.....

"ကျေနပ်လားမောင်....."
ဝမ်ရိပေါ်က ပြုံးချင်ပေမယ့် မျက်နှာကို ထိန်းကာ....

"ဆိုးတော့ မဆိုးပါဘူး....."

ရှောင်းကျန့် ဝမ်ရိပေါ်ကို ကြည့်ရင်း ရင်ထဲ နည်းနည်း အသည်းယားလာတာကြောင့် ပါးကို နောက်တစ်ခေါက် ထပ်နမ်းလိုက်သည်။

"မောင်က တကယ်ကို ကလေးလေး လိုပဲ....."

"ဘာလဲ မောင်က ကလေး ဆိုရင် မင်းကမွေးစားချင်လို့လား.....မောင်ကတော့ အုပ်ထိန်းသူနဲ့ အမြဲတမ်း အိပ်ရာတစ်ခုတည်း အိပ်မှာနော်.....မင်းပြောသလို ကလေး ဆိုတော့....."

ရှောင်းကျန့် ဆွံ့အသွားပြီး ပြောစရာ စကားတွေတောင် ပျောက်ရှရ​၏။ ဒီကောင်လေးက တကယ်ပဲ။ အတန်ကြာတော့ ပြောရမည့်စကားများကို အမှတ်ရလာကာ......
"မောင်.....မောင့်အိမ်လေး ဘာလေးတစ်ခါတစ်လေ ပြန်ပါလား.....မနက်တုန်းက မောင့်အဘွား ဖုန်းဆက်တယ်....."

ဝမ်ရိပေါ် ရှောင်းကျန့်ကို မျက်မှောင်ကျုံ့ကြည့်လိုက်ကာ.....

"မင်းကို မောင့်အဘွား ဘာတွေ ပြောလိုက်သေးလို့လဲ......"

"ဘာမှ မပြောဘူးမောင်.....ဒါပေမယ့် မောင်....မောင်တို့အိမ်မှာ အဘွားတစ်ယောက်ပဲရှိတာလေ.....အဲ့တော့ မောင်တစ်လလောက်ပဲ ဖြစ်ဖြစ် ခဏလောက်သွားနေပေးလိုက်ပါလား....."

"အင်း မောင်အိမ်ပြန်ရင် မင်းပါလိုက်ခဲ့....."
လိုက်ခဲ့ဖို့ဆိုတာ တစ်ဖက်က ကြိုဆိုဦးမှ ပေါ့မောင်။

"မောင်ပဲသွားပါ တစ်လလောက်ပဲကို....."

"မင်းက အလုပ်လည်းမလာတော့ဘူး ဆိုတော့ မင်းကို မောင်က ဒီအိမ်မှာက လွဲရင် ဘယ်မှာတွေ့ရတော့မှာမလို့လဲ ရှောင်းကျန့်....."

ရှောင်းကျန့် သူ့အရှေ့ကကောင်လေးကို ကြည့်ပြီးတော့တော်တော်ကို စိတ်မကောင်းဖြစ်မိသည်။

"ကိုယ်တို့နေတိုင်း ဖုန်းပြောကြတာပေါ့ video call ခေါ်လို့ရတာပဲ.....ပြီးတော့ ကိုယ်တို့ အဝေးကြီးမှာလည်း မဟုတ်ဘူး....."
"အဲ့တာကြောင့် မလို့ပေါ့.....မောင်က မင်းနဲ့ နည်းနည်းလေးတောင် ခွဲပြီးမနေနိုင်တာ မင်းမသိလို့လား....."

ဝမ်ရိပေါ် က စားနေလက်စ ကိုရပ်ပြီး ရှောင်းကျန့်​၏ မျက်လုံးတွေကို စိုက်ကြည့်ပြီးပြောနေတာကြောင့် ရှောင်းကျန့် လှုပ်ခတ်သွားတဲ့ သူ့ရဲ့မျက်ဝန်းအိမ်ကို ဘယ်မှာ ဖုံးကွယ်ရမှန်းမသိဖြစ်ရသည်။

"ပြီးတော့ မင်းမောင့်ကို အဖြေပြန်ပေးရသေးတာလည်း မဟုတ်ဘူး ရှောင်းကျန့်.....မင်းနဲ့ ဝေးဝေးမှာ နေဖို့ မောင်...."
​ဝမ်ရိပေါ် နောက်ထပ်စကားတွေ ဆက်မပြောဖြစ်လာတော့။

တကယ်ကို မသိတာလား။ ရှောင်းကျန့်ကို သူနဲ့ ဝေးဝေးမှာထားဖို့ ယုံကြည်ချက်မရှိသေးဘူး။ သူပြောခဲ့သလိုပဲ ရှောင်းကျန့်က သူ့ကို အဖြေပြန်ပေးရသေးတာ မဟုတ်။ အဲ့တာကြောင့် ရှောင်းကျန့် သူနဲ့ဝေးသွားရင် စိတ်တွေပြောင်းသွားမှာ စိုးတယ်။

အစကတည်းက ရှောင်းကျန့်ဆိုတာ ထိန်းချုပ်ဖို့ အရမ်းခက်ခဲတဲ့ လူတစ်ယောက်။ ဒါတောင်ပြောရရင် သူ့ဘက်က လူသိရှင်ကြားတွေ ချုပ်နှောင်ထားလို့။ မတော်လို့ ဝေးလက်စနဲ့ ဆက်ဝေးသွားမှာတွေ သူမလိုလားဆုံးဖြစ်သည်။ ဒါ့ကြောင့် သူ့ဘက်ကတောက်လျှောက် အလုပ်တင်မက နေတဲ့နေရာအထိ သူနဲ့အတူတူရှိစေတာ ဖြစ်သည်။
အခုတောင် ရှောင်းကျန့်က အလုပ်ထွက်ဖို့ ပြောနေပြီဖြစ်​၏။ သူ့ကိုအိမ်ပြန်ခိုင်းတဲ့ ကိစ္စတွေကိုလည်း ရိုးရိုးသားသား ကိစ္စလို့သာ တွေးလိုက်လို့ရနိုင်မလား။တကယ်လို့ ရှောင်းကျန့်သာ သူ့ဘေးနားမရှိရင် သူသေတောင် သေသွားနိုင်မည့် သဘောရှိမည်​။ သူအပို​တွေ ပြောနေတာတော့ မဟုတ်။ တကယ်မဖြစ်လာသေးလို့သာ လူတွေ မသိကြသေးတာပင်။

​ဝမ်ရိပေါ် သူ့အတွေးနဲ့ သူအကြာကြီး တိတ်ဆိတ်သွားပြီးမှ ရှောင်းကျန့်ကို ပြန်ကြည့်လိုက်ကာ.....
"ရှောင်းကျန့် မောင့်ကိုကြည့်....."

​ရှောင်းကျန့် ဝမ်ရိပေါ်​၏ မျက်လုံးတွေကို တည့်တည့်ကြည့်ဖို့ ခက်ခဲလွန်းနေ​၏။

"ရှောင်းကျန့် မောင့်မျက်လုံးတွေကို သေချာကြည့်......"

"......"

"ရှောင်းကျန့် မောင်ပြောနေတယ်လေ....."

ရှောင်းကျန့်လည်း စားပွဲခုံအောက်မှာ ကွယ်နေတဲ့လက်လေးကို တင်းကြပ်စွာဆုပ်ထားလိုက်ကာ ဝမ်ရိပေါ်​၏ မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်သည်။

"အင်း....ပြောမောင်....."

"မင်းကို မောင်တစ်ခုပဲ တောင်းဆိုချင်တယ်.....မောင့်ကို ချစ်တယ်လို့လည်းပြောစရာမလို သလို မောင်လည်း အတင်းမေးမှာ မဟုတ်ပါဘူး....ဒါပေမယ့်ပေါ့....မောင့်ဘေးက ထွက်သွားတာမျိုးတွေ ချန်ထားခဲ့တာမျိုးတွေတော့ ဘယ်တော့မှ မလုပ်ပါနဲ့......"
"......"

"မောင့်ကို မင်းမချစ်နိုင်သေးရင်လည်း မောင်ကပဲ ချစ်ပေးမှာမလို့......မောင့်ဘေးမှာပဲ အမြဲရှိပေး......"

"......."

"ဒီ ဇာတ်လမ်းကို မင်းကစခဲ့ပေမယ့် မောင်ကချစ်မိသွားတဲ့သူမလို့.....မဟုတ်သေးဘူး.....မောင်က ဆက်ချစ်ပေးရမယ့်သူမလို့ မောင့်အပေါ်နည်းနည်းလေး အားနာမိတယ်ဆိုရင် မောင်တောင်းဆိုတာလေးပဲ လုပ်ပေး....."

ရှောင်းကျန့် မျက်ဝန်းထဲမှာ မျက်ရည်တွေ မဝဲလာအောင် ထိန်းထားရတာကြောင့် သူ့ရဲ့ ရင်ဘတ်တွေတောင် အောင့်လို့နေသည်။ တင်းကြပ်နေတဲ့ လည်ချောင်းက ဝမ်းနည်းမှုတွေ ပြည့်နှက်နေ၍။ ဘာလို့ သူ့အရှေ့က ကောင်လေးက သူဘာတွေတွေးနေတာလဲဆိုတာကို သိနေတဲ့ ပုံမျိုးနဲ့ ဒီလိုစကားတွေပြောထွက်လာရတာလဲ။ ထွက်လာတဲ့ စကားအခွန်းတိုင်းကလည်း သူ့ရင်ကို နာကျင်လွန်းစေတယ်....။
ဝမ်ရိပေါ်က ဆက်ပြီး.....

"မင်းမှတ်မိပါ့ဦးမလား မသိဘူး....မောင်တို့ မရင်းနှီးချိန်တုန်းက မင်းမောင့်ကို မေးခဲ့တဲ့ မေးခွန်းတစ်ခု....."

ရှောင်းကျန့် ခေါင်းအသာခါလိုက်သည်။

"အင်း မောင်ပြောပြမယ်.....မင်းမေးခဲ့ဖူးတယ်....တစ်ချိန်မှာ မောင်တကယ်ချစ်တဲ့သူပေါ်လာရင် ဘာလုပ်မှာလဲ ဆိုပြီး......"

ရှောင်းကျန့်ကမျက်လွှာချထားတာကြောင့် ဝမ်ရိပေါ် က မေးဖျားလေးကနေပင့်ကာ မျက်လုံးချင်းပြန်ဆုံစေလိုက်သည်။
"မောင့်မှာ မင်းရှိလာတဲ့အခါ မောင်က ဘာပဲဖြစ်ဖြစ် မင်းကိုပဲရွေးမှာ....."

"......."

"အဲ့တာဆို မင်းမောင့်ကို မေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေကို မောင်မဖြေလည်း မင်းသိလောက်မှာပါ....."

ရှောင်းကျန့် စိတ်ကိုထိန်းကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး......

"အင်းပါ မောင်.....ကိုယ်နားလည်ပါတယ်.....အဲ့တာကြောင့် မနက်ဖြန်ကစပြီး မောင့် အိမ်မှာ ခဏလောက်တော့ ပြန်နေလိုက်ပါနော်....."

ဝမ်ရိပေါ်က ခေါင်းကို အသာညိမ့်လိုက်ကာ.....
"မင်းဖြစ်စေချင်ရင် မောင်ပြန်နေပါ့မယ်....."

ထိုနေ့ညက အိပ်ရာဝင်တော့ ဝမ်ရိပေါ်က အလွှတ်မပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ဖက်တွယ်ထားတာကြောင့် ရှောင်းကျန့် တစ်စက္ကန့်တောင် ရုန်းထွက်ဖို့ အခွင့်မသာ ဖြစ်ခဲ့ရသည်။ သူကိုယ်တိုင် ရုန်းထွက်ဖို့ မကြိုးစားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်မည်။

____________  ____________

ဝမ်ရိပေါ် သူ့အိမ်ပြန်နေတာ သုံးပတ်ကျော်ရှိပြီ ဖြစ်သည်။ တစ်ရက်မပျက်ရှောင်းကျန့်ကို အနည်းဆုံးတစ်နေ့သုံးခါထပ်မနည်း ဖုန်းခေါ်လေ့ရှိပြီး ကြုံရင်ကြုံသလို အလွမ်းပြေဝင်သွားကြည့်တတ်သေးသည်​။
ဝမ်ရိပေါ် ခါတိုင်းလို မနက်အိပ်ရာထတော့ ရှောင်းကျန့်ကို ဖုန်းခေါ်လိုက်သည်။ ဝင်သွားတဲ့ အဝင် call က ချက်ချင်းကို တိကနဲ ကျသွားရ​၏။ ဝမ်ရိပေါ်လည်း ပထမတစ်ခေါက်မလို့ ဘာမှမဖြစ်ဘဲ နောက်တစ်ခါ ထပ်ခေါ်လိုက်သည်။ ဒုတိယ အခေါက်လည်း ဖုန်းက ဝင်ရုံပဲရှိသေး တိကနဲ ကျသွားတာဖြစ်သည်။ ဝမ်ရိပေါ် စိတ်ထဲထင့်သွား၍ အကြိမ်ကြိမ်ဆက်ခေါ်နေမိသော်လည်း အကြိမ်တိုင်း ဒီအတိုင်းသာဖြစ်သည်။

ဖုန်းကျသွားတဲ့ အခေါက်တိုင်း အော်ပရေတာက ပြန်ဖြေတယ်.....ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေပါတယ် တဲ့။
အလုပ်သွားဖို့ အချိန်နီးလာပြီ ဖြစ်သော်လည်း ဝမ်ရိပေါ် ဂရုမစိုက်နိုင်ဖြစ်ကာ အပေါ်က ကုတ်အင်္ကျီကိုတောင် ထပ်မဝတ်နိုင်တော့ဘဲ သူ့အခန်းထဲကနေ အမြန်ထွက်လာပြီး ကားပေါ်တက်ကာ သူ့စိတ်ထဲစွဲနေရာ တစ်ခုကို မောင်းထွက်လာခဲ့သည်။ ဝမ်ရိပေါ် လက်တို့ဖြင့်ဆုပ်ကိုင်ခြင်းခံထားရတဲ့ ကားစတီယာရင်က ကျိုးပဲ့လုမတတ်။

တစ်ဖက်က အိပ်နေသေး၍ ဖြစ်မည်ဟု သူရိုးရိုးလေးတွေးလိုက်ချင်သော်လည်း တကယ်ကို ဘာကြောင့်ရယ်မသိ စိတ်တွေလေးလို့နေသည်။ ဘာမှ မဖြစ်ဘူးမလား.....သူထင်ထားသလိုတွေ မဟုတ်ဘူးမလား။ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေတယ် ဆိုတာ မင်းကို မောင် မဆက်သွယ်နိုင်တဲ့ နေရာရောက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးမလား ရှောင်းကျန့်.....။
ဝမ်ရိပေါ် တစ်လမ်းလုံး သူ့အတွေးတွေကို ခါထုတ်ရင်း စိတ်ကိုငြိမ်အောင်ထိန်းကာ ကားမောင်းလာရင်း ရှောင်းကျန့်​၏ condo သို့ရောက်လာခဲ့သည်။

သူအခုတော့ အရင်လို ထင်ရာစိုင်းတွေ ဝုန်းဒိုင်းကြဲပြီး မပြုမူဘဲ ဓာတ်လှေကားဆီသို့ တစ်လှမ်းချင်း လျှောက်ခဲ့​၏။တုန်နေတဲ့ ခြေလှမ်းတွေကိုတော့ ခဏတာ မေ့ထားခဲ့သည်။ မတည်ငြိမ်နေတဲ့ လက်တို့က ဓာတ်လှေကားက ခလုတ်တွေကို မှားနှိပ်လိုက်သည်အထိ။

သူဘာမှ မဖြစ်ဘူး လို့ ခပ်ဖွဖွ ရေရွတ်ကာ စိတ်သူပြန်ထိန်းကာ အတွေးတွေပြိုလဲနေတာကိုတော့ လျစ်လျူသာရှုထားလိုက်သည်။
ဝမ်ရိပေါ် သူရောက်ချင်တဲ့ တိုက်ခန်းလေးအရှေ့ရောက်တော့ တံခါး password လေးကို ဖြည်းညင်းစွာရိုက်နှိပ်လို့နေ​၏။ လက်တွေ ဘယ်လော​က်တုန်နေပါစေ ဒီ နံပါတ်တွေကိုတော့ မှားနှိပ်မိစရာ အကြောင်းတော့မရှိ။ သူတို့နှစ်ယောက်ရဲ့ မွေးနေ့ မွေးလတွေ ပေါင်းထားတဲ့ နံပါတ်လေး......

"8-0-5-1-0-5"

တံခါးလေးပွင့်လာပြီး ဖိနပ်ချွတ်နေရာရောက်နေတော့လည်း ရှင်းလင်းနေတဲ့ ဖိနပ်စင်ကိုလည်း ဝမ်ရိပေါ် မျက်ကွယ်ပြုခဲ့ပြန်သည်။ သူ့ရင်ဘတ်ထဲမှာ ဖြစ်နေတာကိုတောင် သူလျစ်လျူရှုထားသေးတာ။ ဒါတွေက ဘာမလို့လဲ။
​ဝမ်ရိပေါ် ဧည့်ခန်းကို တစ်လှမ်းချင်းဖြတ်ကျော်လာပြီး အိပ်ခန်းရှေ့မှာ မတ်တပ်ရပ်လို့နေမိသည်။ သူတွေ့ချင်တဲ့သူက အိပ်ရာထက်မှာ အိပ်ပျော်လို့နေလေမလား။ တံခါးကို ဖြည်းညင်းစွာတွန်းဖွင့်လိုက်တဲ့အခါ အသစ်စက်စက်တိုင်းဖြစ်နေတဲ့ အိပ်ရာကို မမြင်ချင်ယောင်ဆောင် အကြည့်လွှဲမိ​၏။ ဒါနဲ့ဆို သူလျစ်လျူရှုထားခဲ့တာ ဘယ်နှစ်ခုမြောက်ရှိပြီ မှန်းတောင် သူမသိတော့။

သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ အဝတ်ဗီဒိုကြီးကို ဖွင့်ကြည့် ဖို့ လက်တွေက သိသိသာသာ တုန်နေပြီး တွန့်ဆုတ်နေမိသည်။ ထိန်းထားတဲ့ သူ့စိတ်တွေ တစ်ထစ်ချင်း ပြိုလို့လာနေပြီ မဟုတ်လား။ ဒီဗီဒိုကြီးသာ ဗလာ ဖြစ်နေမယ်ဆိုရင် သူ့စိတ်ဝိဉာဉ် လည်း ဗလာအတိ ဖြစ်လို့သွားမည်သာ။
ဝမ်ရိပေါ် ဗီဒိုတံခါးကို ဆွဲဖွင့်လို့ အတွင်းဘက်ကို ကြည့်ပြီး ခပ်ယဲ့ယဲ့သာ ပြုံးလိုက်သည်။ခပ်ယဲ့ယဲ့အပြုံးမှာ မျက်ရည်တို့က ကပ်ပါ၍သွား​၏။ဝမ်ရိပေါ် ဗီဒိုတံခါးကို ကျိုးလုမတတ် ဆောင့်ပိတ်လိုက်ပြီး မြင်မြင်သမျှ အရာတို့ကို ရိုက်ခွဲလို့နေသည်။ တင်းထားတဲ့ စိတ်တို့က အခုမှ အကုန် လှုပ်ခတ်လာကာ ထိန်းချုပ်မရ ဖြစ်လို့နေခြင်းဖြစ်သည်။

တကယ်ဆို သူ့ကိုပြန်ချစ်ပေးဖို့တောင် တောင်းဆိုခဲ့လို့လား။အနားမှာ ရှိနေပေးဖို့ပဲ အနူးညံ့ဆုံးတောင်းဆိုခဲ့ရုံလေးမလား။ ဒီလူဟာ သူ့မျက်ရည်တွေ နဲ့ မတန်ဘူးလို့ ဦးနှောက်ကပြောနေပေမယ့် နှလုံးသားက လျစ်လျူရှုပြန်တယ်။ အဲ့တာကြောင့် သူပြောခဲ့တာ....သူဒီလူကို သူနဲ့ ဝေးဝေးမှာ ခဏလေးဖြစ်ဖြစ်ထားဖို့ စိတ်မချဘူးဆိုတာ။ ထင်ခဲ့တဲ့ အတိုင်းပဲ ဖြစ်လာတော့လည်း ထွေထွေထူးထူးတော့ ခံစားမနေရပါဘူး။
ကျိန်းသေတာပေါ့ မခံစားရဘူးဆိုတာ လိမ်နေတာ။

ဝမ်ရိပေါ် အံဆွဲတွေကိုပါ ဆွဲလှဲပစ်လိုက်ပြီး အိပ်ရာဘေးက ကြမ်းပြင်မှာပဲ နက်ခ်တိုင်ကို လျော့ကာ အိပ်ရာကိုမှီပြီး မျက်လုံးများမှိတ်လို့ထိုင်လိုက်သည်။ အာရုံထဲမှာ မနေ့ညနေတုန်းက ပုံရိပ်တွေက တရိပ်ရိပ်ပြန်တိုးဝင်လို့လာသည်။

ဒီလူ မနေ့ကသူ့ကို တွေ့လိုက်ချင်းပဲ ပြေးဖက်ပြီး သူ့ရဲ့ မျက်နှာတစ်ခုလုံး နေရာလွတ်မကျန်အောင် နမ်းရှိုက်လို့နေခဲ့တာဖြစ်သည်။
သူတောင် အံ့ဩမိပေမယ့် ကြည်နူးလွန်းလို့ ဘာမှတောင် ပြန်မပြောမိခဲ့။ သူပြန်တော့မည့် အချိန်မှာတောင် နှုတ်ဆက်အနမ်းတွေက မခွာနိုင်အောင်ဖြစ်ရသည်။ ဒီလူမနေ့ညနေက သူ့ကို အရမ်း အရမ်းကို ကပ်တွယ်လွန်းခဲ့လွန်းတာကို ဘာကြောင့်လည်း သူမသိခဲ့။ ဒါတွေအကုန်လုံးက ဒီလို ထွက်သွားဖို့ရည်ရွယ်ခဲ့တဲ့ နှုတ်ဆက်ခြင်းတွေ သို့မဟုတ် ဟန်ဆောင်ခြင်းတွေပဲ ဖြစ်ခဲ့လိမ့်မည်သာ။

ဝမ်ရိပေါ် မျက်ရည်များကို ယတိပြတ်တိတ်စေလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်ကာ သူ့အရှေ့က ပျက်စီးနေတဲ့ အရာတွေကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်လို့နေသည်။ ကြေမွနေတဲ့ အရာတွေက သူ့ရဲ့ စိတ်တွေကို လိုက်လို့မီမယ် မထင်။
ပျက်စီးနေတဲ့ အရာတွေကို ခံပြင်းစွာစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ တည့်တည့်ဝင်လာတာက သူတွန်းလှဲလိုက်တဲ့ အံဆွဲလေးကနေ ထွက်ကျနေတဲ့ အရာလေးတစ်ချို့​။ ထို့ကြောင့်ကျိုးပဲ့နေတဲ့ အံဆွဲရှိရာသို့ လျှောက်သွားလိုက်ကာ တစ်ပိုင်းတစ်စ ထွက်ကျနေတဲ့ အရာလေးတွေကို အသေအချာ သွားယူကြည့်လိုက်တော့.....အနီရောင်စာအိတ်လေးတစ်ခုနဲ့ အတူ နှင်းဆီနီလေး တစ်ပွင့်.....။

ဝမ်ရိပေါ် နှင်းဆီနီလေး ကို ကြမ်းပြင်ပေါ် အသာချရင်း စာအိတ်အနီလေးကို ဖောက်ကာ အထဲက ခေါက်ထားတဲ့ စာရွက်ကို ဖြန့်ကြည့်လိုက်​၏။
ညီညာတဲ့ လက်ရေးလေးတွေနဲ့ ရေးခြစ်ခဲ့တဲ့ စာလုံးလေးတွေက တိုတိုပြတ်ပြတ်ရယ်သာ.....

နှင်းဆီနီ တစ်ပွင့်ရဲ့ အဓိပ္ပာယ်ကို လူတွေ အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ကိုယ်ကတော့ ဒီလို ဖွင့်ဆိုတယ်

မောင်.....

မောင့်တစ်ယောက်တည်းကိုသာ ရည်ရွယ်တဲ့ တစ်ပွင့်နှင်းဆီနီ လေးက......
I Love You & You Only တဲ့

မောင်သိလား....ကိုယ်ကလည်း ကိုယ်ရဲ့ တစ်ဦးတည်းသော သက်ရှိနှောင်ကြိုးလေး မောင့်ကို သိပ် သိပ်ချစ်တာ.....

------>

ယတိပြတ် တိတ်သွားပြီလို့ ထင်ရတဲ့ မျက်ရည်တွေဟာ ပါးပြင် နှစ်ဖက်မှာ ပြန်ပြီးနေရာယူလာတယ်။

ဝမ်ရိပေါ် သူကြမ်းပြင်ပေါ်မှာ အသာချထားတဲ့ နှင်းဆီနီလေးကို ယူပြီး စူးနစ်နေအောင် ရှိုက်လိုက်သည်။ဆူးတွေမြင်လျက်နဲ့ ပင် လက်ထဲမှာ တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်တာကြောင့် တစ်စက်တစ်စက်နဲ့ ကျလာတဲ့ သွေးစလေးတွေက ရိုးတံတစ်လျှောက်။
နှင်းဆီနီ လေးဘယ်လောက်နူးညံ့တယ်ပြောလည်း အခန့်မသင့်ရင်အနည်းနဲ့ အများတော့ ဆူးထိမှာပဲ။ သူချစ်တဲ့ပန်းက ဆူးရှိမှန်း အစကတည်းက သိခဲ့တာကြောင့် အခုမှနာပါသည် ဆိုပြီး လူတွေကိုရှင်းပြမနေတော့။

ထွက်သွားပြီးမှ ချစ်တယ်လို့ပြောခဲ့တော့​ရော ဘာထူးလဲ။

အင်း....ဘာမှ မထူးတော့လို့ ကျန်ခဲ့တာ ကြမ်းပြင်ပေါ်မှာ.....

စာတစ်စောင်.....နှင်းဆီနီတစ်ပွင့်.....မရေတွက်နိုင်တဲ့ မျက်ရည်စက်တချို့.....။