ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၅)Unicode

"မပြောခဲ့ဘူးလား....."

"ဟုတ်လို့လားဟယ်....."

"နင်ကလည်း အစကတည်းက သူတို့နှစ်ယောက် ဆက်ဆံရေးက ဒီလောက်သိသာတာကို....နင်သတိမထားမိလို့....."

"သူဌေးက သူ့ကားပေါ် ဘယ်သူတွေကို တင်ဖူးလို့လဲ...."

"လိုက်တော့ လိုက်သလိုလိုနဲ့ ဟိဟိ...."

"ငါကတော့ လက်မခံဘူး....."

"ဟိုဘက်ကလည်း ရူးလောက်အောင် ချောမောနေတဲ့ အလှတရားကို....."

"ဒါပေမယ့်လည်း အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်ကိုတော့ အဲ့လိုလိုက်ပြီး ပတ်သက်တာမှားတယ်...."

"သူဌေးဘက်ကလည်း စိတ်ပါလို့လေ.....စိတ်မပါရင် ဘယ်သူလာဆွယ်ဆွယ်....."

"€£#%^*>£>¥%..."

.

.

.

.

.

ရှောင်းကျန့် ကုမ္ပဏီထဲ မဝင်ခင်မပြောနဲ့ ကုမ္ပဏီရှေ့ခြေချလိုက်ကတည်းက သူ့ကို လူတွေကြည့်သွားလိုက် တိုးတိုး ပြန်ပြောသွားလိုက်နှင့်လုပ်နေတာကြောင့် စိတ်ထဲမသန့်ဖြစ်ရသည်။ ဓာတ်လှေကား အတွင်းရောက်လာတော့လဲ လူတွေအားလုံးသူ့ကိုပဲ စိုက်ကြည့်နေသည်ဟု ထင်ရသည်။ တီးတိုးပြောသံတွေကြားထဲမှာ လိုက်ဖက်တယ်....မလိုက်ဖက်ဘူးတွေပြောနေကြတဲ့သူတွေကပြော။ မထင်ထားဘူးတွေ ထင်ထားတာတွေ ပြောနေကြတဲ့သူတွေကလည်းပြော....။

ကျစ်....စိတ်ရှုပ်တယ်....ခါတိုင်းလို VIP ဓာတ်လှေကားကနေပဲ သွားလိုက်ရင်အကောင်းသား။ ဒါပေမယ့် VIP ဓာတ်လှေကားကိုလည်း သူမစီးချင်ဘူး....သူ့အကြောင်းနဲ့သူ။

ရှောင်းကျန့် သူ့ဌာနရောက်လာသည်ထိတိုင် ဌာနက လူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေတာကြောင့် စိတ်မရှည်တော့ဘဲ နီးစပ်ရာလူကို အသံမာမာဖြင့်မေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ....."

"ဟို....ဟို...."

"ဘာလဲ....."

သူ့ရှေ့မှာ ကြောင်အအ ဖြစ်နေတဲ့ ဝန်ထမ်းကြောင့် ရှောင်းကျန့် ပို၍စိတ်မရှည်ဖြစ်ပြီး အရှေ့သို့တိုးသွားလိုက်လျှင် ဌာနရဲ့ ဌာနမှူးဖြစ်တဲ့သူက လှမ်းတားလိုက်သည်။

"ရှောင်းကျန့် .....ရုံးခန်းထဲခဏလိုက်ခဲ့....."

ဌာနမှူးက သူ့လက်ထောက်ဖြစ်တဲ့ ရှောင်းကျန့်ရဲ့ စိတ်ကို သိလို့ ရုံးခန်းထဲကို ဆွဲခေါ်လာခဲ့သည်။ ကြည့်ရတာတော့ ရှောင်းကျန့် မသိသေးတာ ဖြစ်မည်ထင်သည်။

"ဘာကိစ္စရှိလို့လဲ ဌာနမှူး...."

ဌာနမှူးက လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ သက်ပြင်းပါ တစ်ပါတည်းချပြီး သူ့ဖုန်းထဲက တစ်စုံတစ်ခုကို ဖွင့်လို့ ရှောင်းကျန့်ဆီသို့ထိုးပေးလိုက်သည်။

"ဘာလဲ...."

ဌာနမှူးက ဘာမှ မပြောဘဲ ရှောင်းကျန့်ကို ကြည့်လိုက် ဆိုတဲ့ သဘောမျိုးဖြင့် မေးဆတ်ပြလိုက်သည်။
ရှောင်းကျန့်​၏ ရင်ဘတ်ထဲ ဒိန်းကနဲပဲ။

ဦးနှောက်သွေးကြောတွေ ပေါက်ထွက်လု မတတ်သွေးတွေဆောင့်တက်သွားတာ ကြောင့် လူက မိုက်ကနဲတောင် ဖြစ်သွားမိသည်။ ဒေါသကြောင့်လားမသိ တုန်လာတဲ့ လက်တွေက အစိုးမရ။ အသက်ရှူသံတွေ ပြင်းပြနေပုံမှာ ဘေးနားက ရပ်နေတဲ့ လူကို ပြာကျစေလောက်သည် အထိ။

"ဟား....ဟား...."

ရှောင်းကျန့် သုံးစက္ကန့်လောက် အခြောက်တိုက်ရယ်မောလိုက်ပြီးနောက် မျက်နှာကို ချက်ချင်းပြန်တည်လိုက်သည်။ သူတကယ်ကို မရယ်ချင်ဘူး။ ဖုန်းထဲမှာ အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင် ဖြစ်နေတဲ့ သူ့ကို လက်မောင်းပေါ်တင်ပြီး နဖူးကို ငုံ့နမ်းနေတဲ့ပုံ​။(အပိုင်း ၂၁ မှာဖော်ပြခဲ့ပါသည်)
ပုံထဲက ဘယ်သူတွေလဲလို့ ရိုက်စစ်စရာမလိုလောက်အောင် ထင်ထင်ရှားရှား ထိထိမိမိ အနေအထားနဲ့ ကို ရိုက်ထားတာ။ ဘယ်အချိန်တုန်းက ရိုက်ခဲ့လိုက်တာလည်းတောင်မသိ။ ရိုက်လိုက်တာက ကိစ္စမရှိဘူး။ ဘာလို့ ဒီလိုတွေ လုပ်လိုက်ရတာလဲ။

ဒီပုံကိုရော သူဘာလို့ အခုသူများပြမှတွေ့နေရတာလဲ.....အဲ့လို လူတကာဘာလုပ်လုပ် စိတ်ဝင်စားကြတဲ့ လူတွေစုဝေးနေတဲ့ လူမှုကွန်ယက်ဆိုတာတွေ မသုံးလို့။

ဒီကောင်လေး သွေးဆိုးတာ သူသိတယ်.....ဒီလောက်ထိ စဉ်းစားဆင်ခြင်မှုမရှိဘဲ ထင်ရာစိုင်း တဇွတ်ထိုး တွေလုပ်လိုက်သည်အထိ သွေးဆိုးနိုင်ခဲ့မှန်းမသိခဲ့တာ။တကယ်ဆို သူ တစ်ပုံမှ မကျန်အောင် မီးရှို့ဖျက်ဆီးလိုက်တဲ့ ဓာတ်ပုံတွေက ယန်ယူမီ တစ်ယောက်တည်း ဆီကိုပို့ပေးဖို့သာ ရည်ရွယ်ခဲ့တာ။ ဒီလို တစ်တိုင်းပြည်လုံး အနေအထားသိနိုင်လောက်တဲ့ အနေအထားမပြောနဲ့ တစ်ယောက်တည်း အတွက်ကို ရည်ရွယ်ပြီးတော့လုပ်ခဲ့ဖို့တောင် တွေဝေခဲ့တာ။
ရှောင်းကျန့် အတွေးတွေနဲ့ ခေတ္တမျှငြိမ်သက်သွားပြီးမှ တစ်ဖန် အသံရှူသံတွေပြန်ပြင်းလာကာ သူ့လက်ထဲရောက်နေတဲ့ ဌာနမှူးရဲ့ ဖုန်းကို နံရံဘက် အားကုန်ပစ်ပေါက်လိုက်သည်။

"ရှောင်းကျန့်~~ကျွန်တော့်ဖုန်း...."

ဌာနမှူး သူ့ဖုန်းကွဲသွား၍ ရှောင်းကျန့်ကို ပြောဖို့ကြံလိုက်လျှင်ပဲ သူ့ဘက်သို့ တစ်ချက်ပြန်ကြည့်လိုက်တဲ့ ဝေဝါးနေတဲ့ မျက်ဝန်းစူးစူးတွေကြောင့် ပြောမယ့်စကားတောင်တန့်သွားသည်​။ မျက်ဝန်းတွေက မျက်ရည်တွေဝဲရစ်နေပေမယ့် အကြည့်တွေက ရဲတောက်နေတာကြောင့် သူ့တစ်ကိုယ်လုံးတောင် တောင့်တင်းသွားရသည်။
တောက်ခေါက်သံ တစ်ချက်ပြင်းပြင်းနဲ့အတူ ထွက်သွားတဲ့ ရှောင်းကျန့်​၏ နောက်မှာ ပြင်းထန်စွာ အကန်ခံလိုက်ရတဲ့ ရုံးခန်းတံခါးလေးတစ်ချပ်က ကျိုးလုမတတ်။

ရှောင်းကျန့် အရည်ကြည်တွေလဲ့နေတဲ့ မျက်လုံးများဖြင့် လျှောက်လာခဲ့သော်လည်း မျက်ရည်တွေကတော့ တစ်စက်မှ မကျသေး။ ဒေါသ​၏ အရှိန်နှုန်းကြောင့် သူ့ဌာန​၏ အပေါ်ထပ်နေရာတစ်ခုကို ရောက်ရှိဖို့အတွက် ဓာတ်လှေကားတောင် မသုံးတော့ဘဲ....ရိုးရိုးလှေကားတွေကနေတဆင့် ခြေလှမ်းကျဲများဖြင့်တက်လှမ်းသွားသည်။ တမံသလင်းဖြစ်နေတဲ့ လှေကားထစ်တွေမှာ ခြေသံပြင်းပြင်းတွေကလည်း အတိုင်းသား။ခြေသံပြင်းတွေက ခြေသံပိုင်ရှင်ရဲ့ ပြင်းပြနေတဲ့ ဒေါသတွေကို ယှဉ်နိုင်မည်မထင်။
ရှောင်းကျန့် ဝမ်ရိပေါ်​၏ ရုံးခန်းရှေ့ရောက်တာနဲ့ ဂျက်ကို လှမ်းမေးလိုက်သည်။ လည်ချောင်းတစ်လျှောက် ခံပြင်းမှုတွေပြည့်နှက်နေတာကြောင့် စကားသံကတော်တော်နဲ့ ထွက်မလာ။ ဒါကြောင့် တိုပြီး ပြတ်သားသည့် စကားများကိုသာ သုံးလိုက်သည်။

"အထဲမှာရှိလား...."

"ရှိပါတယ် ခင်ဗျ...."

"ဝင်ခဲ့မယ်လို့ပြောလိုက်....."

ဂျက်က သူ့သူဌေးကို ရုံးဖုန်းဖြင့်လှမ်းခေါ်လိုက်ကာ....

"သူဌေး....လက်ထောက်ဌာနမှူး ရှောင်းကျန့်လာတွေ့ပါတယ်....."
"အင်း....သူ အထဲရောက်လာတာနဲ့ အပြင်ကနေ လော့ခ်ချလိုက်....."

"ဟုတ်ကဲ့ပါ....."

​သူ့သူဌေးခိုင်းလိုက်သည့် အတိုင်း ရှောင်းကျန့် ရုံးခန်းထဲဝင်သွားသည်ဟု ကျိန်းသေသွားသည့်အခါမှ ဂျက် သက်ပြင်းရှည် တစ်ခုချကာ တံခါးကို အပြင်ဘက်ကနေ လော့ခ်ချလိုက်သည်။ ဘာလို့လည်း မသိ ဒီနေ့မှ ဘုရားဝတ်မပြုခဲ့မိတာ နောင်တရမိနေသလိုပင်။

ရှောင်းကျန့် ဝမ်ရိပေါ်​၏ ရုံးခန်းထဲသို့​ ခြေချလိုက်သည်နှင့်တပြိုင်နက် သူ့အလုပ်သာ သူလုပ်နေတဲ့ဟန် အသွင်ယူထားသည့် ဝမ်ရိပေါ် ဆီသို့ တစ်ချက်မနားလျှောက်သွားလိုက်ကာ မျက်နှာတည့်တည့်ကို ရွယ်ပြီး လက်သီးဖြင့်ထိုးချလိုက်သည်။ရှိသမျှဒေါသတွေ အကုန် လက်သီးပေါ် ကျရောက်သွားသည့် အခါမှာ ဝမ်ရိပေါ် မျက်နှာစောင်းထွက်သွားပြီး နှုတ်ခမ်းထောင့် ပါသွေးစို့သွားရသည်။
ဝမ်ရိပေါ်က သူ့နှုတ်ခမ်းထောင့်က သွေးစတွေကို လက်မဖြင့်အသာယာပွတ်ဆွဲပြီး တစ်ခြမ်းစောင်းပြုံးလိုက်ကာ.....

"မောင့်အပေါ် မင်းမကျေနပ်တာတွေ ရှိနေလို့လား....."

ဝမ်ရိပေါ် ​၏ ပါးစပ်ဖျားကထွက်လာတဲ့ အခေါ်အဝေါ်စိမ်းစိမ်းတွေကို ရှောင်းကျန့် သတိထားမိပေမယ့် လျစ်လျူရှုလိုက်ကာ ဒေါသသံများဖြင့်

"ဘာလို့ ဒီလို လုပ်လိုက်ရတာလဲ....."

"ဘာကိုပြောတာလဲ....."

သူက ဒေါသဖြင့်မေးလိုက်ပေမယ့် ပုခုံးတစ်ချက်တွန့်ပြီး ဘာမှ မဖြစ်သလိုပြန်ဖြေလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ဒေါသတွေ အထွတ်အထိပ်ရောက်သွားရသည်။
"ဘာလို့ အိပ်ရာပေါ် က နှစ်ယောက်တွဲ ပုံကို စဉ်းစားဆင်ခြင်မှု မရှိဘဲ တင်လိုက်ရတာလဲ....."

ရှောင်းကျန့်​၏ နဂိုရှတတ အသံက အခုတော့ ဒေါသကြောင့် ရုံးခန်းတွင်းမှာ သာမန်ထက် စူးရှလို့နေသည်။ နှုတ်ခမ်းပါးတွေသာ မက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ သူကို ဝမ်ရိပေါ် လေသံအေးအေးလေးဖြင့်.....

"မင်း မောင့်ကိုပြောဖူးတဲ့ တရားဝင်ပတ်သက်မှုတွေအကြောင်း သတိရသေးလား...."

"......"

"မောင့်ဘက်ကတော့ တရားဝင်ဆိုတဲ့ စကားလုံးကို လူသိရှင်ကြားလို့ ဖွင့်ဆိုမယ်....."
ရှောင်းကျန့် အံ့ဩလွန်းလို့ ဆွံအမိသွားကာ ခေါင်းကိုတွင်တွင်သာခါနေသည်။

"ဟား....ဟား...."

​ခြောက်ကပ်ကပ် ရယ်သံတွေအနောက်မှာ ကပ်ပါလာတဲ့ မျက်ရည်စတွေက ရှောင်းကျန့်​၏ ပါးပြင်ပေါ်သို့ တားမရဆီးမရ စီးကျလို့လာသည်။

"တရားဝင် ဟုတ်လား.....လူသိရှင်ကြားပေါ့.....မောင်သိလို့ လုပ်ခဲ့တာလား မသိလို့လုပ်ခဲ့တာလား....."

ရှောင်းကျန့် ရင်ဘတ်တစ်ခုလုံး စိုနင့်နေတာကြောင့် အတန်ကြာမှ ဆက်ပြောနိုင်သည်။

"မောင်သတ်မှတ်ပေးလိုက်တဲ့ တရားဝင်ဆိုတာ ကိုယ့်ကို အငယ်အနှောင်းအဖြစ်တရားဝင် ကြေညာလိုက်တဲ့ သဘောပဲ......"
"......"

"မောင်က တစ်ဖက်မှာ တရားဝင် ကွာရှင်းပြတ်စဲထားတာ မဟုတ်ဘဲ ကိုယ်တို့ရဲ့ ပတ်သက်နေမှုကို လူသိရှင်ကြားချပြလိုက်တာ ကိုယ့်ကို အငယ်အနှောင်း အဆင့်အနေနဲ့ အတိအလင်းကြေညာလိုက်တဲ့ သဘောဆိုတာရော သိလား...."

မျက်ရည်တွေ စီးကျနေရင်း ရင်ဘတ်အင်္ကျီစကိုလက်နဲ့တင်းတင်းကိုင်ဆွဲပြီး ခံစားချက်ပြင်းပြင်းတွေနဲ့ ပြောနေတဲ့ ​ရှောင်းကျန့်ကို ဝမ်ရိပေါ်ကလည်း နီရဲစပြုလာတဲ့ မျက်လုံးများဖြင့်ကြည့်လိုက်ကာ......
"မင်းတစ်ယောက်တည်း တော်တော် နစ်နာလိုက်တဲ့ သူကြီးပေါ့.....မောင်ကရော....မောင့်ဘက်ကရော.....မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် မောင်လည်း ကိုယ့်သိက္ခာတောင် ကိုယ်ပြန်မကြည့်ခဲ့တာလေ.....နှစ်ယောက်လုံး တူညီနေတဲ့ အနေအထားမှာဖြစ်နေတာကို ဘာလို့ မင်းကပဲ နစ်နာသူကြီးလို ပုံစံတွေ လုပ်ပြနေရတာလဲ......."

"ခွပ်....."

ဝမ်ရိပေါ်​၏ တုံ့ပြန်စကားတွေကြောင့် ရှောင်းကျန့် နောက်တစ်ခေါက် ဝမ်ရိပေါ် ​၏ မျက်နှာကို ထိုးချလိုက်ပြန်သည်။ ဒီတစ်ခေါက်တော့ ဝမ်ရိပေါ်က ရှောင်လိုက်တာကြောင့် အဖျားခတ်သာ ထိလို့သွားသည်။ ရှောင်းကျန့်က မျက်ရည်တွေ ဆက်ကျနေတာကြောင့် တုန်ရီနေတဲ့ အသံများဖြင့်......
"ဒါဆို မောင်က ကိုယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်ကို ချိုးဖို့ သပ်သပ်ပဲ ဒီပုံတင်လိုက်တာပေါ့.....ပြီးတော့ မောင်ထင်နေတဲ့ ရလာမယ့် အကျိုးဆက်က နှစ်ယောက်လုံးအပေါ်မှာ အတူတူပဲ ဆိုတာ မောင်မှားတယ်.....မောင်က အသိုင်းအဝိုင်းကြီး တစ်ခုက ဆက်ခံသူ....ကိုယ်က ဒီတိုင်းပဲ သာမန်လူတစ်ယောက်.....တကယ့်တကယ်ဖြစ်လာရင် လူတွေ ဘယ်သူ့ကိုပဲ အပြစ်ဖို့မယ်ပဲ ထင်လဲ.....မောင်တွေးကြည့် မောင်က တရားဝင် ကွာရှင်းထားရသေးတာလည်း မဟုတ်ဘဲ ဒီလိုတွေလုပ်နေတာကို လူတွေက မောင့်အသိုင်းအဝိုင်းကို ကြည့်ပြီး ဘာမှ သိပ်ပြောကြမှာ မဟုတ်ပေမယ့် ကိုယ့်အတွက်တော့ မတူဘူး......"
ရှောင်းကျန့် ရှိုက်သံတွေ ပြင်းလာရသည်။ ကျဆင်းလာတဲ့ မျက်ရည်တွေကလည်း ခမ်းလုမတတ်ဘဲ​။ ပါးပြင်ပေါ်မှာတင် စီးဆင်းနေတာ မလောက်တော့၍ လည်တိုင်တွေ အထိပါ စီးကျလို့လာရသည်။ တချို့တဝက်သော မျက်ရည်တွေကတော့ ကြမ်းပြင်ပေါ်သို့ အတားအဆီးမရှိ တိုက်ရိုက်ကျလို့နေသည်။

"မောင်သိလား.....ဘာတွေပဲ ဖြစ်လာလာ မောင့်အနောက်မှာ မောင့် အသိုင်းအဝိုင်းက အမြဲတမ်းမောင့်အတွက်ရှိနေပေးမှာ....ကိုယ့်အတွက်တော့ ဘယ်သူမှ မရှိဘူး......မောင့်လုပ်လိုက်တဲ့ လုပ်ရပ်က ဒီနိုင်ငံမှာ ကိုယ်မြတ်နိုးတဲ့ အလုပ်ကိုပါ လုပ်ခွင့် မရနိုင်တော့မယ့် အခြေအနေအထိ လုပ်ချလိုက်တာ......"
ရှောင်းကျန့် အသက်ရှူသံတွေပြင်းနေပေမယ့် စကားပြောသော အသံတို့က တိုးလျလာရသည်။ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေကို ရှောင်းကျန့် စူးနစ်သွားအောင် စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းထပ်ပြောလိုက်သည်။

"တကယ်ဆို မောင်က ကိုယ့်ကို လမ်းဘေးကပန်းတစ်ပွင့် လို ဆက်ဆံလိုက်တာ....."

ရှောင်းကျန့် သူ့ရဲ့ စိတ်တို့ကို လျော့ချလိုက်ကာ.....

"ရတယ်မောင်.....ကိုယ်ဒီရုံးခန်းထဲက ထွက်သွားပြီးတာနဲ့ နှုတ်ထွက်စာ ချက်ချင်းလာပေးမယ်.....အဲ့တာက မောင်လုပ်လိုက်တဲ့ လုပ်ရပ်မှာ ဖြစ်လာမယ့် မတူတဲ့ အကျိုးဆက်တွေပဲ.....မောင်ကတော့ သူဌေးနေရာမှာ ဆက်ပြီးရှိနေဦးမှာပဲ ကိုယ့်အတွက်တော့ မတူဘူး.....ဒါက ဥပမာသေးသေးလေးပဲရှိသေးတယ်မောင်...."
​နင့်သည်းလွန်းတဲ့ စကားတွေကို ရှောင်းကျန့်ပြောပြီးတာနဲ့ ဝမ်ရိပေါ် အရှေ့ကနေ လှည့်ထွက်လာခဲ့သည်​။ ဝမ်ရိပေါ်က လှည့်ထွက်သွားတဲ့ လူကို တစ်ချက်တောင် မဆွဲထားမိ.....။အဲ့ဒိအစားပြောထွက်သွားတာက.....

"မင်းအလုပ်မရှိတော့ရော ဘာအရေးလဲ.....မောင်နဲ့ပတ်သက်နေတဲ့ လူကိုမောင်က တင်မကျွေးထားနိုင်ဘူးလို့ထင်လို့လား....."

ရုံးခန်းတံခါးလက်ကိုင်ကို ကိုင်ထားနေပြီဖြစ်တဲ့ ရှောင်းကျန့်က အနောက်က ထွက်ပေါ်လာတဲ့ စကားကြောင့် မျက်လုံးတွေကို စုံမှိတ်ချလိုက်ကာ အသက်ကို တစ်ဆုံး ရှိုက်သွင်းလိုက်​၏။
ဟက်....။ ဒီစကားတစ်ခွန်း....ဒီစကားတစ်ခွန်းက သူ့မာနတွေကို ဟိုးအောက်ဆုံး....ဟိုးအောက်ဆုံးအထိ ဆွဲချလိုက်သည့် သဘောရှိသည်။ သူဒီအချိန်မှာ တစ်ကောင်ကြွက်ဘဝနဲ့တောင် တစ်ယောက်တည်း ဘယ်သူ့အမှီအခိုကိုမှ မယူဘဲ ရပ်တည် နိုင်ခဲ့လဲ။ လီချန်းကော ထောက်ပံ့ပေးခဲ့တဲ့ ပညာတွေကြောင့်ပဲ။ အဲ့ဒိ ပညာတွေနဲ့ ရလာတဲ့ အလုပ်တစ်ခုကို သူမြတ်နိုးတယ်။ ဒီနိုင်ငံမှာ မလုပ်နိုင်ရင်တောင်မှ တခြားနိုင်ငံပေါင်းများစွာမှာ အေးဆေးနေပြီး လုပ်လို့ရတယ်။
ဒီလိုတွေသာ သူများတင်ကျွေးတဲ့ဟာကို စားမယ်ဆိုရင် လီချန်းကော ပေးဆပ်ခဲ့တာတွေ က ဘာအတွက်လဲ။ ဒါကြောင့် ဒီကောင်လေးပြောလာတဲ့ စကားတစ်ခွန်းက သူ့ကိုပဲ တိုက်ရိုက်စော်ကားလိုက်တာ မဟုတ်ဘူး.....လီချန်းကောကိုပါ သွယ်ဝိုက်စော်ကားလိုက်တာ။ ဒါပေမယ့် သူမတုံ့ပြန်တော့ဘူး....ပြန်တုံ့ပြန်နေရင် ပိုအရောင့်တက်လာကြပြီး လီချန်းကောကို ပါထိခိုက်လာမှာ ။လီချန်းကောကိုပါ စော်ကားတဲ့ အပြောအဆိုတွေဆို ဘယ်သူ့ပါးစပ်ကထွက်လာ ထွက်လာ သူရဲ့ စိတ်ထဲ အမှတ်ကြီးစွာ နာလာရလိမ့်မယ်။
ရှောင်းကျန့် ဝမ်ရိပေါ်​၏ စကားကို မတုံ့ပြန်ဘဲ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။ အရင်လို ချက်ချင်း မပွင့်သွားတာကြောင့် စိတ်ထဲတင်းသွားကာ မျက်မှောင်ကျုံ့မိသည်။ နောက်တစ်ခေါက်ထပ်ကြိုးစားလဲ မပွင့်လာတာကြောင့် ရှောင်းကျန့် တံခါးကို ခြေထောက်ဖြင့် ကန်လိုက်သည်။ ထို့နောက် ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်ကာ.....

"ပြန်ဖွင့်ခိုင်းလိုက်....."

ဝမ်ရိပေါ်ဘက်က တုံ့ပြန်မှုမလာ မျက်ခုံးတစ်ဖက်သာ ပင့်ပြလိုက်သည်။
"ပြန်ဖွင့်ခိုင်းလိုက်လို့ပြောနေတယ်နော်...."

ပြန်လျော့ချထားရတဲ့ ရှောင်းကျန့်​၏ စိတ်တွေ ပြန်လှုပ်ခတ်လာရသည်။ ဝမ်ရိပေါ်က ဂရုမစိုက်ဘဲ သူ့ရဲ့ Laptop က စာရင်းတွေကိုပဲ ဆက်ကြည့်နေတာကြောင့်  မနည်းပြန်ထိန်းချုပ်ထားရတဲ့ ရှောင်းကျန့်​၏ ဒေါသတွေ အစိုးမရတော့။ထို့ကြောင့် ဝမ်ရိပေါ်ရှိရာဘက်ကို ပြန်လျှောက်သွားလိုက်ကာ ဝမ်ရိပေါ် အရှေ့က Laptop ကို ချိတ်ဆက်ထားတဲ့ ဝိုင်ယာကြိုးတွေပါ ပြုတ်ထွက်သွားသည် အထိ အားဖြင့်ဆွဲယူလိုက်သည်။
ဝမ်ရိပေါ်က ဘာမှ မပြောဘဲ ရှောင်းကျန့်​၏ ထင်တိုင်းကြဲ အပြုအမူတွေကို ဒီတိုင်းသာ လွှတ်ထားပြီး ထိုင်လို့ကြည့်နေသည်။ ရှောင်းကျန့်က သူ့လက်ထဲက ပါလာတဲ့ Laptop ဖြင့် တံခါး လက်ကိုင်နေရာကို အားဖြင့်ရိုက်ချသည်။ ငါးခေါက်ထပ်မနည်း ထုရိုက်နေသော်လည်း တံခါးလက်ကိုင်က ခိုင်လွန်းတာကြောင့် မပြုတ်ထွက်လာဘဲ လက်ထဲက Laptop ကသာ အပိုင်းပိုင်းကြေမွတော့မည့် အခြေအနေသို့ရောက်တော့မည် ဖြစ်သည်။
ရှောင်းကျန့် ဒေါသတွေရဲ့ တွန်းအားကြောင့် အပြင်းထန်ဆုံးရိုက်ချလိုက်သည့်အခါ Laptop က တစ်စစီဖြစ်လို့သွားပြီး သူ့ရဲ့ လက်တွေကို ပါ အကျိုးအစ အပိုင်းတွေက မတော်တဆ ထိလို့သွား​၏။ သို့သော် ပွင့်လာခြင်းမရှိသေးတဲ့ တံခါးလက်ကိုင်ကို ရှောင်းကျန့် သွေးစတွေကပ်ညိနေတဲ့ လက်ဖြင့် ဆက်ဖွင့်လို့သာနေတော့သည်။ လက်ဖဝါးကသွေးတွေက တံခါးလက်ကိုင်မှာ မြင်လို့ပင်မကောင်း။

ဝမ်ရိပေါ် ဒီတိုင်းထိုင်ပြီး ကြည့်မနေနိုင်တော့။
ကျစ်.....မထွက်သွားဘဲ ပြန်လှည့်လာအောင် ဒီတိုင်းလေး ဆွလိုက်မိတာကို စိတ်က အဲ့လောက်တောင်ပဲ ကြီးရလား။

ဝမ်ရိပေါ် ရှောင်းကျန့်ရှိရာသို့ သုတ်သုတ်လျှောက်သွားလိုက်ပြီး....လက်တွေကို လှမ်းတားလိုက်သည်။ လက်ဖဝါးတွေ ဘယ်လောက်နာကျင်နေမလဲတော့မသိ.....တံခါးလက်ကိုင်က နဂို ကြေးဝါရောင်ကနေ အနီရောင်တောင် ပြောင်းလို့နေပြီဖြစ်သည်။

"ရှောင်းကျန့် တော်လိုက်တော့......"

"ဖွင့်ခိုင်းလိုက်စမ်း....."
"ဖွင့်ပေးလိုက်ရင် ထွက်သွားမှာ မလား....."

"မထွက်သွားလို့ ဘာလုပ်ရမှာလဲ....."

"အင်း....မောင်ကလည်း မင်းထွက်သွားမှာစိုးလို့ မဖွင့်ပေးတာ....."

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့ ဖွင့်ပေး...."

ရှောင်းကျန့်​၏ လက်ကို ဝမ်ရိပေါ် ညင်သာစွာကိုင်လိုက်ပြီး....

"လက်တွေမှာ ဒီလောက် ဒဏ်ရာရနေတာ....မောင်ဆေးထည့်ပေးမယ် လာ....."

​ဝမ်ရိပေါ် ရှောင်းကျန့်​၏ လက်ကောက်ဝတ်ကနေ ဆွဲခေါ်ဖို့ပြင်လိုက်ပေမယ့် ရှောင်းကျန့်က အတင်းရုန်းလိုက်ကာ....
"လွှတ်...."

"မလွှတ်ဘူး...."

"လွှတ်နော်....."

အတင်းရုန်းနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် ပြောမရသည့်အဆုံး တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်ကာ ရုံးခန်းအလယ်က ဆိုဖာရှိရာသို့ တရွတ်တိုက်ဆွဲခေါ်လာသည်။ ဆိုဖာဆီသို့ရောက်လာသည်နှင့် ရှောင်းကျန့်ကို တွန်းလှဲလိုက်ပြီး သူပါ အပေါ်က အုပ်မိုးလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ချုပ်ပြီး ဖိထားတာကြောင့် ရှောင်းကျန့် သေအောင်ရုန်းပေမယ့် ဝမ်ရိပေါ်ကိုယ်က ရွေ့သွားခြင်းမရှိ။
ရှောင်းကျန့် သူ့ရှိသမျှအားဖြင့် သူ့လက်ဖဝါးနှစ်ဖက်ကို အသုံးပြုကာ ဝမ်ရိပေါ်ကို အားကုန်တွန်းနေသည်။ ထို့ကြောင့် ဝမ်ရိပေါ် ​၏ ရှပ်အင်္ကျီ ဖြူဖြူမှာလည်း ရှောင်းကျန့် လက်ဖဝါး ဒဏ်ရာမှ သွေးစတွေက ဟိုတစ်ကွက် ဒီတစ်ကွက်....။ သို့သော်လည်းကြိုးစားမှုက အရာမထင်တာကြောင့် ရှောင်းကျန့်က နည်းပြောင်းကာ သူနဲ့နီးကပ်နေတဲ့ ဝမ်ရိပေါ်​၏ ရင်ဘတ်ကို လက်သီးဖြင့် ရသလောက် ထိုးနှက်လို့နေ​၏။
ချစ်လို့ ကျီစားနေတာ မဟုတ်ဘဲ ဒေါသထွက်လို့ထိုးနေတာကြောင့် အချက်ရေများလာတော့ ဝမ်ရိပေါ်လည်း နာလာကာ သူ့လက်တစ်ဖက်နဲ့ ရှောင်းကျန့်​၏ လက်ကို ချုပ်လိုက်ပြီး အသံမာမာဖြင့်.....

"မဆိုးစမ်းနဲ့.....မဆိုးစမ်းနဲ့....မင်းမောင့် အပေါ်မှာ သိပ်မဆိုးစမ်းနဲ့တော့ ရှောင်းကျန့်.....! "

​ဝမ်ရိပေါ် ပြောလည်းပြော တခြားလက်တစ်ဖက်ကလည်း ရှောင်းကျန့်ခေါင်းချထားရာ ဆိုဖာ အလွတ်နေရာကို အားပါပါနဲ့ သုံးလေးချက်လောက် ဆင့်ထိုးလိုက်တာကြောင့် ရှောင်းကျန့် ရုတ်တရက်တော့ ငြိမ်ကျသွားရသည်။
ငြိမ်ကျသွားတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ဝမ်ရိပေါ်က မျက်နှာအနားထိ တိုးကပ်သွားကာ နဖူးပြေပြေတို့ကို နမ်းဖို့ပြင်လိုက်ပေမယ့် ရှောင်းကျန့်မျက်နှာကို ဘေးစောင်းကာရှောင်လိုက်​၏။ ထိုအခါ ဝမ်ရိပေါ်ကလည်း မျက်နှာဘေးစောင်းအနေအထားကြောင့် ထင်ပေါ်သွားတဲ့ နားထင်စပ်နေရာကို နက်နက်ရှိုင်းရှိုင်း ရှိုက်လိုက်ကာ ပါးပြင်က်ိုပါ နစ်ဝင်သွားအောင် နမ်းလိုက်သည်။

"နမ်းစရာက နဖူးတစ်ခုတည်းရှိတာ မဟုတ်ဘူးဆိုတာ မင်းမသိလို့လား....."
"......"

"မင်းမျက်နှာကြောလေးဘာလေးနည်းနည်းလျော့.....အရမ်းကြီးတင်းထားတော့ မောင်နမ်းရတာ သိပ်အဆင်မပြေဘူး....."

"ဖယ်စမ်း...."

ရှောင်းကျန့်က မိမိကို ချုပ်ထားတဲ့ သူရဲ့မျက်နှာကို မကြည့်ချင်လောက်အောင် ဖြစ်နေတာကြောင့် မျက်နှာလွှဲထားသည်။

"မဖယ်ဘူး....မင်းမျက်နှာ မလွှဲဘဲ မောင့်ကိုသေချာကြည့်ပြီးပြော....."

"သေလိုက်...."

ဝမ်ရိပေါ်က လက်တစ်ဖက်ဖြင့် ရှောင်းကျန့်လွှဲထားသောမျက်နှာကို ဆွဲလှည့်လိုက်ကာ သူနှင့် မျက်လုံးချင်းမဆုံ ဆုံအောင်ဖြစ်စေသည်။ ရှောင်းကျန့်ကလည်း အတင်းပြန်လှည့်နေတာကြောင့် ဝမ်ရိပေါ်လည်း ရှောင်းကျန့်​၏ မေးဖျားကနေ ပြန်ဆွဲလှည့်ဖို့လုပ်လိုက်စဉ် ရှောင်းကျန့်က သူ့နှုတ်ခမ်းတွေနားရောက်နေတဲ့ ဝမ်ရိပေါ်​၏ တွေ့ရာ လက်ချောင်းကို လှမ်းကိုက်လိုက်သည်။ ဝမ်ရိပေါ် မထင်မှတ်ထားတာကြောင့် နာသွားတဲ့ သူလက်ချောင်းကို ကြည့်ရင်း.....
"တခြားလူအပေါ်မှာတော့ မသိဘူး မင်း မောင့်အပေါ်မှာတော့ တော်တော်ကိုဆိုးနေတာပဲ ရှောင်းကျန့်....ခုနကလည်း မောင့်မျက်နှာကို နှစ်ခါတိတိဆွဲထိုးလို့ နှုတ်ခမ်းတောင် ပေါက်ရတယ်.....လက်သီးနဲ့ထိုးမှ မဟုတ်ဘူး နှုတ်ခမ်းပေါက်စေမယ့်နည်း နောက်တစ်ခုရှိတယ်ဆိုတာ မင်းသိတယ်မလား...."

ပြောပြီးတာနဲ့ စက္ကန့်ဝက်တောင် မကြာလိုက် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ နှုတ်ခမ်းတွေကို သည်းသည်းမည်းမည်း နမ်းရှိုက်လို့နေသည်။ ရှောင်းကျန့် သေအောင်ရုန်းလဲ ဝမ်ရိပေါ်က တစ်လက်မတောင် လွှတ်မပေးဘဲ ရှောင်းကျန့်​၏ အောက်နှုတ်ခမ်းကို ခပ်ဆတ်ဆတ်တစ်ချက်ကိုက်လိုက်ပြီးမှ အနမ်းတွေက ခွာလိုက်သည်။
"လွှတ်စမ်း....ဖယ်တော့....."

"အင်း ဖယ်မယ်.....မင်းရဲ့ လက်ဖဝါးတွေကို ဆေးထည့်ပေးပြီးသွားရင် မောင်ဖယ်မယ်....."

ဝမ်ရိပေါ် ရှောင်းကျန့်ကို ချုပ်ပြီး ဖိထားလျက်နဲ့ပင် သူ့ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ကာ ဂျက်ကို ဖုန်းဆက်လိုက်သည်။

"အပြင်ဘက်က ဆေးသေတ္တာယူပြီး လာပေး....."

ဝမ်ရိပေါ် သူကိုယ်တိုင် ထွက်မယူရတဲ့ အကြောင်းအရင်းက သူချုပ်ထားတာ လွှတ်ပေးလိုက်တာနဲ့ ရှောင်းကျန့် အလွတ်ရုန်းသွားမှာ စိုးလို့​။ အခုဒီလိုချုပ်ထားတာတောင် အတင်းရုန်းနေတာ။ နည်းနည်းသာ လျော့ပေးလိုက်ကြည့် လိုက်ဖမ်းလို့တောင် ရတော့မှာ မဟုတ်ဘူး။
"ဒေါက်....ဒေါက်...."

"အေး ဝင်ခဲ့....."

ဂျက် ဝင်ဝင်လာခြင်းပဲ ကျိုးကြေမွနေတဲ့ Laptop အပိုင်းအစတွေကို တက်နင်းမိ​၏။ သူ့သူဌေး အလုပ်စားပွဲကို လှမ်းကြည့်လိုက်တော့လည်း စာရွက်တွေ ပြန့်ကျဲပြီး ဝိုင်ယာကြိုးတွေကလည်း ဟိုတစ်စဒီတစ်စ။ ပြီးတော့ သူ့သူဌေးကိုလည်း အလုပ်စားပွဲမှာ မတွေ့။ မျက်လုံးကို ဝေ့ဝိုက်ကြည့်လိုက်တော့ အလုပ်ခန်းအလယ်က ဆိုဖာမှာ တွေ့လိုက်ရတဲ့ သူ့သူဌေးနဲ့ ရှောင်းကျန့်​၏ အနေအထားကြောင့် ချက်ချင်းတောင် မျက်လွှာချမိသည်။
ဒီအနေအထားပုံစံမျိုးတွေက သူနဲ့ မရင်းနှီးတာကြောင့် ဂျက် သူ့သူဌေးရှိရာကို ဆေးသေတ္တာပေးဖို့သွားရင်း ဘာအဖုအထစ်မှ မရှိချော့မွေ့နေတဲ့ ကြမ်းပြင်ပေါ်မှာတောင် ခလုတ်တိုက်မိရသည်။

"ရော့ ဒီမှာပါသူဌေး....."

"စားပွဲ ပေါ်ထားခဲ့....."

ဂျက်လည်း ထားစရာရှိတာ ထားခဲ့လိုက်ပြီး အမြန်လစ်ထွက်မည်အလုပ် ဝမ်ရိပေါ်က.....

" ၉နာရီ စမယ့် အစည်းအဝေးကို ၁၁ နာရီပြောင်းလိုက် ဂျက်......ထွက်သွားပြီးရင် အပြင်ကနေ လော့ခ်ပြန်ချခဲ့...."
"ဟုတ်....ဟုတ်ကဲ့ပါ သူဌေး....."

​ဂျက်ခပ်သုတ်သုတ်သာ လျှောက်သွားတော့သည်။ အခုမှ မနက် ၉ နာရီတောင် မထိုးသေးတာ အစည်းအဝေးကို ၁၁ နာရီအချိန်ရွေ့ခိုင်းထားတယ်ဆိုတော့ နောက်ထပ် နှစ်နာရီ ကျော်အချိန်မှာတောင် ရုံးခန်းထဲက ထွက်မလာသေးဘူးလို့ ဆိုလိုတာလား။ အကြီးအကျယ် ပြဿနာတွေ ထပ်မဖြစ်ကြဘူးမလား။

အခုတောင် နာရီဝက်ဆိုတဲ့ အချိန်လေးအတွင်းမှာ တံခါးလက်ကိုင်မှာလည်း သွေးစတွေနဲ့ Laptop တစ်လုံးကလည်း ပုံဖော်လို့မရအောင်ကို ပျက်စီးကြေမွလို့နေပြီ။ တစ်ယောက်ကလည်း စိတ်အရမ်းကြီးသလို တစ်ယောက်ကလည်း ထင်တိုင်းကြဲ။လောလောဆယ်တော့ သူ့သူဌေးဘက်က အသာစီးရနေသည့် အနေအထားဖြစ်လိမ့်မည်။ ဌာနမှူး ရှောင်းကျန့်က သူဌေးအောက်မှာ တုတ်တုတ်မလှုပ်နိုင်အောင်ဖြစ်နေပုံရရင်။
ဒါနဲ့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်သေအောင်တော့ မသတ်ကြဘူးမလား။

ဂျက် သူဒီနေ့ ဘုရားဝတ်မပြုလာခဲ့တာကို ဒုတိယအကြိမ် အကြီးအကျယ်နောင်တတွေ ရနေမိပြန်သည်။

ဒီနေ့ နဂါးခေါင်းဘယ်ဘက် လှည့်လှည့် သူအတွက်တော့ ပြဿဒါးပဲ။