ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၃၁)Unicode

ခါတိုင်းအလုပ်ပိတ်ရက်တွေဆိုနေရောင်စူးစူးက မျက်နှာပေါ်ကျလာတဲ့အခါ အိပ်ရာကနိုးထလာတတ်ပေမယ့် အခုနောက်ပိုင်းတော့ နေရောင်အထိမခံရဘဲ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှနိုးထလို့လာခဲ့သည်။ ညတုန်းက ပုခုံးထက်မှာ စိုစွတ်ခဲ့တဲ့ ခံစားမှုက အခုထက်ထိနွေးလို့နေတုန်းပင်ဖြစ်သည်။ မျက်ရည်တွေစီးကျရင်း ဖွင့်ဟဝန်ခံခဲ့တဲ့ စကားတစ်ချို့က သူ့ရဲ့နားထဲကနေ အခုထိမထွက်သေး။

ဝမ်ရိပေါ်​၏ ရင်ခွင်ထဲက ရှောင်းကျန့် အသာရုန်းထွက်လိုက်ရင်း ဝမ်ရိပေါ်​၏ မျက်နှာကို စိုက်ကြည့်လို့နေမိ​၏။ အတော်အကြာကြီးကို စိုက်ကြည့်နေပြီးမှ ရေချိုးခန်းဘက်သို့ဝင်လာပြီး ခေါင်းမှတဆင့်တစ်ကိုယ်လုံးကို စိုစွတ်စေလိုက်ကာ ခေါင်းကိုခါရမ်းလိုက်သည်။ ဒီစကားတစ်ခွန်းကြားလိုက်ရသည့်တိုင်အောင် သူ့စိတ်သူမလုံဖြစ်နေမိကာ သက်ပြင်းကိုချလိုက်ပြန်သည်။ 

ရှောင်းကျန့် အိပ်ခန်းရှိရာဘက်သို့ ဝမ်ရိပေါ် မနိုးအောင် တိတ်တဆိတ်ခြေဖွလျှောက်လာကာ ဗီဒိုအံဆွဲထဲ ထည့်ထားသည့် ကွာရှင်းစာချုပ်ဟု ခေါင်းစဉ်တပ်ထားသော စာရွက်ဖြူဖြူများကို ယူကြည့်လိုက်​၏။

ဒီကွာရှင်းစာချုပ်ကို ယန်ယူမီ ဘာလို့ တရားရုံးမှာ တိုက်ရိုက်သွားမတင်ဘဲ သူ့လက်ထဲကို အလွယ်တကူထည့်ပေးလိုက်လဲဆိုတာသူမသိ။ အနီးစပ်ဆုံးအတွေးတစ်ခုက တော့ အခုထက်ထိ ကွာရှင်းထားပြီးသားဆိုတဲ့ အကြောင်းကို လူသိရှင်ကြားမသိစေချင်လို့ပဲ။ လူတွေက အခြားသူ စိတ်အပျော့ဆုံးဖြစ်နေတဲ့ အချိန်မှာ အဲ့ဒိစိတ်ကို ခုတုံးလုပ်ပြီး ချနင်းတတ်ကြသည်။

တကယ်လို့သူသာ ဒီစာချုပ်ကို တိတ်တဆိတ်သိမ်းထားလိုက်မယ်ဆိုရင် ယန်ယူမီတို့ တရားဝင်ကွာရှင်းထားမှန်း ကံယာကံရှင်မိသားစုရယ် သူရယ်ကလွဲပြီး ဘယ်သူမှသိမှာမဟုတ်။ အစတုန်းကတော့ လီချန်းကောနဲ့ ပတ်သက်တဲ့စိတ်တစ်ခုတည်းကြောင့် သူတို့အိမ်ထောင်ကို ပြတ်ခဲ့စေချင်ပေမယ့် အခုတော့ တခြားအကြောင်းအရာတစ်ခုပါ တိုးလာခဲ့သည်။

အဲ့ဒိတော့ သူ့လက်ထဲရောက်လာတဲ့စာချုပ်ကို သူကိုယ်တိုင် တရားရုံးမှာ အပ်ဖို့ ကြံလိုက်ရုံသာ။

ရှောင်းကျန့်က ကွာရှင်းစာချုပ်ကို သေသေချာချာခေါက်ပြီး သူ​၏ ဘောင်းဘီအိတ်ကပ်ထဲ ဝင်ဆန့်အောင် ထိုးထည့်လိုက်သည်။ထို့နောက် အိပ်ရာဘေးသို့ ခြေဖျားအသာထောက်သွား၍ အိပ်ပျော်နေသော ဝမ်ရိပေါ်​၏ နဖူးကို နမ်းလိုက်ကာ....

"မောင်....."

ရှောင်းကျန့် ဝမ်ရိပေါ်ကို ချိုသာသော အသံဖြင့်နှိုး​၏။အသံသာသာနှင့်လှုပ်နှိုးလိုက်တဲ့အထိအတွေ့ကြောင့် ဝမ်ရိပေါ် အကြောဆန့်ကာ မျက်လုံးများကို ဖွင့်လို့လာသည်။
"မောင်.....ထတော့.....ကိုယ်မောင့်ကို ခေါ်သွားစရာ နေရာတစ်ခုရှိတယ်....."

ဝမ်ရိပေါ်က အိပ်ရေးမဝသေးဟန်ဖြင့်.....

"ဘာလို့လဲ....ပိတ်ရက်ဆိုတော့ မင်းက မောင်နဲ့ ဒိတ်လုပ်ချင်လို့လား......"

"အဲ့တာထက် ပိုအဓိပ္ပာယ်ရှိတဲ့ အရာတစ်ခု လုပ်ချင်လို့မောင်......"

"အင်း....မောင် မထချင်သေးဘူး....."

ဝမ်ရိပေါ်က သူ့ဘေးလာထိုင်နေတဲ့ ရှောင်းကျန့်​၏ ကိုယ်လုံးကို ဆွဲယူလိုက်ကာ မျက်လုံးများမှိတ်ထားလျက်နှင့်ဖက်ထားလိုက်​၏။
"မောင်ဘာလုပ်တာလဲ ကိုယ်ရေချိုးပြီးသား....."

"အင်းသိတယ်လေ.....ဒီလောက်မွှေးနေတာကို....ငါးမိနစ်ပဲ ဒီတိုင်းလေးခဏနေ......"

ရှောင်းကျန့် အဖက်ခံထားလျက်နှင့်ပင် ငါးမိနစ်ကို တစ်စက္ကန့်စွန်းပြီးကျော်လာတာကြောင့် အတင်းရုန်းထလိုက်သည်။

"ထတော့ မောင် တော်ကြာ နေအရမ်းမြင့်လာလိမ့်မယ်....."

"အင်း....ထပြီ....."

ဝမ်ရိပေါ် ပြင်ဆင်ပြီးတာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လက်ကိုဆွဲကာ ကားဆီသို့ အမြန်ခေါ်လာခဲ့သည်။
"ဘာတွေအဲ့လောက်တောင် လောနေရတာလဲ....."

"မလောပါဘူး နေပူလာမှာ စိုးလို့တော်ကြာ....."

"ဘယ်သွားမလို့လဲ....."

"နောက်မှ သိမှာပေါ့....."

ကားပေါ်ရောက်တော့ ရှောင်းကျန့်က ကိုယ်တိုင် ခါးပတ်ပတ်ဖို့လုပ်ပေမယ့် ဝမ်ရိပေါ်က တားလိုက်ကာ ရှောင်းကျန့်​၏ ခန္ဓာကိုယ်ကို လိုတာထက် ပိုလို့ အုပ်မိုးလိုက်ပြီး ခါးပတ်ကိုတပ်ဆင်ပေး​၏။

"ဖယ်တော့မောင်...."

ခါးပတ်ပတ်ပေးပြီးတာတောင် မဖယ်နိုင်သေးတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့် အားမပါဘဲတွန်းလို့နေသည်။
"ဖယ်စမ်း....."

ဝမ်ရိပေါ်က ရှောင်းကျန့် မျက်နှာ အနားသို့တိုးကပ်သွားကာ.....

"မောင့်ကို နမ်းမှ ဖယ်မယ်.....အိပ်ရာထတုန်းက မပေးရသေးဘူးမလား......"

"နဖူးကို နမ်းပြီးသွားပြီလေ....."

"ဘယ်တုန်းကလဲ မေ့သွားပြီ....."

"ဖယ်စမ်းပါ မောင်ရာ စောစောစီးစီးလာရစ်မနေနဲ့.....အာ....ဘာလုပ်.....အွန့်...."

သူချစ်တဲ့လူက အကြောတင်းတာ ဝမ်ရိပေါ်သိတာကြောင့် ရှည်ရှည်ဝေးဝေး တောင်းဆိုမနေတော့ဘဲ အတင်းချုပ်ပြီးတော့သာ နှုတ်ခမ်းကစပြီး လည်တိုင်အရင်းတွေပါမချန်နမ်းလိုက်သည်။ အစကတော့ နှုတ်ခမ်းပါးတွေလောက်နဲ့ ကျေနပ်ဖို့ကို သူ့အပေါ်အကြောလာတင်းနေတော့လည်း မတတ်နိုင်။ ပြောရရင်တော့ သူနဲ့ အားချင်းမယှဉ်နိုင်တဲ့ အချက်ကသူ့အတွက်တော့ အားသာချက်တစ်ခု။
လူနှစ်ယောက် ကားလေးပေါ်လိုက်ပါစီးနင်းလာရင်း ကားပေါ်မှာဖွင့်ထားတဲ့ ရေဒီယိုထံမှ သတင်းတစ်ပုဒ်က ပြန့်လွင့်လို့လာခဲ့သည်။

"ယန်အိမ်တော်​၏ လုပ်ငန်းစု ရှယ်ယာတန်ဖိုးက တစ်မနက်အတွင်း သိသိသာသာ ကျဆင်းလာချင်းအကြောင်းရင်းရဲ့ နောက်ကွယ်မှာ လုပ်ငန်းစုအကြီးအကဲ ယန်ချောင်မင်​၏ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေသည့်အပြင် ဝမ်လုပ်ငန်းစုဘက်ကလည်း ဆက်စပ်တွဲလုပ်ထားတဲ့ ရှယ်ယာတွေကို မနေ့ည ၈ နာရီ အချိန်မှာပင် ပြန်နှုတ်သွားပြီး လုပ်ငန်းတွေကို လက်တွဲဖြုတ်လိုက်တာကြောင့်.....$&#%+€£...."
သတင်းမဆုံးခင် ဝမ်ရိပေါ်က ရေဒီယိုကို ပိတ်လိုက်တာကြောင့် ရှောင်းကျန့်ခေါင်းငဲ့ကြည့်လိုက်သည်။ ပြီးတော့မေးချင်တာ ဒီသတင်းထဲမှာ ပြောပြထားသလို တကယ်ပဲ ဆက်စပ်လုပ်ထားတဲ့ လုပ်ငန်းတွေကိုလက်တွဲဖြုတ်ခဲ့တာလား။

"မောင်....တကယ်ပဲ လုပ်ငန်းတွေကို....."

"အင်း.....အဲ့တာ မင်းဆိုးလို့....."

ရှောင်းကျန့်​၏ စကားမဆုံးခင်မှာပင် ဝမ်ရိပေါ်ဖြေလိုက်​၏။

"ဒါတွေ အကုန်လုံးမင်းဆိုးလို့ချည်းပဲတော့ မဟုတ်ပါဘူး.....မောင်လည်း သူတို့ဘက်ကို ပြောပြီးသား မင်းကိုလာပြီး ထပ်မပတ်သက်နဲ့တော့လို့.......အဲ့တာတောင်ထပ်ပြီးလာနွယ်နေတော့ နည်းနည်းလေးနမူနာပြလိုက်တာ......"
ရှောင်းကျန့်မနေ့တုန်းကတော့ တွေးမိခဲ့သလိုရှိ​၏။ သူ့ကို တားနေခဲ့လျက်နဲ့ သူဆက်သွားခဲ့ရင် တစ်ခုခု ဖြစ်မယ်ဆိုတာတော့ သိပေမယ့် ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့တော့ မထင်မိခဲ့တာ။ ထင်ထားတာထက် ဒီကောင်လေးက။ ရှောင်းကျန့်ပြုံးလိုက်မိ​၏။ တကယ်ကို ကျေကျေနပ်နပ်ကို ပြုံးလိုက်မိတာ။ တချို့ကိစ္စတွေက သူကိုယ်တိုင်လုပ်နေစရာ မလိုအောင်ကို ဖြစ်လို့သွားတာ။

ဝမ်ရိပေါ်က မောင်းနေရင်း မီးပွိုင့်မိနေတဲ့ အချိန် ရှောင်းကျန့်​၏ ခေါင်းလေးကို လက်တစ်ဖက်နဲ့ ဆွဲယူလိုက်ကာ နားထင်စပ်လေးကို နမ်းလိုက်​၏။
"အဲ့တာကြောင့် မောင့်စကားနားထောင်ဟုတ်ပြီလား.....​မင်းနဲ့မောင်တောက်ကဆဖြစ်ရင် မောင်ကမင်းကို ဘာမှမလုပ်ဘူး.....ကတောက်ကဆဖြစ်စေတဲ့လူတွေကိုပဲသွားလုပ်မှာ.....ဒါပေမယ့် မင်းကိုမောင် ဘာမှမလုပ်ဘူးဆိုပြီး သိပ်မဆိုးပြနဲ့....မင်းကို လုပ်မှာက သပ်သပ်ရှိတယ်......"

ဂျစ်တစ်တစ် မျက်နှာထား၊ မဖြူစင်တဲ့အမူအရာတွေနဲ့ပြောလာတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်ရင်း မျက်စိကို အပေါ်ထောင့်ကပ်လိုက်ကာ......
"အဲ့တော့လည်း သေလိုက်ပါ မောင်....."

"အင်း.....မင်းကို လုပ်ချင်ရာလုပ်ပြီးမှ သေရမယ်ဆိုရင်တော့ ပျော်ပျော်ကြီး အသေခံလိုက်မယ်.....ဟက်...."

"ပါးစပ်ပိတ်ထားစမ်း....."

"မင်း နိုင်အောင် မပြောနိုင်ဘူးမလား  ဟား....ဟား...."

ရှောင်းကျန့် ဒီရယ်သံတွေကို ကြည့်မရပေမယ့် တစ်ဖက်သို့လှည့်သွားကာ နှုတ်ခမ်းထောင့်များကွေးညွတ်မိ​၏။ တော်တော်သိသိသာသာကိုပင်။

ရှောင်းကျန့် ညွှန်ပြတဲ့ နေရာအတိုင်း ဝမ်ရိပေါ်ကားကို မောင်းလာရင်း မြို့ပြင်စပ်နားအထိတောင် ရောက်လို့လာခဲ့သည်။ ထို့နောက် သစ်ပင်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့သုဿန်ဝန်းလို နေရာမျိုးရောက်သည့်အခါ ရှောင်းကျန့်​၏ အလိုကျ ကားကို ရပ်တန့်လိုက်​၏။
ကားပေါ်က ဆင်းလာကြတဲ့အခါ ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လက်ကို ကိုင်ဆွဲရင်း လျှောက်လာကာ လီချန်း​၏ မြေပုံရှိရာတွင် ရပ်လိုက်လေသည်။

"မောင်....နှုတ်ဆက်လိုက်...."

ဝမ်ရိပေါ်ကနားမလည်ဟန်နှင့် ရှောင်းကျန့်ကို ကြည့်လို့နေ​၏။

"အဲ့တာ ကိုယ့်ရဲ့ အစ်ကို....."

ရှောင်းကျန့်ပြောလိုက်တော့မှ ဝမ်ရိပေါ် ကိုယ်ကို ကိုင်းညွတ်ကာ အရိုအသေပေးလိုက်​၏။ ဝမ်ရိပေါ် အတွက် တကယ်ကို ထူးဆန်းရသည်။ သူအမှန်အတိုင်းပြောရရင် ရှောင်းကျန့်နဲ့ ပတ်သက်တဲ့ မိသားစု အသိုင်းအဝိုင်းအကြောင်းတွေ သူတစ်ခုမှ မသိတာပင်။ ရှောင်းကျန့်ဘက်ကလည်း တစ်ခါမှ မပြောပြဖူးသလို သူကလည်း မသိချင်။မသိချင်တာထက် သိစရာမလိုဟုသတ်မှတ်ခဲ့တာလည်း ပါမည်။ အခုတော့ ရှောင်းကျန့် ကိုယ်တိုင်က သူ့ကို မိတ်ဆက်လို့ပေးနေတာကြောင့် အံ့အားတော့သင့်မိသည်။
ဝမ်ရိပေါ် အရိုအသေပြုသွားပြီးသည့်နောက်မှာ ရှောင်းကျန့်ကဆက်ပြီး......

"ကိုယ်မောင့်ကို ပတ်သက်ဖို့ ကြံရွယ်ခဲ့တဲ့ အရာအားလုံးရဲ့ အစက ဒီကပဲမောင်.....ကိုယ်ပြောပြတာတွေ နားထောင်ပြီးမှ မောင်ဘာဆက်လုပ်မလဲ ဆုံးဖြတ်ပါ...."

"......"

"ယန်ယူမီက မောင်နဲ့ လက်မထပ်ခင်တုန်းက ကိုယ့်အစ်ကို နဲ့ တွဲခဲ့ကြတယ်.....တွဲနေရင်း တန်းလန်းနဲ့ပဲ မောင့်ကို တွေ့တော့ ကိုယ့်အစ်ကိုကို ဖြတ်ပြီး မောင်နဲ့ လက်ထပ်ဖို့သဘောတူခဲ့တာ......ကိုယ့်အစ်ကိုကတော့ ယန်ယူမီရဲ့ စိတ်ကြောင့် ဘဝပျက်ခဲ့ရတယ်.....ပြီးတော့ မောင်တို့ လက်ထပ်မယ့်နေ့မှာ သွားကြည့်ဖို့လုပ်ရင်း မတော်တဆမှုဖြစ်ပြီးဆုံးခဲ့တယ်......"
"......."

"ရှင်းရှင်းပြောရရင်.....ကိုယ်အဲ့ကိစ္စကြောင့် ယန်ယူမီတို့ သားအဖကို ပြန်ပေးဆပ်စေချင်ခဲ့တာမလို့ မောင့်ကို ချဉ်းကပ်ခဲ့တာ....."

ရှောင်းကျန့်ပြောလာတဲ့ အကြောင်းအရာတွေကို ဝမ်ရိပေါ် ငြိမ်သက်ပြီး အသေအချာကို နားထောင်လို့နေသည်။

"တကယ်လို့ ယန်ယူမီ လက်ထပ်ခဲ့တဲ့ သူက တခြားတစ်ယောက်ဆိုရင်လည်း ကိုယ့်အဲ့ဒိလူကို ချဉ်းကပ်ခဲ့မှာပဲ....."

အသက်ပင်ရှူနေသည်ဟု မထင်လောက်အောင် ငြိမ်ကျနေသော ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်ရင်း.....
"မောင်လက်ခံနိုင်ဖို့ ခဲယဉ်းမယ်ဆိုတာ ကိုယ်သိတယ်.....ဒါပေမယ့် ကိုယ်ကတော့ ပြောစရာရှိတာ ဆက်ပြောရမှာပဲ.....ကိုယ့်ဘက်က ဒီထက်ပိုပြီး မောင့်ကို ဖုံးကွယ်ထားတဲ့ ကိစ္စတွေမရှိတော့ဘူး.....အဲ့တော့ ကိုယ်မောင့်ရဲ့ ဆုံးဖြတ်ချက်ကို ပဲ လက်ခံမယ်.....မောင်ကိုယ်နဲ့ ဆက်ပြီး ပတ်သက်ချင်ရင်လည်း ရတယ် မပတ်သက်ချင်တော့ရင်လည်း အသာတကြည်ပဲ ကိုယ်နောက်ဆုတ်ပေးမယ်......"

ရှောင်းကျန့်ပြောချင်တာတွေ ပြောလိုက်ပြီး စိတ်လှုပ်ရှားလို့နေမိ​၏။ မျက်နှာမှာ ဘာအမူအရာမှ မပြသော်လည်း ရှူးဖိနပ်ထဲက ကုပ်တွယ်မိထားတဲ့ ခြေချောင်းလေးတွေက နာကျင်လို့နေ​၏။ သူတကယ်ကို ညတုန်းက ကြားခဲ့ရတဲ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို အခြေခံပြီးတော့ အရဲကိုးပြောနေတာ။
ရှောင်းကျန့် မျက်လုံးများစုံမှိတ်ကာ ဝမ်ရိပေါ်အရှေ့သို့ မျက်နှာထိုးပေးလိုက်သည်။

"မောင့်ကိုယ့်မျက်နှာကို ဆွဲထိုးချင်ရင်လည်း ရတယ်.....ကျေနပ်တဲ့ အထိရိုက်မယ်ဆိုလည်း ဖြစ်တယ်......"

နှစ်မိနစ်လောက်ကြာသည့်တိုင် ဝမ်ရိပေါ်ဘက်က တုံ့ပြန်မှုမရှိသေးတာကြောင့် ရှောင်းကျန့်ပိုလို့ အရဲကိုးကာ.....

"လုပ်လိုက်စမ်းပါ.....ရိုက်လိုက်....."

ဝမ်ရိပေါ် တစ်ယောက် နေရောင်နွေးနွေးအောက်မှာ သွေးကြောလေးတွေဖြာနေတဲ့ ပါးပြင်နုနုကို စိုက်ကြည့်လို့နေမိသည်။တကယ်ဆို သူကျေနပ်နေလို့တော့မဟုတ်ပါ။ကြားလိုက်ရတဲ့ အကြောင်းတွေကို သေသေချာချာ စီစစ်လို့နေမိသည်။ သူ့ကိုခုတုံးလုပ်လိုက်တဲ့ ကိစ္စက ခွင့်လွှတ်ချင်စရာမကောင်းသည့်အပြင် ရင်ခံဖို့လည်းကောင်းသည်။
အခုမှ သူ့ကိုလာကစားနေတဲ့ အကြောင်းအရင်းကို သိရခြင်းဖြစ်သည်။ဒါပေမယ့် သူအပြစ်တင်လို့မရသလို သူ့ကို ကစားနေတာသိရက်လျက် သူကိုယ်တိုင်ကျေကျေနပ်နပ်ကြီး ကစားခံခဲ့တာမဟုတ်လား။အပြစ်မကင်းတာခြင်းကတော့ အတူတူသာ။ ဘယ်သူမှလည်း မမှန်သလို ဘယ်သူမှလည်း မမှား။

ဝမ်ရိပေါ်တွေးနေမိတယ်။ ဒီအကြောတင်းတဲ့ မျက်နှာကို အခွင့်ရတုန်းတစ်ခါလောက်တော့ ထိုးဖူးချင်ပေမယ့် တကယ်သာ ရွယ်ပြီးထိုးချလိုက်ရင် တစ်သက်လုံးမခေါ်နိုင်မပြောနိုင်တွေ ဖြစ်သွားတော့မှာ။ သူမထိုးရက်မှန်းသိလို့ အရှေ့တိုးပေးလာတဲ့ ပါးပြင်တစ်ဖက်ဟာ ထိုးပစ်လိုက်ဖို့နေနေသာ နမ်းပစ်ချင်စရာသာကောင်းသည်။
ဝမ်ရိပေါ် သက်ပြင်းအရှည်ကြီးကို ချလိုက်ပြီးရှောင်းကျန့်​၏ ပုခုံးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ....

"မင်းရော မောင်နဲ့ ပတ်သက်ချင်တဲ့စိတ်ရှိလား....."

"ရှိတယ်...."

ဝမ်ရိပေါ် နှစ်လိုစွာပြုံး၍ ရှောင်းကျန့်​၏ ပါးပြင်ကို ဖွဖွနမ်း​၏။

"အဲ့တာဆို မောင်က ဘာဆက်ပြောရဦးမှာလဲ....."

"အင်း အဲ့တာဆိုလည်း ကောင်းပြီ....မောင်ကိုယ်နဲ့ ဆက်ပြီး ပတ်သက်နိုင်သေးတယ် ဆိုရင် ကိစ္စတစ်ခုကို ပြတ်ပြတ်သားသား လုပ်ပေး....."
ရှောင်းကျန့် သူ့ဘက်ကပိုင်ပြီဆိုမှ သူ့ဘောင်းဘီအိတ်ထဲ အသေအချာ ခေါက်ထည့်လာတဲ့ ကွာရှင်းစာချုပ်ကို ထုတ်ယူလိုက်​၏။ ထို့နောက် ခေါက်ထားတဲ့ အရာတွေကို ပြန်ဖြန့်ပြီး ဝမ်ရိပေါ် ကိုကမ်းပေးလိုက်တာကြောင့် ဝမ်ရိပေါ်က အံ့ဩသွားကာ.....

"ဒါက ဘယ်လိုလုပ် မင်းဆီရောက်နေတာလဲ....."

"ကိုယ်လည်း အဲ့တာတွေးနေတာ.....ယန်ယူမီ ဘက်က ဘာအကြောင်းကြောင့်ကိုယ့်လက်ထဲ အပ်လိုက်လည်းမသိပေမယ့် ကိုယ်ကတော့ သူတော်ကောင်းဆန်ဆန်သိမ်းထားပေးမှာတော့ မဟုတ်ဘူး....ကိုယ့်ဘက်ကတော့ အားလုံးကို ပြတ်ပြတ်သားသားဖြစ်စေချင်တယ်.....မောင်နဲ့ကိုယ်ပတ်သက်တာ တစ်နိုင်ငံလုံးသိတယ်ဆိုရင် မောင်နဲ့ ယန်ယူမီတရားဝင်ကွာရှင်းပြီးတဲ့ ကိစ္စကိုလည်း တစ်နိုင်ငံလုံးသိစေချင်တယ်......"
"......"

"အဲ့တာမှ ကိုယ့်အစ်ကို အတွက်တရားမယ်လို့လည်း ကိုယ်ယူဆတယ်.....မောင့်စိတ်ထဲမှာ ကိုယ့်ကို အတ္တကြီးတယ် လို့တွေးချင်လည်း တွေးနိုင်တယ်.....ဒီလိုမှ မလုပ်ရရင် ကိုယ့်အစ်ကိုအပေါ် တာဝန်မကြေသလိုခံစားရပြီး မောင်နဲ့ လည်းစိတ်ရှင်းရှင်းနဲ့ ပတ်သက်နိုင်မှာ မဟုတ်ဘူး....."

"......"

"ပြီးတော့မောင် အဲ့တာတွေ အားလုံးထက် ကိုယ်မောင့်ကို တောင်းပန်ချင်တယ် ကိုယ်တို့ရဲ့ ကိစ္စတွေထဲမှာ မောင့်ကို ဆွဲထည့်လိုက်ရလို့.....ဒါပေမယ့်လည်း ကိုယ် ကျေနပ်တယ် ကိုယ်ဆွဲထည့်လိုက်တဲ့သူက မောင်ဖြစ်နေလို့....."
​ဝမ်ရိပေါ် အသံများထွက်သည်အထိရယ်လိုက်မိကာ ခေါင်းကို အသာခါရမ်းလိုက်သည်။ရှောင်းကျန့်ကို စကားတတ်လွန်းတယ်လို့ ထပ်ပြောရင် သူ့အလွန်ဖြစ်ရဦးမည်။ တောင်းပန်တဲ့စကားထဲမှာ ခွင့်လွှတ်ပေးမယ့် အကြောင်းအရာကိုပါ တစ်ခါတည်းထည့်ပြောခဲ့လို့။ အဲ့တာကြောင့် မယုံမရှိနဲ့ နှုတ်ခမ်းပါးတဲ့ သူတွေက စကားတတ်တယ်။ အဲ့နှုတ်ခမ်းပါးတွေက နီစွေးနေရင်တော့ နောက်တစ်ဆင့်ဖြစ်သွားပြီ။ သာမန်စကားတတ်တာထက်ကို ပိုတဲ့ ပရိုအဆင့်ပေါ့။
ဝမ်ရိပေါ် က ရယ်နေရာမှ ရုပ်ကို ချက်ချင်းပြန်တည်လိုက်ကာ.....

"ရိုးရိုးတန်းတန်းတော့ ခွင့်လွှတ်ပေးမယ်လို့ မင်းမထင်လိုက်နဲ့ ရှောင်းကျန့်....."

"အင်း မထင်ပါဘူး....."

ဝမ်ရိပေါ် သူ့အရှေ့က ရှောင်းကျန့်ရဲ့ ပါးကို နီရဲသွားသည်အထိဖျစ်ညစ်ပစ်လိုက်သည်။ တောင်းပန်တာတောင်မှ မျက်နှာကြောက တစ်ပြားမှမလျော့။

"မောင်....မောင့်ကို ကိုယ် တောင်းပန်တဲ့အနေနဲ့ အိမ်မှာကိုယ်ကိုယ်တိုင် တစ်ခုခုလုပ်ကျွေးမယ် မောင်ဘာစားချင်လဲ......"
ဝမ်ရိပေါ် ​၏ကမ္ဘာကြီး ခေတ္တမျှရပ်တန့်သွား​၏။ ရုတ်တရက်ကြီး တိတ်ဆိတ်သွားမိကာ ခေါင်းထဲမှာလည်း ဘာမဆိုင်ညာမဆိုင် အဆွေးသီချင်းတစ်ပုဒ်​၏ တီးလုံးက ဖြတ်ပြေးလို့သွားသည်။ တိတိကျကျပြောရရင်တော့ ကမ္ဘာကျော် တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားကြီး​၏ သီချင်းက အတွေးထဲဝင်ရောက်လာတာဖြစ်သည်။ တစ်ခါက မြင်ခဲ့ဖူးတဲ့ ခေါက်ဆွဲသားအဖြူတွေအလယ်မှာ တစ်လက်မခွဲအရွယ် သခွားသီးတွေရေမျှောနေတာ မြင်ယောင်သွားမိ၍လား။
တကယ်ဆို ဘာစားချင်လဲ ဆိုတဲ့ မေးခွန်းထက် ဘာချက်တတ်လဲလို့ သူပြန်မေးလိုက်ချင်တယ်။ မမေးရဲလို့တော့မဟုတ်....မမေးရက်ခြင်းဖြစ်သည်။

"မောင်ဘာစားရမလဲ မသိရင် မစဉ်းစားနဲ့တော့ ကိုယ်ဟိုတစ်ခါ online မှာ သင်ထားတဲ့ဟာ လုပ်ကျွေးမယ်...."

"မောင့်ကို လုပ်ကျွေးဖို့ သပ်သပ်နဲ့ သင်တောင်သင်ထားသေးတာလား....."

"သေလိုက်...."

"အင်း မင်းလုပ်ကျွေးတာ စားပြီးမှသေမယ်....နေပူလာပြီ.....သွား ကားထဲကနေသွားစောင့်နေ မောင်လိုက်လာခဲ့မယ်...."
ဝမ်ရိပေါ် ရှောင်းကျန့်​၏ လက်ထဲက ကွာရှင်းစာချုပ်ကို လက်လွှဲယူလိုက်ပြီး ရှောင်းကျန့်ကို အရင်သွားနှင့်စေကာ သူကတော့ လီချန်း​၏ မြေပုံအရှေ့တွင်ရပ်လို့နေခဲ့​၏။ ပြီးနောက် အရိုအသေအသေအချာ ထပ်ပေးလိုက်ကာကတိစကားတစ်ခုကို လေးလေးနက်နက်ပေးခဲ့သည်။

"သူ့ရဲ့ ဘဝတစ်လျှောက်လုံးအတွက် စိတ်ချလိုက်ပါ....ကျွန်တော်က သူ့ကို နောက်ဆုံးအချိန်တွေထိတိုင် မျက်နှာတစ်ချက်မညှိုးအောင်ထားမှာ မလို့ စိတ်ဖြောင့်ဖြောင့်နဲ့သာ အနားယူပါ.....လီချန်း...."
________   ____________

"မောင် စားကြည့် ကော်ဖီနံ့လေးသင်းနေတာပဲ...."

ရှောင်းကျန့်က သုံးနာရီ ကြာအချိန်ယူပြီး ပြုလုပ်ထားတဲ့ ကော်ဖီအရသာ ကြက်ဥပူတင်းလေးနှစ်ခုကို စားပွဲပေါ်တင်ရင်း တစ်ခုကို ဝမ်ရိပေါ်ဘက်သို့ တွန်းပေးလိုက်​၏။ ရှောင်းကျန့်​၏ မျက်နှာမှာ ဂုဏ်ယူမှုတွေနဲ့ ယုံကြည်ချက်တွေကအပြည့်။

ဒီ ကော်ဖီအရသာ ကြက်ဥပူတင်းလေးက အရောင်အဆင်းလှ၍ အနံလေးလည်း သင်း​၏။ ကြက်ဥ၊ နွားနို့နဲ့ အကောင်းစား ခါးသက်သက်ကော်ဖီအမှုန့်လေးများက အချိုးအစားညီမျှစွာပါဝင်လို့ဖြစ်ပေမည်။ သို့သော် ဒီပူတင်းလေးထဲမှာ သကြားတစ်မှုန်တောင် ပါဝင်နေမှုမရှိ။ ထည့်ဖို့မေ့ခဲ့တာထက် ပါဝင်ပစ္စည်းတွေဝယ်လာကတည်းက သကြားထုတ်မပါခဲ့တာဖြစ်သည်။ ဤသည်ကို ကံယာကံရှင်လည်း မသိ.....မြည်းစမ်းကြည့်မည့်သူလည်းမသိ။
"မောင် မြည်းကြည့်လေ....."

ဝမ်ရိပေါ် ဇွန်းလေးဖြင့် ပူတင်းလေးကို ဖဲ့လိုက်သည်။ထို့နောက် ပင့်သက်ကြီးကြီးရှိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်လျှင်ပဲ ခံစားလိုက်ရတဲ့ အရသာက ဦးနှောက်က အာရုံကြောပေါင်းများစွာကို ရှင်းရှင်းလင်းလင်းဖြစ်သွားစေသည်။ ခန္ဓာကိုယ်က အကြောတွေလည်း တောင့်သွားပြီး ကြက်သီးများထသွားရတာကြောင့် လျှာပေါ်ရောက်နေတဲ့ ပူတင်းလေးကို ဝါးတောင်မဝါးတော့ဘဲ တန်းမျိုချလိုက်​၏။ အထင်မမှားဘူးဆို နားထင်စပ်တွေမှာတောင် ချွေးများစို့သွား​၏။
မင်းလုပ်ကျွေးတာ စားပြီးမှ သေမယ် ဆိုတဲ့ စကားတစ်ခွန်းဟာ တကယ်ကြီး သူ့အပေါ်သက်ရောက်လာတာလား။ စကားနောက်တရားပါ ဆိုတဲ့ ရှေးစကားတွေက အလကားသပ်သပ်ပေါ်ပေါက်လာတာမှ မဟုတ်တာ။

"မောင်....ကောင်းလား....."

"ဟင်....."

အပြုံးလှလှ နဲ့မေးလာသူအတွက် သူ့မှာ အဖြေမရှိ။

"မောင်ကောင်းလားလို့....."

ဘာမှ ပြန်မဖြေဘဲ ပူတင်းပန်းကန်ကိုသာ စိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်ရင်း စိတ်မရှည်ဖြစ်လာကာ သူ့ဟာသူ ဇွန်းနဲ့ ခပ်ကြီးကြီး အရွယ်အစားကို ခပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်တော့မည် အလုပ် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ဇွန်းကို ဆွဲယူလိုက်ကာ ပူတင်းကို သူ့ပါးစပ်ထဲသာ ထည့်လိုက်သည်။ ထို့နောက် အတင်းမြိုချလိုက်ပြီး.....
"မောင် အရမ်းကြိုက်လို့ မင်းပန်းကန်ထဲက ပူတင်းပါ စားလို့ရလား.....တစ်ခုတည်းနဲ့ ဝမယ်မထင်လို့....."

ရှောင်းကျန့်​၏ မျက်နှာက အတိုင်းအဆ မရှိရွှင်ပြုံးနေကာ သဘောရိုးဖြင့်.....

"တကယ်ကြီးလား....အဲ့တာဆို မောင်ကိုယ့်ဟာပါယူလိုက်.....ပြီးတော့ ပြောဦးမလို့ ကိုယ်ပိုပိုလိုလို ရေခဲသေတ္တာထဲမှာ တစ်ခုချန်ထားသေးတယ် အဲ့တာပါ စားလိုက်နော်....."

"ဟင်....."

ကော်ဖီအမှုန့်တွေသာပါတဲ့ ကြက်ဥပူတင်းတွေ ဘယ်လောက်ခါးလဲ သူ့အရှေ့က အပြုံးချိုချိုလေးတွေတောင် တိုးမပေါက်တော့ခဲ့။ သို့သော်လည်း ဒီအပြုံးတွေ မပျက်သွားတာပဲ တန်နေခဲ့ပြီမဟုတ်လား။
__________ ____________

"မောင်ဘာလို့ ဝိုင်တွေ စွတ်သောက်နေရတာလဲ...."

ရှောင်းကျန့်က ရေချိုးပြီးကာစ ညအိပ်ဝတ်ရုံကို ဝတ်ပြီး ထွက်လာကာမေးလိုက်သည်။

ညနေကတည်းက တည်ရှိနေတဲ့ လျှာပေါ်ကခါးသက်မှုက အခုထိ မပျောက်နိုင်သေးတာကြောင့် ဝမ်ရိပေါ် ဧည့်ခန်းဆိုဖာမှာထိုင်ရင်း ချိုပြင်းပြင်းဝိုင်တွေသာ စွတ်သောက်နေခြင်းဖြစ်သည်။ သွားတိုက်ထားတာလည်း လေးခါမကတော့။ ရေခဲသေတ္တာထဲ ချိုတဲ့ အစားအစာတွေများရှိမလားလို့ သွားကြည့်တော့လည်း မရှိတာပင်။ မခံစားနိုင်တော့သည့် အဆုံး......
"ရှောင်းကျန့် မင်းမှာ ချိုတဲ့ အစားအသောက်တွေရှိလား....."

ရှောင်းကျန့်က ဝမ်ရိပေါ် ရဲ့ဘေးမှာ ခြေထောက်သွယ်သွယ်တွေကို ချိတ်လို့ခပ်စောင်းစောင်းလေးဝင်ထိုင်လိုက်ကာ.......

"ချိုတဲ့အရာတွေဆိုရင်တော့.....ကိုယ့် အနမ်းတွေယူမလား မောင်....."

အခုမှ ရေချိုးပြီးခါစဖြစ်၍ ရှောင်းကျန့်​၏ ဆံနွယ်တို့က ရေစလေးတွေ ကပ်ညိနေကာ အရိုင်းဆန်နေတဲ့ဘက်ကိုရောက်လို့နေ​၏။ နှင်းဆီနီ ရနံ့ပါတဲ့ ရေမွှေးပြင်းပြင်းလေးကိုလည်း စွတ်လို့ထားတာဖြစ်၍နမ်းရှိုက်ချင်ဖွယ်ရာအတိ။ နီညိုရောင် ညအိပ်ဝတ်ရုံကိုလည်း ခါးကကြိုးတွေ အသေအချာချည်နှောင်ထားခြင်းမရှိဘဲ လျော့တိလျော့ရဲဖြစ်နေတာကြောင့် ဝတ်ရုံက ပုခုံးတစ်ဖက်တွင်လည်း အတော်ကြီးကို လျှောကျနေတာဖြစ်သည်။ ဖြူနှစ်ပြီး ပန်းသွေးလွှမ်းနေတဲ့ ပုခုံးသားနဲ့ ရင်ဘတ်အစပ်နားတွေက အတိုင်းသားပေါ်လွင်နေ​၏။
ရှောင်းကျန့်တစ်ကိုယ်လုံးကို ဝမ်ရိပေါ် အသက်တောင်မရှူနိုင်ဘဲ အသေးစိတ်တစ်ခုခြင်းကြည့်လို့နေမိ​သည်။ရေစိုနေတဲ့ ဆံနွယ်တွေက စလို့ သွယ်လျသောလက်ချောင်းလေးများရှိအကြည်ရောင်ထနေသော လက်သည်းခွံလေးများ အပြင် ခြေချောင်းသွယ်သွယ်လေးများပါမချန်။

ရှောင်းကျန့်က ရီဝေဝေ မျက်လုံးတွေကို တစ်ချက်ပင့်ကာ နှုတ်ခမ်းပါးနီနီတွေကို သပ်လိုက်တဲ့အခါ ဝမ်ရိပေါ်​၏ စိတ်တွေအစိုးမရတော့။ အစကတည်းက ဝိုင်မကူရင်တောင် မူးလောက်တဲ့ အပြုံးတစ်ခုက ဝိုင်တွေ အရှိန်လွန်စွာသောက်ထားတဲ့ သူ့ရဲ့သွေးသားတွေကို လောင်မြိုက်စေပြီး အတွေးတွေကို ချာချာလည်စေသည်။
ဝမ်ရိပေါ် ရှောင်းကျန့်ကို သူ့ဘက်သို့ အားကုန် လှမ်းဆွဲလိုက်ပြီးနောက် ဆိုဖာပေါ်သို့ကျောချစေကာ အပေါ်ကနေအုပ်မိုးလိုက်​၏။

"မင်းပြောတာမမှားပါဘူး.....ခါးနေတဲ့ အရာကမင်း အနမ်းကူမှပဲရတော့မှာ......"

ဝမ်ရိပေါ်က ပြောပြီးတာနဲ့ ရှောင်းကျန့်​၏ နှုတ်ခမ်းတွေကို ငုံ့နမ်းမည်အလုပ် ရှောင်းကျန့်က လက်နဲ့ တားလိုက်ကာ ရှတတအသံလေးဖြင့်.....

"နမ်းရုံပဲလား မောင်....."

ဝမ်ရိပေါ်က တစ်ခြမ်းစောင်းပြုံးလိုက်ပြီး.....
"သေချာတာပေါ့ ဘယ်ဟုတ်ပါ့မလဲ......ဒါနဲ့ ပထမဦးဆုံးရော အခုဒုတိယအခေါက်ပါ မင်းဘက်က အရင်လာဆွတာနော်.....ပြီးမှ မောင့်အဆိုးမဆိုနဲ့....."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လည်တိုင်ကို မလွှတ်တမ်းဖက်ထားလိုက်ပြီး ရယ်သံစွက်၍ ဝမ်ရိပေါ်​၏ စိတ်အစုံတို့ တစ်ဆုံးရောက်စေမည့် စကားတစ်ခွန်းကိုပြောလိုက်​၏။

"မောင့်သဘော....."