ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၇)Unicode

"အင့်....ဟင့်....ဟင့်....ဘွား....."

ယန်ယူမီ ငိုကြီးချက်မဖြင့် ဝမ်ဘွား​၏ အိပ်ခန်းထဲဝင်လာခဲ့သည်။

"မြေးမလေးရယ်....."

"မောင် ဒီနေ့နဲ့ဆို အိမ်မပြန်လာတာ ငါးရက်ရှိပြီ ဘွား.....ဒီငါးရက် အတွင်း တစ်ညမှ လာမအိပ်ဘူး....ယူမီ နေ့လည်စာ သွားပို့တော့လည်း မတွေ့ဘူး.....အင့်....ဟင့်.....ဖုန်းလည်း မကိုင်ဘူး ဘွား...."

"ဘွားလည်း ဆက်တာပဲ....."

"ယူမီဘယ်လိုလုပ်ရမလဲဟင် ဘွား....."

"ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ ဘွားတွေးကြည့်ပေးပါ့မယ်....."

"ဘွား ယူမီတော့ မောင်စိတ်ပြန်လည်လာမယ့် အချိန်ထိမစောင့်နိုင်တော့ဘူး....မောင့်ကိုပြောလို့ မရရင်လေ ဟိုဘက်ကို သွားပြောကြည့်ရင်ရော ဘွား....."

ယန်ယူမီ မျက်ရည်တွေရွှဲနေတဲ့ မျက်ဝန်းများဖြင့် ဝမ်ဘွားကို ကြည့်ပြီးပြောလိုက်သည်။ ဝမ်ဘွားကလည်း သက်ပြင်းတငွေ့ငွေ့ချလို့နေသည်။ တကယ်တော့လည်း ယူမီလေးပြောနေတာ မမှားပါဘူး။ သူ့မြေးစိတ်ပြန်လည်လာတဲ့ အထိစောင့်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလိုပင်။ ဘာလို့ဆို သူ့မြေးက ယူမီလေးကို ချစ်လို့လက်ထပ်ယူခဲ့တာမှ မဟုတ်တာ။ စိတ်ပြန်လည်လာခြင်း မလာခြင်းဆိုတာ နဂိုစိတ်ခံရှိနေမှ မဟုတ်လား။

တစ်ဖက်ကိုပြောရမယ်ဆိုရင်ရော။ ဒီဓာတ်ပုံဖြန့်တာတွေ လူသိရှင်ကြားလုပ်လိုက်တာတွေက ဟိုဘက်ကမဟုတ် သူ့မြေးကိုယ်တိုင်ကဆိုတော့ တစ်ဖက်ကို သူဘာသွားပြောရမှာလဲ။ နစ်နာမှုခြင်းတိုင်းတာရင် ဟိုဘက်ကတောင် ပိုများသေးတာပင်။

"ဘွား...."

"ပြော ယူမီလေး....."

"ဟိုဘက်က ရှောင်းကျန့်ဆိုတဲ့လူကို လိုချင်တဲ့ အတိုင်းအတာပေးပြီးနောက်ဆုတ်ခိုင်းလိုက်ရင်ရော....အင့်...ဟင့်...."

"......"

"ယူမီတို့အိမ်တော်ဘက်က သူလိုချင်တဲ့ အတိုင်းအတာအထိပေးနိုင်ပါတယ်.....အဓိက က မောင်နဲ့သူ့ကိုတွဲမမြင်တော့ဖို့ပဲ ဘွား....အင့်....ဟင့်....."

"အေးပါ မြေးမလေးရယ်.....ဘွားတို့ သူ့ကို မနက်ဖြန်သွားတွေ့ကြမယ်.....ငွေကြေးကိစ္စကအသာထား ဘွားကြည့်စီစဉ်လိုက်မယ်.....ယူမီလေးကသာ တစ်နေရာမှာ တွေ့ဖို့စီစဉ်လိုက် ဘွားက ဘယ်လို ဆက်သွယ်ရမလဲ မသိလို့......"

"အင်းပါ စိတ်ချ.....ယူမီ့ဘက်မှာ ဘွားရှိနေတာ နဲ့ ကျေနပ်ပါပြီ.....အဲ့တာဆို အဲ့ဒိလူကိုမနက်ဖြန် မရရအောင်တွေ့ဖို့လုပ်လိုက်မယ်...."

ယန်ယူမီ ဝမ်ဘွားနဲ့ တွေ့ပြီးတာနဲ့ အခန်းအပြင်ထွက်လာကာ သူ့အဖေဖြစ်သူယန်ချောင်မင်ကို ဖုန်းလှမ်းဆက်လိုက်သည်။ ယန်ချောင်မင် ဘက်ကတော်တော်နဲ့ပြန်မကိုင်။
ယန်ယူမီ အခုတလော သူ့ကိစ္စနဲ့သူ ပူနေရတာက တစ်ဖက် သူ့အဖေကို စိတ်ပူနေရတာ တစ်ဖက်ပင်ဖြစ်သည်။ သူ့အဖေ ကို ဟိုလူက ပတိပြတ် သစ်ခြောက်ချိုး ချိုးသလို ဖြောက်ကနဲ ဖြတ်ချလိုက်သည်တဲ့။ အစကတည်းက သူဒီလူကို မျက်စိစပါးမွှေးစူးနေခဲ့တာ။ သူ့အဖေဘက်က ပါနေလွန်းလို့သာ ဘာမှ ဝင်မပြောခဲ့တာ။ အခုတော့ မောင်နဲ့ပတ်သက်လိုက်တာနဲ့ သူ့အဖေကို ထားခဲ့တာပင်။

ယန်ယူမီ တစ်ဖက်က ပြန်ဖြေဆိုခြင်းမရှိသေးတဲ့ ဖုန်းကို ထပ်ခေါ်လိုက်ပြန်သည်။ ငါးခေါက်လောက်ခေါ်ပြီးမှ ယန်ချောင်မင်ဘက်က ပြန်ဖြေလိုက်သည်။
"ဟယ်လို ပါး....."

"အင်းပြော....."

"ပါးနေကောင်းရဲ့လား.....အရမ်းမသောက်နဲ့ပါးရယ်....ယူမီ ဒီစနေတနင်္ဂနွေ ပါးဆီလာတွေ့ဦးမယ်...."

"မသောက်ပါဘူး......"

"မသောက်ပါဘူးသာပြောတယ် ဆူးလီ ပြန်ပြောပြနေတာ ကတော့ ပါးပုံမှန်ထက်ကို ပိုနေပြီတဲ့နော်....ယူမီစိတ်ပူတယ်....."

"သမီးရော အဆင်ပြေရဲ့လား....ဝမ်သမက်နဲ့ဟို....."

သူ့အဖေဖြစ်သူ ဘာလို့ဆက်မပြောနိုင်တော့တာလဲသူသိသည်။ ဟိုလူရဲ့ နာမည်ကို ထုတ်ခေါ်ဖို့တောင် သူ့အဖေနာကျင်နေတာဖြစ်သည်။
"ပါး....ပါးကို ယူမီ အကူအညီ တောင်းစရာရှိတယ်...."

"......"

"ပါး ယူမီ့ကို ရှောင်းကျန့်ရဲ့ ဖုန်းနံပါတ်ပေးပါ....."

​ယန်ယူမီက ရှောင်းကျန့်​၏ ဖုန်းနံပါတ်တောင်းလိုက်သည်နှင့် ယန်ချောင်မင်က ထိတ်ပြာသွားကာ.....

"ဘာလုပ်ဖို့လဲ သမီးကြီး....ရှောင်းကို မဟုတ်တာတွေ သွားမလုပ်နဲ့နော်.....ရှောင်း ထိခိုက်လာရင် ပါးပဲ  ရင်နာရမှာ....."

ယန်ယူမီ တကယ်ကို နာရသည်။ ကိုယ့်ကို တစ်ချက်တောင် ပြန်လှည့်မကြည့်တဲ့သူကို ပါးမလို့ အခုထက်ထိ။ ပါးကို ဟိုတစ်ယောက်က ပိုသာတဲ့လူကြောင့်ထားသွားတာမလား။
"ယူမီက ပါးအတွက်ပြေရာပြေကြောင်း သွားပြန်ပြောပေးမလို့ပါ....ဒီတိုင်းလေးပဲ ဖုန်းနံပါတ်လေးပေးပါနော်.....ယူမီ့ကို ယုံတယ်မလား.....တစ်ဖက်သားကို ထိခိုက်အောင် မလုပ်ပါဘူး.....နော် ပါး....."

ယန်ယူမီ ဘက်က မပေးမချင်းတောင်းနေတာရော သူ့သမီးဖြစ်သူကို ယုံတာရော ကြောင့် ယန်ချောင်မင် ရှောင်းကျန့်​၏ ဖုန်းနံပါတ်ကိုပေးလိုက်သည်။

ရှောင်းကျန့်​၏ ဖုန်းနံပါတ်ရပြီးတာ နဲ့ ယန်ယူမီ လှလှပပ ပြုံးလိုက်​၏။
____________  ____________

ရှောင်းကျန့်  ချိန်းထားတာထက် အရင်စောပြီးကြိုရောက်လို့နေသည်။ နေရာက စားသောက်ဆိုင်တစ်ခုမှာဖြစ်ပေမယ့် တကယ်ကို သီးသန့် အခန်းတစ်ခုထဲမှာ ဖြစ်သည်။ VVIP တွေပဲ ဝင်ရတဲ့ အခန်းမျိုး။ အခုတလော သူ့ကို လူတွေ တော်တော် တွေ့ချင်နေပုံ ရသည်။ ဒီလို တခမ်းတနား နေရာမျိုးတွေထိ ဖိတ်နေပုံထောက်ရင်။

ရှောင်းကျန့် လက်က နာရီကို တကြည့်ကြည့်ဖြင့်လုပ်နေသည်။ တွေ့ချင်ရင်လည်း မြန်မြန်လာကြတာမဟုတ်။ သူ့အချိန်ကို လာဖြုန်းနေတာပင်။ ဒါပေမယ့် သူကိုယ်တိုင် စိတ်ဝင်စားလို့ကို တမင်တကာလာတာ။ မနေ့ညတုန်းက ယန်ယူမီ ကသူ့ကို ဖုန်းဆက်တယ် လာတွေ့ဖို့​။ ဘာလို့တွေ့ချင်ရတာလဲ တော့ သူဆက်မမေးတော့ပါဘူး။ ဒီရောက်မှ ပဲပြောကြတော့ ပိုစိတ်လှုပ်ရှားဖို့ကောင်းတာပေါ့။
"ကျွီ...."

ရှောင်းကျန့် အကြာကြီး စောင့်နေရင်း အနောက်မှ တံခါးဖွင့်သံကြားတော့ လှည့်ကြည့်လိုက်မိသည်။ တွေ့လိုက်ရတော့ ယန်ယူမီပါပဲ။ ရှောင်းကျန့်က မေးတစ်ချက်ဆတ်ပြပြီး အသိအမှတ်ပြုလိုက်ပေမယ့် ယန်ယူမီက မသိချင်ယောင်ဆောင်လိုက်ကာ ရှောင်းကျန့်အရှေ့တွင် ဝင်ထိုင်လိုက်သည်။

"ဘွားက နောက်နာရီ ဝက်လောက်မှ ရောက်လိမ့်မယ်....ယူမီအရင်လာတာ....."

"အင်းကောင်းပါပြီ.....သဘောပါပဲ....."

"ယူမီ့ဘက်က ဘာလို့တွေ့ဖို့ခေါ်လိုက်လဲ သိလား....."
ရှောင်းကျန့်က ပုခုံးတွန့်ပြလိုက်ကာ....

"သိပြီးသားဆိုရင် လာပါ့မလား....."

"ကောင်းပြီ....ယူမီ တည့်ပြောပါမယ်.....မောင်နဲ့ ထပ်ပြီး မပတ်သက်နဲ့တော့....."

ရှောင်းကျန့်က အသံထွက်သည်အထိ သဲ့သဲ့လေးရယ်လိုက်သည်။ အရယ်အပြုံးတို့က သိမ်မွေ့ပြီး လှပလွန်းတာကြောင့် ယန်ယူမီ ဒေါသထွက်ရ​၏။ ဒီအလှတွေမှာ သူ့အဖေနဲ့ သူ့ရဲ့မောင် ညိသွားတာ ဖြစ်မည်ဟု တွေးထင်လိုက်သည် အထိကို ဒေါသထွက်ရသည်။

​ရယ်နေတာကို ရှောင်းကျန့်ရပ်လိုက်ပြီး.....
"အဲ့လောက် လွယ်နေရင် ယူမီ ကိုယ့်ကို ဒီလို တခမ်းတနားကြီးတွေ့ဖို့ခေါ်နေမှာ မဟုတ်ဘူးမလား....."

"......"

"ကိုယ်ကတော့ ပြတ်နိုင်တယ်.....မောင်ကတော့မပြတ်နိုင်လောက်ဘူး....အဲ့တာကို ယူမီလည်း သိတယ်...."

"ရှင်တကယ်ကို အောက်တန်းကျပြီး အရှက်မရှိတာပဲ....ရှင့်လောက်မျက်နှာပြောင် တိုက်တဲ့လူမတွေ့ဖူးဘူး......"

"ကိုယ်ကတော့ ကိုယ့်ထက် မျက်နှာပြောင်တိုက်တဲ့လူကို တွေ့ဖူးတယ်.....ကိုယ့်အရှေ့တည့်တည့်မှာကိုထိုင်နေတာ....."
ရှောင်းကျန့်​၏ ထေ့ငေါ့သော စကားတွေကြောင့် ယန်ယူမီ ဒေါသတွေ ဗလောင်ဆူလာရသည်။ ထို့နောက် မျက်နှာကို မဲ့လိုက်ပြီးနောက်......

"သူခိုးက လူဟစ်တယ် ဆိုတာမျိုး.....ရှင်ကအဲ့လိုလူစားပဲ ရှောင်းကျန့်....."

"သူခိုးက လူဟစ်တယ်ပြောရအောင် ကိုယ်တို့ကိစ္စက တစ်နိုင်ငံလုံးလူသိ ရှင်ကြားဖြစ်နေတာ.....ယူမီတို့ကသာ လက်ထပ်တဲ့ တစ်ချိန်ပဲ လူသိလိုက်တာ မလား....."

​ယန်ယူမီ ဒေါသတွေ ထွက်လွန်းတာကြောင့် ထင်ရာဆိုင်းတွေပြောတော့သည်။
"ရှင်က သစ္စာမရှိတဲ့လူ.....ပါးနဲ့လည်းတွဲတယ် ပြီးတော့ သာတဲ့လူလည်း တွေ့ရောချက်ချင်းကြီးကိုပါသွားတာပဲ......"

"တကယ်တော့ သူခိုးလူပြန်ဟစ်တယ် ဆိုတာ ဒါမျိုးကိုခေါ်တာ.....ဟက်....ကိုယ့်ထက်ယူမီက ဒီလိုအကွက်မျိုးတွေ ပိုကျွမ်းမှာပေါ့.....တွဲနေတဲ့လူကို ထားခဲ့ပြီး ချမ်းသာတဲ့ အသိုင်းအဝိုင်းလည်းတွေ့ရော ကောက်ကနဲ ပါသွားတာမျိုးလေ....."

ရှောင်းကျန့်ဘာကိုဆိုလိုနေမှန်း ယန်ယူမီ အတိအကျနားမလည်မျက်မှောင်သာကျုံ့ပြီးကြည့်နေသည်။ ရှောင်းကျန့်က ဆက်ပြီး.....
"တွဲခဲ့တဲ့သူကို ထားခဲ့တယ်ဆိုလို့.....ဦးရော အဆင်ပြေရဲ့လား.....တချို့တွေက သာ ဖြတ်ချထားပြီးလှည့်တောင်မကြည့်တော့ပေမယ့် ကိုယ်ကတော့ ဦးကို နည်းနည်းစိတ်ပူမိသား.....အဆင်ရောပြေရဲ့လား....."

"ပါး အကြောင်းကို ရှင်ဘာမှ လာမေးစရာမလိုဘူး....."

"ဟုတ်ပါပြီ.....တော်ကြာတစ်ခုခုဖြစ်သွားတဲ့ အချိန်မှ တွေ့ချင်တယ်ဆိုရင်တော့ ကိုယ်လာချင်ပေမယ့် မောင်က လွှတ်ချင်မှ လွှတ်မှာ....."

"ရှင့်လို အဆင့်အတန်းမရှိ....."
ယန်ယူမီ ပြောနေရင်းမှ သူတို့ရှိရာ သီးသန့်ခန်းရဲ့တံခါးပွင့်သွားတာကြောင့် အပြောကို ရပ်လိုက်ပြီး.....

"ဘွား....ရောက်လာပြီလား....."

ဝမ်ဘွား ဝင်လာသည့်အခါ ရှောင်းကျန့်က ထိုင်နေရာက ထပြီး ရိုသေသမှုဖြင့်ကိုယ်ကို ကိုင်းညွတ်ကာ နှုတ်ဆတ်လိုက်သည်။ဝမ်ဘွားကလည်း ခေါင်းညိမ့်ကာ အသိအမှတ်ပြန်ပြု​၏။ နေရာမှာ ပြန်ထိုင်ကြပြီးနောက် ဝမ်ဘွားက သူ့ရှေ့မှာ ထိုင်နေတဲ့ ရှောင်းကျန့်ကို သာကြည့်နေတော့သည်။ ယန်ယူမီကတော့ ဝမ်ဘွား​၏ လက်မောင်းကို အားကိုးတကြီး တွဲချိတ်လို့ထားသည်။
ရှောင်းကျန့်ကပဲစပြီး.....

"နေကောင်းရဲ့လား အဘွား....."

"အင်း ကောင်းပါတယ်.....ဘွားတိုတိုနဲ့ လိုရင်းပဲပြောပါမယ်.....ဒီကလူရွယ်လေး ဘွားမြေးရိပေါ်နဲ့ မပတ်သက်ပါနဲ့တော့လား....."

"......"

"လူလေးက လူကောင်းလေးမှန်း ဘွားသိပါတယ်....သူများ အိမ်ထောင်ကို ဖျက်ဆီးလိုစိတ်မရှိဘူးမလား.....ကိုယ့်ကြောင့် သူများ မိသားစုပြိုကွဲတာတွေကိုလည်း မလိုချင်ဘူးဆိုတာ ဘွားသိပါတယ်....."

"......"

"လူလေးကို ဘွားစတွေ့ကတည်းက ကိုယ့်မြေးလေးတစ်ယောက်လို ခင်ခဲ့တာ သိတယ်မလား......"
ရှောင်းကျန့် ဘာမှပြန်မပြောမိ။ ယန်ယူမီကတော့ ဝမ်ဘွားကို အားမလို အားမရ ဖြစ်ရသည်။ သူမှန်းထားတာက ဒီလို ပျူပျုငှာငှာ ချိုချိုသာသာ တွေ ပြောပြီး ဖြတ်ခိုင်းဖို့ မဟုတ်ဘူး။ ပြောစရာရှိတာကို ပိုးစိုးပက်စက်ပြော ပြီးရင် ငွေနဲ့ ကောက်ပေါက်ပြီး ပြတ်ပြတ်သားသား နဲ့ လှည့်ထွက်လာရမှာ။ အဲ့တာမှဒီလူက သူ့နေရာသူသိမှာ။

ဝမ်ဘွားက ဆက်ပြီး.....

"လူလေးကို ဘွားက ဒီလိုလူစားမျိုးလို့တော့ မထင်ပေမယ့် ဘွားတို့ပေးတာကို လက်ခံပေးပြီး ရိပေါ်နဲ့ အဆက်ဖြတ်ပေးပါ......"
ဝမ်ဘွားက စကားအဆုံးမှာ စာအိတ်တစ်ခုကို ရှောင်းကျန့်​၏ အရှေ့ကို ထိုးပေးသည်။ ရှောင်းကျန့်ရင်ထဲ တကယ်ကို ဆစ်ကနဲ။ ချိုသာတဲ့ စကားတွေနဲ့ အလိမ္မာသုံးပြီး နောက်ဆုံးတော့လည်း ဒီလမ်းကိုဆိုက်လာတာပဲ။ ဝမ်းနည်းမှုလှိုင်းတစ်ခုက မျက်ဝန်းတွေမှာ ဖြတ်ပြေးသွားသော်လည်း အလျင်အမြန်ဖျောက်လိုက်ကာ လည်ချောင်းတစ်ချက် ရှင်းပြီးစိတ်ကိုတင်းလိုက်သည်။

"ဘယ်လောက်လဲ......"

"......"

"အထဲမှာ ဘယ်လောက်ထည့်ထားလဲ...."
ဝမ်ဘွား က ဖြေမည်အလုပ် ယန်ယူမီက ကြားဖြတ်ပြီး.....

"ရှင့်တစ်သက်ရှာလို့ မရတဲ့ ပမာဏ သန်းနှစ်ရာတိတိ ထည့်ထားတယ်......"

ရှောင်းကျန့်က ခေါင်းကို ဖြည်းညင်းစွာ ညိမ့်လိုက်ကာ....

"သန်းနှစ်ရာ....သန်းနှစ်ရာ.....ဝမ်ရိပေါ်က သန်း နှစ်ရာပဲ တန်မယ်လို့ မထင်ခဲ့ဘူး......အဲ့ထက်ပိုပြီး တန်ဖိုးရှိမယ်ထင်ခဲ့တာ.....အဘွားနဲ့ ယူမီတို့ဘက်က ကိုယ့်လူကိုတောင် ဒီလောက်နဲ့ပဲ ဈေးဖြတ်ခဲ့တာပဲ....."

​ယန်ယူမီ နှုတ်ဆိတ်လို့သွားပြီး မျက်ခုံးများကို တွန့်ချိုးမိသည်။ ရှောင်းကျန့် မျက်နှာက လည်း မာန်တွေကြောင့် တင်းနေသလို အသံကလည်း တည်ငြိမ်ခက်ထန်နေသည်။
"ပြီးတော့ ယူမီပြောတဲ့ အဲ့ဒိ သန်းနှစ်ရာ ပမာဏကို ကိုယ်တစ်သက်မရှာနိုင်ဘူး မပြောနဲ့.....ကိုယ်သာယူမီ့ အဖေဆီက ယူတတ်ခဲ့ရင် ယူမီတို့တောင် နေရာရှိတော့မှာ မဟုတ်ဘူး......"

"တောက်....ရှင်...."

ယန်ယူမီ က တောက်ခေါက်ပြီး ဒေါသကြောင့် တဆတ်ဆတ်တုန်နေပေမယ့် ဝမ်ဘွားကတော့ ရှောင်းကျန့်​၏ မျက်နှာရိပ်ကို အကဲခတ်လို့နေသည်။ ဝမ်ဘွားက ဘာမှ မပြောတာကြောင့် ယန်ယူမီက ပြောလိုက်သည်။

"ဘာလဲ ထည့်ပေးထားတဲ့ ပမာဏက နည်းလို့လား အဲ့တာဆိုလည်း ရှင်တောင်းသလောက် ထပ်ပေးမယ်....."
"ရပါပြီ.....အစကတည်းက ဒီတန်ကြေးနဲ့ပဲ ဈေးဖြတ်လာတာ မလား.....ဒါပဲ လက်ခံလိုက်မယ်....."

ရှောင်းကျန့်က သူ့အရှေ့က ချက်လက်မှတ်ထည့်ထားတဲ့ စာအိတ်ကို ယူလိုက်သည့်အခါ ယန်ယူမီက ခနဲ့တဲ့ လေသံဖြင့်.....

"နည်းတယ် များတယ် နဲ့ နောက်ဆုံးတော့လည်း ယူတာပဲ မလား.....ဟက်....."

ယန်ယူမီ​၏ အနည်းငယ်ရင့်သီးတဲ့ စကားတွေကို ဝမ်ဘွားက လက်အမူအရာဖြင့်တားလိုက်ပြီး.....

"ယူမီ....ဘွားကို ကားထဲမှာ အရင်သွားစောင့်နှင့်ပါလား......ဘွားပြီးရင် လိုက်လာခဲ့မယ်....."
"ဘွားက ဘာလုပ်ဦးမလို့လဲ....တစ်ခါတည်း အတူတူပြန်မယ်လေ....."

"သွားနှင့်သွား ပြီးရင် ဘွားလိုက်ခဲ့မယ်လို့....."

ဝမ်ဘွားက အရင်သွားနှင့်ခိုင်းတာကြောင့် ယန်ယူမီ လှည့်ကြည့်လှည့်ကြည့် ဖြင့်သာ လုပ်ပြီး ထွက်သွားသည်။ သူ့စိတ်ထဲ တစ်မျိုးဖြစ်လို့နေသည်။

ယန်ယူမီ ထွက်သွားသည့်အခါ သီးသန့်ခန်းလေးထဲမှာ ရှောင်းကျန့် နှင့် ဝမ်ဘွားသာ ကျန်ခဲ့သည်​။ ဝမ်ဘွားကတော့ ရှောင်းကျန့်​၏ မျက်နှာကို ကြည့်လို့နေပြီး ရှောင်းကျန့်ကတော့ ခုနကလို မာန်တွေနဲ့ ခက်ထန်နေခြင်းမရှိတော့ဘဲ မျက်လွှာချလို့ထားသည်။ တိတ်ဆိတ်နေကြရာမှ ဝမ်ဘွားကစပြီး.....
"ဘွားရဲ့ မြေးက ဘယ်လောက်တန် တယ်လို့ လူလေးထင်လဲ...."

ဘာအဓိပ္ပာယ်ဖြင့်မေးလဲ ရှောင်းကျန့် မသိပေမယ့် ရှောင်းကျန့် သူ့စိတ်ထဲရှိတဲ့အတိုင်း ပြန်ဖြေလိုက်သည်။

"သေချာတာကတော့ ဝမ်ရိပေါ်က ငွေစက္ကူတွေထက် တော့ ပိုမှာပေါ့.....တကယ်လို့ ငွေစက္ကူတွေနဲ့ တန်ဖိုးဖြတ်မယ်ဆို ဒီလိုစာအိတ်တွေနဲ့တောင် ဆန့်ပါ့မလား....."

တည်ငြိမ်နေတဲ့ ရှောင်းကျန့်​၏ လေသံအေးအေး စကားအောက်မှာ ဝမ်ဘွားတစ်မျိုးလေးတော့ဖြစ်သွားရသည်။ သူ့ကို မကြည့်ဘဲ ရေခွက်ကိုသာ စိုက်ကြည့်ပြီးပြောနေတဲ့ ကောင်လေးရဲ့ မျက်လုံးအိမ်ထဲမှာ သူထင်တာမမှားဘူးဆို မျက်ရည်တွေဝဲနေသလို။ ထိုမျက်ရည်တွေ ရစ်ဝဲနေတဲ့ မျက်ဝန်းတွေကို မျက်တောင်နက်စိပ်စိပ်လေးတွေဖြင့် ကြိုးစားကာထားနေသည့်နှယ်။ ဒါပေမယ့် ဘယ်လုံပါ့မလဲ။
"ဘွားရဲ့ မြေးကို ချစ်လား......"

ဝမ်ဘွား​၏ အမေးကြောင့် ရေဖန်ခွက်ကို ဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့်​၏ လက်များ တင်းကြပ်သွားရသည်​။ ရေခွက်ပေါ်က တင်းကြပ်နေတဲ့ လက်ချောင်းလေးတွေကို လူတွေ မြင်နိုင်ပေမယ့် ရှူးဖိနပ်အောက်မှာ ကုပ်ဝင်သွားတဲ့ ခြေချောင်းလေးတွေကိုတော့လူတွေ မမြင်။ငါးမိနစ်ကြာသွားသည်ထိအောင် ရှောင်းကျန့် ပြန်မဖြေနိုင်။

"အချစ်ဆိုတာ ကံကောင်းတဲ့ သူတွေ အတွက်ပဲ မဟုတ်ဘူးလား...."
"မှားတော့ မမှားပါဘူး.....ဘွားမြေးရိပေါ်က အခုချိန်မှာတော့ စိတ်ကစားပြီး သူလုပ်ချင်ရာတွေ လုပ်နေပြီးမှ နောင်တစ်ချိန် မိသားစု ဘဝကို လိုချင်လာတဲ့ အခါ နောင်တရတာမျိုး မဖြစ်စေချင်ဘူး.....သူအသက်အရွယ်ရလာတဲ့ အခါ သူ့မျိုးဆက်တွေနဲ့ သူနေချင်မှာပဲ......ဘွားပြောတာ နားလည်တယ်မလား...."

မကျဉ်းမကျယ် အခန်းလေးထဲမှာ အတော်အကြာကြီးကို တိတ်ဆိတ်သွားခဲ့တာ။

"ဒါဆို ဘွား သွားလိုက်ပါဦးမယ်.....လူလေးဘက်က နောက်ဆုတ်သည် ဖြစ်စေ နောက်မဆုတ်သည် ဖြစ်စေ.....ဘွားတို့ဘက်ကပေးတဲ့ ချက်လက်မှတ်လေးကိုတော့ ဘာစိတ်မှ မရှိဘဲ ယူလိုက်ပါ.....ဒီကိစ္စမှာ လူဘေးဘက်ကလည်း အဘွားမြေးကြောင့် နစ်နာရသူပဲလေ......."
ဝမ်ဘွား အခန်းပြင်ထွက်ဖို့ ပြင်လိုက်သည့်အချိန်တွင် ရှောင်းကျန့်ဆီက စကားတစ်ခွန်းထွက်ပေါ်လာသည်။

.

.

.

.

ဒီ နင့်သည်းလွန်းတဲ့ စကားတစ်ခွန်းက လျစ်လျူတော့ အရှုမခံရပေမယ့် အသိအမှတ်တော့ အပြုမခံရ။ အဲ့တာကြောင့် ရှောင်းကျန့် ထပ်တွေးမိတယ် အချစ်ဆိုတာ ကံကောင်းတဲ့သူတွေ အတွက်ပဲ။

ရှောင်းကျန့် သူ့အရှေ့က စာအိတ်ကိုမျက်တောင် တစ်ချက်တောင် မခတ်ဘဲစိုက်ကြည့်လို့နေစဉ် ဖုန်းဝင်လာသံကြောင့် ပြန်ဖြေဆိုလိုက်သည်။
"ဟယ်လို...."

"ဘယ်ရောက်နေတာလဲ.....မောင်အလုပ်ပြီးကတည်းကရှာနေတာ....."

"မောင့်ကို ကိုယ်ပြောစရာရှိတယ်.....ကိုယ်ရှိနေတဲ့ နေရာကို လာခဲ့ပေးပါ.....နေရာအတိအကျကိုစာပို့လိုက်မယ်....."

ရှောင်းကျန့် စာပို့ပြီးတာနဲ့ သူ့ဖုန်းကို တစ်ခါတည်းမှောက်ထားလိုက်သည်။ ဖုန်းနဲ့အတူ သူ​၏နဖူးပြင်ကလည်း စားပွဲပေါ်ကိုမှောက်ကျသွားသည်။ သူပင်ပန်းနေပြီလားဆိုရင်တော့ တကယ်ကို ပင်ပန်းနေပြီ။

ရှောင်းကျန့် တစ်နာရီကျော်မက စားပွဲပေါ်ခေါင်းမှောက်ထားရင်း အနောက်ဘက်က ခြေသံများကြောင့် ခေါင်းကို ပြန်မတ်လိုက်သည်။ ခေါင်းမတ်လိုက်သည်နှင့် သူ​၏ ကျောပြင်၌ လုံခြုံတဲ့ခံစားချက်နှင့်အတူ လည်တိုင်အရင်းတွင်လည်း နွေးကနဲ ထိတွေ့မှုကို ခံစားလိုက်ရ​၏။
"တစ်ယောက်တည်းလျှောက်သွားနေတာလား...."

ဝမ်ရိပေါ် ရှောင်းကျန့်​၏ လည်တိုင်တွေကို ဝအောင် နမ်းရှိုက်ပြီးမှ သူ့ရဲ့လက်တွေက ရှောင်းကျန့် ဖြုတ်ဝတ်ထားတဲ့ အပေါ်အင်္ကျီကြယ်သီးသုံးလုံးကို တပ်ပေးလို့နေသည်။

"ကြယ်သီးတွေ ဖြုတ်မဝတ်ပါနဲ့လို့ မောင်ပြောထားတာကို မင်းနားမထောင်ဘူး....."

ရှောင်းကျန့် သူ့ကျောဘက်ကို ဖက်တွယ်ထားတဲ့ ဝမ်ရိပေါ်ကို ဖယ်လိုက်ရင်း.....

"အရင်ထိုင်လိုက် ကိုယ်ပြောစရာရှိတာ ပြောမယ်...."
​ရှောင်းကျန့်​၏ အသံက အေးစက်လို့နေ​၏။ဝမ်ရိပေါ် ရှောင်းကျန့်​၏ အရှေ့တည့်တည့်ထိုင်ခုံတွင်နေရာယူပြီးသည်နှင့် ရှောင်းကျန့်က ဝမ်ရိပေါ် အရှေ့သို့ ချက်လက်မှတ် ထည့်ထားတဲ့ စာအိတ်ကို ထိုးပေးလိုက်သည်။ ဝမ်ရိပေါ်က ဘာသဘောလဲဟု မေးဆတ်ပြလိုက်သည့်အခါ.....

"အဲ့ဒိ အထဲမှာ သန်းနှစ်ရာ တန်တဲ့ ချက်လက်မှတ် ရှိတယ်......အဲ့ဒိချက်လက်မှတ်ကို မောင်ယူသွား တစ်ခုပဲ ကိုယ်နဲ့ ထပ်ပြီး မပတ်သက်နဲ့တော့.....မောင့်ကို တန်ရာတန်ကြေးပေးတဲ့ သဘောပါ....."
ရှောင်းကျန့်​၏ စကားကြောင့် ဝမ်ရိပေါ် မျက်ခုံးနှစ်ဖက်ကို သိသိသာသာကြီး တွန့်ချိုးလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ ရှောင်းကျန့်....."

"ကိုယ်ပြောတာ မရှင်းလို့လား.....အဲ့ဒိထဲမှာ သန်းနှစ်ရာတန် ချက်......"

"ပါးစပ်ပိတ်ထားတော့ ရှောင်းကျန့်......"

​ဝမ်ရိပေါ် လက်သီးကို တင်းတင်းဆုပ်ထားတာ လက်ကအကြောတွေ ပေါက်ထွက်တော့မည့်အလားပင်။ ရှောင်းကျန့်က တည်ငြိမ်အေးစက်စွာဆက်ပြီး....

"ဘာလဲ....ပမာဏ နည်းလို့လား....."
"ခွမ်း....."

ဝမ်ရိပေါ် ရေဖန်ခွက်တစ်ခုကို နံရံဆီသို့ပစ်ပေါက်လိုက်သည်။ ရှောင်းကျန့်က မမှု။

"မလောက်ဘူးဆိုရင် ထပ်တောင်းပေးမယ်.....မောင့် ဇနီးနဲ့ မောင့်အဘွားကတော့ ဒီလောက်ပဲပေးသွားတာပဲ......သူတို့က မလောက်ရင် ကြိုက်သလောက်တောင်းလို့ပြောထားတယ် မောင်မလောက်ရင် ကိုယ်ထပ်တောင်းပေးမယ်....."

"မင်း ကို မောင့် အဘွားတို့ ဘာပြောသွားလို့လဲ....."

ရှောင်းကျန့်က သူ့ပုခုံးနှစ်ဖက်ကို တွန့်လိုက်ကာ.....
"ဘာမှတော့ အထွေအထူး မပြောသွားပါဘူး.....ဒီ ချက်လက်မှတ်ယူပြီး ပတ်သက်မှုတွေရပ်ပေးဖို့ပြောသွားကြရုံပါ.....အဲ့တော့ သူတို့ပေးတာကို ကိုယ်ယူလိုက်တယ်......"

"......."

"အခုကိုယ်က ပြန်ပြီး မောင့်ကို ကိုယ်နဲ့ မပတ်သက်တော့ဖို့ မောင်တို့အိမ်က လူတွေ ပေးခဲ့တဲ့ ပမာဏ အတိအကျပြန်ပေးတယ်.....ဘယ်လိုလဲ နောက်ဆုတ်ပေးမှာလား......"

"မင်းဘာလို့ အဲ့လိုတွေ လုပ်နေရတာလဲ.....မောင့်ကို ဘာလို့ထင်နေလို့လဲ.....ဟမ်....ပြော....."
​ဝမ်ရိပေါ် သူ့အရှေ့က လူကို ကြည့်ရင်းဒေါသထွက်လာရသည်။ ဒါကို အရှေ့က လေသံအေးအေးဖြင့်.....

"ဘာလို့လဲ မောင်.....မောင်တို့အိမ်ဘက်က လူတွေက အဲ့လိုလုပ်လို့ရပြီးတော့ ကိုယ်ကျတော့ ပြန်လုပ်လို့မရဘူးလား......"

ဝမ်ရိပေါ် ဒေါသထွက်လွန်း၍ အသက်ရှူသံတွေပြင်းလာ​၏။

"အဲ့တော့ မောင်......ကိုယ်ပေးတဲ့ ငွေကို ယူပြီး ကိုယ်နဲ့ ထပ်မပတ်သက်နဲ့တော့ ကိုယ့်ကိုခွင့်ပြုဦး......"

ရှောင်းကျန့်က လှည့်ထွက်သွားမည် ပြင်လိုက်စဉ် ဝမ်ရိပေါ်က ခက်ထန်သော အသံဖြင့်.....
"တစ်လက်မတောင် မရွေ့နဲ့....."

"....."

"တစ်လက်မတောင် မရွေ့နဲ့လို့​ပြောနေတယ်နော် ရှောင်းကျန့်....."

"ဟက်.....ကိုယ့်ခန္ဓာကိုယ် လှုပ်ရှားမှုတွေက အစ လိုက်ပြီး ထိန်းချုပ်နေရအောင် မောင်က ဘာမလို့လဲ....ဘာလဲ တစ်ညအတူဖြတ်ကျော်ဖူးတာနဲ့ ကိုယ့်ကို ပိုင်သွားပြီ ထင်လို့လား......"

"ရှောင်းကျန့်....! "

"မောင်က တကယ် ကလေးသာသာရယ်....ငါနဲ့ပတ်သက်ဖူးတဲ့လူငါ့လူ ဆိုပြီး အပိုင်တွက်ထားတာပဲ....ကိုယ်လေ စကားတစ်ခုကို နှစ်ခါပြန်မပြောချင်ပေမယ့် ပြန်တော့ ပြောရဦးမယ်.....ကိုယ်ပြောခဲ့သလို ကိုယ်တို့ဆက်ဆံရေးက ဘာမှ မဟုတ်ဘူးဆိုတာ မောင်သိတယ် မလား......ကိုယ်သိရသလောက်တော့ အငယ်အနှောင်းလို ပတ်သက်မှုမျိုးတွေမှာတောင် ခံစားချက်လေးတွေကပါသေးတယ်.....မောင်နဲ့ ကိုယ်နဲ့က တစ်ယောက်နဲ့ တစ်ယောက်ဘာခံစားချက်မှ မရှိဘူးမလား......"
"......."

"ပြောရရင် မောင်လည်း ကိုယ့်ကို ချစ်လို့ပတ်သက်နေတာမဟုတ်ဘူးလေ ကိုယ်လည်းထိုနည်းတူပဲ...."

ဝမ်ရိပေါ် ထိုင်နေရာက ရှောင်းကျန့်အနီးသို့လျှောက်လာပြီး ရှောင်းကျန့်​၏ ပုခုံးများကို ဆုပ်ကိုင်လိုက်ကာ.....

"ရှောင်းကျန့် မောင်က မင်းကို....."

အတန်ကြာအောင် ဘာမှ ဆက်မပြောလာတော့တဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်ကာ.....

"မောင်က မင်းကို ဘာဖြစ်လဲ....."

"မောင်ကမင်းကို....."

"အင်း.....ဘာမှ မဖြစ်လဲ လွှတ်တော့.....ကိုယ့်အချိန်တွေ လာမဖြုန်းနဲ့......"
"မင်းကို မောင် အလွှတ်မပေးနိုင်ဘူး ရှောင်းကျန့်....."

"ဘာလို့အလွှတ်မပေးနိုင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်တစ်ခုကိုပေး....."

"......."

ရှောင်းကျန့် အရှေ့က ကောင်လေးကိုလား....ကိုယ့်ကိုကိုယ်လားမသိ စိတ်ထဲကနေလှောင်ပြုံး ပြုံးမိသည်။ စကားလုံးလေး နှစ်လုံးပဲပါတဲ့ စကားလေးတစ်ခွန်းကိုတောင် ပြောမထွက်ဘူးမလား။

"လွှတ်တော့ မောင်.....လူတစ်ယောက်တည်းအတွက်နဲ့ အချိန်ကုန်နေဖို့ ကိုယ့်မှာ အဲ့လောက် အချိန်တွေပေါမနေဘူး....."
ရှောင်းကျန့်​၏ ပုခုံးကို ဆုပ်ကိုင်ထားသော ဝမ်ရိပေါ်​၏ လက်များက ပို၍တင်းကြပ်လာရသည်။

"မင်းက တစ်ယောက်တည်းနဲ့ အချိန်မကုန်ချင်လို့ ဘယ်သူတွေနဲ့ အချိန်ထပ်ဖြုန်းချင်နေသေးတာလဲ....."

"အဲ့တာ ကိုယ့်သဘောပဲ မောင်နဲ့မဆိုင်ဘူး.....ဒါနဲ့ ဒီနေ့ကစပြီး ကိုယ့်အိမ်မလာနဲ့တော့.....မောင့်ရဲ့အိမ်မှာ မောင်ပြန်နေ.....မောင့်ရဲ့ ဂုဏ်သရေရှိတဲ့ဇနီးချောလေးကတော့ မောင့်ကို အမြဲကြိုဆိုနေလိမ့်မှာပေါ့......ကိုယ်ပြောစရာလေးတွေရှိတာ ပြောပြီးပြီမလို့ ခွင့်ပြုဦး....."
"ရှောင်းကျန့် မင်းဘယ်သူ့ရှေ့မှာ ဒီစကားတွေ လာပြောနေရတာလဲ.....မောင့်ကို စကားနာတွေ မထိုးစမ်းနဲ့.....မင်းစကားတတ်တိုင်း လူတွေကို စကားလုံးတွေနဲ့ သတ်နေမှ ရမှာလား...."

ဒေါသတကြီးပြောလာတဲ့သူကို ရှောင်းကျန့် လှပစွာ သဲ့သဲ့ရယ်လိုက်သည်။

"မောင်....ဒါကိုယ်ရိုးရိုးတန်းတန်းစကားတွေပဲပြောနေတာ.....စကားနာ ထိုးနေတာ တစ်ခုမှမပါဘူး.....ကိုယ်တကယ် စကားနာတစ်ခုထိုးပြရမလား....."

ရှောင်းကျန့်က ဝမ်ရိပေါ် ​၏ နားရွက်ဖျားများဆီသို့ တိုးကပ်သွားကာလေသံတိုးတိုးဖြင့်.....
"မောင်နဲ့ ပတ်သက်နေတာထက် ဦးနဲ့တွဲနေတုန်းကတောင် ပိုပြီးစိတ်ချမ်းသာဖို့ကောင်းတယ်.....ကိုယ့်ကို လာနှောင့်ယှက်မယ့်လူ မရှိသလို အာရုံလာနောက်မယ့် သူလည်း မရှိဘူး.....ပြီးတော့ ဦးက လူလွတ်တစ်ယောက်.....အာ....ပြောရင်းနဲ့တောင် နည်းနည်း လွမ်းလာသလို....."

"မင်းပါးစပ်ပိတ်ထားတော့....."

ဝမ်ရိပေါ်က ဒေါသတကြီးဖြင့် ရှောင်းကျန့်​၏ ကျောပြင် ကို အခန်းလေးရဲ့ နံရံသို့ကပ်လိုက်သည်။ အရှိန်ပြင်းတာကြောင့် ရှောင်းကျန့်ကျောတောင် မဆိုသလောက်လေး အောင့်သက်သွားရသည်။
"မင်း မောင့်ကို ရွဲ့သလိုလို ခနဲ့သလိုလို တွေ လာမလုပ်နဲ့....."

ဝမ်ရိပေါ် ​၏ မျက်ခမ်းသားတို့က ရဲရဲတောက်နေကာ ရှောင်းကျန့်​၏ ပုခုံးပေါ် တင်ထားတဲ့ လက်များကလည်း သွေးကြောတွေတောင်ပေါက်ထွက်လုမတတ်ဖြစ်နေရသည်။ ရှောင်းကျန့်​၏ နှုတ်ခမ်းပါးတို့ကို နမ်းရှိုက်မည်အလုပ် ရှောင်းကျန့်က မျက်နှာလွှဲ ရှောင်တိမ်းလိုက်ကာ.....

"နာတယ်မဟုတ်လားမောင်.....အဲ့တာမှ စကားနာလို့ခေါ်တာ....."

"......"

"ဒါနဲ့ ချက်လက်မှတ်ကို ပြန်ယူသွားလိုက်ဦး.....မလိုချင်ရင်လည်း လွှတ်ပစ်ချင်လွှတ်ပစ်လိုက်.....နည်းနည်း နှမြောဖို့ ကောင်းပေမယ့် မောင်တို့အတွက်တော့ ဘာမှ မဟုတ်ဘူးမလား......နေပါဦး....မောင့်ဇနီး ကိုယ့်ကိုပြောခဲ့တာ ရှိပါသေးတယ်.....ကိုယ့်တစ်သက်မရှာနိုင်တဲ့ပမာဏ ဆိုလား ဘာဆိုလား......ပြီးတော့ ကိုယ်က အောက်တန်းကျပြီး အရှက်မရှိဘဲ မျက်နှာပြောင်တိုက် အဆင့်အတန်းမဲ့တယ် ဆိုတာတောင် ပါသေးတယ်......"
သူ့ပုခုံးပေါ်က လက်တွေကို ရှောင်းကျန့် အတင်းဖယ်ချလိုက်ကာ လှည့်ထွက်ဖို့လုပ်ပြီးမှ ဝမ်ရိပေါ်ကို ပြန်ကြည့်ပြီးပြောလိုက်သည်။

"ဒါကြောင့် မောင်အိမ်မပိုင်ဘဲ ခြေလာမရှုပ်နဲ့ ကိုယ်ကအရုပ်မဟုတ်ဘူး....ကိုယ်လည်းလူမလို့ နည်းနည်းတော့နာတတ်တယ်......"

နာနေရတဲ့ ရင်ဘတ်က ဘယ်သူ့ကြောင့်ဆိုတာကိုတော့ လူတွေကို စာဖွဲ့ပြီးအထူးတလည် မရှင်းပြဖြစ်ခဲ့တော့ဘူး။အထူးသဖြင့် ကိုယ့်ကို လူသိရှင်ကြားလုပ်ထားပြီး ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကိုတောင် ပြောထွက်မလာတဲ့သူကိုပေါ့။
ချစ်တာတွေ မေတ္တာတွေ အသာထားပါ လောလောဆယ်တော့ မြင်မြင်သမျှ ကောက်ခွဲနေတဲ့ ဒီကောင်လေးရဲ့ ဒေါသကို ယန်ယူမီ ဆိုတဲ့ ကလေးမ ဘယ်လို ရင်ဆိုင်မလဲတွေးရင်း နည်းနည်းတော့ အသည်းယားမိသား။

​ကလေးတွေလို ငိုကြီးချက်မနဲ့ ပြန်တိုင်ပြောလိုက်တာတော့ မဟုတ်ပါဘူး....ဟိုဘက်က ပြောခဲ့တာလေးတွေကို ပြန်ပြောပြလိုက်ရုံပါ။

တကယ်ဆို သူတို့လည်း ကိုယ့်လူကိုယ်မနိုင်ဘဲနဲ့ သူ့ကိုပဲ တစ်ဖတ်ပိတ်လာမပြောခဲ့သင့်ဘူး။ အဲ့တော့လည်း ဘယ်သူမပြု မိမိမှုပါပဲပေါ့။