ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၃၀)Unicode

"ညနေ မောင့်ကိုစောင့်.....ဟုတ်ပြီလား...."

ကုမ္ပဏီ အရှေ့ကားရပ်လိုက်ပြီး အလုပ်မဝင်ကြခင် ဝမ်ရိပေါ်က ရှောင်းကျန့်ကို မှာတမ်းခြွေလိုက်သည်။

ဝမ်ရိပေါ် အနေနဲ့ အနမ်းလေးတစ်ခုပေးချင်သော်လည်း တစ်ဖက်က ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲထားပါ ဆိုပြီး ပြောထားတာကြောင့် သူဘာမှကိုလုပ်လို့မရ။ အိမ်ကမထွက်လာခင်တုန်းက စိတ်ရှိသလောက် အဝ နမ်းထားပေမယ့် ဒီပါးပြင်ပြေပြေတွေနဲ့ နှုတ်ခမ်းပါးတွေကို မြင်ရင် မနေနိုင်တာ သူပဲသိသည်။

ဝန်ထမ်းတွေ အနေနဲ့လည်း သူတို့သူဌေးနဲ့ ရှောင်းကျန့် အလုပ်အတူတူ လာတာကို မျက်စိရှေ့မှာ ဘာမှ မထူးဆန်းတဲ့ အရာလို့သာ ပြုမူလိုက်ကြသည်။ နောက်ကွယ်မှာ တီးတိုးတီးတိုးပြောတာတွေ ရှိကြသေးပေမယ့် ပေါ်တင်တော့ တစ်ယောက်မှ မထွက်ရဲ။

ရှောင်းကျန့်ကို ပေါ်တင်သွားစော်ကားဖူးတဲ့ လူတစ်ယောက် နှစ်ပတ်လောက် ဆေးရုံတက်လိုက်ရတဲ့ သတင်းကို သူတို့ကြားဖူးပြီးသားမဟုတ်လား။ ပိုဆိုးတာက သူဌေးက လူမိုက်ငှားပြီး ရိုက်ခိုင်းတာ မဟုတ်ဘဲ သူကိုယ်တိုင် ဟိုဘက်ကို မျက်နှာ စုတ်ပြတ်သတ်သွားတဲ့ အထိဆွဲထိုးခဲ့တာဟူ၍ တွေ့ဖူးတဲ့သူများက ဆိုသည်။

အဲ့ဒိကတည်းက သူတို့သူဌေးက အမျိုးသမီးဝန်ထမ်းတွေကြားမှာ "ခင်ပွန်းအတော်ချင်ဆုံး အမျိုးသား " ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုထပ်တိုးလာခဲ့သည်။ကိုယ့်လူကို အပြောနဲ့တင် မဟုတ် လက်တွေ့ကာကွယ်ပေးတဲ့ အပြုအမူတွေက မည်သူ့အသည်းကို မဆိုခြွေနိုင်သည်မဟုတ်လား။

________ ____________

ရှောင်းကျန့် အလုပ်မဆင်းခင် ငါးမိနစ်အလိုတွင် လက်ကောက်ဝတ်က လက်ပတ်နာရီကိုကြည့်လိုက်သည်။ အခုတလော သူလည်း အိမ်ကို စောစောမပြန်ရ။ ဟိုဘက်က ပြီးတဲ့ အချိန်ထိ စောင့်နေရတာဆိုတော့ ပုံမှန်အချိန်ထက် တစ်နာရီကျော်လောက်တော့ အမြဲနောက်ကျနေရသည်။ သူပတ်သက်နေတဲ့သူက အလုပ်အရမ်းရှုပ်တဲ့သူမလား။ သူကိုယ်တိုင်ကလည်း အားနေတာတော့ မဟုတ်ပါ​။ ဒါပေမယ့်လည်း နေ့တိုင်းအတူတူပြန်ချင်လွန်းလို့တော့ မဟုတ်။

အဟမ်း....ဘယ်လိုပြောရမလဲ ကားမပါလာတော့ ကားစောင့်စီးတဲ့ သဘောပါ။

ရှောင်းကျန့် သူ့ဌာနမှာ တစ်ယောက်တည်းကျန်ခဲ့ပြီး လုပ်လက်စလေးတွေ အစသတ်နေရင်း ဖုန်းဝင်လာသည်။ဖုန်းနံပါတ်က နည်းနည်းစိမ်းနေပေမယ့် မှတ်မိသလိုလိုရှိတာကြောင့် ရှောင်းကျန့် မျက်မှောင်ကျုံ့လိုက်သည်။

"ဟယ်လို....."

တစ်ဖက်က ကြားလိုက်တဲ့ အသံက သူမကြားချင်တဲ့ အသံတစ်ခုဖြစ်သည်။

"ပြောပါ...."

"......."

"အဲ့တာတော့ ကိုယ့်ဘက်က ကူညီပေးနိုင်မယ် မထင်ဘူး......"
"......."

ရှောင်းကျန့် ငြင်းလိုက်တဲ့အခါ တစ်ဖက်က တငိုငိုတရယ်ရယ် အသံများကထွက်လို့လာတာကြောင့် ရှောင်းကျန့် လေးပင်သော သက်ပြင်းတစ်ခုချလိုက်သည်။

"ခဏဆိုရလား......"

"......."

တစ်ဖက်က လက်ခံသွားတာကြောင့် ရှောင်းကျန့်လည်း ဖုန်းချလိုက်ပြီး အလုပ်ထိုင်ခုံမှာ ကျောကို မှီလိုက်ကာ ခေါင်းကိုမော့ပြီး မျက်လုံးများကို မှိတ်ထားလိုက်​၏။

ဒီအရှုပ်တွေကို သူဒီနေ့ အဆုံးသတ်လိုက်တော့မည်။နောက်ထပ် လီချန်းကောလို တခြားလူတွေကို မဖြစ်စေချင်တော့ဘူး။ တကယ်လို့ သူ့ကြောင့် လူတစ်ယောက်က လီချန်းကောလို အဖြစ်မျိုးရောက်ရတယ်ဆိုရင် သူလည်း ယန်ယူမီနဲ့ ဘာမှခြားတဲ့လူတစ်ယောက်မဟုတ်လား။
ရှောင်းကျန့်မျက်လုံးမှိတ်ထားရင်းနဲ့ပဲ သူ့အနောက်က ညင်သာစွာ လျှောက်လှမ်းလာတဲ့ ခြေသံတွေကို နားစွင့်လို့နေသည်။ ခြေသံတွေက သူထိုင်နေတဲ့ ခုံနောက်မှာ ရပ်တန့်သွားပြီး နဖူးပြင်ထက်မှာလည်း နွေးထွေးတဲ့ အထိအတွေ့တစ်ခုကို ခံစားလိုက်တာကြောင့် မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။

"မောင့်ကို စောင့်နေရတာ ပင်ပန်းနေပြီလား....."

ဝမ်ရိပေါ်က အချိုသာဆုံးပြုံး၍ နူးညံ့လွန်းသည့် အသံဖြင့် ရှောင်းကျန့်ကို မေးလိုက်သည်။
ဝမ်ရိပေါ်​၏ အပြုံးနွေးနွေးကို ရှောင်းကျန့် ငေးလို့နေမိ​၏။ အပြုံးတစ်ခုက ဘာလို့ ဒီလောက်တောင် နွေးထွေးနိုင်ရတာလဲ​။ ဒီလို နွေးထွေးတဲ့ အပြုံးတွေ ကြင်နာတဲ့ အပြုအမူတွေရဲ့ အကြောင်းပြချက်ကရော။ တကယ်လို့ သူသာ မဆွဲထားနိုင်ဘူးဆိုရင် ဒီအကြောင်းပြချက်မရှိတဲ့ အရာတွေက တည်မြဲနေဦးပါ့မလား။

ထိုင်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် က အသာဆွဲထစေလိုက်ကာ.....

"ရှောင်းကျန့် ထ....မောင်တို့ပြန်ရအောင်...."
"နေဦးမောင်.....ဒီနေ့ မောင်အရင်ပြန်နှင့် ကိုယ်သွားစရာရှိသေးတယ်....."

"ဘယ်သွားမလို့လဲ မောင်လိုက်ပို့မယ်လေ....."

"ရတယ် ကိုယ့်ဘာသာ သွားလိုက်မယ် မောင်အိမ်မှာသာ စောင့်နေ......"

ဝမ်ရိပေါ် က ရှောင်းကျန့်ကို သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။ ဝမ်ရိပေါ်​၏ မျက်နှာတွင် နွေးထွေးတဲ့ အပြုံးတွေအစား ခက်ထန်ခြင်းက နေရာယူလို့သွား​၏။

"မောင့်ကိုပြော.....မောင်မပါဘဲ မင်းဘယ်သွားမလို့လဲ....."

"နောက်မှပြောပြမယ်.....မောင် အရင်ပြန်နှင့်နော်....."
"ရှောင်းကျန့် .....မောင် နောက်တစ်ခေါက်ထပ်မေးမယ်.....မင်းဘယ်သွားမှာလဲ.....နေဦးမဟုတ်သေးဘူး....ဘယ်သူနဲ့သွားတွေ့မှာလဲ......"

ရှောင်းကျန့် ဖြေဖို့တုံ့ဆိုင်းနေမိသည်။ ခါတိုင်းဆို သူဘာမှ ဂရုမစိုက်ဘဲ ဖြေမိမှာပေမယ့် အခု သူ သူ့အရှေ့က ကောင်လေးကို တစ်မျိုးမထင်စေချင်ဘူး။ လိမ်လိုက်ဖို့ကလည်း မဖြစ်တဲ့အခါ သူဘာဖြေရမှန်းမသိ ဖြစ်ရသည်။

တုံ့ဆိုင်းနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ကြည့်ပြီး စိတ်ကို လျော့လိုက်ကာ ရှောင်းကျန့်​၏ ပါးပြင်လေးကို နမ်း၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ရှောင်းကျန့် မောင်မေးနေတယ်လေ.....မောင်ကောင်းကောင်းမေးနေရင် ဖြေလေ....."

"ယန်ချောင်...."

"မသွားနဲ့...."

ရှောင်းကျန့်က နာမည် အပြည့်အစုံပင်မပြောရသေး ဝမ်ရိပေါ်က တားမြစ်လိုက်​၏။

"မင်းကို မောင်သွားခွင့်မပြုလို့ မသွားနဲ့....."

"ဒါပေမယ့် မောင်....."

"မသွားနဲ့ လို့ပြောရင် မသွားနဲ့ပေါ့ ရှောင်းကျန့် ဘာလို့ မောင့်စိတ်ကို လာဆွနေတာလဲ......"

"ယူမီက ကိုယ့်ကို အကူအညီတောင်းလို့မောင်.....သူ့အဖေကို ခဏလောက် လာကြည့်ပေးဦးဆိုပြီး အကူအညီတောင်းလာလို့ ကိုယ်ခဏလေးပဲ သွားမှာပါ....."
"မသွားနဲ့ဆိုတဲ့ စကားတစ်ခွန်းကို မင်းနားမလည်တာလား ရှောင်းကျန့်......"

"တကယ်ကို ခဏလေးပဲ မောင်.....ကိုယ်နောက်မှရှင်းပြမယ်.....တကယ်လို့ တစ်ယောက်တည်းမသွားစေချင်ရင် မောင်လိုက်ပို့လို့ရတယ်......"

"ဟက်....ဘာလဲ မင်းရဲ့ အဆက်ဟောင်းနဲ့ သွားတွေ့မှာကို မောင်က ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးရဦးမယ်ပေါ့......"

ရှောင်းကျန့်စိတ်ထဲ နည်းနည်းတင်းသွားရ​၏။

"မောင်က ကိုယ့်ကို မယုံလို့လား....."

ခနဲ့တဲ့တဲ့ အမူအရာတွေက လွဲလို့ တိတ်ဆိတ်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မဲ့ပြုံးတစ်ခုကို ပြုံးလိုက်ရင်း......
"ဟုတ်နေတာပဲ......မောင်က ကိုယ့်ကို မယုံတာပဲ....."

ရှောင်းကျန့် ပြောပြီးတော့ လှည့်ထွက်သွားမည်အလုပ် ဝမ်ရိပေါ် က လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ကာ.....

"မောင့်ကို ပြတ်နိုင်ရင် မင်းသွား....."

ဝမ်ရိပေါ် ​၏ လက်များကို ရှောင်းကျန့်က ဖြုတ်ချလိုက်ကာ အဝေးသို့လှမ်းသွားလိုက်စဉ် အနောက်ဘက်မှ ခုံတစ်လုံး​၏ ကျိုးကြေသံက အတိုင်းသားထွက်ပေါ်လာသည်။ ရှောင်းကျန့်က သူ့ကို စူးရဲတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ ဝမ်ရိပေါ်ကို ပြန်လှည့်ကြည့်ပြီးပြောလိုက်သည်။
"ကိုယ်သာ မောင်ပြောသလိုဖြစ်နိုင်ရင် အစကတည်းက လိမ်ပြောလိုက်ပြီ.....အဲ့တစ်ခုတော့ နားလည်ထားသင့်တယ် မောင်......"

"......"

"ကိုယ်ပြန်လာမှာ မလို့ ကိုယ့်အိမ်မှာ မောင်စောင့်နေချင်ရင်စောင့်နေပါ......မစောင့်ချင်ရင်လည်း သဘောပါဘဲ.....ကိုယ်ကအစကတည်းက ဘယ်သူ့ပေါ်မှာမှ မျှော်လင့်ချက်ကြီးကြီးမားမားတွေ မထားပါဘူး.....မောင်ကိုယ့်ကို မယုံလို့ အရင်ဖြတ်ချင်ရင်လည်း မောင့်သဘောပါ......"

ရှောင်းကျန့် ရင်ဘတ်ထဲတင်းကြပ်နေတာကြောင့် ဆက်မပြောနိုင်တော့ဘဲ သူ​၏ ရှပ်အင်္ကျီအောက်ခြေနားကို လက်ဖြင့်အကြောင်းမဲ့ ချေမွလို့နေသည်။ ထို့နောက်လက်သီးကို တင်းကျပ်စွာဆုပ်ထားရင်း စကားတစ်ခွန်းကို အဖျားခတ်သိမ်ဝင်သွားတဲ့ အသံဖြင့်ပြောလိုက်ပြီးချက်ချင်းထွက်သွားတာကြောင့် ဝမ်ရိပေါ် သေသေချာချာ ကြားမိချင်မှ ကြားခဲ့မိလိမ့်မည်သာ။
"မောင့်သဘောကို ကိုယ်တားမှာ မဟုတ်ပေမယ့် ဖြစ်နိုင်ရင်တော့~~ကိုယ့်ကိုယုံပေးပါ....."

_________  ___________

ရှောင်းကျန့် ယန်အိမ်တော် အရှေ့ကိုရောက်တဲ့အခါ ခုနက သူ့ကိုခေါ်ထားတဲ့ ယန်ယူမီ​၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ရှောင်းကျန့်ရောက်နေကြောင်း ယန်ယူမီသိတာနဲ့ ယန်အိမ်တော်ထဲမှ သုတ်သုတ်ပြာပြာ ထွက်လာသည်။ ရှောင်းကျန့်ကိုတွေ့တော့ မျက်ရည်တွေ ရစ်ဝဲနေတဲ့ မျက်ဝန်းတွေဖြင့်.....

"ရှောင်းကျန့်.....ယူမီရဲ့ ပါးကို နားချပေးပါဦးနော်...."
"......"

"ယူမီ ဖုန်းထဲမှာ ပြောခဲ့သလိုပဲ ပါးက တစ်ရက်မပျက်ကို အနားမပေးဘဲ သောက်နေတာ ယူမီတို့ ညီအစ်မတွေ ဝိုင်းပြောတာလည်း မရလို့....ပြီးတော့ ယူမီ ဟိုကိစ္စတွေ အတွက်တောင်းပန်ရမယ်ဆိုလည်း တောင်းပန်ပါ့မယ် လောလောဆယ်တော့ ယူမီရဲ့ပါးကို လိုက်ပြောပေးပါဦး....."

​ယန်ယူမီက ပြောရင်းနဲ့ပဲ ချုံးပွဲချကို ထိုင်ငိုလို့နေ​၏။ မပီမသ ဝိုးတစ်ဝါးစကားတွေက......

"ပါးက ယူမီတို့ ညီအစ်မတွေအတွက် တန်ဖိုးအထားရဆုံးလူမလို့ပါ.....ယူမီတို့ပါးကို အဆုံးရှုံးမခံနိုင်လို့ပါ.....အင့်....ဟင့်....."
ရှောင်းကျန့်သူရှေ့မှ ငုတ်တုတ်ထိုင်ကာ ရှိုက်ကြီးတငင်ငိုနေတဲ့ ယန်ယူမီကို ပုခုံးကအသာကိုင်လို့ ထစေလိုက်သည်။

ဒီလိုမျက်ရည်တွေပေါ့။ ဒီလိုမျက်ရည်တွေက သူလီချန်းကောကို ဆုံးရှုံးလိုက်ရတုန်းက ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး။ ဒါတောင် အရှေ့က ကလေးမက သူ့လို တကယ်ကြီး ဆုံးရှုံးလိုက်ရသေးတာ မဟုတ်ဘူး။ ဆုံးရှုံးမှာကိုတွေးပြီး ကြောက်နေရုံပဲရှိသေးတာ။ဒါတွေကို သူသိတယ်။ ဒါတွေကို သူသိလို့ပဲ ဒီနေ့လာပေးဖို့ သဘောတူလိုက်တာ။
ယန်ယူမီ ​၏ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရင်း ရှောင်းကျန့် ယန်အိမ်တော်ကြီး​၏ အတွင်းပိုင်းသို့ရောက်လာသည်။ ယန်ချောင်မင်နဲ့ တွဲခဲ့တဲ့ တစ်လျှောက်မှာ သူတစ်ခါမှ ယောင်ပြီးတော့တောင် မရောက်ခဲ့ဖူးတာ ဖြစ်သည်။ အပြင်အဆင်တို့က ခမ်းနားလှပြီး အိမ်တော်ကြီးကို ထိန်းသိမ်းဖို့ အလုပ်သမားတွေလည်း အများကြီး ဖြစ်သည်။ မည်မျှ ပင် ခမ်းနားလှစေကာမူ အလွန်တရာမှ ခြောက်ကပ်ကပ်နိုင်သည့် အရိပ်အခြေကို ဆောင်သည်။
"အထဲဝင်သွားလိုက်ပါ ပါးရှိတယ်.....ယူမီ အပြင်ဘက်နားလေးကနေ စောင့်ပေးပါ့မယ်...."

​ယန်ယူမီ ညွှန်ပြလိုက်တဲ့ အခန်းထဲသို့ ရှောင်းကျန့် တံခါးလေးအသာ ဖွင့်လို့ ဝင်သွားသည်။ ဝင်သွားတာနဲ့တွေ့လိုက်ရတာ တစ်ဝက်တစ်ပျက် သောက်လက်စအရက်ပုလင်းတွေ ရယ် ပုလင်းအလွတ်တွေရယ် မဖောက်ရသေးတဲ့ အရက်ပုလင်း အသစ်စက်စက် တွေကိုတွေ့​၏။ ရှင်းလင်းပေးတဲ့ အလုပ်သမားတွေရှိတာကြောင့် အရမ်းတော့ ရှုပ်ပွမနေ။
အခန်းရဲ့ အလယ်မှာ ခေါင်းငိုက်စိုက်နေတဲ့ ယန်ချောင်မင်ကို တွေ့လိုက်တဲ့ အခါ ရှောင်းကျန့် ခေါင်းထဲ ဆစ်ကနဲဖြစ်သွားကာ သူ့အစ်ကိုကိုတောင် တလိုက်မိသည်အထိ။

လီချန်းကော....ကောရဲ့ ညီလေးက တကယ်ကို ဆိုးခဲ့တာ။ လူတစ်ယောက်ကို ဒီလောက်ထိဖြစ်အောင် ဘယ်လိုတောင် လုပ်ခဲ့ရတာလဲ။ ဒါပေမယ့် ဒါတွေက ကောကို ချစ်လွန်းလို့ လုပ်ခဲ့တာလို့ တွေးပေးပြီးတော့ ကျွန်တော့်ကို အချစ် မလျော့လိုက်ပါနဲ့။
အခုမြင်နေရတဲ့ ပုံရိပ်တွေက လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်က သူတွေ့မြင်ခဲ့ရတဲ့ ပုံစံတွေနဲ့ တစ်ပုံစံတည်းသာ။ အဲ့တုန်းက သူအမေရိက က ပြန်ရောက်လာချင်း လီချန်းကောကို အခန်းထောင့်တစ်နေရာမှာ ဒီလို အနေအထားမျိုးနဲ့ မြင်ခဲ့ရတာ။ အဲ့အချိန်သူစိတ်ထဲဖြစ်ပေါ်ခဲ့တဲ့ ဒဏ်ရာက အခုထက်ထိ မမေ့ပျောက်နိုင်သေး။ လီချန်းကောဟာ ဒီလိုဒဏ်တွေကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရတာ။ အလုပ်အကျွေးပြုတဲ့ အလုပ်သမားတွေ မရှိတော့ တစ်ယောက်တည်း ဘယ်လိုတောင် သည်းခံခဲ့ရလဲ မသိဘူး။
ရှောင်းကျန့် သူ့ အစ်ကိုရဲ့ အကြောင်းကို ပြန်မြင်ယောင်မိပြီး မျက်ရည်များ စီးကျလာရသည်။ ရှောင်းကျန့်​၏ ရှိုက်သံသဲ့သဲ့ကြောင့် ခေါင်းငိုက်စိုက်ထားတဲ့ ယန်ချောင်မင်က မော့ကြည့်မိကာ အံ့အားသင့်သွား​၏။

"ရှောင်း....ရှောင်းက ဘယ်လို လုပ်ပြီး ရောက်လာတာလဲ.....ယူမီ တို့ခေါ်လိုက်တာလား.....မခေါ်ပါနဲ့ လို့ပြောထားရက်နဲ့......"

ရှောင်းကျန့် ယန်ချောင်မင်​၏ အနီးသို့ တိုးကပ်သွားစဉ် ယန်ချောင်မင်က ရှောင်းကျန့်​၏ လက်ကလေးတစ်ဖက်ကို သတိမမူမိပါဘဲ ဆွဲကိုင်ဖို့ ကြိုးစားလိုက်တာကြောင့်ရှောင်းကျန့်က ရှောင်လိုက်သည်။
"ရှောင်း~~ "

"ဦး အရက်ကို ဆက်မသောက်ပါနဲ့တော့.....ဒါ ဦးအတွက် ကျွန်တော် ပြောပေးနိုင်တဲ့ နောက်ဆုံးအရာပဲ....."

"ရှောင်း ဘာလို့ ငိုနေတာလဲ.....ဦးဘာမှားမိလို့လဲ.....မငိုပါနဲ့......"

​ရှောင်းကျန့်က ရှိုက်သံတွေ ပြင်းလာရင်း.....

"အင်း မှားခဲ့တယ်....ဦးတို့ မှားခဲ့တယ်.....ကျွန်တော့်အပေါ်ကို မဟုတ်ဘူး.....ကျွန်တော့်ရဲ့ အစ်ကိုအပေါ်ကို အမှားကြီး မှားခဲ့တယ်....."

ရှောင်းကျန့် ပြောနေရင်း ရင်ထဲနာလာရတာကြောင့်ကြမ်းပြင်ပေါ်သို့ ထိုင်ကျသွားသည်။ ကြမ်းပြင်ပေါ်မှာ ငိုရှိုက်နေတဲ့ ရှောင်းကျန့်ကို ယန်ချောင်မင်ကြည့်ရင်း ပြာသွားရကာ ပုခုံးလေးကို ထိဖို့ ကြိုးစားလိုက်ပေမယ့် ရှောင်းကျန့် က ပုတ်ထုတ်လိုက်သည်။
"မထိနဲ့ ......လာမထိနဲ့.....ဦးတို့မှတ်မိသေးလား....လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ဦးတို့ နစ်နစ်နာနာ ပြောခဲ့တဲ့ လီချန်းဆိုတဲ့ လူတစ်ယောက်ကို......"

"......."

"ဘာနောက်ခံအသိုင်းအဝိုင်းမှ မရှိလို့ အချစ်တစ်ခုကို အတင်းခွဲခဲ့တာတွေ မှတ်မိသေးလား......ဦးတို့ရဲ့ မြင့်မြတ်လှတဲ့ မျိုးရိုး ဂုဏ်ကြောင့် ဦးသမီးကြီးယန်ယူမီနဲ့ ချစ်ကြိုက်ခဲ့တဲ့ လီချန်းဆိုတဲ့ ရိုးသားတဲ့ လူရွယ်တစ်ယောက်ကို မှတ်မိသေးလားလို့......"
ရှောင်းကျန့် ထိုင်နေရာမှ ထလာပြီး ယန်ချောင်မင်​၏ အင်္ကျီကော်လံစကို နာကျည်းစွာ ဆုပ်ကိုင်လိုက်သည်။

"ဦးသိလား....ဦးတို့ အဲ့လို တွေ လုပ်ခဲ့တဲ့ လီချန်းဆိုတာ ကျွန်တော့်ရဲ့ အစ်ကိုဆိုတာ......ဦးသေလောက်အောင် စွဲလမ်းနေတဲ့ ရှောင်းဆိုတာ သူ့ရဲ့ ညီအရင်းဆိုတာ...."

ယန်ချောင်မင် ရှောင်းကျန့်​၏ နာကျည်းစွာထွက်ပေါ်လာတဲ့ စကားတွေကြောင့် အတိတ်ကဖြစ်ရပ်တချို့ကို ခပ်ရေးရေးပြန်မြင်ယောင်လာ​၏။
အဲ့တုန်းက သူ့ရဲ့အိမ်တော်အရှေ့မှာ အမြဲတမ်းယောင်ချာချာနဲ့ သူ့သမီးကိုတွေ့ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ အသားဖြူဖြူ အရပ်မြင့်မြင့် လူရွယ်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေကိုပြန်မြင်လာသည်။ ထိုလူရွယ်လေးကို သူတို့ အိမ်ရိပ်တောင် မနင်းဖို့ အလုပ်သမားတွေနဲ့ အမျိုးမျိုး မောင်းထုတ်ခဲ့ပေမယ့် အဲ့ကောင်လေးက သူ့သမီးရဲ့ မျက်နှာလေးကိုတစ်စက္ကန့်လောက်လေးပဲ ဖြစ်ဖြစ်တွေ့ဖို့ခွင့်တောင်းခဲ့တာ။
နောက်ဆုံးသူတို့ဘယ်လောက်တောင် လုပ်ခဲ့လဲဆိုရင် ဟိုဘက်ကောင်လေးရဲ့ အိမ်ထိလိုက်သွားပြီး သူကိုယ်တိုင် လက်တွေပါ ပါခဲ့တာ။ အဲ့တုန်းက လည်း အဲ့ဒိကောင်လေးက တစ်ခုပဲ ထပ်တောင်းဆိုခဲ့တယ်.....ယူမီ့ရဲ့ မျက်နှာလေး တစ်ခေါက်လောက်တွေ့ခွင့်ပေးပါတဲ့။ ငါးမိနစ်စာလောက် တွေ့ခွင့်ပေးရင် တစ်ဘဝစာလုံး လက်လွှတ်ပေးပါ့မယ်တဲ့။ ဒီလို ခွင့်တောင်းမှုလေးတစ်ခုကိုတောင် သူတို့လျစ်လျူရှုခဲ့ကြတယ်။
"ဦးသိလား.....တကယ်လို့ ယူမီသာ အခုလို ကျွန်တော် ဦးကို လာတွေ့သလို တစ်ခါလောက်လေးပဲ ဖြစ်ဖြစ် လီချန်းကောကို လာတွေ့ ဖြောင်းဖြပေးခဲ့မယ်ဆိုရင်လေ......လီချန်းကောက ကျွန်တော့်ဘေးက အစောကြီးထွက်သွားခဲ့မှာမဟုတ်ဘူး......"

ရှောင်းကျန့်ပြောရင်းနဲ့ သူ့ရင်ဘတ်အင်္ကျီစကို လက်နဲ့တင်းကြပ်စွာဆွဲဆုပ်ထားမိသည်။ သူအရမ်းကို နာကျင်လွန်းတယ်။

"လီချန်းကောကလေ.....ဦး သမီးရဲ့ မျက်နှာလေးကို ခဏလောက်လေးပဲ ဖြစ်ဖြစ်တွေ့ရဖို့ သွားရင်း လမ်းမှာ လမ်းမှာ......."
ရှောင်းကျန့် ပြောနေရင်း ဘာစကားမှ ထွက်မလာတော့။ အသက်ရှူတွေရပ်မတတ်တောင် ဖြစ်တော့မလိုပင်။ ယန်ချောင်မင်က စိုးရိမ်တကြီးဖြစ်မိကာ ယိုင်နေတဲ့ ကိုယ်လုံးလေးကို ပွေ့ထားလိုက်​၏။

"ရှောင်း....ရှောင်းရရဲ့လား.....အပြင်မှာ ဘယ်သူရှိလည်း.....​ရေတစ်ခွက်ယူလာခဲ့...."

ယန်ချောင်မင်​​၏ အထဲက ခေါ်သံကြောင့် အပြင်ဘက်မှာ စောင့်နေတဲ့ ယန်ယူမီကရေတစ်ခွက်ယူပြီး ဝင်လာသည်။ ယန်ယူမီလည်း မျက်လုံးတွေရဲနေကာ မျက်နှာ တစ်ပြင်လုံးမျက်ရည်တွေရွှဲလို့နေ​၏။ သူအထဲက ပြောနေကြတဲ့ အကြောင်းအရာတွေကို အကုန်လုံးကြားတယ်။ ပြီးတော့တစ်ချိန်တုန်းက သူ့မှာ သူကို အရမ်းချစ်တဲ့ လူတစ်ယောက်ရှိခဲ့ဖူးတာတွေက အစ သူအကုန်ပြန်မှတ်မိလာသည်။
လီချန်းဆိုတဲ့ လူဟာ သူ့ရဲ့ မျက်နှာ တစ်ချက်ကိုတောင် အညှိုးမခံလောက်တဲ့အထိကို အသေးစိတ်ကျကျ ချစ်ခဲ့တာ။ သူတို့ တွေ့ကြတဲ့ အချိန်တိုင်း ပန်းလေးတစ်ပွင့်ဆီ အမြဲတမ်းယူလာပြီးတော့ ပန်းလေးတွေရဲ့ အဓိပ္ပာယ်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးခဲ့တယ်။ သူ့ကို ပေးဖူးတဲ့ ပန်းတွေထဲမှာတော့ နှင်းဆီနီ တွေဘယ်တော့မှ မပါခဲ့ဘူး။ အကြောင်းပြချက်လေးက အရမ်းကို ကြင်နာနူးညံ့လွန်းတယ်။ ကိုယ်က ယူမီလေးရဲ့ လက်ကို ဆူးမထိစေချင်ဘူးတဲ့။
နူးညံ့ကြင်နာမှုတွေက သူ့ကို တင်းတိမ်ရောင့်ရဲမှုမပေးနိုင်တဲ့အခါ သူ့ကို စည်းစိမ်တွေပုံပေးနိုင်မယ့် ကောင်လေးပေါ်ကို သူ့စိတ်တွေပြောင်းသွားခဲ့တယ်။ ရွှေရွှေချင်းထပ်ရင် မြတ်တယ်ဆိုတာ အမှန်ပေမယ့် သူလေသူ့ကို တကယ်ချစ်ခဲ့တဲ့ လူကို ဆုံးရှုံးခဲ့ရတယ်ဆိုတာ အခုမှ သူသိလာတယ်။ တကယ်ဆိုသူလည်း ပြည့်စုံပြီးသားလူတစ်ယောက်ပင် မဟုတ်လား။ သူ့ရဲ့ ဘဝမှာ ဘာတွေ ထပ်လိုနေဦးမှာလဲ။

ဒီအိမ်ထောင်သက်လေးနှစ်ကျော် မှာသူ ပျော်ခဲ့ရတာ တစ်ရက်မှမရှိခဲ့ဘူး။ ဂုဏ်ပုဒ်တွေကတော့ မနည်းမနောပေမယ့် ကိုယ့်ကို မချစ်တဲ့သူနဲ့ နေရတာ တစ်ရက်က တစ်သက်လောက်ကြာတာ ဘယ်သူမှမသိကြဘူး။
ယန်ယူမီက မျက်ရည်တွေ တသွင်သွင်စီးကျနေသလို ယန်ချောင်မင်က သူ့ရင်ခွင်ထဲရောက်နေတဲ့ ရှောင်းကျန့်ကို ရေဖြည်းဖြည်းချင်းတိုက်လို့နေ​၏။ ရှောင်းကျန့်က ခေါင်းကို တွင်တွင်ခါရင်း......

"ဦးနဲ့ ယူမီ က လီချန်းကောပေါ်မှာ နည်းနည်းဖြစ်ဖြစ် အားနာတဲ့ စိတ်လေးများဖြစ်ခဲ့သေးလား....."

"......"

"မထင်ပါဘူး.....ကျွန်တော်သာ မပြောရင် လီချန်းဆိုတဲ့ နာမည်က ဦးတို့ရဲ့ ဘဝမှာ ပြန်မှတ်မိဖို့နေနေသာ~~~"

"ဦးဘာပြန်လုပ်ပေးရမလဲ ရှောင်း.....ဟင်.....ရှောင်းကျေနပ်အောင် ရှောင်းရဲ့ အစ်ကိုအစားဦးပြန်သေပေးရမလား....."
"ဟား....ဟား....."

ရှောင်းကျန့် ငိုနေရင်းမှ ခြောက်ကပ်စွာ ရယ်လိုက်သည်။

"အရင်တုန်းက ဦးကိုသေစေချင်တဲ့ လူထဲမှာ ကျွန်တော်က ထိပ်ဆုံးက......ဒါပေမယ့် ဦးသေပြီးတော့ရော လီချန်းကောက ပြန်ရှင်လာမှာ မလို့လား....ဦးကိုသာ သေစေချင်ရင် ကျွန်တော် လာတောင်လှည့်ကြည့်မှာ မဟုတ်ဘူး......တကယ်လို့ လီချန်းကောပေါ်မှာ အားနာမိတဲ့ စိတ်လေးရှိခဲ့သေးမယ်ဆိုရင်တော့ လီချန်းကောရဲ့ လမ်းစဉ်အတိုင်းမလိုက်နဲ့......ဒါကျွန်တော် နောက်ဆုံးပြောတာပဲ....."
"......"

"ပြီးတော့ ဦးတစ်ယောက်သာ ပြိုလဲသွားရင် ယူမီနဲ့ ဆူးလီလေးတို့ပဲ ကျန်တော့မှာကို ပြန်တွေး.....ကျွန်တော့်ရဲ့ကောကတော့ စုံလုံးကန်းပြီး ကျွန်တော့်အတွက် မတွေးခဲ့ပေးလို့ ထားသွားခဲ့တာ....."

ရှောင်းကျန့်က ယန်ယူမီဘက်သို့လှည့်လိုက်ကာ.....

"ယူမီ အရမ်းကံကောင်းခဲ့သလို အရမ်းလည်း ကံဆိုးတယ်သိလား......ကိုယ့်ကို အချစ်စစ်နဲ့ချစ်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပေမယ့် အဲ့ဒိလူကို ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အထိ ဆုံးရှုံးလိုက်ရတာမလို့....."​
ရှောင်းကျန့် မျက်ရည်တို့စဲသွားပြီး စိတ်တို့တည်ငြိမ်လာရ​၏။ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တို့ လုံးဝခမ်းခြောက်သွားတဲ့အခါမှာ ယန်ချောင်မင်ကို ကြည့်ပြီးပြောလိုက်သည်။

"အဲ့တာကြောင့် ဦး.....ကျွန်တော် တစ်ခုပဲ တောင်းဆိုမယ်......ဦးသာ ကျွန်တော့်ကိုမတော်တဆ တကယ်ချစ်မိသွားခဲ့တာ ဆိုရင် ဒီခံစားချက်မျိုးကို မှတ်ထားပြီးတော့ ဦးရဲ့ သမီးအငယ်လေး ဆူးလီကို လည်း သူတစ်ချိန်မှာ တကယ်ချစ်တဲ့သူနဲ့ပဲ လက်တွဲခွင့်ပြုလိုက်ပါ......."
"......"

"ပြီးတော့ ယူမီ့အနေနဲ့လည်း လီချန်းကောကို တောင်းပန်ချင်ရင် ကိုယ့်ကို လာပြောပါ.....လီချန်းကောက ယူမီ့ကို တစ်ခေါက်လောက်ပဲ ဖြစ်ဖြစ်တွေ့ချင်နေမှာ.....ဘာလို့လဲဆို သူ့ရဲ့ နောက်ဆုံးအချိန်ထိ သူချစ်တဲ့သူရဲ့ မျက်နှာလေးကို မတွေ့သွားခဲ့ရလို့......သူလေ စောင့်နေမှာ သိလား....."

ရှောင်းကျန့်ပြောနေရင်း မျက်ရည်တွေ ထပ်ကျလာရသည်။သို့သော် မျက်ရည်များကို တစ်စက်မကျန်ပြန်သုတ်ပြီး......

"အဲ့တာ ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး....."
ရှောင်းကျန့် ယန်ချောင်မင်​၏ အခန်းထဲမှ ထွက်လာတဲ့အခါ ယန်ယူမီက အနောက်ကအမီလိုက်လာကာ.....

"ခဏလောက်စောင့်ပါလား.....ယူမီ ပေးလိုက်စရာလေး တစ်ခုရှိလို့ ......တကယ်ကို ခဏလေးပဲစောင့်ပါ....."

ယန်ယူမီ​၏ တောင်းဆိုမှုကြောင့် ရှောင်းကျန့် ယန်အိမ်တော် ဧည့်ခန်းတွင် မတ်တပ်ရပ်လျက်သား စောင့်နေမိ​၏။ ငါးမိနစ်ခန့်ကြာတော့ ယန်ယူမီ ပြန်ရောက်လာကာ စာရွက်ဖြူလေးနှစ်ခုကို ရှောင်းကျန့်အရှေ့သို့ထိုးပေးလိုက်ပြီး.....
"ယူမီဒါလေးပေးလိုက်ချင်လို့ပါ......တကယ်တော့ ရှောင်းကျန့်လည်း ကံကောင်းတဲ့လူတစ်ယောက်ပါ ယူမီ ကျိန်းသေပြောရဲပါတယ်.....ပြီးတော့ ယူမီ ရှောင်းကျန့် ကျေနပ်မယ့် အခြေအနေအထိ လီချန်းကောရဲ့ အရှေ့မှာ ဒူးထောက်တောင်းပန်ပါ့မယ်.....ယူမီ မှားခဲ့တာတွေမှ တော်တော်ကို မှားခဲ့တာပါ.....ယူမီ တကယ်ကို ကျေးဇူးတင်ပါတယ် ယူမီရဲ့ ပါးကို လာဖြောင်းဖြခဲ့ပေးလို့......"

ရှောင်းကျန့် ယူမီ ပြောနေတဲ့ စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်ဖြစ်ကာ သူ့အရှေ့က စာရွက်အဖြူလေးနှစ်ခုကို ကြည့်လို့ မျက်ရည်တွေ ပြန်ဝဲလာရသည်။ စာရွက်လေးရဲ့ ခေါင်းစီးမှာ "ကွာရှင်းစာချုပ် " ဆိုတဲ့စာသားလေးက ထင်းလို့နေတာ​။ ပထမစာမျက်နှာမှာ သူရင်းနှီးပြီးသားလက်မှတ်တစ်ခုက ဘယ်ကတည်းက နေရာယူထားခဲ့တာလည်းမသိ။
ရှောင်းကျန့်က ဒီအတိုင်းပဲ မလှုပ်မယှက်ကြည့်နေတာကြောင့် ယန်ယူမီက လက်ထဲကို ထည့်ပေးလိုက်ပြီး.....

"ယူမီ့ဘက်ကလည်း လက်မှတ်ထိုးထားပြီးသား မလို့ ရှောင်းကျန့်ရဲ့ လက်ထဲပဲ ထည့်ပေးလိုက်တာပါ...."

"......."

"မောင်ကလေ.....အာ....ဆောရီး မခေါ်ခိုင်းတဲ့ နာမ်စားတစ်ခုကို ယူမီ ယောင်ပြီး ခေါ်မိပြန်ပြီ....ရိပေါ်ကလေ....ရှောင်းကျန့်နဲ့ ပတ်သက်ပြီး အဲ့လောက်တောင် ပြတ်သားပေးနိုင်ခဲ့တာပါ.....ဘာလို့လဲ ဆိုတာတော့ ယူမီ ပြောပြဖို့ မလိုတော့ဘူး ထင်မိတယ်.....အရာရာ အားလုံးအတွက် ယူမီ နောက်တစ်ခေါက် တောင်းပန်ပါရစေ......"
ယန်ယူမီ က ပြောလည်းပြော ရှောင်းကျန့်ရှေ့မှာ မျက်ရည်တွေကျရင်း ဒူးပါ ထောက်လိုက်သည်။

ရှောင်းကျန့်ကတော့ သူ့အရှေ့မှာ ဒူးထောက်ချလိုက်တဲ့ လူကို မကြည့်မိတော့ဘဲ လေးပင်တဲ့ခြေလှမ်းတွေနဲ့ ယန်အိမ်တော်က ထွက်လာပြီး တွေ့တဲ့ အငှားကားကိုတား၍ သူ့အိမ်ကိုမောင်းခိုင်းစေခဲ့သည်။ လမ်းတစ်လျှောက်လုံးမှာ လက်ထဲက စာရွက်ဖြူဖြူတွေကိုပဲ စိုက်ကြည့်ရင်း မျက်ရည်တွေသာ ကျနေခဲ့သည်​။ အငှားကား ဆရာကလည်း အလိုက်သိစွာ ရှိုက်သံတွေဖုံးအောင် ကားပေါ်မှာသီချင်းကို ခပ်ကျယ်ကျယ် ဖွင့်ပေးခဲ့သည်။
"8-0-5-1-0-5"

ရှောင်းကျန့် အိမ်တံခါးလေးကို အသာဖွင့်လို့ ဖိနပ်ချွတ်နေရာလေးကို စိတ်အားထက်သန်စွာကြည့်မိသည်။ သို့သော် သူမြင်ချင်တဲ့ ဖိနပ်တစ်စုံက ရှိလို့မနေ။ ရှောင်းကျန့် ခပ်ယဲ့ယဲ့သာပြုံးပြီး ဖိနပ်ကို ချွတ်လို့ အိမ်ထဲဝင်လာခဲ့သည်။ အခုတလော သူ့အိမ်ရဲ့ ဖိနပ်ချွတ်နေရာမှာ သူ့ဖိနပ်နှင့်အတူ တခြားဖိနပ်လေးတစ်ရံအတူတူ တွဲတွေ့နေရရင် သူ့ရဲ့ စိတ်ကိုလုံခြုံစေတာ။

နံရံက နာရီကို ရှောင်းကျန့်က တကြည့်ကြည့်လုပ်နေရင်း ည ၁၁ နာရီခန့်အချိန်ရောက်လာတဲ့အခါ သက်ပြင်းချပြီး အိပ်ခန်းထဲဝင်လာခဲ့သည်။ သူအိပ်ရာပေါ်မဝင်ခင် ဖုန်းလေးကို ကြည့်လို့ တစ်စုံတစ်ယောက်ကို ခေါ်ဖို့ပြင်လိုက်ပြီးမှ တခြားနံပါတ်တစ်ခုကိုသာ ခေါ်လိုက်သည်။
"ဟယ်လို ဂျက်....."

"ပြောပါခင်ဗျာ...."

"သူဘယ်မှာလဲ သိလား....."

"သူဌေးကို ပြောတာလား....."

"အင်း....."

"ကျွန်တော်ရုံးဆင်းသွားပြီးကတည်းက မတွေ့တာလေ.....အတူရှိနေတာ မဟုတ်ဘူးလား.....ကျွန်တော်ဖုန်းဆက်ကြည့်ပေးရမလား....."

"မခေါ်နဲ့ တော့ နေပါစေ.....ဒါဆို ဒါပဲနော်....."

ရှောင်းကျန့် ဖုန်းကို ချလို့ အိပ်ရာပေါ် လှဲလိုက်ကာ စောင်ကို ခေါင်းအထိလုံသည်အထိ ဆွဲခြုံလိုက်သည်။ aircon ကို နောက်ဆုံးအထိ လျော့ချထားတာတောင် အရမ်းအေးလွန်းတယ်။ ဘေးနားကလွတ်နေတဲ့ နေရာက သူ့ရဲ့စိတ်ကို မလုံခြုံစေနိုင်။ ရှောင်းကျန့် တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်လုပ်နေရင်း မနက်သုံးနာရီ အချိန်သို့ရောက်လာ​၏။
ခန္ဓာကိုယ်ထက် စိတ်ထဲမှာ အရမ်းချမ်းနေတာကြောင့် အိပ်ရာက ထလာလိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်လာကာ ရေနွေးအလွတ်ပူပူ ကို ဖန်ခွက်ထဲငှဲ့ထည့်လိုက်သည်။ ထို့နောက် ထမင်းစားစားပွဲက ထိုင်ခုံတွင်သာ ခြေထောက်လေးတွေပါ တင်ထားရင်း လက်နဲ့ခြေထောက်တွေကို ဖက်ထားပြီး ထိုင်လိုက်​၏။ ရေနွေးပူပူလေးကို တစ်ခွက်လောက်ကုန်အောင် သောက်ပြီးသွားတဲ့အခါ ထိုင်နေတဲ့ ပုံစံမပျက်ဘဲ မျက်လုံးလေးများကို မှိတ်လို့ထား​၏။ ဆယ်မိနစ်လောက်အကြာမှာ ရှောင်းကျန့် ထိုင်ခုံမှာပဲ မှေးကနဲ ဖြစ်လို့သွားသည်။
ထိုစဉ် ဧည့်ခန်းဘက်က ပေါ်လာတဲ့ခြေသံတိုးတိုးလေးက အိပ်ခန်းဆီသို့ ဦးတည်သွားပြီးမှ မီးဖိုခန်းဘက်သို့ နီးကပ်လာ​၏။ မီးဖိုခန်းထဲက မှိန်ပြပြ မီးရောင်လေးက ခြေသံတွေကို ဆွဲငင်ယူလိုက်သည့်ဟန်ရှိမည်။

ထိုခြေသံတွေက မီးဖိုခန်းရဲ့ အဝင်ဝမှာ အကြာကြီး ငြိမ်သက်သွားပြီးမှ ထမင်းစားပွဲ ထိုင်ခုံရှိရာအနီးသို့ ရောက်ရှိသွားသည်။ ခြေသံပိုင်ရှင်က ထိုင်ခုံပေါ်မှာ ခြေထောက်လေးတွေကို ပိုက်ပြီး အိပ်ပျော်နေတဲ့အနေအထားဖြစ်နေတဲ့ သူကို အတန်ကြာစိုက်ကြည့်ရင်း သက်ပြင်းငွေ့ငွေ့ချမိသည်။ ထို့နောက် ပုခုံးလေးပေါ်သို့ လက်ကို ဖွဖွလေးတင်လိုက်ကာ......
"ရှောင်းကျန့်......"

"......."

"ရှောင်းကျန့်.....ထတော့လေ.....အိပ်ရာပေါ်မှာသွားအိပ်ရအောင်....ဒီလိုတွေ အိပ်နေရင် ခြေထောက်တွေ နာလိမ့်မယ်......"

ညင်သာစွာ လှုပ်နိုးသံကြောင့် ရှောင်းကျန့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်​၏။ သူ့မျက်စိအရှေ့မှာ ဝမ်ရိပေါ်ကို တွေ့လိုက်ရတဲ့ အခါ ရှောင်းကျန့်က လည်ပင်းကို လှမ်းဖက်လိုက်​၏။ ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်​၏ လက်မောင်းအောက်တွေကနေ လျှိုသွင်းပြီး ချီလိုက်ကာ ထိုင်ခုံဆီမှ ထမင်းစားပွဲပေါ်သို့ မတင်လိုက်​၏။
​ဝမ်ရိပေါ်က မတ်တပ်ရပ် အနေအထားတွင်ရှိနေပြီး ရှောင်းကျန့်က ထမင်းစားစားပွဲပေါ်မှာ ခြေထောက်နှစ်ချောင်းတွဲလွဲ ကျလျက်သားအနေအထားမျိုးဖြင့်ရှိနေတာဖြစ်သည်။ ဝမ်ရိပေါ်က သူ့လည်ပင်းတွေကို ယှက်နွယ်ထားတဲ့ ရှောင်းကျန့်​၏ လက်တွေကို အသာဆွဲဖယ်လိုက်ရင်း လက်ဖမိုးလေးကို သူ့နှုတ်ခမ်းနား ဆွဲယူကာ ခပ်ဖွဖွ နမ်းရှိုက်​၏။ ထိုမှ တဆင့် လက်ကောက်ဝတ် အတွင်းပိုင်းလေးကိုလည်း အရာလေးစွဲထင်သွားသည် အထိ ရှိုက်လို့နေသည်။
ထို့နောက် သူ့ရဲ့ လက်ချောင်းတွေကို ရှောင်းကျန့်​၏ လက်ချောင်းလေးတွေနဲ့ ယှက်နွယ်လိုက်ပြီး လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။လက်တွေကို မြဲမြံအောင် ဆွဲကိုင်ထားရင်း ဝမ်ရိပေါ်က သူ့ရဲ့ နဖူးကို ရှောင်းကျန့်​၏ နဖူးပြေပြေလေးပေါ်သို့ ထိကပ်စေလိုက်ပြီး နှာခေါင်းထိပ်လေးများကိုလည်း ထိတွေ့စေလိုက်သည်။

"အိပ်မပျော်လို့လား...."

"......."

"မနက်သုံးနာရီ ကျော်ပြီလေ.....မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရမှာပေါ့ ဒီအချိန်မှာ......"
ဝမ်ရိပေါ်​၏ ဝင်သက်ထွက်သက်တို့တွင် ဝိုင်ထပ်မကသော ပြင်းရှရှရနံ့တို့က ရစ်ဝဲနေသည်။ ပြင်းလွန်းတဲ့ အရက်အမျိုးအစားတစ်ခုခုကို သောက်လာခဲ့သလို။ ဒါကို ရှောင်းကျန့် ခံစားမိတာကြောင့်......

"မောင် အရက်တွေ သောက်လာခဲ့တာလား....."

ဝမ်ရိပေါ်က နဖူးချင်းခပ်ဆတ်ဆတ်လေးတိုက်လိုက်ကာ.....

"အင်း.....မင်းကြောင့်....."

"......"

"မင်းက မောင့်စကားမှ နားမထောင်တာ.....မင်းဆိုးလွန်းလို့လေ....."

"......"

"မောင်ကလေ မင်းကို မယုံလို့မဟုတ်ပါဘူး.....မင်းကို အဆုံးရှုံးမခံနိုင်လွန်းလို့.....မင်းကို တခြားတစ်ယောက်နဲ့ တွဲတွေ့ဖို့မပြောနဲ့ တခြားတစ်ယောက်နဲ့ နာမည်ယှဉ်ပြီး တွဲပြောတာတောင် မခံစားနိုင်လို့......မင်းတကယ်မသိဘူးလား.....မောင်က မင်းကို......"
ဝမ်ရိပေါ်ပြောလက်စကို ခဏရပ်လိုက်သည်။တစ်ချိန်ချိန်ပြောထွက်လာမယ့် စကားတစ်ခွန်းကို သူအချိန်ဆွဲနေလို့ မဖြစ်တော့ရင် ဒီအချိန်မှာ ဖွင့်ပြောလိုက်တာ အကောင်းဆုံးဖြစ်မည်သာ။

ဝမ်ရိပေါ် သက်ပြင်းကို ချပြီး နဖူးပြင်နှစ်ခု ထိတွေ့ထားရာမှ ခွာလိုက်ကာ ရှောင်းကျန့်​၏ ပုခုံးပေါ်သို့ သူ့ရဲ့ မျက်နှာကို အပ်လိုက်သည်။ ထို့နောက် နူးညံ့တိုးလျနေတဲ့ နှစ်ကိုယ်ကြားအသံဖြင့်......

"မောင်က မင်းကို....သိပ် သိပ်ချစ်တာ...."