ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၆)Unicode

ဝမ်ရိပေါ် တစ်ဖက်က ကားကို ဂရုစိုက်မောင်းနေရင်း တစ်ဖက်ကလည်း ရှောင်းကျန့်​၏ မျက်နှာကို တစ်ချက်တစ်ချက်လှည့်ကြည့်လို့နေသည်။

ရှောင်းကျန့်က မျက်နှာကို ကားပြတင်းပေါက်ဆီသို့ သိသိသာသာကြီး လွှဲထားတာဖြစ်သည်။ ကားတွင်း၌ aircon ရှိလျက်နှင့်ပင် ရှောင်းကျန့်​၏ အလိုကျ ကားပြတင်းမှန်တွေကို ချထားပေးတာကြောင့် ကားအရှိန်နှင့်အတူ လေပြင်းများ တိုက်ခတ်သွားတိုင်း ရှောင်းကျန့်​၏ ဆံပင်ပျော့ပျော့တို့ ဝဲလွင့်နေတော့သည်။ ဘေကျင်းမြို့ရဲ့ ညအလှ နီယွန်မီးရောင်တွေကလည်း ထိုအလှတရားကို အပေါ်လွင်ဆုံးဖြစ်အောင် မီးမောင်းထိုးပြထားသလိုနှယ်။

ဝမ်ရိပေါ် သူမောင်းလာတဲ့ကားကို လမ်းဘေးကပ်ပြီးရပ်လိုက်သည်။ ဝမ်ရိပေါ် ကားရပ်လိုက်တော့ ရှောင်းကျန့်က တစ်ချက်တော့ ငဲ့ကြည့်လာပေမယ့် မျက်နှာကို ချက်ချင်းပြန်လွှဲလိုက်သည်။ ဝမ်ရိပေါ်က မျက်နှာလွှဲထားသူ​၏ နှဖူးပြေပြေပေါ်မှာ ဝဲကျနေတဲ့ ဆံနွယ်စတွေကို လက်နဲ့ အသာသပ်တင်ပေးဖို့ အနားသို့တိုးကပ်သွားသည်။ ဆံနွယ်စလေးတွေကို ဝမ်ရိပေါ် လက်နဲ့ ညင်သာစွာ သွားထိလိုက်စဉ် ရှောင်းကျန့် အနည်းငယ် နောက်ဆုတ်လိုက်သော်လည်း ငြင်းတော့ မငြင်း။ ဝမ်ရိပေါ်ကလည်း တဖန် အရဲကိုးကာ ခေါင်းလေးကို ထိန်းကိုင်လိုက်ပြီး ရှောင်းကျန့်​၏ နားထင်စပ်လေးကို နမ်းလိုက်ပြန်သည်။

"မောင့်ကို စိတ်ဆိုးနေတုန်းပဲလား......"

ဝမ်ရိပေါ်​ အမေး​၏ အဖြေကိုရှောင်းကျန့်က မတုံ့ပြန်ဘဲ တိုးလျသောလေသံဖြင့်.....

"အိမ်ကို မြန်မြန်မောင်းပေးပါလား....."

"အင်း....ကောင်းပါပြီ...."

ဝမ်ရိပေါ် အနေနဲ့ ရှောင်းကျန့်​၏ မျက်နှာကို ကားရပ်ပြီး တဝ ကြည့်ချင်သေးသော်လည်း ရှောင်းကျန့်​၏​၏ တောင်းဆိုမှုကြောင့် ကားစက်ကို ပြန်နှိုးလိုက်ကာ ဆက်မောင်းလာခဲ့သည်။

တကယ်ဆို သူ့ကိုစိတ်မပြေသေးတာလည်း အဆန်းတော့မဟုတ်ပါဘူး။ သူဘာလို့ အဲ့ဒိဓာတ်ပုံကို ဖြန့်လိုက်ရလဲ။ ပြောပြီးသားပဲ....ချည်ချင်လို့။ တကယ်ကို ကိုယ့်တစ်ယောက်တည်း အတွက် ဆိုတဲ့ သဘောမျိုးနဲ့ကို ချည်လိုက်ချင်လို့။

ဒီအချိန်မှာ သူတစ်ဖက်ကို ဖြတ်ချလို့ မရသေးရင်တောင် ရှောင်းကျန့်ဆိုတာ သူနဲ့ တရားဝင်ပတ်သက်နေတဲ့ လူတစ်ယောက်ဆိုတာကို တစ်လောကလုံးကို သိထားစေချင်သည်။သူတရားဝင်လက်မတွဲရသေးရင်တောင် သူနဲ့ဆိုင်နေတဲ့လူပါဆိုပြီး လူတွေသိသွားလိမ့်မယ်။

သူလိုချင်တဲ့ပန်းတစ်ပွင့်က ချူလိုသူတွေ အရမ်းများနေတဲ့အခါ ဒီပန်းလေးက သူ့ရင်မှာ ပျိုးထားပြီးသား ပန်းတစ်ပွင့်ဆိုတာ လူတိုင်းကို သိစေချင်လို့သာ။လွယ်လွယ်ပြောရရင်တော့ ကြိုဦးထားတယ် ဆိုတဲ့ သဘောမျိုး။ အဲ့ဒိတော့ ဒီပန်းလေးကို လူတွေ လာပြီးလက်လှမ်းလို့ရတယ်.....လှမ်းချင်သလောက်လာလှမ်းပါ....ထိတွေ့ နမ်းရှိုက်ဖို့ အခွင့်မရှိတော့ဘူးလို့ဆိုလိုလိုက်ချင်းပေ။
သူ့လုပ်ရပ်ကြောင့် ရှောင်းကျန့်ရဲ့ အနာဂတ်ထိခိုက်နိုင်တယ်ဆိုတာ သူမသိဘူးဆိုတာတော့ လိမ်ရာကျမယ်။ ဒီနိုင်ငံရဲ့ ဘယ်မှာမှ အလုပ်လုပ်လို့ မရတော့ ဘူးဆိုရင်တောင် တစ်ခုတည်းသောနေရာမှာတော့ အလုပ်ဆက်လုပ်လို့ရမယ်။ အဲ့တာက သူ့ရဲ့ ကုမ္ပဏီပဲ။ အတ္တဆိုတာလားလို့မေးရင်တော့ မသိဘူး။ ကိုယ့် ခြံထဲက ပန်းတစ်ပွင့်က ကိုယ့်ရဲ့ ခြံထဲမှာပဲ ရှင်သန်နေတာကိုပဲ လိုချင်မိတာ။ အဲ့တာ အတ္တဆိုတော့လည်း အချစ်ရဲ့ အနောက်မှာ အတ္တလိုက်တယ်ဆိုတဲ့ လှလှပပဆင်ခြေတစ်ခုပဲ ပေးနိုင်မယ်။ ရှင်းရှင်းပြောမယ်....ချစ်တော့ လိုချင်တယ် ဒါပါပဲ။
အတွေးကိုယ်စီနဲ့ တစ်လမ်းလုံးတိတ်ဆိတ်လာကြပြီးနောက် ရှောင်းကျန့်​၏ condo ဝန်းထဲသို့ရောက်လာ​၏။ ထိုအခါ ရှောင်းကျန့်က ကားကို ကားပါကင်ရောက်တဲ့အထိ မစောင့်ဘဲ......

"ဒီကပဲ ဆင်းလိုက်တော့မယ်.....လိုက်ပို့တဲ့ အတွက်ကျေးဇူး....."

"နေဦး....အခန်းရှေ့ထိ မောင်လိုက်ပို့မယ်....."

"မလိုဘူး....."

"မောင့်ကို မငြင်းနဲ့....ရှောင်းကျန့်....."

ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်က တံခါးလော့ခ်ကို မဖွင့်ပေးသေးဘဲနဲ့ သူကားပေါ်က ဆင်းပြီးမှသာ တစ်ခါတည်းဖွင့်ပေးလိုက်သည်။ ရှောင်းကျန့်ကားပေါ်က ဆင်းပြီးတဲ့နောက် condo ဘက်ကိုသာ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ဝမ်ရိပေါ်ကလည်း အနောက်ဘက်ကနေထပ်ကြပ်မကွာ။ အခန်းရှေ့ထိရောက်လာတာတောင် စကားတစ်လုံးမှ မပြောဖြစ်ကြ။
ရှောင်းကျန့်က အိမ်တံခါးကို ဖွင့်ကာ အထဲဝင်ဖို့ပြင်လိုက်လျှင်ပဲ......

"လက်ကို ဂရုစိုက်.....ရေအထိမခံနဲ့.....မောင်ပြန်တော့မယ်....တစ်ခုခုဆို မောင့်ကို ဖုန်းဆက်လိုက်....."



ဝမ်ရိပေါ် ရဲ့စကားကို ရှောင်းကျန့် ဂရုမစိုက်ဘဲ လှည့်ဝင်သွားမည်လုပ်ပြီးမှ ခြေလှမ်းတို့တုံ့ဆိုင်းသွားရကာ နှုတ်ခမ်းထောင့်တစ်ဖက်က ကွေးညွတ်သွားရသည်။ ထို့နောက်တိုက်ခန်းအဝမှာ ရပ်နေဆဲဖြစ်တဲ့ ဝမ်ရိပေါ် ရှိရာသို့ လှည့်ကြည့်လိုက်ပြီး......
"မောင်......"

"......."

"ဒီည ကိုယ်နဲ့နေပေးပါလား~~ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ ကိုယ်ခံနိုင်ရည်မရှိဘူး...."

ပြောရင်းနဲ့ပင် ရှောင်းကျန့် တိုက်ခန်း​၏ ဖိနပ်ချွတ်နေရာမှာပဲ ငုတ်တုတ်ထိုင်ကာ ငိုချလိုက်သည်။ ဝမ်ရိပေါ်ကပါ ရှောင်းကျန့် အလားတူ ငုတ်တိုတ်ထိုင်လိုက်ကာ ကျောပြင်လေးကို ပွတ်သပ်ပေးလို့နေ​၏။

"မငိုနဲ့တော့ ရှောင်းကျန့်....ဒီည မောင် မင်းနဲ့အတူရှိပေးမယ်....မနက်ကြရင်လည်း အလုပ်အတူတူ သွားမယ် ဟုတ်ပြီလား.....တိတ်တော့.....မင်းမျက်ရည်ကျရင် မောင်မကြိုက်ဘူး....တိတ်တော့....."
ဒီတစ်ခါတော့ ဝမ်ရိပေါ် အိမ်​ရှေ့ဧည့်ခန်းတွေက ဆိုဖာပေါ်မှာပဲ ထိုင်စောင့်မနေတော့ဘူး။ ရှောင်းကျန့်နှင့်အတူ အိပ်ခန်းထဲကိုသာ တစ်ခါတည်းလိုက်ခဲ့သည်။ ရှောင်းကျန့်ကလည်း တားမြစ်ခြင်းမရှိတာကြောင့်ပါမည်။

"မောင် ကိုယ့်ကို ခဏစောင့်နော်.....ကိုယ်အရင် ချိုးလိုက်မယ်.....ကိုယ်ပြီးမှပဲ မောင်ချိုးလိုက်....."

"ရတယ်....အရမ်း မကြာစေနဲ့ လက်က ဒဏ်ရာနဲ့ တော်ကြာ....."

"အင်းပါ မောင်....ကိုယ် အမြန်ချိုးလိုက်ပါမယ်....."
ရေချိုးခန်းအတွင်းမှ ရေကျသံများကို ဝမ်ရိပေါ် နားထောင်နေရင်း ရှောင်းကျန့်ကို စိတ်ရှည်လက်ရှည် ထိုင်စောင့်နေသည်။ ပြီးနောက် ညနေစာ အတွက်လည်းတစ်စုံတစ်ခုကို မှာယူလို့နေ​၏။ သူတို့ ရေမိုးချိုးပြီးတာနဲ့ တစ်ခါတည်း စားသောက်လို့ရအောင်။ နေ့ခင်းတုန်းက စကားတွေ အကြီးအကျယ်များထားတော့ ဘယ်သူမှ ဟုတ်တိပတ်တိ မစားခဲ့တာဖြစ်သည်။

"ချောက်...."

ဝမ်ရိပေါ် ထိုင်စောင့်နေရင်း ရေချိုးခန်းဘက်မှ တံခါးချက်ဖွင့်လိုက်တဲ့ အခါ လှမ်းကြည့်မိလိုက်တော့ ငေးကနဲ တစ်ချက်ဖြစ်သွားရသည်။ အပေါ်ပိုင်း ဗလာနဲ့ ထွက်လာတဲ့ သူကို ဆယ်စက္ကန့်ထက်ပိုပြီး မကြည့်နိုင်တာကြောင့် အကြည့်လွှဲလိုက်ပြီး......
"အင်္ကျီ အမြန်ဝတ်လိုက် အအေးပတ်နေဦးမယ်...."

"အင်းပါ မောင်....."

ရှောင်းကျန့် ဗီဒိုရှေ့သွားကာ သက်တောင့် သက်သာ ဖြစ်စေမယ့် အဝတ်အစားမျိုးကို ရွေးလိုက်သည်။ ရွေးလိုက်တာက ကြယ်သီးတွေပါတဲ့ လက်တို ရှပ်အင်္ကျီ အနီတစ်ခုသာ။ အိမ်မှာ နေတာ ဖြစ်၍ လက်ရှည်တွေလည်း ဝတ်ဆင်လိုခြင်းမရှိ၍ ဖြစ်သည်။ ရှောင်းကျန့် ရှပ်အင်္ကျီကို လက်တွေ လျှိုသွင်းကာ ဝတ်ဆင်လိုက်ပေမယ့် လက်က ဒဏ်ရာကြောင့် ကြယ်သီးတွေ တပ်ဆင်ဖို့ အခက်အခဲရှိ​၏။ ထို့ကြောင့် ဝမ်ရိပေါ် အနားသို့ တိုးကပ်သွားကာ.....
"မောင် ကိုယ့်ကို ကူညီပါလား.....ကိုယ့်လက်က...."

ဝမ်ရိပေါ် သဘောပေါက်တာကြောင့် ခေါင်းညိမ့်ပြလိုက်​၏။

"အင်း....လာ မောင်တပ်ပေးမယ်....."

ဝမ်ရိပေါ်​၏ အကြည့်တွေက ကြယ်သီးများပေါ်တွင်သာ အာရုံစူးစိုက်လို့ထား​၏။ အသက်ကို အောင့်ထားရ၍လား ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်မှာ တုန်ရီနေတာ ဆို၍ ကြယ်သီးတပ်ဆင်ပေးနေတဲ့ လက်ချောင်းတွေသာရှိသည်။ အချိန်က ငါးမိနစ်ခန့်ကျော်လွန်လာခဲ့ပေမယ့် ကြယ်သီးက သုံးလုံးသာ တပ်ဆင်၍ပြီး​၏။ ရှောင်းကျန့် က လက်တွေတုန်နေတဲ့ ဝမ်ရိပေါ်ကို ကြည့်ရင်း ပြုံးလိုက်မိကာ.....
"ရပြီ မောင်.....ကိုယ်မတ်တပ်ရပ်ထားရတာလည်း ခြေထောက်တွေ တောင့်နေပြီ.....မောင်လည်း ရေမိုးချိုးပြီးသာ ထွက်ခဲ့တော့ ကိုယ် အရှေ့မှာ ရှိနေမယ်....."

"အင်း....မောင် ညစာ မှာထားတယ်....ရောက်လာရင် ယူထားလိုက်ဦး....."

"ကောင်းပါပြီ......"

ရှောင်းကျန့် ဧည့်ခန်းထဲသို့ ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်နှစ်ခွက်ကို ကိုင်ပြီးယူလာခဲ့သည်။ လက်ဒဏ်ရာက ဒီလိုအသေးအဖွဲလေးတွေ မလုပ်နိုင်လောက်အောင် ဖြစ်နေတာမှ မဟုတ်တာ။ ရှောင်းကျန့် ဧည့်ခန်းထဲမှာ ထိုင်ရင်း ဖွင့်ထားခြင်းမရှိတဲ့ တီဗီ မျက်နှာပြင်ကြီးကိုသာထိုင်ကြည့်လို့နေသည်။ တီဗီထဲမှာ ပြန်တွေ့နေရတဲ့ သူ့ပုံရိပ်ကို ကြည့်ပြီး ပြုံးလိုက်မိပြန်သည်။
ဒီဇာတ်လမ်းကို သူစခဲ့တာ မှန်သည်.....ဒါကြောင့် သူနိုင်အောင် က မည်။ တစ်ခုပဲ ဟိုကောင်လေးလည်း သူစလိုက်တဲ့ ဇာတ်လမ်းကို သူနိုင်အောင်က။ ဘယ်သူက ဇာတ်သိမ်းပေးမလဲ တော့မသိပေမယ့် ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင် က ကြရမှာ။

လောလောဆယ်တော့ သူ့ဘက်ကတော့ ယုံကြည်ချက်ရှိသည်။ တစ်ပါးသူသိက္ခာတွေ ဘာတွေကို ထောက်ပြီး တွေဝေနေခဲ့သမျှတွေကြောင့် နှောင့်နှေးမှုတွေရှိခဲ့ပေမယ့်.....အခုတော့ သူ့မှာ ဘာမှ တွေဝေနေစရာမရှိတော့။ ဟိုဘက်ကတောင် ကိုယ့်သိက္ခာကိုယ်မထောက်သည့် အပြင် သူ့သိက္ခာကိုပါ ဆွဲချသွားခဲ့တော့ သူ့မှာ ဆုံးရှုံးစရာ ကဘာမှ မရှိတော့​။ အဲ့ဒိတော့ နောက်ပိုင်း သူ့ဘက်က ရစရာတွေချည်းပဲ ရှိတော့မှာ။
"ဆောရီးပဲ မောင့်ကို စောင့်နေတာ ကြာသွားပြီလား....."

"ဟင့်အင်း မောင်.....ညနေစာတောင် လာမပို့သေးဘူး....."

"ရောက်တော့မယ်ထင်တယ်....မောင် ဖုန်းခေါ်ကြည့်လိုက်မယ်...."

"မခေါ်နဲ့တော့ အေးဆေးပေါ့ ကိုယ်လည်း မဆာသေးဘူး.....ကိုယ့်ဘေးနားမှာပဲ လာထိုင်....."

ရှောင်းကျန့်​၏ တောင်းဆိုမှုကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်​၏ နံဘေးတွင်ဝင်ထိုင်ပြီး ရှောင်းကျန့်​၏ ခေါင်းလေးကို သူ့ပုခုံးပေါ်တင်ပြီး ဖက်ထားလိုက်သည်။ ရှောင်းကျန့်လည်း အလိုက်သင့်လေး မျက်လုံးများကို အသာမှိတ်လို့ထားသည်။ နှစ်ယောက်သားက တစ်ယောက်​၏ ကိုယ်ငွေ့ကို တစ်ယောက် ခံစားနေကြနေသလိုပင် ငြိမ်သက်နေကြသည်။ နှစ်ယောက်စလုံးရေချိုး ပြီးခါစဆိုတော့ အပြန်အလှန် နွေးထွေးမှုရယူနေကြခြင်း​ဖြစ်လိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်နေကြတဲ့ အချိန်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်​၏ နဖူးကို နမ်းလိုက်ကာ.....

"မောင်ပြောစရာလေးတွေရှိတယ်....မင်း ခဏလောက် နားထောင်ပေးမလား....."

ရှောင်းကျန့် နှုတ်ကပြန်မဖြေပေမယ့် ခေါင်းကို အသာ ညိမ့်လိုက်သည်။

"ဒီတစ်နေ့လုံး မင်းစိတ်တွေ ဆတ်နေလို့ မောင် ဘာမှ မပြောခဲ့တာ အခုတော့ မောင်ပြောတာလေးတွေ ခဏလောက်နားထောင်ပေး....."

"....."

"မင်း မောင့်ကို ပြောခဲ့တဲ့ စကားတစ်ခွန်း.....တစ်ခုခု ဖြစ်လာရင် မင်းဘက်မှာ ဘယ်သူ့မှ မရှိဘူးလို့ ဘယ်လိုတောင် တွေးရက်ခဲ့တာလဲ....."
"......."

"မောင့်ကို အားကိုးစရာ တစ်ခုအဖြစ်တောင် မင်းမတွေးခဲ့ဘူးလား.....မင်းမာနကို အထိခိုက်မခံနိုင်တာမောင်သိတယ်.....ဒါပေမယ့် မင်းသိထားရမှာက မင်းဘက်မှာ မောင် အမြဲတမ်းရှိတယ်ဆိုတာပဲ....."

ရှောင်းကျန့်ဘက်က ဘာမှ ပြန်မပြောတာကြောင့် ဝမ်ရိပေါ်သူ​၏ ပုခုံးပေါ်တင်ထားတဲ့ ရှောင်းကျန့်ခေါင်းဘက်ကို စောင်းပြီး သူ့မေးစေ့ဖြင့်ခပ်ဆတ်ဆတ်လေးတိုက်လိုက်သည်။

"ပြန်ဖြေဦးလေ....."

"ယုံရမှာလားမောင်....."
ရှောင်းကျန့်က ကိုယ်အနေအထားကိုပြင်ပြီး ဝမ်ရိပေါ် နှင့်မျက်နှာချင်းဆိုင် အကြည့်ခြင်းဆုံလိုက်သည်။

"ယုံရမှာလားမောင်....."

"မင်းစိတ်ချလက်ချ ယုံလို့ရတယ်.....မောင်က မဟုတ်တဲ့စကားတွေ မပြောဘူး....."

"အင်း....အဲ့တာဆို ကတိပေး....."

ရှောင်းကျန့် သူ​၏ လက်သန်းလေးကို ဝမ်ရိပေါ် အရှေ့သို့ ထိုးပေးလိုက်ကာ လက်သန်းချင်းချိတ်ဖို့သဘောမျိုးဆောင်လိုက်သည်။ ဝမ်ရိပေါ်က သူ့အရှေ့က လက်သန်းလေးကို ဖမ်းဆုပ်လိုက်ပြီး....
"ဟင့်အင်း.....ဒီလိုပုံမျိုးနဲ့ မောင်ကတိမပေးချင်ဘူး.....လက်သန်းချင်းချိတ်တာ ကလေးတွေ လုပ်တဲ့အလုပ်....မောင်ကတော့ မင်းနဲ့ လူကြီးတွေ လုပ်တဲ့အရာမျိုးနဲ့ ကတိပေးချင်တယ်......"

ဝမ်ရိပေါ် ရှောင်းကျန့်​၏ မေးဖျားလေးကို အသာဆွဲယူလိုက်ကာ နှုတ်ခမ်းချင်းချိတ်ဆက် ကတိပေးမည် အလုပ်......

"တင်းတောင်....."

ရှောင်းကျန့် ဟန်ချက်ပျက်သွားပြီး.....

"ညစာ လာပို့ပြီထင်တယ်....."

"ထားလိုက်.....လူမရှိဘူး ထင်ပြီး ဒီတိုင်းပဲ ချသွားလိမ့်မယ်......"
"ဟာ မောင်ကလည်း....အွန့်...."

"တင်းတောင်...x ၅ "

ငါးမိနစ်ကြာသည့် တိုင်အောင် တိုက်ခန်းထဲက အစားမှာထားတဲ့ လူတွေ မထွက်လာသေးတာကြောင့် delivery သမားလေးလည်း အပြင်ဘက်မှာသာ ချထားခဲ့တော့သည်။ အနမ်းတွေ နက်ရှိုင်းနေစဉ် ရှောင်းကျန့် ဘက်မှ ခွာလိုက်ပြီး.....

"တော်တော့ မောင်.....ကိုယ်ဗိုက်ဆာနေပြီ...."

"အင်း....မောင်သွားယူပေးမယ် ခဏစောင့်...."

"ဒါနဲ့.....တစ်ခုလောက်ပြောစရာရှိလို့မောင်....မောင် ကိုယ့်ကိုယ်ကို မောင်ဆိုပြီးတော့ သုံးနှုန်းပြီး မပြောပါနဲ့လား ကိုယ့်နားထဲမှာ ကြားနေရတာ အဆင်မပြေဘူး...."
ဝမ်ရိပေါ်က ရှောင်းကျန့်ကို မတတ်နိုင်ဘူးဆိုတဲ့ သဘောမျိုးဖြင့် ပုခုံးတွန့်ပြလိုက်ကာ.....

"ဒါတော့ မတတ်နိုင်ဘူး.....မင်းပဲမောင့်ကို အကျင့်လုပ်ပေးခဲ့တာမဟုတ်ဘူးလား....မောင့်ရဲ့ရှောင်းကျန့်..."

__________ ___________

​ဝမ်ရိပေါ် ညက အိမ်တကယ်မပြန်ဖြစ်တော့ဘဲ ရှောင်းကျန့်နှင့် အလုပ်ကို အတူတူ လာခဲ့ကြသည်။ ကုမ္ပဏီအရှေ့ရောက်တော့ ရှောင်းကျန့်က....

"မောင်....ကိုယ်တစ်ခုလောက်တောင်းဆိုချင်တယ်.....အလုပ်ထဲရောက်တဲ့ အခါ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာလေးတွေ ခွဲခြားပေးပါ....အဲ့ဒိတစ်ခုပဲ ကိုယ်တောင်းဆိုမယ်....."
အလုပ်ထဲက ရှောင်းကျန့်ကလည်း သူ့ရဲ့ ရှောင်းကျန့် ၊ကိုယ်ရေးကိုယ်တာ အရပတ်သက်နေရတဲ့ ရှောင်းကျန့်ကလည်း သူ့ရဲ့ ရှောင်းကျန့်ဟု သတ်မှတ်ထားတဲ့ ဝမ်ရိပေါ် အဖို့ ရှောင်းကျန့် တောင်းဆိုလာတဲ့စကားတစ်ခွန်းကို အဖြေပေးဖို့ ခက်ခဲသည်။ အဲ့တော့ ပြန်ဖြေလိုက်တာက.....

"အင်း.....အဲ့တာကတော့ အခြေအနေအရပဲ...."

မနေ့က တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်က ဒီနေ့မှာ မီးကို ရေနဲ့ ငြိမ်းလိုက်သလို ဖြစ်သွားခဲ့သည်။ သေချာတာပေါ့ ဒီမီးငြိမ်းဖို့ ရေဘယ်လောက်တောင် နိုင်ခဲ့လဲတော့ မသိ။ လောင်းခဲ့တဲ့ ပုံးအရေအတွက်ကိုတော့ ဝမ်အိမ်တော်က အကြီးအကဲတွေပဲ သိလိမ့်မည်။
သိုပေမယ့် မငြိမ်းသေးတဲ့ မီးစတချို့ကတော့ ဝမ်လုပ်ငန်းစု​၏ ကုမ္ပဏီအတွင်းပိုင်းမှာ ဆက်လို့လောင်ကျွမ်းနေဆဲ။

ရှောင်းကျန့် တစ်ယောက်တည်း နေ့လည်စာ စားချိန်တွင် ကုမ္ပဏီရှိ ကော်ဖီဆိုင်တစ်ခု၌ ကော်ဖီကို အေးဆေးသောက်လို့နေသည်။ မနေ့တုန်းကလို လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြဆဲပင်။ ထိုလူတွေ များကြားမှ လူတစ်ယောက်က ရှောင်းကျန့်ထိုင်နေရာအရှေ့က ထိုင်ခုံ အလွတ်တွင် ခွင့်မတောင်းဘဲ ဝင်ထိုင်လိုက်သည်။ ထိုလူက ရှောင်းကျန့်နှင့် အသက်ရွယ်တူ သို့မဟုတ် အနည်းငယ်တော့ ငယ်ပုံရသည်။
ရှောင်းကျန့်က တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ကော်ဖီသာ ဆက်သောက်နေသည်။

"ရှောင်းကျန့်ဆိုတာလား....."

"သိပြီးမှ လာမေးနေတာ မဟုတ်လား...."

ရှောင်းကျန့်​၏ ခပ်ချေချေ တုံ့ပြန်မှုကြောင့် တစ်ဖက်က မျက်ခုံးတော့ပင့်သွားရသည်။

"ဘာလဲ သူဌေးအားကိုးနဲ့ မာန်တက်နေတာလား...."

ရှောင်းကျန့် စိတ်ထဲတင်းသွားရသည်။ သို့ပေမယ့် မျက်နှာမှာ ဘာအမူအရာမှ မပြ။ ဒါသူ့ကို ဘလိုင်းကြီး လာစော်ကားနေတာ မဟုတ်ဘူးလား။
"လိုရင်းကိုပြော....."

"အင်း.....ကျွန်တော်က ဒီဇိုင်းဌာန (၃) က ဒီဇိုင်နာ တစ်ယောက်....."

"အဲ့ဒိတော့...."

"ကျွန်တော် အစတုန်းက တွေးနေတာ ကျွန်တော်တို့ ဌာနက တင်ပြတဲ့ ဒီဇိုင်းတွေ အားလုံး ဘာလို့ အမြဲတမ်းအပယ်ခံရတာလဲ ဆ်ိုတာ....."

"အသုံးမကျလို့နေမှာပေါ့...."

ကော်ဖီသောက်မပြတ်ဘဲ ခပ်ထေ့ထေ့ပြုံးပြီးပြောလာတဲ့ စကားကြောင့် ထိုလူ ရင်ထဲအောင့်သက်သက်ဖြစ်သွားရသည်။

"အခုမှ ကျွန်တော်သိလိုက်ရတယ်.....ရှောင်းကျန့်တို့ရဲ့ ဌာနက သူဌေးကို အပိုင်ကပ်ထားလို့ဆိုတာ....ဟက်...."
ရှောင်းကျန့် သောက်လက်စ ကော်ဖီကို ခဏ ရပ်လိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်ကာ အရှေ့က လူကို စိုက်ကြည့်လိုက်သည်။ အရှေ့က လူကဆက်ပြီး....

"ဒီဇိုင်းပုံ တစ်ပုံ ရွေးခံရဖို့ ဘယ်နှစ်ည ပေးလိုက်ရလဲ ​ရှောင်းကျန့်......"

​ဘာမှ မသိသလို ပုံမျိုးဖြင့် ရှောင်းကျန့် နားထင်စပ်လေးကို လက်လေးနဲ့ အသာကုတ်လိုက်သည်။ သူ့ရဲ့ စိတ်ထဲမှာ ဒေါသက တစ်ဆုံးဖြစ်နေပြီဖြစ်သည်။ သူအခုမှ စဉ်းစားမိတာ ရှိသည်။ သူ့ဒေါသတွေကို ဟိုကောင်လေး ရှေ့ကလွဲလို့ ဘယ်သူ့ရှေ့မှာမှ မပြသခဲ့ဖူးတာပင်။ ဘယ်အရာကို မဆို သေလောက်အောင် ဒေါသထွက်နေလည်း အပြုံးကတော့မပျက်။
သူ့အရှေ့က လူကိုလည်း သူဘာအမူအရာမှ မပြဘဲအပြုံးနဲ့တုံ့ပြန်နေလို့လားမသိ အရောင့်တက်လာသည်။

"ရှောင်းကျန့်က ယောကျာ်းလေးတွေကို ကြိုက်တတ်တော့ ကျွန်တော်နဲ့ တွဲကြည့်မလား.....ကျွန်တော်က သူဌေးလောက် မချမ်းသာပေမယ့် ကျွန်တော့်မိဘတွေကတော့ ပိုက်ဆံရှိတယ်.....စမ်းကြည့်လေ....ဟက်...."

ရှောင်းကျန့် အရှေ့က လူရဲ့ စော်ကားနေမှုတွေကို လုံးဝတုံ့ပြန်ခြင်းမရှိ။ သူကိုယ်တိုင် တုံ့ပြန်စရာမလိုလို့ပင်။ ရှောင်းကျန့် ခပ်လှမ်းလှမ်းနေရာက လူရိပ်တစ်ခုကို တွေ့လိုက်ပြီးနောက် သူ့ကိုဘလိုင်းကြီး စော်ကားနေတဲ့လူရဲ့ စားပွဲပေါ်တင်ထားတဲ့ လက်ကို အပေါ်ကနေ အုပ်မိုးကိုင်လိုက်ပြီး ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးဟု ထင်ရတဲ့ အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ ပြီးတော့ နှုတ်ခမ်းပါးတွေကနေ တိုးတိုးကပ်ပြောလိုက်ပါသေးတယ်.....။
"အင်း.....စမ်းကြည့်မယ်လေ...."

ရုတ်တရက်မလို့ ထိုလူကြောင်သွားရစဉ်....

"ဝုန်း....ခလွမ်း....ချွမ်း...."

ရှောင်းကျန့်ကို စော်ကားနေတဲ့လူက ရုတ်တရက်ကြီး ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားတာကြောင့် ကြောင်ပြီးမော့ကြည့်လိုက်သည်။ မော့ကြည့်လိုက်တော့ သူတို့​၏ CEO ကိုယ်တိုင် သူ့ကို စူးရဲနေတဲ့ မျက်လုံးတွေဖြင့် ကြည့်နေတာကိုတွေ့ရသည်။ ထိုလူက ထိုင်ကျနေရာမှ မတ်တပ်ပြန်ရပ်ဖို့လုပ်လိုက်စဉ်......
"ခွပ်....."

သုံးလေးချက် မကတဲ့ လက်သီးအရေအတွက်တွေက ထိုလူရဲ့ မျက်နှာပေါ်သို့ အဆက်မပြတ်ကျရောက်လို့သွားသည်။ ဘယ်သူမှလဲ ဝင်မဆွဲရဲသလို ရှောင်းကျန့်ကလည်း ထိုင်နေတဲ့ နေရာကနေ တစ်လက်မတောင် မရွေ့ ကော်ဖီသောက်ရင်း ကြည့်လို့နေသည်။

ပြောသားပဲ.....သူကိုယ်တိုင် တုံ့ပြန်စရာမလိုဘူးလို့။ ရှောင်းကျန့်က သူ့ဘေးမှာ ကြောင်ပြီး ရပ်နေတဲ့ စားပွဲထိုးလေးကို ခေါ်လိုက်ပြီး စတော်ဘယ်ရီ ကိတ်မုန့်လေးတောင် လှမ်းမှာလိုက်သေးသည်။ လာချပေးတဲ့ ကိတ်မုန့်လေးကို တစ်ဇွန်းချင်း စားနေရင်း သူ့ရှေ့က ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ဆက်ကြည့်နေသည်။
ဝမ်ရိပေါ်က စိတ်ပြေလောက်သည် အထိ ထိုးကြိတ်ပြီးသွားနောက် မျက်နှာ တစ်ခုလုံး စုတ်ပြတ်နေတဲ့သူကို ပြောလိုက်သည်။

"မင်းကို ချက်ချင်း အလုပ်ထုတ်လိုက်မယ်လို့ စိတ်မကူးနဲ့....မင်းမခံနိုင်တော့မှ ကိုယ်တိုင် နှုတ်ထွက်စာ လာပေးတဲ့ အထိလုပ်မှာ...."

ဝမ်ရိပေါ် ဆီမှ ထွက်လာတဲ့ စကားတစ်ခွန်းကြောင့် ရှောင်းကျန့် ခပ်ဟဟရယ်မိသည်။ ဟိုစကားပုံလေးက ဘာဖြစ်တယ်.....အသွင်တူရင် ဘာတဲ့....။ အသွင်တူရင် ဘာဖြစ်တယ် ညာဖြစ်တယ် သူမသိဘူး။ လောလောဆယ်တော့ ဒီကောင်လေးနဲ့ သူက အလုံးစုံမဟုတ်ရင်တောင် စိတ်ဓာတ်က မတိမ်းမယိမ်းတူသည်။
သူအခုဖြစ်စေချင်နေတာကလည်း ဒီကောင်လေးဘက်က တရားဝင်ကွာရှင်းသည် ဖြစ်စေ မကွာရှင်းသည် ဖြစ်စေ....ယန်ယူမီ ဘက်က ကိုယ်တိုင် တောင်းဆိုပြီး ကွာရှင်းပေးလာသည် အထိဖြစ်စေချင်တာဖြစ်သည်။

ဒီကောင်လေး သူ့ကို လူသိရှင်ကြား ကြေညာလိုက်တယ်။ အဲ့တော့ ဘာဖြစ်လဲ....လူမြင်ကွင်းမှာ များများ တွဲသွားပြရုံပေါ့။ လူမှုအသိုင်းအဝိုင်းမှာ အမှားတစ်ခုက ဘယ်အချိန်မှာ အမှန်လို့ အထင်ခံလာရလဲ။ အမှားတစ်ခုကို မြင်ပါများလာရင် စိတ်ထဲမှာ အမှန်လို လက်ခံချင်သလိုလို ဖြစ်လာကြလိမ့်မယ်။ အဲ့တော့ သူတို့ကို အတူတူ မြင်ပါများလာလေ....လူတွေလက်ခံတာတွေ လက်မခံတာတွေ ထက် ယန်ယူမီဆိုတာ တရားဝင်မယားဆိုတဲ့ အရာကိုတောင် လူတွေမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလိမ့်မယ်။
မနောက်ဘူး....သကြားအချိုးအစားညီညီမျှမျှ နဲ့ လုပ်ထားတဲ့ စတော်ဘယ်ရီ ကိတ်လေးက သူ့အတွက် အခုမှ ပိုချိုနေသလို။

ရှောင်းကျန့် အပြုံးမပျက်ဘဲ ထိုင်ကြည့်နေစဉ် ဝမ်ရိပေါ်က သူ့အနီးကို ဒေါသတကြီးလျှောက်လာပြီး လက်ကောက်ဝတ်ကနေ အတင်းဆွဲခေါ်သွားသည်။

"ခဏနေပါဦး မောင်ရယ် ဖြည်းဖြည်းပေါ့....."

ဝမ်ရိပေါ်က အလွှတ်မပေးဘဲ ရှောင်းကျန့်ကို လှည့်ကြည့်လိုက်ပြီးနောက်......

"မင်း မောင်မဟုတ်တဲ့ အခြားတစ်ယောက်ကိုဘယ်တော့မှ အလှဆုံးမပြုံး​ပြနဲ့....! "
​ဝမ်ရိပေါ်အတင်းခေါ်ဆောင်ရာနောက်ကို တရွတ်တိုက်လိုက်ပါနေရင်း ကော်ဖီဆိုင်ထဲမှာ မထနိုင်အောင် လဲကျန်ခဲ့တဲ့ သူကို ရှောင်းကျန့် ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်။

ထေ့ငေါ့ပြီး ပြုံးလိုက်တာ မဟုတ်ဘဲ သူတကယ်ကို နှစ်လိုဖွယ်ပြုံးလိုက်တာပါ။ ဒါက "မင်းဘက်မှာ မောင်ရှိတယ် " ဆိုတဲ့ စကားတစ်ခွန်းကို လက်တွေ့ပြလိုက်တာပေါ့။

မောင်တကယ်သာ ဆုံးဖြတ်ပြီးသွားရင်....ကိုယ်က ဆိုးချင်သလောက်ဆိုးမှာ ဖြစ်လို့....
ဒီနှင်းဆီနီဆိုး ကို မောင်နိုင်အောင် ပျိုးပေတော့....။