ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၈)Unicode

"5-2-0-8-0-5"

"Wrong password...."

"5-2-0-8-0-5 "

"Wrong password....."

ဝမ်ရိပေါ် တံခါး password ကို သုံးခေါက်ထပ်မနည်း ကြိုးစား ပြီးသည့်အခါမှာတော့ ဒေါသဖြင့် တံခါးကို ကန်ကျောက်ပြီး ထုရိုက်လိုက်သည်။

"ဒုန်း....ဒုန်း...."

"......"

"ရှောင်းကျန့် မောင့်ကို လာဖွင့်ပေးနော်....."

"......"

"ရှောင်းကျန့်....."

အထဲက ဘာတုံ့ပြန်မှုမှ ပြန်မလာ။

ဒါကဘာလဲ။ ကားပါကင်ထိုးနေတဲ့ အချိန်လေးမှာ အရင်တက်သွားပြီး တံခါး password ကိုပြောင်းလိုက်တာတဲ့လား။ သူအတင်းလိုက်ပို့လို့သာ သူ့ကားပေါ်လိုက်ခဲ့တာ။ ပြောရရင် ရှေ့ဆင့်နောက်ဆင့် အချိန် ငါးမိနစ်လေးမှာတောင် သူဝင်လို့မရအောင် password ပြောင်းလိုက်တယ်ပေါ့။

ဝမ်ရိပေါ် အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ရှောင်းကျန့်ကို ခေါ်တော့ စက်ပိတ်ထားပါသည်နှင့်တိုး​၏။ ရှိနေတဲ့ နေရာကို သိနေတာတောင် သူ့ကို တံခါးလေးတစ်ချပ်ခြားပြီး တကယ်ကို အဆက်ဖြတ်ထားတယ်ဆိုတဲ့ သဘောလား။ဝမ်ရိပေါ် တံခါးကို အဆက်မပြတ်ထုနေတာကြောင့် လက်ဖနောင့်တွေတောင် နာကျင်လာရတာမလို့ ရပ်လိုက်သည်။

ရတယ် ရှောင်းကျန့်....မောင့်ဘက်ကလည်း မမှန်နေလို့ မင်းကို ခဏတော့ အချိန်ပေးထားမယ်။

ဝမ်ရိပေါ်  တံခါးပွင့်လာဖို့ ဆက်မကြိုးစားတော့ဘဲ ဂျက်ဆီကို ဖုန်းဆက်လိုက်သည်။

"ဂျက်.....ကွာရှင်းစာချုပ် စီစဉ်ထားလိုက်....."

"....."

"ပြောသလိုသာလုပ်.....ဘာမှ ဝင်ပြောမနေနဲ့ .....! "

________ __________

"ဝုန်း....ခလွမ်း...."

ဝမ်ရိပေါ်  ဝမ်အိမ်တော်​၏ အိမ်မကြီးကို ခြေချလိုက်သည်နှင့် အိမ်ဝမှာ ထောင်ထားတဲ့ အဖိုးတန်ရှေးဟောင်း အလှပန်းအိုးတစ်ခုက ကြမ်းပြင်ပေါ် အစိတ်အမွှာမွှာကွဲလျက်သား။ အပြင်ဘက်က အသံတွေ ကြားတာကြောင့် ယန်ယူမီ အိပ်ခန်းထဲမှ ပြေးထွက်လာပြီး.....

"မောင်....ပြန်ရောက်....."

"ခင်ဗျားနဲ့က နောက်မှရှင်းမယ်...."

ယန်ယူမီကို ဝမ်ရိပေါ် တစ်ချက်သာ ငဲ့ကြည့်လိုက်ပြီး သူ့အဘွားရှိရာ အပေါ်ထပ်ကို ပြင်းပြသော ခြေသံများဖြင့်တက်သွားသည်။

"ဝုန်း....."

အပေါ်ရောက်တော့ ခါတိုင်းလိုခွင့်တောင်းမနေတော့ဘဲ သူ့အဘွား​၏ အခန်းတံခါးကို ဝုန်းကနဲမည်အောင်ဖွင့်​၏။ အထဲက ဝမ်ဘွားကလည်း အထိတ်တလန့်ဖြင့်.....

"ရိပေါ်....တဖြည်းဖြည်း ရိုင်းစိုင်းမလာနဲ့...."

"ပြောကြည့်ပါ ဘွား.....ကျွန်တော့်ကို အသိမပေးဘဲ တစ်ဖက်ကို ဘာလို့ သွားတွေ့ရတာလဲ...."
အခန်းတွင်းမှာ ဝမ်ရိပေါ်​၏ အသံက တင်းမာလို့နေ​၏။

"ဘွားတို့ဘက်က မင်းကိုပြောလို့ရလို့လား ရိပေါ်....ကိုယ့်ဘက်ကို ကိုယ်ပြောလို့မရတော့ ဟိုဘက်ကို သွားပြောတာ ဆန်းလား....."

"ဆန်းတယ်....တကယ်ကို ဆန်းတာ.....အထူးသဖြင့်ဘွားလို လူမျိုးက အဲ့လိုမျိုးတွေ လုပ်တတ်ခဲ့မယ်မှန်းမသိတာ.....ဘွားကို မြင့်မြတ်တဲ့ လူတစ်ယောက်လို့ပဲ ထင်ခဲ့တာလေ ကျွန်တော့် ဘဝတစ်လျှောက်လုံး...."

"ဘွားအနေနဲ့ ကတော့ ကိုယ့်မြေးရဲ့ အနာဂတ်အတွက် လုပ်စရာရှိတာ လုပ်ရမှာပဲ....."
"ဘွားပြောကြည့်ပါ အချစ်မရှိတဲ့ အနာဂတ်တစ်ခုကို ကျွန်တော် ဘယ်လို ဆက်သွားရမှာလဲ.....ဘာမှ ရှည်ရှည်ဝေးဝေးမကြည့်နဲ့ ကျွန်တော့်ရဲ့ပါးနဲ့မားရဲ့ အိမ်ထောင်ရေးကိုပဲကြည့် ကျွန်တော့်ကိုသာ ရလာတယ်....ဒီလို အရှုပ်အရှင်းတွေဖြစ်နေတဲ့ အချိန်မှာ ပါးက နည်းနည်းလေးတောင် စိတ်ဝင်စားမှုပြလို့လား.....ဒါလား ဘွားတို့ပြောတဲ့ အနာဂတ်တွေ....."

ဝမ်ရိပေါ် ပြောနေရင်းနဲ့ မျက်ရည်တွေ ရစ်ဝဲလာရသည်။ အသံတွေကလည်း တုန်ရီလာရကာ....
"ဘွားသိလား.....ကျွန်တော့်ဘဝမှာ ဘယ်သူ့ကို မှ မချစ်တတ်ခဲ့ဘူး.....ချစ်မိသွားတဲ့ လူကြတော့ အဲ့လောက်တောင် ခက်ခဲနေရတာလား....."

"......"

"အခု ဘွားတို့ ငွေစကားသွားပြောခဲ့တဲ့ လူက ဘယ်လောက်တောင် မာန အထိခိုက်မခံတဲ့ လူဆိုတာရော ဘွားသိရဲ့လား.....ဘွားလူကဲခတ်ကျွမ်းမယ်ဆိုရင်  အဲ့လူရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ သိမှာ....."

ဝမ်ရိပေါ် ​၏ အသံကအဖျားခတ်တွင် သိမ်ဝင်လာသည်။

"ဘွားတကယ် သူက ဘယ်လို လူမျိုးလဲဆိုတာ ပထမ တစ်ခေါက်တွေ့ခဲ့ကတည်းက မသိဘူးလား....."
"မြေးရိပေါ်....."

"သူက အဘွားတို့ပေးခဲ့တဲ့ ဒီချက်လက်မှတ်ကိုယူခဲ့ပြီး ဘာလုပ်လဲ ကျွန်တော့်ကို ပမာဏ အတိအကျနဲ့ကို ပြန်ပေးပြီး အဆက်အသွယ်ဖြတ်ခိုင်းတယ်....."

"......."

"ဘွားသိရက်သားနဲ့ ဟိုဘက်က အခါတစ်ထောင်ပြတ်နိုင်ရင်တောင် မပြတ်နိုင်တာက အဘွားရဲ့မြေး ကျွန်တော်ဆိုတာ....."

သူ့အဘွားကို ပြောပြီးတာနဲ့ ဝမ်ရိပေါ် သူ့ဘောင်းဘီအိတ်ထဲ ဒီတိုင်းထိုးထည့်လာတဲ့ ချက်လက်မှတ်စာအိတ်ကို သူ့အဘွားရှေ့က စားပွဲခုံလေးပေါ်သို့ ပစ်ချပေးလိုက်သည်။
"ရော့....လူနှစ်ယောက်ရဲ့ ပတ်သက်မှုကို ပြတ်စေမယ်လို့ဘွားတို့ဘက်က သတ်မှတ်ပေးလိုက်တဲ့ တန်ကြေး....အဘွားရဲ့မြေးချွေးမဖြစ်သူ ယန်ယူမီကို ပြန်ပေးလိုက်ပြီး ကျွန်တော်နဲ့ ဖြတ်ခိုင်းလိုက်.....မလောက်သေးရင်လည်း လာပြော....ဝမ်လုပ်ငန်းစုရဲ့ CEO  တစ်ယောက်က ဘယ်လောက်ထိတတ်နိုင်လဲဆိုတာ ဘွားကိုယ်တိုင်သိမှာပေါ့....."

​ဝမ်ဘွား​၏ အခန်းထဲမှ ဝမ်ရိပေါ် ထွက်လာပြီးနောက် ဂျက် ဆီမှ ဖုန်းဝင်လာသည်။

"အင်း.....ဧည့်ခန်း စားပွဲပေါ်မှာ တင်ထားခဲ့...."
ဝမ်ရိပေါ် အပေါ်ထပ်လှေကားတွေမှတဆင့် အောက်ထပ်လှေကားတွေဆီသို့ တစ်လှမ်းချင်းဆင်းလာသည်။ ယန်ယူမီ ကတော့ စားပွဲခုံပေါ်က စာရွက်ဖြူဖြူတွေကိုကြည့်ရင်း တုန်လှုပ်နေ​၏။

ဝမ်ရိပေါ် အောက်ရောက်လာတော့ ဧည့်ခန်းဆိုဖာခုံတွင် ယန်ယူမီ နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ပြီးနောက် အေးဆေးနေတဲ့ လေသံဖြင့်.....

"ယူမီနဲ့ ကျွန်တော်က ဒီတစ်ဆင့်ပဲ ကျန်တော့တာ သိတယ်မလား....."

"မောင်....ယူမီရှင်းပြတာကို နားထောင်ပေးပါဦး...."
"ကျွန်တော် ပြောထားတယ် ထင်တယ် ဒီနာမ်စားကို မခေါ်ဖို့....."

"အဲ့တာဆို ယူမီ ရှင်းပြတာ နားထောင်ပေးပါ....."

ဝမ်ရိပေါ်က ခပ်ထေ့ထေ့ရယ်လိုက်ပြီး....

"ဘာရှင်းပြဦးမှာလဲ.....ကျွန်တော်ချစ်တဲ့လူကို ဘယ်လိုတွေ ပစ်ပစ်ခါခါ ပြောခဲ့တယ် ဆိုတဲ့ အကြောင်းတွေလား....."

"အဲ့လို မဟုတ်....."

"ဘာမှထပ်မပြောနဲ့တော့.....ကျွန်တော် ယူမီကို အစကတည်းက တစ်ခါတည်း ကွာရှင်းဖို့ မလုပ်ခဲ့သေးတာလည်း သိလား.....ယူမီနဲ့ လက်ထပ်ခဲ့တဲ့ ကိစ္စက ကျွန်တော်ကိုယ်တိုင်လည်း သဘောတူခဲ့တာမလို့....ငယ်ရွယ်ခဲ့တဲ့ အချိန်မှာ စီးပွားရေး ဆိုတာပဲစိတ်ထဲစွဲနေခဲ့လို့ ပြီးတော့ တစ်ချိန်မှာ ကိုယ်တကယ်ချစ်လာမယ့် သူဆိုတာမျိုးတွေ ရှိလာခဲ့မယ်ဆိုတာကို မထင်မိခဲ့လို့....."
"......"

"ဘဝတစ်ခုလုံးမှာ ဘာကို နောင်တအရဆုံးလဲဆိုရင်တော့ အချစ်မပါ ဗလာသပ်သပ် ခပ်ပေါ့ပေါ့တွေးပြီး အိမ်ထောင်ပြုခဲ့ရတာကိုပဲ....."

"......"

"ဒါတွေ အားလုံးထက် ယူမီ့ကို မကွာရှင်းသေးတာက ဟိုဘက်က ကွာရှင်းလိုက်ပါဆိုပြီး တိတိကျကျ မပြောလာသေးလို့ .....အဲ့တာကို ဘာလို့ ဘယ်သူ့အားကိုးနဲ့ ဟိုဘက်ကို သွားပြီး ပြောဆိုခဲ့ရတာလဲ....."

ဝမ်ရိပေါ် ပြောနေရင်းနဲ့ ဒေါသအရှိန်က ပြန်လှုပ်ခတ်လာရသည်။ နီရဲနေတဲ့ မျက်ခမ်းစပ်တွေက ယန်ယူမီရဲ့ စိတ်ကို လှုပ်ရှားစေသည်။
"ယူမီ က ဘယ်သူ့အားကိုးနဲ့ဖြစ်ဖြစ် အတင့်ရဲနေပါစေ.....ရှောင်းကျန့်ဘက်မှာ ကျွန်တော်ရှိနေသမျှတော့ ထိဖို့ စိတ်တောင်မကူးနဲ့......"

ဝမ်ရိပေါ် သူ့ရဲ့ အင်္ကျီ အိတ်ကပ်ထဲက ဘောပင်ကို ဆွဲထုတ်လိုက်ကာ ကွာရှင်းစာချုပ်​၏ ပထမ မျက်နှာတွင် လက်မှတ်ထိုးလိုက်သည်။ထို့နောက် ဒုတိယ စာမျက်နှာကို လှန်လိုက်ပြီးနောက် ယန်ယူမီ ​၏ အရှေ့သို့ ထိုးပေးလိုက်သည်။

"မလုပ်ပါနဲ့....ယူမီ ကျေနပ်သလောက်တောင်းပန်ပါ့မယ်....."
ယန်ယူမီ​၏ မျက်လုံးအိမ်မှ မျက်ရည်များ အတိုင်းအဆမရှိ စီးဆင်းလာရသည်။ အသံများက တုန်ရီနေကာ ပြောတဲ့စကားတို့က ပီသမှုမရှိတော့။ ယန်ယူမီ​၏ မျက်ရည်တွေကို ဝမ်ရိပေါ် လျစ်လျူရှုပြီး.....

"ကျွန်တော့် ဘက်ကတော့ လက်မှတ်ထိုးပြီးပြီ....ယူမီ ဘက်ကလည်း ကြိုက်တဲ့ အချိန်ထိုးလိုက်.....ဘယ်အချိန် ဒီကထွက်သွားပါလို့လည်း ကျွန်တော် မပြောဘူး......ကြိုက်တဲ့ အချိန်သာ ထွက်သွား ကျွန်တော်လည်း ပြန်လာမှာ မဟုတ်လို့......"
"ယူမီ့ကို အဲ့လို မလုပ်ပါနဲ့.....ယူမီတို့ အသိုင်းအဝိုင်းမှာ ယူမီဘယ်လို မျက်နှာပြရမှာလဲ.....ယူမီ့ကို တစ်ခုလပ်ဆိုပြီး လူတွေ အထင်သေးကြတော့မှာပေါ့....အဲ့လို မလုပ်ပါနဲ့ ....ယူမီ ရှောင်းကျန့်ကို သွားပြီး ပြန်တောင်းပန်ပေးရမလား......ဟိုဘက်ကို သွားပြီး ဒူးထောက်တောင်းပန်ရမယ်ဆိုရင်လည်း ပြောပါနော်....အင့်....ဟင့်...."

"အဲ့ဘက်ကို ဘာမှ သွားပြောစရာမလိုဘူး.....ကျွန်တော်ကိုယ်တိုင် ပြေလည်အောင် ပြန်လုပ်မှာမလို့.....တစ်ခုပဲ ယူမီရဲ့ အဖေကို ရှောင်းကျန့်နဲ့ လုံးဝအဆက်အသွယ်မလုပ်တော့ဖို့ ပြောထား.....ရှောင်းကျန့်ရဲ့ ပါးစပ်က ဦး ဆိုတဲ့ စကားတစ်လုံးထပ်ပြီး ထွက်လာဦးမယ်ဆိုရင် ဆက်စပ်ထားတဲ့ လုပ်ငန်းတွေရဲ့ အကျိုးဆက်ကို တွေးထားပါလို့....."
"......."

"ကျွန်တော့်စကားကုန်ပြီ...."

ယန်ယူမီ​၏ ငိုရှိုက်သံတွေပြင်းလာရသည်။ သူတို့အိမ်ထောင်သက်တစ်လျှောက်မှာ ဒီဟာ ပထမဦးဆုံးမောင်သူ့ကို စကားအများဆုံးပြောတာပဲ။ပြောလိုက်တဲ့စကားတွေကလည်း တခြားလူကို ဘယ်လောက်ချစ်ကြောင်းနဲ့ သူ့ကိုကွာရှင်းပြတ်စဲဖို့တဲ့လား။

ယန်ယူမီ​၏ ရှိုက်သံပြင်းတွေကြောင့် အပေါ်ထပ်က ဝမ်ဘွားတောင် ဆင်းလာရသည်။ အိမ်က အလုပ်သမားတွေ သွားပြီး သတင်းပေးလိုက်တာလည်းပါမည်။ ဝမ်ဘွားကအောက်ထပ်ကိုရောက်တော့....
"အဲ့တာ ဘယ်လိုတွေဖြစ်နေတာလဲ....."

ယန်ယူမီ ဝမ်ဘွားကို တွေ့လိုက်သည်နှင့် အမြန်ပြေးသွားကာ အားကိုးတကြီး ဖက်တွယ်လိုက်သည်။

"ဘွား ယူမီ့ကို ကူညီပါဦး.....မောင့်ဘက်ကို ကူပြီးပြောပေးပါဦး.....ယူမီ မောင်နဲ့ မကွာပေးနိုင်ဘူး....."

"ရိပေါ် မင်းဘာတွေ လုပ်နေတာလဲ.....အခုချက်ချင်း အဓိပ္ပာယ်မရှိတာတွေကို ရပ်လိုက်စမ်း...."

ဝမ်ဘွားကို ဝမ်ရိပေါ်က အသံထွက်လာသည်အထိရယ်သည်။

"အခုကျွန်တော်ကလည်း အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို ရပ်နေတာ.....အဓိပ္ပာယ်မရှိတဲ့ အိမ်ထောင်တစ်ခုကို ရပ်နေတာ......"
"ဖြန်း...."

ဝမ်ရိပေါ်​၏ ပါးပြင်ပေါ်သို့ ကျရောက်သွားတဲ့ ဝမ်ဘွား​၏ လက်ဖဝါးတစ်ဖက်။ အသားဖြူလို့လား လက်ငါးချောင်းအရာက ချက်ချင်းကို နီရဲပြီးထင်းလာရသည်။

"ရိပေါ် ငါ့မြေး မင်းအရမ်းမိုက်လွန်းတယ်...."

ဝမ်ရိပေါ် ကသူ့ပါးကိုလက်နဲ့ပြန်ကိုင်လိုက်ကာ မဲ့ပြုံး ပြုံးလိုက်ပြီး....

"ဘွား ထပ်ရိုက်ချင်ရင် ရိုက်လိုက်ဦး.....ဘွားရိုက်လိုက်တာကို အကြောင်းပြပြီး ဟိုတစ်ယောက်ကို ဆတူ ပြန်နမ်းခိုင်းမလို့....."
ဝမ်ရိပေါ် လှည့်ထွက်သွားဖို့ အလုပ် ဝမ်ဘွားက ဝမ်ရိပေါ်ကို လက်ထဲက ချက်လက်မှတ်ထည့်ထားတဲ့ စာအိတ်ဖြင့်ပေါက်လိုက်သည်။ ဒါကို ဝမ်ရိပေါ်ကြည့်လိုက်ကာ.....

"ဒီစာအိတ်က ယူမယ့်သူ မရှိရင်လည်း ကျွန်တော်ပဲ ယူသွားတော့မယ်.....ဪ ဒါနဲ့.....ရှောင်းကျန့်ရဲ့ တန်ဖိုးကဘယ်လောက်လဲသိလား......"

ဝမ်ရိပေါ် စားပွဲပေါ်က ဘောပင်ကိုကိုင်၍ ကွာရှင်းစာချုပ်​၏ နေရာအလွတ်မှာ " 1 " ဆိုတဲ့ ဂဏန်းကို စရေးလိုက်ပြီး အနောက်မှာ မရေတွက်နိုင်လောက်သည်အထိ သုည တွေကို လိုက်ထည့်လိုက်သည်။ များပြားလွန်းတဲ့ သုညတွေက ပထမစာမျက်နှာကိုတောင် မဆန့်တော့တာကြောင့် ဒုတိယ စာမျက်နှာအထိရောက်သွားပြီး စာရွက်ပြည့်သွားသည့်အခါမှ ရပ်လိုက်သည်။ ထို့နောက် သုညတွေရေမတွက်နိုင်အောင် ပြည့်နေတဲ့ စာရွက် တွေကို သူ့အဘွားရှေ့သို့ ထိုးပေးလိုက်ပြီး.....
"ဒီ စာရွက်တွေထဲမှာ ရေးပြထားတဲ့ ပမာဏကို ဘွားတတ်နိုင်မှ  ရှောင်းကျန့်ရဲ့ တန်ဖိုးကို ငွေကြေးနဲ့ ဖြတ် ဟုတ်ပြီလား....."

"ခွမ်း...ခလွမ်း...."

ဝမ်ရိပေါ် ဝမ်အိမ်တော်ထဲမှ မထွက်သွားခင် နောက်ထပ် ရှေးဟောင်း ပန်းအိုးတစ်ခုကို ထပ်ခွဲလို့သွားပါသေးသည်။ ဝမ်ဘွားကတော့ သူ့လက်မောင်းကို တွဲပြီး ငိုနေတဲ့ ယန်ယူမီကိုတောင် မေ့သွားသည်အထိ လက်ထဲက သုညတွေ အပြည့်နဲ့ စာရွက်တွေကို သာစိုက်ကြည့်လို့နေသည်။
ဒီအချိန်မှာ သူ့စိတ်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်က ဘယ်လိုမျိုးမှန်းတောင်သူမသိ။ လူတွေပြောနေတဲ့ အချစ်ဆိုတာ ဒါမျိုးတွေလား။ သူ့အသက်အရွယ် ၈၀ ပြည့်ခါနီးအထိ သူဒီလိုမျိုးတွေ မျက်ဝါးထင်ထင်မတွေ့ခဲ့ဖူးတာပင်။ သူ့တုန်းကလည်း မျိုးရိုးစဉ်ဆက် မိဘတွေ သဘောတူလို့ ရိပေါ်လေးရဲ့ အဘိုးဖြစ်သူကို လက်ထပ်ခဲ့တာပင်။ အချစ်ဆိုတာမျိုး မဟုတ်ဘဲ အချိန်ကြာမှ သံယောဇဉ်ဆိုတာ မျိုးတွေဖြစ်လာရတာ။
အခု သူ့မြေးက လူတစ်ယောက်ကို တန်ဖိုးမဖြတ်နိုင်လောက်အောင် အထိကို ချစ်နေတာ။ သူ့မြေးတစ်ယောက်တည်းလားဆိုတော့ ဟုတ်မနေပြန်ဘူး။သူဟိုဘက်ကို လည်းမေးခဲ့တယ်.....သူ့မြေးက ဘယ်လောက်တန်လဲဆိုတာ။ ဟိုဘက်က ပြန်ပြောလိုက်တာက ရိုးရိုးလေးပဲ ငွေစက္ကူတွေထက် ပိုတယ်တဲ့ ငွေစက္ကူတွေနဲ့ တန်ဖိုးဖြတ်ရင်လည်း စာအိတ်တွေနဲ့တောင် လောက်ပါ့မလားဆိုပြီး။ ဒီစကားလေးက ရိုးရိုးလေးပေမယ့် သူ့မြေးက တန်ဖိုးဖြတ်လို့ မရဘူးဆိုပြီး သွယ်ဝိုက်ပြောသွားတာ။
သူ့မြေးက အရမ်းချစ်တတ်လွန်းတယ်လွန်းဆိုရင် ဟိုဘက်ကရော။ ဘယ်သူကပိုချစ်တတ်လဲတော့ မသိပေမယ့် ဘယ်သူကမှ မလျော့တဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ကြတယ်။

သူနေ့လည်က လှည့်ထွက်ခဲ့ဖို့ လုပ်တုန်း ရှောင်းကျန့်ဆိုတဲ့ လူရွယ်လေးက ရင်ထဲက လှိုင်းတွေပါခတ်လာတဲ့ အသံမျိုးဖြင့် နင့်သည်းစွာပြောခဲ့တယ်။ မျက်လုံးထဲမှာ မာန်တွေနဲ့ ခက်ထန်နေတဲ့ ကလေးတစ်ယောက်ရဲ့ အသံမှာ သိမ်ငယ်မှုလေးတွေစွတ်နေခဲ့တယ်လို့ သူတွေးမိတယ်။ ကိုယ့်ကို ငွေနဲ့လာစော်ကားခဲ့တဲ့ လူကို ဒီလို စကားတွေပြောထွက်ဖို့ ထိုကလေးအတွက် အရမ်းကို ခက်ခဲခဲ့မှာ။
ဒီစကားတစ်ခွန်းကို သူအသိအမှတ်မပြုနိုင်ခဲ့ပေမယ့် လျစ်လျူတော့ မရှုနိုင်ခဲ့ဘူး။ စကားလေးတစ်ခွန်းရိုးရိုးလေးပေမယ့် သိပ်သည်းလွန်းတယ်။

"ချစ်တယ်....အဘွားမြေးကို ကျွန်တော်ချစ်တယ်...." တဲ့ ။

________ ___________

ဝမ်ရိပေါ် အိမ်ကထွက်လာပြီးနောက် ကားပေါ်တက်ကာ နေရာတစ်ခုဆီကိုသာ တန်းတန်းမတ်မတ် မောင်းခဲ့သည်။ ဖုန်းခေါ်နေလည်း ကိုင်မည် မဟုတ်တာကြောင့် တိုက်ရိုက်သာ ပြန်လာခဲ့ခြင်းဖြစ်သည်။

"တင်းတောင်...."
ရှောင်းကျန့် တိုက်ခန်းရှိရာသို့ သွားဖို့ ဝမ်ရိပေါ် ဓာတ်လှေကားကို စောင့်နေရင်း တံခါးပွင့်လာတာကြောင့် အထဲကို ဝင်မည်အလုပ် ဓာတ်လှေကားအတွင်းမှာ တစ်ယောက်တည်း ထောင့်ကပ်ပြီး ပါလာတဲ့သူကိုတွေ့​၏။

ဟက်....လုံအောင်ပဲ မပုန်းနိုင်တာလား လွတ်အောင်ပဲမပြေးနိုင်တာလား ပက်ပင်းကိုတိုး​၏။

ဝတ်ထားတာလည်း ကြည့်ဦး ရှိုးအပြည့်နဲ့။ အနီရောင်ရှပ်အင်္ကျီကို ခဲရောင်ဘောင်းဘီရှည်နဲ့ တကယ်ကို ကျကျနန ဝတ်ဆင်ထားတာဖြစ်သည်။ ရင်ဘတ်က ကြယ်သီးတွေကတော့ ပြောမနေနဲ့ ။ အခုတော့ ခါတိုင်းထက်ကို တစ်လုံးပိုပြီးဖြုတ်ထားတာဖြစ်သည်။တော်တော်ကို ဆိုးပြီး ဂျစ်တိုက်လာတာပင်။ သူများတွေကို မမြင်စေချင်တာထက် အအေးပတ်မှာကို ပိုစိုးရိမ်နေမိတာ။တစ်ကိုယ်လုံး ရှိုးအပြည့်မှာ ထူးခြားနေတာက လျှာထိုးဦးထုပ်အနီကိုဆောင်းထားပြီး ည ၇ နာရီ အချိန် မှာ နေကာမျက်မှန်ဝတ်ထားတာဖြစ်သည်။
သူ့ကို မြင်တော့ ဟန်ချက်တစ်ချက်တော့ ပျက်သွားပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး ဓာတ်လှေကားအတွင်းမှ ထွက်ဖို့ပြင်နေ​၏။

ရှောင်းကျန့် ဓာတ်လှေကား ထဲမှ ထွက်မည်အလုပ် ဝမ်ရိပေါ် ဓာတ်လှေကားတံခါးကို လက်နဲ့တန်း၍တားလိုက်သည်။

"ဒါကဘယ်လဲ....."

"ဖယ်စမ်း....."

"ဘယ်သွား မလို့လဲ လို့ မောင်မေးနေတယ်နော်....."

"လာမပတ်သက်တော့နဲ့ လို့ပြောထားပြီးပြီမလား....."

"အင်း.....မောင်ကတော့ မင်းနဲ့ ပတ်သက်ချင်လွန်းလို့ကို လာခဲ့တာ....."
"ဖယ်စမ်း....."

"ဘယ်သွားမလို့လဲ....."

"ကျစ်.....ဘယ်ပဲသွားသွားပေါ့.....ဘာလဲ မောင့်ဇနီးက မကြိုဆိုလိုက်လို့ ကိုယ့်ကိုလာရစ်နေတာလား....."

ဝမ်ရိပေါ် ရှောင်းကျန့်​၏ ခပ်ဆတ်ဆတ်အပြောမှာ ရုတ်တရက်မလို့ ကြောင်သွားပြီးမှ ဟက်ခနဲဖြစ်သွားရသည်။

"မင်းမောင့်ကို သဝန်တိုနေတာလား....ဟား....ဟား...."

လှောင်ရယ်ခံလိုက်ရမှုကြောင့် ရှောင်းကျန့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရကာ......

"သေလိုက်....."

ဝမ်ရိပေါ်က ရှောင်းကျန့်ကို မျက်လုံးများမှေးစင်းကြည့်လိုက်ပြီး.....
"မင်းသိလား....မင်းမောင့်ကို နိုင်အောင်မပြောနိုင်တော့ရင် သေလိုက် ဆိုတဲ့စကားအမြဲပြောတယ်ဆိုတာ...."

"သေ....."

ရှောင်းကျန့်ပြောဖို့လုပ်ပြီးမှ အရှိန်သတ်လိုက်ရသည်။ ဝမ်ရိပေါ်က ဓာတ်လှေကားမှာ ပိတ်ရပ်နေရာမှ ရှောင်းကျန့်ကိုပါအထဲသို့ တစ်ပါတည်းတွန်းကာ သွင်းလိုက်သည်။ ပြီးနောက် ရှောင်းကျန့် တိုက်ခန်းရှိရာ အထပ်ကို ခလုတ်နှိပ်လိုက်​၏။

"ဘာလုပ်တာလဲ.....သွားစရာရှိပါတယ်ဆို....."

"အင်း နောက်မှသွား....မောင်ပါလိုက်ခဲ့မယ်.....မင်းငြင်းရင် မောင့်ကို သဝန်တိုနေတာလို့ပဲ ယူဆလိုက်မယ်...."
ဆွဲခံထားရတဲ့ လက်ကောက်ဝတ်ကို ရှောင်းကျန့် ရုန်းနေပြီးမှ ရပ်တန့်လိုက်​၏။ ဓာတ်လှေကား အပေါ်တက်လာသည့်တစ်လျှောက် ရှောင်းကျန့်က အရှေ့တည့်တည့်ကိုသာ ကြည့်လာသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို သာ ကြည့်လာ​၏။ ရှောင်းကျန့် တိုက်ခန်းရှိရာ အထပ်သို့ရောက်လာတဲ့ အခါ နှစ်ယောက်သားဓာတ်လှေကားထဲမှ ထွက်လာကြသည်။

အခန်းရှေ့မှာ ရှောင်းကျန့်ရပ်လိုက်ပြီး တံခါး password ကို ဖွင့်မည်အလုပ် ဝမ်ရိပေါ် မမြင်အောင် ကိုယ်နဲ့ ကွယ်လိုက်သည်။ ဒါကို ဝမ်ရိပေါ်က ရိပ်စားမိတာကြောင့် ရှောင်းကျန့်​၏ နောက်ကျောကို အနောက်က သိုင်းဖက်လိုက်ပြီး သူမသိအောင် password ဖွင့်ဖို့လုပ်နေတဲ့ ရှောင်းကျန့်​၏ လက်ချောင်းများကိုအပေါ်က ထပ်ကိုင်လိုက်သည်။ ရှောင်းကျန့်​၏ လက်တွေ တုံ့ဆိုင်းသွားတာကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ နားဖျားလေးများဆီသို့ တိုးကပ်သွားပြီး.....
"ဖွင့်လေ.....မောင်လည်းသိချင်တယ်....."

"......"

"မဖွင့်ဘူးလား....."

ရှောင်းကျန့်က တံခါး password တွေကို အခုထက်ထိမနှိပ်သေး။ ဝမ်ရိပေါ်က သူ့ရဲ့ မျက်နှာကို ရှောင်းကျန့်​၏ လည်တိုင်အနီးတွင် နစ်မြုပ်လိုက်ကာ မက်မက်မောမောကို ရှိုက်လို့နေသည်။ ဆစ်ကနဲ နာကျင်မှုနဲ့အတူ ရှောင်းကျန့် တွန့်သွားရပြီး.....

"မကိုက်နဲ့ ဖယ်....."

"ဟင့်အင်း.....မင်း တံခါးမဖွင့်မချင်း မောင်မလွှတ်ဘူး.....ဒီနေ့မင်းကြောင့် မောင်ပင်ပန်းနေပြီ မြန်မြန်ဖွင့်လေ....."
ဝမ်ရိပေါ် ကပြောရင်း ရှောင်းကျန့်​၏ လည်တိုင်အရင်း နောက်တစ်နေရာကို ဖိကိုက်၍နမ်း​၏။ တိုက်ခန်းတံခါး အဝတွင် လူနှစ်ယောက်ရပ်နေစဉ် တစ်ဖက်တိုက်ခန်းက ခွေးက မျက်စိနောက်၍ ဟောင်လိုက်ခြင်းဖြစ်မည်။

"ဝုတ်....ဝုတ်...."

ခွေးဟောင်လိုက်တော့မှ ရှောင်းကျန့်တွန်းလိုက်သော်လည်း ဝမ်ရိပေါ်က အလွှတ်မပေး။

"ဖယ်တော့ ဟိုမှာ လူတွေလာတော့မယ်...."

"ဘယ်မှာလူလဲ....ခွေးပဲရှိတာ....."

ရှောင်းကျန့် ဘယ်လိုရှင်းပြရမည်မသိ။ အဲ့ဒိခွေးက ဟိုတစ်ခါ သူအရုပ်သွားလုထားကတည်းက သူ့ကို မကြည်ဘူးဆိုတာ။ တွေ့တိုင်းကို အဟောင်ခံရတာ။
"တော်တော့ မောင်.....အထဲဝင်မယ်...."

ရှောင်းကျန့်  သူ့အခန်းတံခါးရဲ့ password ကို နှိပ်ဖွင့်လိုက်သည်။ နံပါတ်အသစ်လေးက....

"8-0-5-1-0-5"

ဝမ်ရိပေါ် က ရှောင်းကျန့်​၏ လည်တိုင်ပေါ်မှာသာ အာရုံရောက်နေတာကြောင့် password လေးကိုတောင် အာရုံမရတော့။

"မောင် ရေချိုးလိုက်ဦးမယ်....မင်း သွားတွေ့မယ့်သူကို အချိန်ပြောင်းချိန်းလိုက် မောင်ပါလိုက်ခဲ့မယ်...."

ရှောင်းကျန့်ကို မှာပြီးတာနဲ့ ဝမ်ရိပေါ်က သူ့အိမ်သူ့ရာ အတိုင်း ရေချိုးခန်းထဲသို့ တန်းမတ်စွာဝင်သွားသည်။ ရှောင်းကျန့် ခေါင်းကို အသာခါရမ်းလိုက်ကာဖုန်းလေးကို ထုတ်လို့ ချားလ်စ် ဆီ သို့ဖုန်းဆက်လိုက်သည်။
"အေး...ချားလ်စ် ငါ နောက်ထပ် တစ်နာရီခွဲလောက်မှ ရောက်မယ် ရလား....ဆောရီး ပြီးတော့ နောက်ထပ်လူတစ်ယောက်လည်း ပါလိမ့်မယ်....."

"......"

"အင်း အဆင်ပြေပါတယ် ကျေးဇူးပဲ....နေရာကတော့ နောက်မှ ပြန်အတည်ပြုမယ်လေ......"

​မိနစ်နှစ်ဆယ်လောက်အကြာမှာ ဝမ်ရိပေါ် ရေချိုးခန်းထဲမှ ထွက်လာပြီး ရှောင်းကျန့်​၏ အဝတ်ဗီဒိုထဲမှ အဝတ်အစားတွေကို လဲလှယ်ယူလိုက်ပြီးနောက် အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်​။ ထို့နောက် ကျောကို ဖြောင့်မတ်စွာထိုင်နေတဲ့ သူရှိရာ ဆိုဖာဆီသို့ သွားပြီး အနားကပ်ထိုင်လိုက်သည်​။ ထိုင်နေသူက အခုထိ ဦးထုပ်ရော နေကာမျက်မှန်ရော မချွတ်သေးတာပင်။ ထို့ကြောင့် သူလက်လှမ်းပြီး နေကာမျက်မှန်ကို ချွတ်ပေးဖို့ပြင်လိုက်စဉ်.....
"မထိနဲ့...."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ လက်ကို ပုတ်ထုတ်လိုက်​၏။

"ဘာလို့လဲ မောင်က ချွတ်ပေးမလို့လေ.....တိုက်ခန်းထဲမှာ နေကာမျက်မှန်ကြီးတပ်ထားပြီးဘာလုပ်မလို့လဲ....ဒါမှ မဟုတ် မင်းမောင့်မျက်နှာကို မမြင်ချင်လို့လား......"

"ကိုယ့်စတိုင်နဲ့ကိုယ်ဘာဖြစ်လဲ....."

"မင်းရဲ့ အသံတွေဘာလို့ အက်ရှရှဖြစ်နေတာလဲ နေမကောင်းဘူးလား အအေးမိထားလို့လား.....မောင်ခုနကတည်းကမေးမလို့....."

ရှောင်းကျန့်​၏ နဖူးပေါ်သို့ ဝမ်ရိပေါ် လက်တင်ပြီးစမ်းလိုက်လျှင်ပဲ ရှောင်းကျန့်က ရှောင်လိုက်သည်။
"မထိနဲ့လို့ ပြောထားတယ်လေ....."

ရှောင်းကျန့်ကို ဝမ်ရိပေါ် မသင်္ကာစွာ မျက်မှောင်ကျုံ့ကြည့်ပြီး အတင်းချုပ်လိုက်ကာ စောင်းထားတဲ့ ဦးထုပ်ကိုရော နေကာမျက်မှန်ကိုပါ ဆွဲချွတ်လိုက်​၏။

"ဘာလုပ်တာလဲ မောင်....."

နေကာမျက်မှန်မရှိတော့တဲ့ အခါ ဝမ်ရိပေါ်တွေ့လိုက်ရတဲ့ မို့အစ်နေတဲ့ မျက်ခွံလေးတွေကာရံထားတဲ့ မျက်သားနီနီ မျက်ဝန်းလေးတစ်စုံကြောင့် ရင်ထဲကျဉ်ကနဲ။ ရှောင်းကျန့်တစ်ဖက်ကို လှည့်ပြီး သူ့ရဲ့ မျက်လုံးတွေကို လက်တစ်ဖက်နဲ့ အုပ်ပြီးကာလိုက်သည်။ သို့သော် ဝမ်ရိပေါ်က သူ့ဘက်သို့ အတင်းဆွဲလှည့်စေပြီး.....
"မင်းငိုထားတာလား....."

ရှောင်းကျန့်က အကြည့်လွှဲပြီးခပ်တည်တည်ဖြင့်.....

"မှတ်တောင်ထားရဦးမယ်....."

"ရှောင်းကျန့် မောင်အတည်မေးနေတာ.....မင်းတကယ်ငိုထားတာလား....."

"ငိုထားတာဆိုရင်ရော မောင်ကဘာလုပ်မလို့လဲ....."

"မောင့်ကြောင့်လား....."

"ဟက်....အဲ့မှာ စိတ်ကူးယဉ်နေလိုက်....."

မပြောချင်တဲ့ သူကို ဝမ်ရိပေါ် ဆက်မမေးတော့ဘဲ မျက်ခွံမို့မို့ပေါ်သို့သာ အနမ်းနုနုတို့ခြွေလိုက်​၏။ ဒီလိုအချိန်မှာ သူ့အနမ်းတွေကနေ ရုန်းမထွက်သွားတာကိုပဲ ကျေးဇူးတင်ရမည်။ ဝမ်ရိပေါ်က ရှောင်းကျန့်​၏ လက်တို့ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ကာ.....
"မောင် တောင်းပန်ပါတယ်.....မောင့်ကြောင့် မင်းမျက်ရည်ကျခဲ့ရတာဆိုရင်....."

"ကျစ်.....မဟုတ်ပါဘူး ဆိုမှ.....ကိုယ့်ဟာကိုယ် လမ်းမှာ ပုရွက်ဆိတ်တက်နင်းမိတာကို သနားလို့ငိုထားတာဘာဖြစ်လဲ.....ငိုတာနဲ့ မောင့်ကြောင့် ဖြစ်သွားရောလား......"

မျက်တောင် တစ်ချက်မခတ်ဘဲ အတည်ပေါက်ကြီးနဲ့ လာလိမ်နေတဲ့ သူကို ဝမ်ရိပေါ် ကြည့်ပြီး ရယ်ချင်ပေမယ့် မရယ်ရက်​။ ရှောင်းကျန့်ဆိုတာက လည်ပင်းကို ဓားထောက်ပြီး အစ်မေးရင်တောင် သူငိုထားတယ်ဆိုတဲ့ ကိစ္စကို ဝန်ခံမှာတော့မဟုတ်။
"အင်းပါ ထားပါတော့.....မင်းတက်နင်းမိခဲ့တဲ့ ပုရွက်ဆိတ်ကိုရော ဆေးရုံတွေဘာတွေ ပို့ပေးခဲ့သေးလား....."

"ဟင့်အင်း.....တစ်ခါတည်းသေသွားပြီ....."

"ဟား....ဟား....ဟား....."

ဒီတစ်ခါတော့ ဝမ်ရိပေါ် ထိန်းထား၍မရတော့။ မျက်ရည်များ ထွက်တဲ့အထိတောင် အူလှိုက်သည်းလှိုက်ကို ရယ်မိသည်။ အသည်းကြွေလုမတတ် ဆွဲဆောင်မှုရှိပြီး နှလုံးသားပေါက်မတတ် ဖျစ်ညစ်ပစ်လိုက်ချင်တဲ့အထိ ချစ်ဖို့ကောင်းတာ ရှောင်းကျန့်တစ်ယောက်ပဲရှိတာ။
အားရစွာရယ်နေတဲ့ ဝမ်ရိပေါ်က သူ့ပါးပြင်ပေါ်ရောက်လာတဲ့ လက်ချောင်းနွေးနွေးလေးတွေရဲ့ အထိအတွေ့ကြောင့် ရပ်တန့်လို့သွားသည်။

"မောင့်ရဲ့ ပါးကဘာဖြစ်တာလဲ....."

"လမ်းမှာ ကောင်မလေးတစ်ယောက်နမ်းသွားတာ...."

ရှောင်းကျန့် မျက်မှောင်ကျုံ့မိသွားကာ.....

"ဟက်....ကောင်မလေးက လက်ဖဝါးနဲ့ နမ်းသွားတာလား.....လက်ငါးချောင်း အရာကြီးနဲ့...."

"ဘာလဲ မယုံလို့လား....."

"မယုံဘူး.....အထူးသဖြင့် ကိုယ့်အနမ်းတွေရဖူးတဲ့ သူက တခြားသူရဲ့ အနမ်းတွေတိုးတော့တာမှ မဟုတ်တာ....."
"အင်း မင်းပြောတာ အမှန်ပဲဖြစ်လို့ မောင့်ကို နမ်း....."

"ဆုတောင်း....."

"ဆုတောင်းရင် တကယ်နမ်းမှာလား....."

"ကျစ်.....မောင်ပြင်ဆင်ပြီးပြီ မဟုတ်လား.....ဟိုမှာ တွေ့ဖို့ချိန်းထားတာ နောက်ကျလိမ့်မယ်.....မလိုက်ချင်ရင်လည်း နေခဲ့တော့....."

ဝမ်ရိပေါ်က ထိုင်နေရာမှ ထလိုက်ကာ ဘောင်းဘီအိတ်ထဲက တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

"သွားကြတာပေါ့.....မင်းဖြစ်စေချင်ရင် ဒီညမောင်တို့ ဟိုတယ်တစ်ခုလုံးကို​တောင် အပြတ်ငှားလိုက်လို့ရတယ်......မောင့်အဘွားဆီက သန်းနှစ်ရာတောင် မုန့်ဖိုးရထားတာ......ပါးတစ်ချက်တော့ အချခံလိုက်ရတာပေါ့.....ဒါပေမယ့် စိတ်မပူပါနဲ့ အိပ်ရာထဲရောက်မှ မင်းကို ပြန်နမ်းခိုင်းမှာ....."
"အပိုတွေ မပြောနဲ့ လာတော့....."

ရှောင်းကျန့် လျှာထိုးဦးထုပ်အနီကို ပြန်ယူပြီးဆောင်းလိုက်သည်။ မီးမှိန်မှိန်အောက်မှာ ဦးထုပ်အရောင်ဟပ်သွားလို့လား နားရွက်ဖျားတွေတော်တော်လေးကို နီရဲတွတ်သွားခဲ့တာပင်။