ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၉) Unicode

"အဟွတ်....အဟွတ်...."

ချားလ်စ် ဒီဆိုင်ထဲရောက်ကတည်းက ချောင်းဆိုးနေတာ မရပ်တော့။ ရှောင်းကျန့်က ပထမ ချိန်းထားတဲ့နေရာကို ပြောင်းချိန်းလိုက်တာ ဖြစ်သည်။ ဘယ်သူ့အကြိုက်လိုက်ပြီး ရွေးလိုက်တဲ့ နေရာလဲတော့ မမေးတော့နဲ့။ တစ်ဆိုင်လုံး နှင်းဆီပန်း အနီတွေ ရဲပတောင်းခတ်နေတဲ့ အခင်းအကျင်း အပြင်အဆင်တွေ နှင့်ဖြစ်သည်။ သူ့လို သာမန်လူတောင် အနံ့တွေနဲ့ မွှန်ပြီး ချောင်းဆိုးတာ မရပ်တော့တာ။ ပန်းဝတ်မှုန် allergy ရှိတဲ့သူဆိုရင် တစ်ခါတည်း သေသွားနိုင်သည့် သဘောရှိသည်။

သူဒီနေ့က ရှောင်းကျန့်ကို အဖော်ပြုပြီး နေပေးဖို့ဖြစ်သည်။ ညနေဖုန်းဆက်တုန်းက ရှိုက်သံတွေရောပြီးအသံတွေပြာနေတာ တစ်ဖက်က ကြားရတဲ့သူတောင် စိတ်မကောင်း။ လီချန်းကော ကြောင့်ကလွဲလို့ မငိုတတ်တဲ့ သူ့သူငယ်ချင်းက အခုတလော မျက်ရည်တွေ အရမ်းကျလွန်းနေပြီ။ ဒီနေ့တော့ သူ့သူငယ်ချင်းမျက်ရည်တွေရဲ့ တရားခံကို သူမြင်ရတော့မည် ထင်​၏။ မျက်နှာကတော့ မြင်ဖူးပြီးသားပေမယ့် ဒီလို တိုက်ရိုက်မဆုံဖူးသေးတာဖြစ်သည်။

ချားလ်စ် စောင့်နေရင်း လူရိပ်တွေ့လိုက်တာကြောင့် လက်လှမ်းပြလိုက်သည်။ ဆိုင်ထဲလူနှစ်ယောက်ဝင်လာတာက မထူးဆန်းပေမယ့် သူ့မျက်လုံးထဲ နည်းနည်းတော့ဆန်းသား။ ဘာလို့ ဟိုဘက်ကတစ်ယောက်က သူ့သူငယ်ချင်းရဲ့ခါးကို မလွှတ်တမ်း ဖက်ပြီး ဝင်လာရတာလဲ။ဘာလဲ ရှောင်းကျန့်က လမ်းမလျှောက်တတ်လို့ ထိန်းကိုင်ပေးထားတဲ့ သဘောလား။ ပွေ့မချီလာခဲ့တာတောင် ကျေးဇူးတင်ပေးရဦးမှာလား။

"အဟွတ်....အဟွတ်...."

ကျစ်....ဒီ နှင်းဆီနီ အနံ့တွေကလည်း တစ်မျိုး။

ရှောင်းကျန့်က ချားလ်စ်  ထိုင်နေတဲ့နေရာရောက်တော့ သူ့ခါးပေါ်က ဝမ်ရိပေါ်​၏ လက်ကို ဖယ်လိုက်သည်။ ဝမ်ရိပေါ်က တစ်ချက်ကြည့်လိုက်ပြီး မဖယ်ပေးချင်တဲ့ပုံစံမျိုးလုပ်ကာ နောက်တော့ ဖယ်ပေးလိုက်​၏။

"ချားလ်စ် ရောက်နေတာ ကြာပြီလား...."

"ရပါတယ် နာရီဝက်လောက်ပဲရှိသေးတယ်...."

ချားလ်စ်က လက်ဆွဲနှုတ်ဆက်ဖို့ ဝမ်ရိပေါ် အရှေ့သို့ လက်တစ်ဖက်ကို ထိုးပေးလိုက်ပြီး......
"မင်္ဂလာပါ.....ကျွန်တော်က ရှောင်းကျန့် ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ...."

ဝမ်ရိပေါ်က ချားလ်စ်​၏ လက်ကို ချက်ချင်းပြန်မဆွဲသေးဘဲ မျက်နှာထားက တည်တင်းနေကာ.....

"အရှေ့က အချစ်ဆုံး ဆိုတာကို ဖယ်လိုက်....."

"ဟမ်...."

ချားလ်စ် ရုတ်တရက်မလို့ ကြောင်သွားကာ ရှောင်းကျန့်ကို လှမ်းကြည့်လိုက်သည်။ ရှောင်းကျန့်က မေးတစ်ချက်ဆတ်ပြလိုက်တာကြောင့် ချားလ်စ် က ဝမ်ရိပေါ် ဘက်ပြန်လှည့်ပြီး.....

"ဟုတ်ကဲ့....ကျွန်တော်က ရှောင်းကျန့်ရဲ့ သူငယ်ချင်း ချားလ်စ်ပါ....."
ထိုအခါမှ ဝမ်ရိပေါ်က လေပေါ်မှာ တန်းလန်းဖြစ်နေတဲ့ချားလ်စ်​၏ လက်ကိုဆွဲကာ ပြန်နှုတ်ဆက်လိုက်​၏။

"အင်း.....ဝမ်ရိပေါ်လို့ ခေါ်တယ်....တွေ့ရတာ ဝမ်းသာပါတယ်...."

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီးလို့ နေရာပြန်ထိုင်လိုက်တဲ့အချိန်မှာ ချားလ်စ် စိတ်ထဲသိလိုက်ရတာက ငါလာမိတာမှားပြီ ဆိုတာပဲ။

"မင်းဘာစားမလဲ ရှောင်းကျန့် .....မောင်ဘာမှာပေးရမလဲ....."

ဝမ်ရိပေါ်က သူနဲ့ အတူဘေးနားမှာ တွဲထိုင်နေတဲ့ ရှောင်းကျန့်​၏ ခါးကို ပြန်ဖက်လိုက်ပြီး အနားသို့တိုးသွားကာ နားသယ်စပ်လေးတွေကို မထိတထိနမ်းရင်းမေးလိုက်သည်။
ချားလ်စ်က ဖြူစင်လွန်းတဲ့သူတစ်ယောက်တော့ မဟုတ်ပေမယ့် သူ့အရှေ့မှာ ဒီလိုအပြုအမူတွေတွေ့ရတာ ဘာမဆိုင်ညာမဆိုင် ကြားထဲက မျက်နှာပူမိသလိုလိုရှိသည်။ ကိုယ့်ဘက်ကလူကို ကြည့်လိုက်တော့လည်း menu စာအုပ်ကို ကိုင်ထားပြီး ရုပ်တည်ကြီးနဲ့သာ။ တစ်ဖက်က ဟိုကောင်လေးကလည်း စားသောက်ဆိုင်တစ်ခုလုံးမှာ သူတို့နှစ်ယောက်ပဲရှိနေတဲ့ ပုံစံမျိုးဖြင့်။ဒါဆို တစ်ဝိုင်းတည်းထိုင်နေတဲ့ သူ့ရဲ့ ဖြစ်တည်မှုက ဘာလဲ။
"ဒါပဲ စားတော့မယ်....ချားလ်စ်ရော ဘာစားမှာလဲ ကြိုက်တာ ကြည့်လိုက်....."

"မင်းက မောင့်အတွက်တောင် အရင်မမှာပေးတော့ဘူးလား....."

​ချားလ်စ်က ရှောင်းကျန့် ထိုးပေးလိုက်သော menu စာအုပ်ကိုယူမည်အလုပ်လက်တွန့်သွားရသည်။ ထို့ကြောင့် menu စာအုပ်ကို ရှောင်းကျန့်ဘက်ကို ပြန်တွန်းပို့ပေးလိုက်ကာ.....

"ရော့....မင်းတို့ အရင်မှာပါ.....ငါက ဘာဖြစ်ဖြစ်ရတယ်....."

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်လှည့်ပြီး....

"ဘာစားမှာလဲ....."
"မင်းစားတဲ့ ဟာပဲမောင်စားမယ်....."

ဝမ်ရိပေါ် က ပြောကာ ရှောင်းကျန့်​၏ ပါးပြင်ကို ဖွဖွလေးနမ်းလိုက်ပြန်​၏။

ချားလ်စ် အရှေ့ကဖန်ခွက်ထဲကရေတစ်ငုံသောက်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဘယ်သူ့ကိုမှ မဟုတ်ပါ။ကိုယ့်ဟာကိုယ် ကျိန်ဆဲလိုက်ခြင်းသာ။ ဘာစားရမလဲ အခုထိအတည်မပြုရသေးတာ ရှောင်းကျန့်ရဲ့ မျက်နှာ တစ်ခြမ်းက အနမ်းခံနေရတာ ဆယ်ခါမကတော့။ ဗိုက်​ရောဆာကြသေးရဲ့လား။

မှာထားတဲ့ ဟင်းပွဲတွေ အသီးသီး ရောက်လာတဲ့အခါ ဝမ်ရိပေါ်က တူနဲ့ ဇွန်းခရင်းတွေကို အသေအချာ အကျအန ရှောင်းကျန့်ရှေ့ချပေး​၏။ လက်ကိုင်ပုဝါလေးကို ပါညီညီညာညာခေါက်ပြီး ရှောင်းကျန့်​၏ ရင်ဘတ်ပေါ်ကာပေးလိုက်တာက အစအသေးစိတ်ကျလွန်းသည်။ ပြောရရင်တော့ အရမ်းကို ဂရုစိုက်လွန်းသည့် အပြုအမူတွေဖြစ်သည်။ ဥပမာ အသားနဲ့ အရွက်ရောစားရမယ့် ဟင်းလျာမျိုးဆိုရင် ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် အသားရော အရွက်ရော နှစ်ခုရော ပြီး တစ်လုပ်စာလေးတွေ အဆင်သင့် ပြင်ပေးထားတာဖြစ်သည်။
ချားလ်စ် ဒါကိုကြည့်ပြီး ရှောင်းကျန့်အတွက် တော်တော်ကို ကျေနပ်မိသည်။ ဒီတိုင်းဆို ရှောင်းကျန့်ကျခဲ့တဲ့ မျက်ရည်တွေနဲ့ တန်ခဲ့သလိုတောင်ရှိမည်။ ဘာလို့လည်း မသိ ရှောင်းကျန့် အတွက် စိတ်အေးနေသလို ခံစားရပြန်သည်။

သို့သော် ရှောင်းကျန့် အတွက် ဝမ်းသာသလို ကိုယ့်အတွက်ပြန်ဝမ်းနည်းသွားသည်။ အစက ဒီညသူရှောင်းကျန့်ကို အဖော်ပြုပေးဖို့ဖြစ်ပေမယ့် တကယ်တမ်း အထီးကျန်သလို ခံစားသွားရတာ ကိုယ့်ဟာကိုယ် ဖြစ်သည်။ ဟိုကောင်လေး သည်းသည်းလှုပ်ဖြစ်လွန်းတာ ဟုတ်ပေမယ့်.....ကိုယ့်လူကလည်း မကြိုက်ဘူးလို့ တစ်ခွန်းမှ မငြင်း ဘာလုပ်လုပ် ငြိမ်ခံနေတာဖြစ်သည်။ ဤတွင်သိ​၏....သူသည် ဒီဝိုင်းမှာ လူပိုတစ်ယောက်သာဖြစ်သည်​။
ဘဝက မချိုဘူးဆိုတာ လက်ခံနိုင်သည်.....သို့သော် ဒီနေ့မှ ပိုခါးနေ​၏။

ချားလ်စ် သူအရှေ့က နှစ်ယောက်ကို မျက်လုံးထဲနည်းနည်း ကြက်ခြေခတ်လေးတွေ ဖြစ်လာတာကြောင့်....

"ရှောင်းကျန့် .....ငါ အပြင်မှာ စီးကရက် ခဏသွားသောက်ဦးမလို့.....ဝမ်ရိပေါ်ရော သောက်တတ်ရင် လိုက်ခဲ့လေ....."

ဝမ်ရိပေါ် က အသံလွင်လွင်များပြန့်လွင့်အောင် ရယ်လိုက်ပြီးနောက် ရှောင်းကျန့်ဘက်သို့ လှည့်၍ ရှောင်းကျန့်​၏ နှုတ်ခမ်းနီစွေးစွေးကို လက်မဖြင့် အသာထိတွေ့လိုက်သည်။
"မောင် စီးကရက် ပြတ်သွားတာ ကြာပြီဟုတ်တယ်မလား.....ရှောင်းကျန့်......"

ရှောင်းကျန့်က ဘာမှပြန်မဖြေ။ ဝမ်ရိပေါ် တဖြည်းဖြည်း ရှောင်းကျန့်​၏ မျက်နှာရှေ့သို့တိုးကပ်သွားကာ မေးစေ့လေးကို ထိန်းကိုင်လို့ ရှောင်းကျန့်​၏ နှုတ်ခမ်းပါးတွေကို နမ်းရှိုက်လိုက်သည်။ ရုတ်တရက်မလို့ ရှောင်းကျန့် ဝမ်ရိပေါ်ကို တွန်းဖယ်လိုက်ကာ နေရာမှ ထပြီး သန့်စင်ခန်းဘက်သို့ လျှောက်သွား​၏။ ဝမ်ရိပေါ်ကတော့ ကျန်ခဲ့တဲ့နေရာမှာ ပြုံးနေရင်း သူ့အောက်နှုတ်ခမ်းကို အားမလို အားမရဖြစ်သွားတဲ့ ပုံစံဖြင့် ကိုက်လိုက်သည်။
ချားလ်စ်ကတော့ အံ့ဩလွန်း၍မတ်တပ်ရပ်နေရာမှ နဂိုနေရာသို့ ပြန်ထိုင်ကျသွားသည်။

အဲ့လောက်ထိကြီးတွေတော့ မလုပ်ပြလောက်ဘူးထင်တာလေ။ ကိုယ့်လူကလည်း ဘာလို့ နားရွက်တွေ ရဲနေပြီး သန့်စင်ခန်းဘက်ကို ခပ်သုတ်သုတ်လျှောက်သွားရတာလဲ။ မဟုတ်မှလွဲရော ရှောင်းကျန့်က ရှက်သွားတာလား။ တခြားသူ မဟုတ်ဘူး ရှောင်းကျန့် ကလေ။ အေးပေါ့ အနမ်းခံလိုက်ရတဲ့ သူမပြောနဲ့ ကြည့်နေတဲ့ သူတောင် ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားတာ။ ရှောင်းကျန့် ကိုတောင် ရှက်သွားအောင်လုပ်နိုင်တဲ့ ဒီကောင်လေးက တော်ရုံတန်ရုံ ဇတော့မဟုတ်။
ချားလ်စ် မနေနိုင်လွန်း၍ ပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။

"ရှောင်းကျန့် ရှက်သွားတာ သိလား...."

"သိတယ်...."

ဝမ်ရိပေါ် က ခပ်တည်တည်ဖြေလိုက်သည်။ချားလ်စ် ရှောင်းကျန့် မရှိတဲ့ အချိန်လေးမှာ ဝမ်ရိပေါ်နဲ့ စကားခဏပြောချင်သည်။ ရှောင်းကျန့်ရှိနေရင် ပြောဖို့ ခက်တာလေးတွေပေါ့။

"ဝမ်ရိပေါ် ကို ကျွန်တော် စကားနည်းနည်းပြောလို့ရမလား....."

ဝမ်ရိပေါ်က ပြောဆိုတဲ့ သဘောဖြင့်မေးဆတ်ပြလိုက်သည်။

"ရှောင်းကျန့်က တစ်ခါတစ်လေ အပြောအဆို မတတ်တာ ဝမ်ရိပေါ်သိတယ်မလား....."
"အပြောအဆို တတ်လွန်းတာ မဟုတ်ဘူးလား....."

"အင်း ဟုတ်ပါတယ်....ကျွန်တော်ဆိုလိုချင်တာက ဝမ်ရိပေါ်ကို နစ်နစ်နာနာတွေ ပြောခဲ့တာတွေရှိရင် စိတ်မရှိပေးဖို့ သူကဒီတိုင်းပဲ စိတ်ထဲမပါပေမယ့် စကားနိုင် အရမ်းလုတတ်တာ....."

ဝမ်ရိပေါ်က စားလက်စကို ခဏရပ်လိုက်ပြီး ချားလ်စ်ကို မျက်မှောင်ကျုံ့ကြည့်လိုက်ကာ.....

"အဲ့တာတွေ သိတာမလို့ ဒီဘက်ကလည်း ရှောင်းကျန့် ရဲ့ အကြောင်းအရမ်းသိနေတဲ့ပုံတွေ မလုပ်ပြပါနဲ့......"
ဟ....။ချားလ်စ် အခုချိန်မှာ ဆုတစ်ခုပဲတောင်းတယ်။ အ​ရှေ့က ကောင်လေးရဲ့ ခေါင်းကို ထောင်အကျမခံရဘဲ တစ်ခုခုနဲ့ ရိုက်ခွဲပစ်ဖို့။ တကယ်ကို သောက်ကြောတွေက တစ်ပုံစံတည်း​။ သူများပြောရင် လက်မခံချင်ကြတာတွေ​။ သူ့မှာ စကားတစ်ခွန်းပဲရှိတယ်....အိမ်သူဖြစ်မဖြစ်တော့မသိတကယ်ကို အသွင်တူတွေ။

ဝမ်ရိပေါ်က ရှောင်းကျန့်ရှေ့မှာ နူးညံ့နေတဲ့ မျက်နှာထားရှိပေမယ့် တခြားလူနဲ့ဆို တည်တင်းအေးစက်နေတတ်သည့်သဘောရှိမည်။ အဲ့တာကိုပဲသူသဘောကျသည်။ တစ်လောက လုံးမှာ ရှောင်းကျန့်ကို ပဲ လူထင်တယ် ဆိုသည့် သဘောထားမျိုး။ ချားလ်စ် ဝမ်ရိပေါ်​၏ အချိုးကို ကြည့်လို့မရပေမယ့် သူ့သူငယ်ချင်းနဲ့ ပတ်သက်ပြီး အမှတ်အပြည့်နီးပါးပေးလို့နေသည်။ အမှတ် အပြည့် ပေးဖို့အတွက်တော့ သူ့မှာ မေးခွန်းတစ်ခုရှိသေးတယ်။
ချားလ်စ် ဝမ်ရိပေါ်ကို လေးနက်စွာစိုက်ကြည့်လိုက်ပြီးနောက်.....

"ရှောင်းကျန့်ကို ချစ်လား....."

တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံတောင် မခြား ဝမ်ရိပေါ် ကပြတ်သားစွာပြန်ဖြေလိုက်​၏။

"ဘယ်လောက်ထိလဲဆိုတာရော ကြားချင်သေးလား....."

ချားလ်စ်က ဝမ်ရိပေါ်​၏ အဖြေကို သဘောကျလွန်းတာကြောင့် ခပ်ဟဟရယ်လိုက်ပြီးမှ ပြန်တည်လိုက်ကာ......

"ဖွင့်ပြောပြီးပြီလား...."

ဒီတစ်ခါတော့ ဝမ်ရိပေါ် ယတိပြတ်ကို နှုတ်ဆိတ်နေမိသည်။ ဖန်ခွက်ထဲက ရေတစ်ငုံကို မော့လိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။ ဒါကို ချားလ်စ်က ကြည့်ပြီး....
"ပင်ပန်းတယ်မလား ရှောင်းကျန့်ကို ချစ်ရတာ...."

"....."

"ရှောင်းကျန့်ရဲ့ စိတ်ကို မခန့်မှန်းတတ်ဘူးမလား...."

"......"

"ဝမ်ရိပေါ်ကို ကျွန်တော် အကြံတစ်ခုပေးမယ်ဆိုရင် လက်ခံမှာလား....."

ဝမ်ရိပေါ်က ဘာမှ ပြန်မဖြေ သူ့လက်ထဲက ဖန်ခွက်ကိုသာ ဟိုလှည့်ဒီလှည့်လုပ်နေသည်။

"ရှောင်းကျန့်ကို အမြန်ဆုံးဖွင့်ပြောဖို့ တိုက်တွန်းချင်တယ်....."

"......."

"ဝမ်ရိပေါ် အတွက်လည်း ဒီလောက် သိသာတဲ့ အပြုအမူတွေ ခံစားချက်တွေပြနေပေမယ့် ဒီခံစားချက်တွေရဲ့ အကြောင်းပြချက်ကို တစ်ဖက်လူသိအောင် မပြောပြနိုင်တာ မွန်းကြပ်လွန်းတယ်မလား....."
"......"

"ယုံချင်ယုံ မယုံချင်နေပါ.....နောင်တမရစေရဘူးလို့ အာမခံပါတယ်....."

ဝမ်ရိပေါ် တစ်ချိန်လုံးတိတ်ဆိတ်နေပြီးမှ.....

"တော်တော်နာတာ....."

"ဘာကိုပြောတာလဲ....."

"လှောင်ပြုံးတွေနဲ့ အထေ့အငေါ့တွေ ပြောလိုက်တိုင်း စူးနစ်နေအောင်ကိုနာတာ....."

ချားလ်စ် ဝမ်ရိပေါ်ကို ကြည့်နေမိသည်။ ဝမ်ရိပေါ်က ဆက်ပြီး.....

"အဲ့ဒိနာတတ်လွန်းတဲ့ ခံစားချက်တွေဖြစ်တုန်းက ကိုယ့်ကိုကိုယ် ချစ်မိနေမှန်းတောင်မသိခဲ့တာ....."

"......"

"ချစ်မိနေမှန်းမသိခဲ့တုန်းကတောင် ဒီလောက်နာခဲ့တာ.....တိတိကျကျ သိသွားတဲ့ အချိန်မှာ ဖွင့်ပြောလိုက်တဲ့ စကားတစ်ခွန်းကို ပြက်ရယ်ပြုလိုက်မှာသေမလောက်ရင်ထိတ်တာ....."
ဝမ်ရိပေါ် နည်းနည်းခါးသက်တဲ့ ပုံမျိုးဖြင့် ရယ်လိုက်ကာ.....

"ဟက်....ရှောင်းကျန့်ရဲ့ စကားတွေကို ဒီဘက်က ကြားဖူးလားတော့ မသိဘူး.....စကားနာတစ်ခွန်းတစ်ခွန်း ထွက်လာရင် အသတ်ခံရသလိုပဲ.....ကိုယ်ကပဲ ခံနိုင်ရည် ရှိလွန်းတာလား....ဒါမှမဟုတ် ခဏခဏ သေရတာကိုပဲ သဘောကျနေမိတာလားတော့ မသိဘူး....."

"တကယ်ဆို ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်ကို....."

ချားလ်စ် လေးနက်လွန်းတဲ့ အမူအရာတွေနဲ့ပြောနေတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး လွှတ်ကနဲတောင်ပြောမိတော့မည့်အချိန်တွင် ရှောင်းကျန့် သန့်စင်ခန်းက ပြန်လာတာတွေ့တာကြောင့် ရပ်လိုက်သည်။ ရှောင်းကျန့်က နေရာမှာပြန်ထိုင်လိုက်ပြီး ဝမ်ရိပေါ် ဘက်လှည့်ကာ.....
"ပြန်တော့မလား.....မောင် အိမ်ပြန်နောက်ကျနေဦးမယ်......"

​ဝမ်ရိပေါ်က ရှောင်းကျန့်ကို မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။

"မောင်ကဘယ်ပြန်ရမှာ မလို့လဲ....."

"မောင့်အိမ် မောင်ပြန်ပေါ့....."

"ရှောင်းကျန့်....."

ရှောင်းကျန့်က သူ့ကို စူးစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်ကို လျစ်လျူရှုပြီး ချားလ်စ်ဘက်သို့ လှည့်လိုက်ကာ......

"ချားလ်စ် ဒီနေ့ငါ မင်းအိမ်လိုက်ခဲ့မလို့.....ငါ ဒီပြန်ရောက်ကတည်းက ငါတို့နှစ်ယောက် ဟိုမှာတုန်းကလို လွတ်လွတ်လပ်လပ် မဆုံရတာ ကြာပြီမလား......"
ရှောင်းကျန့်ကို ဝမ်ရိပေါ်ကြည့်ကာ တစ်ခြမ်းစောင်းပြုံးလိုက်ပြီးမှ.....

"ရတယ်လေ.....မောင်လည်း လိုက်ခဲ့မယ်.....ဖြစ်တယ်မလား....."

"တစ်ယောက်မှ မလိုက်နဲ့....."

ဟုတ်တယ်။ ဒီအချိန်မှာ ချားလ်စ် သူ့အနေနဲ့ ပြတ်သားရမယ်။ ဒီတစ်နာရီ နှစ်နာရီ အချိန်လေးမှာတောင် မျက်စိရှေ့က ဒီနှစ်ယောက်ကို သူမခံစားနိုင်တာ။ သူ့အိမ်မှာ တစ်ညလုံးဆိုတာကတော့ အဆင်မပြေ။ ဒါကြောင့်သူ အခုကတည်းက ရှောင်ထွက်လာမှတော်ကာကျမည်။
"ခွင့်ပြုပါဦး .....မနက်ဖြန် အတွက် ပြင်ဆင်စရာလေးတွေရှိလို့.....ကမ်းလှမ်းထားတဲ့ ကုမ္ပဏီကတော်တော်လေး အသေးစိတ်ကျမှ ကြိုက်တာဆိုတော့ ဒီညနည်းနည်း အလုပ်ရှုပ်ရဦးမှာ.....ငါသွားတော့မယ်နော် ရှောင်းကျန့်......"

ဆိုင်ထဲကနေ ခပ်သုတ်သုတ်ထွက်သွားတဲ့ ချားလ်စ်ကို ရှောင်းကျန့် မျက်စိတစ်ဆုံးလိုက်ကြည့်နေတာကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ မျက်နှာကို လက်နှစ်ဖက်နဲ့ ယူပြီးသူ့ဘက်ကို ဆွဲလှည့်လိုက်ကာ သူနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။
"ဘာလဲ မင်းက မောင်နဲ့ အတူမရှိချင်လို့လား....."

"အင်း....."

"ရှောင်းကျန့်....."

"မောင့်ဘာသာ မောင် အိမ်ပြန်ချင်ပြန် မပြန်ချင်နေ.....ကိုယ်လည်း ကိုယ့်အိမ်ကိုယ်ပြန်မှာ မဟုတ်ဘူး....."

"မင်းက ကိုယ့်အိမ်ကိုယ်မပြန်လို့ဘယ်သွားမလို့လဲ......."

"ဘယ်သွားသွား မောင်နဲ့ မဆိုင်သလို.....မောင့်ကိုယ့်အိမ်လိုက်ချင်ရင်လည်း မရဘူး......တံခါး password လည်း မမှတ်မိတော့ဘူး......"

"အတော်ပဲ မင်းလည်း အိမ်မပြန်မယ့် အတူတူ ဒီနားက ဟိုတယ်တစ်ခုကို သွားကြမလား.....ပြောရရင် မင်း အိမ်က အိပ်ရာက လူနှစ်ယောက်အတွက် နည်းနည်းကျဉ်းတယ်....."
ဝမ်ရိပေါ်က ရှောင်းကျန့်​၏ မျက်နှာ အနား တဖြည်းဖြည်းတိုးကပ်သွားကာလေသံတိုးတိုးဖြင့်.....

"အိပ်ရာက ကျဉ်းပေမယ့် ပထမဦးဆုံးညတုန်းက ကျဉ်းလို့ကျဉ်းမှန်းတောင် သတိမထားမိဘူး.....အဲ့တုန်းက မင်းမောင့်ကို မလွှတ်တမ်းဖက်ထားပြီး ကျောပြင်တစ်ခုလုံးရစရာမရှိအောင် လက်သည်းနဲ့ အသေ....."

"ပါးစပ်ပိတ်ထားစမ်း​ မောင်.....ပြန်စရာ ရှိတာပြန်တော့......"

"ဟက်.....ရှက်တယ်ပေါ့....."

"အရွယ်ရောက်ပြီးသား လူနှစ်ယောက် အိပ်တာ ဘာရှက်စရာရှိလဲ.....ကလေးတစ်ယောက်မှ မပါဘူး....."
ရှောင်းကျန့်က ရုပ်တည်ဖြင့် ရေတစ်ခွက်လုံးကို ကြားထဲမှာ တစ်ချက်မနားမော့သောက်လို့နေသည်။ ရေသောက်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် တစိမ့်စိမ့်ကြည့်ပြီး.....

"မင်း မောင့်ကို ဘာလို့ အတင်းနှင်နေတာလည်း....."

"......."

"မောင့်ရင်မှာ မင်းမပျော်လို့လား......"

"အဟွတ်.....အဟွတ်...."

ရှောင်းကျန့် ရေသီးသွားတာကြောင့် မျက်နှာ တစ်ပြင်လုံး နီရဲလာသည်အထိ ချောင်းအဆက်မပြတ်ဆိုးတော့သည်။ ရေကလည်ချောင်းထဲမဝင်ဘဲ တခြားနေရာထဲ မှားဝင်သွားတာ ဖြစ်နိုင်မည်။
ဒီလို အရမ်းကို....ကျစ်....ဘယ်လိုပြောရမှန်းတောင်မသိဘူး။ စတွေ့တုန်းကတော့ စကားတစ်ခွန်းကို ဆယ်လုံးပြည့်အောင် မပြောတတ်ဘူးလို့ထင်ခဲ့တာ။ဘာလဲ ရုပ်ခံရှိပြီးသားဆိုတော့ လူတကာ ကြိုက်အောင် အပြောတွေ ကျင့်နေတာပေါ့​။

မှတ်တောင်ထားရဦးမယ်။ မနူးမနပ် ဆယ်ကျော်သက်ကလေးတွေလို လွယ်လွယ်နဲ့ ကြွေမယ်များထင်လို့လား။တိတိကျကျပြောရရင် ၆ နှစ်တောင် ပိုကြီးတာ။ အဲ့တော့ သူက ကလေးမဟုတ်ဘူး လူကြီး။
"ရရဲ့လား......"

ရေသီးသွားတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ကျောလေးကို သပ်ပေးလိုက် လက်ကိုင်ပုဝါလေးနဲ့ ရေစိုသွားတဲ့ နေရာလေးတွေကို သုတ်ပေးလိုက်လုပ်နေတော့သည်။ ရှောင်းကျန့် အဆင်ပြေသွားပုံရမှ ဝမ်ရိပေါ်က ထိုင်နေရာမှ ထရပ်လိုက်ပြီး......

"မင်းအဆင်ပြေရင်.....မောင်ပြန်တော့မယ်.....မောင်နဲ့ အတူမရှိချင်ဘူးမလား......အဲ့တော့ မင်းသဘောပဲ.....အိပ်ရင် စောင်အသေအချာခြုံပြီး နွေးနွေးထွေးထွေးတော့အိပ် ဟုတ်ပြီလား....."
ဝမ်ရိပေါ်က ရှောင်းကျန့်​၏ နဖူးလေးကို နမ်းလိုက်ကာ......

"အဲ့တာဆို မောင်ပြန်ပြီ....."

ဝမ်ရိပေါ် လှည့်ထွက်ကာ သုံးလှမ်းစာလောက် လျှောက်လာပြီးနောက် အင်္ကျီလက်က တင်းကနဲဖြစ်သွားတဲ့ ခံစားမှုကြောင့် နှုတ်ခမ်းထောင့်များကို ကွေးညွတ်မိသည်။

ရှောင်းကျန့်က အနောက်ကနေ သူ့ရဲ့ လက်မလေးနဲ့ လက်ညိုးလေးကိုသုံး၍ ဝမ်ရိပေါ်​၏ အင်္ကျီလက်ရဲ့ မှီတဲ့နေရာလေးကို ဆွဲထားလိုက်သည်​။ ထို့နောက် အလိုမကျတဲ့ ပုံမျိုးဖြင့် မျက်ခုံးများကို တွန့်ချိုးလိုက်ကာ.....
"ဖက်အိပ်ပေးမယ့်သူမရှိဘဲ ဘယ်လိုလုပ်နွေးနွေးထွေးထွေး အိပ်လို့ရမှာလဲ.....မောင်....."

ဟား......။

ကြွေတဲ့ အဆင့်တောင် မဟုတ်တော့ဘူး.....အဲ့တာ သေတာ။ ဒီလို အပြုအမူ အပြောအဆိုတွေအောက်မှာ တုတ်တုတ်လှုပ်လို့ မရအောင်ကို သေတာ။မောင့်ကို သတ်လိုက် အသက်သွင်းလိုက်နဲ့ မင်းက တကယ်ကို တတ်နိုင်လွန်းတာ။

မောင့်လျော့ပေးတော့ မင်းက တင်းတယ်။ မောင်ပြန်တင်းတော့ မင်းကလျော့တယ်။ ဒီလို အလျော့အတင်းကို မင်းဘက်က ပိုင်ပိုင်နိုင်နိုင် ခြယ်လှယ်တတ်တဲ့အခါ......
ဒီနှင်းဆီနီ ရပ်ဝန်းကနေ မောင်မရုန်းနဲ့တော့လို့ သွယ်ဝိုက်ပြောလိုက်တာလား.....။