ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၄)Unicode

ဝမ်ရိပေါ်  ဂျပန်နိုင်ငံ​၏ ကျွန်းမြို့လေးတစ်ခုတွင် လမ်းလျှောက်နေရင်း လမ်းဘေးက ပြဇာတ်လေးကို မမှတ်မထင် ရပ်ကြည့်မိလိုက်​၏။

"ချစ်တယ်.....ကိုယ် မင်းကို သိပ်ချစ်တယ်...."

ရိုးရှင်းလွန်းတဲ့ စကားစုလေး....။ ဒီစကားစုလေးကို ဇာတ်လမ်းလေးထဲမှာ ကောင်လေးက ကောင်မလေးကို ပြောလိုက်တဲ့စကားစုလေး။ ဝမ်ရိပေါ် ဘာရယ်မဟုတ်ရပ်ကြည့်နေရင်းမှ  ဇာတ်လမ်းအဆုံးထိ ကြည့်မိသွားတာကြောင့် ညနေကို အတော်စောင်းလို့နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတည်းခိုရာ ဟိုတယ်ဘက်ကို ပြန်လျှောက်လာခဲ့သည်​။ခြေလှမ်းတွေကို အတွေးတွေ ဆွဲငင်ထားတာကြောင့် နှေးလို့နေ​၏။

ည ၁၂ နာရီ အချိန်ခန့်၌ လူသိမများတဲ့ ပင်လယ်ကမ်းစပ်တစ်ခု​၏ သောင်ပြင်တွင် ဝမ်ရိပေါ် ပင်လယ်ပြင်ကြီးဘက်ကို မျက်နှာမူ၍ထိုင်နေလိုက်သည်။ သူတည်းနေတဲ့ဟိုတယ်က ပင်လယ်ကြီးရဲ့ အနီးမှာ ရှိတာကြောင့် ညနက်သန်းခေါင်အချိန်တိုင်းသူဒီမှာ လာထိုင်နေတတ်တာ ၆ ညတိတိ။ 

ပင်လယ်ကြီးရဲ့ နက်ရှိုင်းမှုကို ငေးကြည့်နေရင်း ဟိုလူရဲ့ မျက်ဝန်းတွေလောက်ရော နက်ရှိုင်းရဲ့လားလို့ ပြန်တွေးမိလိုက်ပြန်သည်။  လမင်းရဲ့ အရောင်တွေကလည်း မျက်ဝန်းတောက်တောက်တွေကို လိုက်လို့မီပါ့မလား။

ဒီ ၆ ညတိတိကို အဓိပ္ပာယ်မရှိဖြတ်သန်းနေတာတော့ မဟုတ်။ ဘေကျင်းကနေ ထွက်လာပြီးကတည်းက သူသူ့ရဲ့ ခံစားချက်တွေကို စမ်းစစ်နေခဲ့မိတယ်။

ဟိုလူပေါ်မှာ ဖြစ်နေတဲ့ သူ့ရဲ့ ခံစားချက်တွေက ဘာလဲဆိုတာ သူဒီနေ့တော့ တိတိကျကျ သိခဲ့မိပြီထင်တယ်။သူ့ရဲ့ အထင်တွေကို ဘာတွေက သက်သေပြုပေးလိုက်လဲ။ပြဇာတ်လေးတစ်ခုက အတည်ပြုပေးခဲ့တယ်။

ညနေတုန်းက ကြည့်ခဲ့ရတဲ့ ပြဇာတ်လေးက ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်မြတ်နိုးမိတဲ့ပုံလေးကို ရိုးရိုးရှင်းရှင်း ဖွဲ့ထားတာ။

ကောင်မလေးကို ချစ်နေတဲ့ ကောင်လေးက ကောင်မလေးကို စစတွေ့ချင်းကတည်းက စိတ်ဝင်စားသွားတဲ့ပုံပါပဲ။ ကောင်လေးက ကောင်မလေးနဲ့ တွေ့ရင်ပျော်တယ်.....ကောင်မလေးကို တခြားတစ်ယောက်နဲ့ တွဲတွေ့ရင်စိတ်ဆိုးတယ်.....ကောင်မလေးရဲ့ အနမ်းတွေရရင် ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိတော့သည်ဟု ထင်ရအောင် ကြည်နူးတယ်.....ကောင်မလေးနဲ့ တတောက်ကဆတွေဖြစ်ရင်တော့ ဖော်မပြနိုင်အောင် မွန်းကြပ်တယ်။ ကောင်မလေးရဲ့ မျက်ရည်တွေကို တွေ့တော့လည်း ရင်ပူမိတယ်တဲ့။
နောက်ဆုံးတော့ ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ ဖွင့်ပြောလိုက်တယ်။ ကောင်မလေးဘက်က ပြန်မချစ်ရင်တောင် အနည်းဆုံးတော့ ကောင်လေးရဲ့ ခံစားချက်ကို သိသွားခဲ့တယ်။ ဇာတ်လမ်းလေးက အရမ်းကို ရိုးရှင်းတယ်။ ပြဇာတ်ဇာတ်လမ်းလေးမလို့ပဲ ထင်မိတယ်။

ဒီပြဇာတ်ထဲမှာ ဖော်ပြခဲ့တဲ့ ကောင်လေးရဲ့ ခံစားချက်တွေက သူဟိုလူကို စတွေ့ ပြီးကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်တွေနဲ့ တစ်ထပ်တည်း။ပြဇာတ်ထဲမှာတော့ ဒီခံစားချက်တွေကို အချစ်လို့ခေါင်းစဉ်တပ်ထားတာပင်။
အချစ်ဆိုတော့လည်း အချစ်ပေါ့.....သူဘာတတ်နိုင်မှာလည်း။

ဟက်....မဆိုးပါဘူး ဘဝမှာ ပထမဆုံးချစ်မိသွားတဲ့လူက ကိုယ့်ကို ချစ်လို့ပတ်သက်နေတာမဟုတ်ဘူးလို့ အတိအလင်းပြောထားတဲ့လူ။

အဲ့လိုပြောခဲ့တဲ့လူကို သူဘက်ကဖွင့်ပြောမိခဲ့ရင် သူကပဲ အရူးဖြစ်မှာ.....လူတွေမသိကြလို့ နှုတ်ခမ်းပါးတွေကနေ လှောင်ရယ်လိုက်တဲ့အခါတိုင်း အသက်ရှူရပ်မတတ်သေအောင်နာတာ။

ဝမ်ရိပေါ် ခပ်ဟဟရယ်ကာ သူ့ဘေးနားက ခဲလုံးလေးတစ်လုံးကို ကောက်ပြီးတော့ ပင်လယ်ကြီးရဲ့ အဝေးတစ်နေရာကို မှန်းပြီးပစ်လိုက်သည်။ ဒီခဲလုံးလေး ထိချင်တဲ့နေရာ ထိ....ရောက်ချင်တဲ့နေရာရောက်။တစ်ခုပဲ သူ့ရင်ကိုတော့ ပြန်လာမထိစေနဲ့။
ရှောင်းကျန့်ဆိုတဲ့လူနဲ့ပတ်သက်ရင် သူက အသေးအဖွဲလေးတောင် နာတတ်လွန်းလို့။

________   ____________

ဝမ်ရိပေါ် ဘေကျင်း အပြည်ပြည် ဆ်ိုင်ရာလေဆိပ်မှာ သူ့ကို လာကြိုမည့် ဂျက်ကို စောင့်လို့နေသည်။ ပုံမှန်တိုင်းဆို ဂျက်က အရင်ကြိုရောက်လို့နေမှာဖြစ်ပေမယ့် ဝမ်ရိပေါ်က ပြန်လာမည့်ရက်ထက် တစ်ရက်စောပြီး ပြန်လာတာကြောင့် ဂျက် အခုမှ အလုပ်ကထွက်လာရတာဖြစ်သည်။

လေဆိပ်မှာ ထိုင်စောင့်နေတဲ့ ဝမ်ရိပေါ် ကိုတွေ့တော့ ဂျက်က ခပ်သော့သော့လေးပြေးလာကာ ခရီးဆောင်အိတ်ကို ဆွဲယူလိုက်ပြီး ကားနောက်ခန်းထဲတစ်ခါတည်း ထည့်လိုက်သည်။ ကားပေါ်သို့ ရောက်လာတဲ့အခါ.....
"ဆောရီးပါသူဌေး.....နောက်ကျသွားတယ်...."

"ရတယ်....ကြိုပြောထားခဲ့တာမှမဟုတ်တာ...."

"ဘယ်ကို ပို့ပေးရမလဲ သူဌေး....."

"အိမ်ကိုပဲ တန်းမောင်း....."

"ဟုတ်ကဲ့ပါ....."

အိမ်ကို ပြန်လာသည့်ကားပေါ်တွင် ဝမ်ရိပေါ် တိတ်ဆိတ်နေခဲ့ပြီးမှ လမ်းတစ်ဝက်လောက်ရောက်ခါနီးတွင် ဂျက်ကို လှမ်းမေးလိုက်သည်။

"ရုံးခန်းကို သူလာရှာသေးလား....."

"ဘယ်သူလဲ.....သူဌေး..."

မေးလိုက်တော့လည်း အတော်ကြာ ပြန်မဖြေတဲ့ သူ့သူဌေးကြောင့် ဂျက် ဘယ်သူ့ကို ဆိုလိုတာလဲဆိုတာနားလည်လိုက်သည်။
"မလာပါဘူး ခင်ဗျ....."

"ဟက်....လာရှာနေရင် ထူးဆန်းနေဦးမှာ...."

ဝမ်ရိပေါ် ဘာမှ ဆက်မပြောတော့ဘဲ တစ်လမ်းလုံးတိတ်ဆိတ်လာခဲ့သည်။ နာရီဝက်လောက်ကြာတော့ သူနေထိုင်ရာ ဝမ်အိမ်တော်ကို ရောက်လို့လာခဲ့သည်။ ဂျက်က အိမ်ထဲထိ လိုက်ပို့မည်ဆိုလျှင်ပဲ ဝမ်ရိပေါ်က.....

"ရတယ် မင်းအလုပ်ပြန်တော့ ကိုယ့်ဟာကိုယ် သယ်သွားမယ်....."

"ဟုတ်ကဲ့ပါ ဒါနဲ့ သူဌေး မနက်ဖြန်အလုပ်တက်မှာလား ခင်ဗျ......"

"အင်း.....လာမှာ ဆက်ဆက်ကြီးကို လာမှာ......ပြန်လာမယ်ဆိုတာ မသိသေးတဲ့ သူတွေရှိရင်လည်း သတိပေးချင်ပေးထားလိုက်....."
တည်တင်းသော မျက်နှာထားနဲ့ ပြောလာတဲ့ ဝမ်ရိပေါ်ကို ဂျက် ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ကာ အလုပ်သို့ပြန်ထွက်ခွာလာခဲ့သည်။ ဝမ်ရိပေါ်လည်း သူ့ခရီးဆောင်အိတ်ကို သူ့ဘာသာ သူသယ်လာကာ အိမ်ထဲသို့ဝင်လာ​၏။ ဝမ်ရိပေါ် ဝင်လာတော့ ဧည့်ခန်းထဲမှာ ရှိနေတဲ့ ယန်ယူမီ က အံ့ဩသွားသည့် အမူအရာဖြင့်.....

"ဟင်.....မောင် ပြန်ရောက်လာပြီလား....ကိုယ့်ဟာကိုယ် အထုတ်တွေသယ်လာတာလား ဂျက်က....."

ယန်ယူမီ​၏ အမေးကို ဝမ်ရိပေါ် ပြီးဆုံးခွင့် မပေးလိုက်ဘဲ သူက အရင်ဖြတ်မေးလိုက်သည်။
"အဘွား အပေါ်မှာရှိလား....."

"ရှိတယ် မောင်.....အခန်းထဲမှာပဲ...."

ယန်ယူမီရဲ့ အဖြေကို ကြားပြီးသည်နှင့် တစ်စက္ကန့်တောင်မဆိုင်းဘဲ ဝမ်ရိပေါ် အပေါ်ထပ်ကို တက်သွားလိုက်သည်။ ထို့နောက် သူ့အဘွားရှိရာ အိပ်ခန်းအရှေ့သို့ တန်းတန်းမတ်မတ်သွားကာတံခါးသွားခေါက်လိုက်သည်။

"ဒေါက်....ဒေါက်...."

"ဝင်ခဲ့ပါကွယ်....."

ဝမ်ဘွားက ဝင်လာတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်သည်နှင့်.....

"ဟယ် မြေးရယ်.....ဘယ်တွေပျောက်နေတာလဲ တစ်ပတ်လုံး.....ဘာမှလည်း မပြောမဆိုနဲ့ ဟိုနေ့မှ မြေးရဲ့ အတွင်းရေးမှူးပြောပြလို့သိရတာ....."
သူ့ရှေ့ကို လာထိုင်တဲ့ သူ့မြေးကို ဝမ်ဘွားက ဆံပင်လေးများ ပွတ်သပ်ပေးရင်း စိတ်ပူစွာ မေးမြန်းလို့နေသည်။

"မျက်နှာလေးတောင် ချောင်ကျသွားတယ်.....ဘာတွေ လျှောက်လုပ်နေတာလဲ မြေးရိပေါ်....."

ဝမ်ရိပေါ်က သူ့ကို ဖက်ထားတဲ့ သူ့အဘွားရဲ့ လက်တွေထဲကနေ ထွက်လိုက်ပြီး ခန္ဓာကိုယ်ကို တည့်မတ်စွာပြန်ထိုင်လိုက်သည်။ ထို့နောက် တည်ငြိမ်နေသော လေသံဖြင့်.....

"ကျွန်တော် ဘွားကိုပြောစရာရှိတယ်....."

"အင်းပြော မြေးလေး....."
"ကျွန်တော် လူတစ်ယောက်ကို ချစ်တယ်...."

ဝမ်ရိပေါ်​၏ အသံတို့က တည်ငြိမ်နေ​၏။ မျက်လုံးတွေကလည်း စူးရဲနေကာ ဖြောင့်မတ်နေတဲ့ ခန္ဓာကိုယ်အနေအထားက သူပြောနေတဲ့ စကားတွေဟာ မှန်ကန်နေကြောင်း ထောက်ခံလို့နေသည်။

ဝမ်ဘွားလည်း ရုတ်တရက်မလို့ အတန်ကြာ ကြောင်အသွားပြီး တိတ်ဆိတ်သွားရာမှ.....

"မြေးလေး.....ယူမီလေးကို ပြောတာလား...."

"ကျွန်တော့်ပါးစပ်က နာမည် အတိအကျထွက်ခဲ့လို့လား....."

မဟုတ်မှန်ကြောင်း ဝမ်ရိပေါ်ဘက်မှ ချက်ချင်းတုံ့ပြန်လိုက်မှုကြောင့် ဝမ်ဘွား ထိတ်လန့်သလိုဖြစ်သွားရသည်။ သူ့မြေးလေးက သူ့ဇနီးမဟုတ်တဲ့ အခြားတစ်ယောက်ကို စိတ်ယိုင်နေတာလား။ ဒါကိုတော့ သူလက်မခံနိုင်​။
"မြေးရိပေါ်.....ဘယ်က ပေါ့ပျက်ပျက် အပေါစားမိန်းမတွေနဲ့ ဇာတ်လမ်းတွေရှုပ်နေတာလဲ...."

ဝမ်ဘွား​၏ အသံကလည်း မာန်တွေကြောင့် ခက်ထန်လာရ​၏။

"မိန်းမတစ်ယောက်လို့လည်း မပြောခဲ့မိဘူး ဘွား.....လူတစ်ယောက်လို့ပဲ ပြောခဲ့တာ...."

"ဘာပဲ ဖြစ်ဖြစ်ဘွားလက်မခံနိုင်...."

ဝမ်ဘွားကို ဝမ်ရိပေါ်က စကားဆုံးအောင်ပြောခွင့်မပေးဘဲတည်တင်းသောမျက်နှာထားဖြင့်.....

"ပြီးတော့ ဘွား....ပေါ့ပျက်ပျက်ဆိုပြီး နှိုင်းလိုက်တဲ့ စကားကို ပြန်ရုတ်သိမ်းပေးပါ....အဲ့ဒိလူက ကျွန်တော်အတွက်တော့ အရမ်းကို ခက်ခဲလွန်းတဲ့ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေတဲ့ အတွက်ကြောင့် ပေါ့ပျက်တယ်ဆိုတဲ့စကားတွေ အပေါစားဆန်တယ်ဆိုတဲ့စကားတွေက ဒီလူနဲ့ မလိုက်ဖက်လို့....."
"......"

"တကယ်ဆို ဒီလူက ပေါ့ပျက်ပျက် အပေါစားလူတစ်ယောက်ဖြစ်နေခဲ့ရင်လည်း အကောင်းသား.....အဲ့တာဆို ကျွန်တော့်အတွက် ဒီလောက်ထိ ခက်ခဲနေမှာ မဟုတ်ဘူး.....ပတ်သက်ချင်သလို ပတ်သက်လို့ရပြီး ကျွန်တော်လုပ်ချင်သလို လုပ်လိုက်လို့သာ ရနိုင်မယ်ဆို ဘွားကိုလည်း လာအသိပေးနေမှာ မဟုတ်ဘူး......"

"ဘာပဲဖြစ်ဖြစ် ဘွားအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး.....ဘွားမှာ မြေးချွေးမ တစ်ယောက်ပဲ ရှိရမယ်ဆိုရင် အဲ့တာက ယူမီလေးပဲ....."
ဝမ်ရိပေါ်နှင့် သူ့အဘွားဖြစ်သူ စကားတွေ အခြေအတင်ဖြစ်လာကြသည်။

"အဲ့တာကတော့ ဘွားရဲ့အပိုင်း....ပြီးတော့ လက်ခံဖို့လာပြောနေတာ မဟုတ်ဘူး.....နောက်မှ သိသွားရင် အံ့ဩထိတ်လန့်နေမှာစိုးလို့ ကျွန်တော်ရဲ့ ခံစားချက်တွေကို သိသိလာချင်းမှာကတည်းက လာအသိပေးထားတာ.....ဘွား အသက်ကလည်း ရလာပြီ မလား....တော်ကြာ ရုတ်တရက်ကြီး သွေးတက်သွားတာတွေ ဘာတွေဖြစ်လာမှာ ကျွန်တော်မလိုလားလို့....."

အေးအေးစက်စက် နေတတ်တဲ့ သူ့မြေးရိပေါ်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို ဝမ်ဘွား အံ့ဩလို့နေဆဲ။ အေးစက်လွန်းပေမယ့် တဇောက်ကန်း အကျင့်တွေကိုလည်း သူမေ့ထားလို့မဖြစ်။ထို့ကြောင့် သူတို့ လူချမ်းသာ အသိုင်းအဝိုင်းတွေရဲ့လုပ်ရပ်အတိုင်း.....
"မြေးကို ဘွားတစ်ခါတည်းပြောထားမယ်.....အခုကတည်းက မြေးကိုယ်တိုင် မရှင်းထုတ်နိုင်ရင် ဘွားတို့ရတဲ့ နည်းနဲ့ လုပ်စရာရှိတာ လုပ်ရမှာပဲ.....အဲ့တာဆို ဟိုဘက်က ထိခိုက်နိုင်တယ်နော် မြေးစဉ်းစား....."

သူ့အဘွား​၏ ခြိမ်းခြောက်စကားကြောင့် ဝမ်ရိပေါ် အိပ်ခန်းလေးထဲ အသံတွေလှိုင်သွားအောင် ရယ်လိုက်မိသည်။

"ဟား....ဟား....ဘွား လူမှားသွားမယ်......ဘွားလည်း ကြည့်ကြပ်လုပ်ဦး.....ဟိုက ဘွားကိုတောင် ရောင်းစားသွားဦးမယ်.....အဲ့လူကို ခြိမ်းခြောက်တိုင်းရခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘွားရှေ့မှာ ဒီလိုတွေ လာပြောနေမှာ မဟုတ်ဘူး.....ဒီလူရဲ့ အကြောင်းကို သိချင်ရင်တော့ ဘွားရဲ့ ခမည်းခမက်ကြီးဖြစ်တဲ့ ယန်အိမ်တော်က အကြီးအကဲကို သွားမေးလိုက်....သူကောင်းကောင်းကြီး ပြောပြလိမ့်မယ်......"
"......"

"အဲ့တာဆိုလည်း အသိပေးစရာ ပေးထားပြီးပြီ ဆိုတော့ ခွင့်ပြုဦး ဘွား....."

ပြောပြီးတာနဲ့ ဝမ်ရိပေါ် အခန်းထဲကထွက်သွားဖို့ပြင်လိုက်တဲ့အခါ ဝမ်ဘွားက ဒေါသတကြီး အသံဖြင့်.....

"ရိပေါ်.....ဘွားကတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး.....ယူမီလေးကို ဘွားဆီ ချက်ချင်း လွှတ်လိုက်....ငါ့မြေးမလေးကို ငါသနားလို့သေတော့မှာပဲ.....ယူမီကို ချက်ချင်းလွှတ်လိုက်....."

ဝမ်ရိပေါ် ဘာမှပြန်မဖြေဘဲ ဝမ်ဘွား​၏ အခန်းထဲမှ

ထွက်လာစဉ် ဝမ်ဘွားအခန်းရှေ့တွင် ဘယ်ကတည်းကမှန်းမသိ မတ်တပ်ရပ်နေတဲ့ ယန်ယူမီကိုတွေ့​၏။
"ဘွားက လာတွေ့တဲ့....."

"ယူမီကြားပါတယ် မောင်...."

ယန်ယူမီ မျက်ရည်လေးများ တစမ်းစမ်းဖြင့် ဝမ်ဘွား​၏ အခန်းထဲကို ဝင်လာလိုက်သည်။ လွန်ခဲ့တဲ့ ဆယ်စက္ကန့်လောက်က မရှိခဲ့တဲ့ မျက်ရည်တွေက ချက်ချင်းပါးပေါ် လျှံတက်လာခဲ့ခြင်းက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသား။ ယန်ယူမီက ဝမ်ဘွားကို တွေ့သည်နှင့် တုန်ရီသော အသံများဖြင့် ဝမ်ဘွား​၏ ရင်ခွင်ထဲ တိုးဝင်သွားလိုက်သည်။

"ဘွား....အင့်....ဟင့်....."
"အေးကွယ် ယူမီလေးရယ် အဘွားလည်း တကယ်ဘယ်လိုပြောရမလဲ မသိဘူးကွယ်.....အဲ့ကောင်လေးနဲ့တော့...."

"အဲ့တာ မောင့်အပြစ်ရဲ့ မဟုတ်ပါဘူး....ယူမီကသာ မောင့်ရဲ့ စိတ်ကိုမဆွဲထားနိုင်တာ....."

"ဘာလို့ မြေးမလေးရဲ့ အပြစ်ဟုတ်ရမှာလဲ ရိပေါ်ကသာ.....ပြီးတော့ သူသွားပတ်သက်နေတဲ့ လူကလည်း ဘယ်ကဟာမှန်းမသိ......"

ဝမ်ဘွားချော့လေ ယန်ယူမီ ပိုငိုရှိုက်လေ ဖြစ်လာရကာ....

"တကယ်ဆို ယူမီကလေ.....မောင်ပတ်သက်နေတဲ့သူက လူကောင်းလေးဆို ယူမီ ကိုယ်တိုင်မောင့်ကိုချစ်တဲ့ စိတ်နဲ့ နောက်ဆုတ်ပေးဖို့ပါ.....ဒါပေမယ့် အဲ့လူက....အဲ့လူက.....အင့်....ဟင့်....."
"ဘာလဲ....ယူမီက ရိပေါ်နဲ့ ပတ်သက်တဲ့လူကို သိထားတာလား....."

"အင်းသိတယ် ဘွား....အင့်...သိတယ်ဆိုတာ တခြားမဟုတ်ဘူး....အဲ့လူကလေ ယူမီရဲ့ပါးနဲ့လည်း တွဲနေတဲ့လူ....."

"အလိုလေး....ဘုရား ဘုရား....."

ယန်ယူမီ စကားကြောင့် ဝမ်ဘွား အံ့ဩ၍ ဘုရားတောင်တမိသည်။ ယန်ယူမီက ဆက်ပြီး....

"သူကလေ....ယူမီရဲ့ ပါးနဲ့ တွဲနေပြီး မောင့်ကိုတွေ့မှ စိတ်ပြောင်းသွားတာ ဖြစ်မယ်....ဘာလို့ဆို မောင်က ပါးထက် ပိုချမ်းသာပြီး ငယ်ရွယ်တဲ့သူဆိုတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ ပြောင်းသွားဖြစ်မယ်.....အင့်...ဟင့်...."
"မိုက်လိုက်တဲ့ ရိပေါ်ရယ်.....ယူမီ တိတ်တိတ်....သူတို့ဖြစ်စေချင်သလို မဖြစ်စေချင်ရဘူး လို့ ဘွားကတိပေးတယ်.....ရိပေါ်က စိတ်ကစားနေတာပဲဖြစ်မှာ.....ဘွားရအောင်ပြန်ထိန်းပေးမယ်...."

"ဘွား....ပြီးတော့လေ....တကယ်ဆို အဲ့ဒိလူကို ဘွားလည်း သိတယ်....."

"ဘွားလည်း သိတယ်ဟုတ်လား....အဲ့လူက ဘယ်သူတုန်း....."

"ဟိုးတစ်ခါ ဘွားခြေခေါက်သွားတုန်းက အိမ်ထိလိုက်ပို့ပေးခဲ့တဲ့ ရှောင်းကျန့်ဆိုတဲ့လူလေ.....အင့်...."

ဝမ်ဘွား တစ်ဖက်က လူရဲ့ နာမည်ကိုသိလိုက်တဲ့အခါ ခေတ္တမျှ တိတ်ဆိတ်သွားကာ စိတ်ထွေသွားရသည်။ တစ်ဖက်က ဒီလူရွယ်တဲ့လား။ ဒါဆို သူ့မြေးရိပေါ် စိတ်ကစားနေရုံသပ်သပ်ရော ဟုတ်ရဲ့လား။
ရှောင်းကျန့်ဆိုတဲ့ လူရွယ် အိမ်လာခဲ့တဲ့နေ့တုန်းက သူ့မြေးရဲ့ အပြုအမူတွေက တစ်မျိုးထူးတော့ ထူးနေခဲ့တာကို သူသတိတော့ထားမိခဲ့သည်။ အေးစက်စက်နေတတ်တဲ့ သူ့မြေးက ထိုလူရွယ်လေးကို ဆက်ဆံခဲ့တဲ့ပုံလေးတွေက မသိမသာလေး နွေးထွေးခဲ့သည်။ အဲ့နေ့တုန်းက မတည့်သလိုလို အချေအတင်လေးတွေ ပြောနေပုံက သူ့မြေးဘက်ကပဲ ဟိုလူရွယ်လေးတုံ့ပြန်လာအောင် မထိတထိသွားစနေတဲ့ပုံမျိုးလေးသာ ဖြစ်သည်။

တကယ်လို့ ရိပေါ်လေးက စိတ်ကစားနေရုံသပ်သပ်ပဲ မဟုတ်ရင်တော့ သူအခုယူမီလေးကို ကတိပေးခဲ့တဲ့ ကိစ္စက အရာရော ရောက်ပါ့မလား။ သူ့ရဲ့သားဖြစ်သူ ရိပေါ်ရဲ့ အဖေ ကိုလည်းတားခိုင်းဖို့ရာ သားဖြစ်သူကလည်း စီးပွားရေးကလွဲလို့ အရှုပ်အရှင်းတွေဘာမှ စိတ်မဝင်စား။ဒီလိုဆို သူကတိပေးသာ ပေးလိုက်ရတာ ရိပေါ်သာ တကယ်တဇွတ်ထိုးတွေ လုပ်ရင် သူလည်းနိုင်မှာတော့ မဟုတ်ဘူး။
"တိတ်ပါကွယ်.....ယူမီလေးရယ်.....အဘွားစဉ်းစားကြည့်ပါ့မယ်......မြေးမလေး သွားနားတော့ဟုတ်ပြီလား....."

"ဟုတ်ကဲ့ပါ ဘွား....."

ယန်ယူမီလည်း မျက်ရည်တွေသုတ်ကာ ဝမ်ဘွား​၏ အခန်းထဲက ထွက်ခွာလာခဲ့သည်။ ဝမ်ဘွားကတော့ သူ့ရဲ့ အတွေးတွေထဲ နစ်ဝင်လို့နေဆဲ.....။ယန်ယူမီ အိမ်အောက်ထပ်ရောက်လာသည့်အခါ ဧည့်ခန်းမှာ ထိုင်နေတဲ့ ဝမ်ရိပေါ်ကို တွေ့တာကြောင့်.....

"မောင် မအိပ်သေးဘူးလား....."

ဝမ်ရိပေါ်က ယန်ယူမီကို တစ်ချက်ကြည့်လိုက်ရင်း....
"ကျွန်တော်တို့နှစ်ယောက် စကားခဏပြောမယ် ရလား....."

"အင်း....ရပါတယ်မောင်...."

ယန်ယူမီလည်း ဝမ်ရိပေါ်​၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"ဘာပြောမလို့လဲ မောင်....."

"အဲ့ဒိ အခေါ်အဝေါ်ကိစ္စလေးတွေကို ပြောချင်လို့....."

"ဘာကို ဆိုလိုတာလဲ....မောင်...."

"ကျွန်တော့်ကို မောင် လို့ မခေါ်နဲ့တော့....."

"......"

"မောင်က လွဲလို့ ကြိုက်တဲ့နာမ်စားကိုခေါ်....."

ဝမ်ရိပေါ်​၏ စကားတွေက တိုသည် ရှင်းသည်။ ထပ်မေးစရာ မေးခွန်းမရှိလောက်အောင်ပြတ်သည်။
"ဘာဖြစ်လို့လဲ မောင်" လို့ ယူမီ ဆက်မမေးလိုတော့ပါ။ ယန်ယူမီ အတော်ကြာ တိတ်ဆိတ်လို့သွားပြီးမှ.....

"ဘာလို့လဲ....ဟိုလူကလည်း မောင် လို့ခေါ်လို့လား...."

"......"

"မောင်တကယ်ကို ချစ်တတ်သွားခဲ့ပြီပဲ....."

"......"

ဘာမှ ပြန်မဖြေတဲ့ ဝမ်ရိပေါ်ကို ယန်ယူမီ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးနောက် နေရာမှ ထွက်လာခဲ့သည်။

တကယ်တော့ မောင်က အရင်တုန်းကချစ်တတ်တဲ့ နှလုံးသားမရှိခဲ့တာ မဟုတ်ဘူး။ ချစ်ရမယ့်သူမတွေ့ခဲ့သေးတာ။ ချစ်ရမယ့်သူလည်း တွေ့သွားရော မောင်က တကယ် တစ်ဖက်လူကို ဆတ်ဆတ်ထိမခံနိုင်လောက်အောင်ကို ချစ်နိုင်တာ။ ဘာမှမကြည့်နဲ့ အခေါ်အဝေါ်တွေက အစ တစ်ယောက်တည်းအတွက် နှလုံးသားထဲမှာ အကန့်ခွဲပေးလိုက်တာကိုပဲကြည့်။ လူနှစ်ယောက်ခေါ်တဲ့ နာမ်စားက တူသွားတဲ့အခါ ကိုယ်ချစ်တဲ့သူကိုပဲ ခေါ်စေချင်တဲ့ပုံမျိုး....။
မောင်ရယ်.....ချစ်တတ်လိုက်တာ......ဒါပေမယ့် တစ်ဖက်က မောင့်အချစ်တွေကိုမြင်ပါ့မလား။ တကယ်ဆို မောင့်အချစ်တွေကို ဟိုလူကို မမြင်စေချင်ဘူး။ မောင့်ကိုလည်း ခံစားစေချင်သလို ဟိုလူ့ကိုလည်း မောင့်အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့လူတစ်ယောက်ဆိုပြီးတော့လည်း မသိစေချင်ဘူး။

ယူမီ့ဘက်ကပဲ တစ်ဖက်တည်း ခံစားနေရရင် မတရားဘူးလေ.....ပြီးတော့ မောင့်ရဲ့ အဘွားကလည်း ယူမီ့ဘက်မှာ....။ ဒီကိစ္စမှာ ဘယ်သူ့အတွက်မှ လွယ်မနေဘူး။
________  _________

ဝမ်ရိပေါ် မနက်သုံးနာရီ ထိုးနေသည့်တိုင်အောင် စာကြည့်ခန်းထဲတွင် ထိုင်နေဆဲ......။

မျက်လုံးများကလည်း ဖုန်းထဲက ဓာတ်ပုံလေးတစ်ခုကို စိုက်ကြည့်လို့နေမိသည်။ တစ်မိနစ်ခန့်စိုက်ကြည့်ပြီးသည့်နောက် ထိုပုံလေးကို လက်ထောက်လိုက်ကာတရုတ်ပြည်​၏ အသုံးအများဆုံး လူမှုကွန်ရက်တွင် တင်လိုက်​၏။

ထို့နောက် ဖုန်းမျက်နှာပြင်ကို အသာပိတ်လို့ သိသိသာသာ တစ်ခြမ်းစောင်း အပြုံးကို ဖြစ်ပေါ်စေလိုက်သည်။
ဒီဟာက မင်းကိုပါ ချည်ပြီးတုပ်ပြီးသား ဖြစ်သွားစေမယ့် မောင်ကိုယ်တိုင် သတ်မှတ်လိုက်တဲ့ တရားဝင်ဆိုတာပဲ ရှောင်းကျန့်.....။

မနက်ဖြန်မနက် လူမှုကွန်ရက် တစ်ခွင်မှာ အုန်းအုန်းကျက်ကျက်ဖြစ်စေမယ့် ဓာတ်ပုံတစ်ခုကို ဝမ်ရိပေါ်ကဒီလို ခေါင်းစဉ်ပေးခဲ့တယ်။

First Night Together !