ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၃)Unicode

"ဂျက်....မနက်ဖြန် ဂျပန်သွားမယ့် လေယာဉ်လက်မှတ် ဖြတ်ထားလိုက်....."

"ဘယ်နှစ်ရက်စာလဲ သူဌေး...."

"တစ်ပတ်....."

"ဂျပန်ရုံးခွဲတွေ သွားကြည့်မလို့လား....."

"မဟုတ်ဘူး.....ဒီမှာအရေးကြီးကိစ္စတွေ မရှိရင် မဆက်သွယ်နဲ့....."

"တစ်ယောက်တည်းလား သူဌေး....."

"အင်း....."

​ဂျက်ထွက်သွားပြီးတာနဲ့ ဝမ်ရိပေါ် သူ့အလုပ်တွေကိုသာ ဆက်လုပ်နေသည်။ စိတ်ကတော့ ပါနေတာမဟုတ်။ နှစ်ယောက်သားမျက်နှာချင်းမဆိုင်တာ နှစ်ရက်တိတိရှိပြီ။ မတော်တဆ တွေ့သွားရင်တောင် မသိချင်ယောင်ဆောင်သွားကြခြင်းသာ။ အံ့ဩဖို့တော့ ကောင်းသား။ အခုက ဘယ်သူကဘယ်သူ့ကို ဘာဖြစ်နေကြတာလဲ။ ဟိုလူပြောခဲ့သလိုဆို သူတို့က ဘာမှ မှ မဟုတ်တာ။အဲ့တော့ ပြဿနာတွေ ဖြစ်ခဲ့တာကလည်း အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေပဲ။ အဓိပ္ပာယ်မရှိပေမယ့် ကြားခဲ့ရတဲ့စကားတွေကို ပြန်စဉ်းစားမိတိုင်းရင်ဘတ်တစ်နေရာက သေအောင်နာတယ်။

အဲ့လူကြောင့် သူဒေါသတကြီး စားသောက်ဆိုင်မှာ သောင်းကျန်းခဲ့တဲ့ ပုံတွေက တစ်စွန်းတစ်စတော့ မီဒီယာတွေပေါ် ရောက်လာခဲ့သေးတာ။ ဒါပေမယ့်လည်း အားလုံးက သူ့နောက်ခံကြောင့် ထပ်မဖြန့်ခဲ့ကြတော့တာပင်။သူ့အဖေကတော့ စီးပွားရေးကလွဲပြီး ဒီလိုကိစ္စတွေကို တစ်ခုမှဂရုမစိုက်။သူ့အဘွားကတောင် သူ့ကို ခေါ်မေးနေသေးတယ်။ သူဘာဖြေရမှာလဲ။ အရူးထပြီး တခြားအရူးပြောခဲ့တဲ့ စကားတွေကို ယုံခဲ့တယ်လို့ပြောရမှာလား။ အရူးစကား အရူးယုံဆိုတာ မျိုးပေါ့။

ရတယ်....အရာအားလုံးကို ဒီနေ့ကစလို့ သူတစ်ပတ်အချိန်ပေးထားမယ်။ သူ့ကိုယ်သူကိုရော.....ဟိုလူ့ကိုရော.....ဘာမှ မဖြစ်သေးတဲ့ ပတ်သက်မှုတွေအားလုံးကိုရော....တစ်ပတ်တိတိ အချိန်ပေးထားမယ်။

ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ သူလည်း သေချာမသိဘူး။ ကျိန်းသေတာကတော့ ပြတ်ပြတ်သားသား ရလာဒ်တစ်ခုတော့ ရလာမှာပဲ။ အဲ့ဒိရလာဒ်တစ်ခုအပေါ်မှာပဲ မူတည်ပြီးတော့ သူဘာဆက်လုပ်ရမလဲ ဆိုတာကြည့်မယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ရှောင်းကျန့်ဆိုတဲ့ လူအပေါ်ကို တစ်ရာ ရာခိုင်နှုန်းတိုက်ရိုက်သက်ရောက်မှာ.....။

အဲ့တာကြောင့် ခင်ဗျားအတွက် အချိန်ပေးထားမယ်....ခုနစ်ရက်တိတိ။

________ ____________

"ဘာ....."

​ချားလ်စ် ရှောင်းကျန့်နဲ့အတူ ဘားတစ်ခုမှ ထိုင်သောက်နေကြရင်း ရှောင်းကျန့်ပြောလာတဲ့ စကားကြောင့် အံ့ဩစွာကြည့်လိုက်သည်။ သူကသာ ကြားရတာ နည်းနည်းထိတ်လန့်သွားပေမယ့် ကံယာကံရှင်ကတော့ တည်ငြိမ်နေခြင်းသာ။

"ရှောင်းကျန့် တကယ်ဖြစ်ခဲ့တာလား....."

"အင်း.....ဘာဖြစ်လို့လဲ....."

"ဘာဖြစ်လို့လဲ မဟုတ်ဘူး ရှောင်းကျန့်.....ငါမယုံနိုင်တာ.....မင်းလူတစ်ယောက်နဲ့ ဘလိုင်းကြီး အိပ်လိုက်တဲ့ ကိစ္စကို ငါလက်မခံနိုင်တာ....."
"ငါတောင် ဘာမှ မဖြစ်တာ မင်းကဘာဖြစ်နေတာလဲ ချားလ်စ်......"

"အေး.....မင်းဘာမှ မဖြစ်နေလို့ ရှောင်းကျန့်....."

ရှောင်းကျန့် မျက်ခုံးကိုသာပင့်ပြပြီး ဝိုင်ကိုသာ ဆက်သောက်နေသည်။ ဘာမျက်နှာ အမူအရာမှ မရှိဖြစ်နေတဲ့ ရှောင်းကျန့်ကို ချားလ်စ် စိုက်ကြည့်နေရင်း.....

"ရှောင်းကျန့်.....မင်းရပ်လိုက်တော့...."

"ဘာလို့လဲ အခုမှ စသောက်တာ....."

"ငါ ဝိုင်သောက်နေတဲ့အကြောင်းကို ပြောနေတာ မဟုတ်ဘူးဆိုတာ မင်းသိတယ် ရှောင်းကျန့်......"
"မင်းအခု လုပ်နေတဲ့ ကိစ္စတစ်ခုလုံးကို ရပ်တန်းကရပ်လိုက်သင့်ပြီ....."

"ဟား.....ဟား.....ချားလ်စ် အခုမှ အစပဲရှိသေးတာလေ.....အခုမှ ဟိုသားအဖနှစ်ယောက်စပြီး အထိနာရုံပဲရှိသေးတာ.....အရှိန်ကောင်းနေတာကို ငါကဘာလို့ရပ်ရမှာလဲ......"

ချားလ်စ် ခေါင်းကို အသာခါရမ်းကာ.....

"အစပဲရှိသေးတာ ဟုတ်တယ် ရှောင်းကျန့် ဒါပေမယ့် မင်းဘက်က ဘယ်လောက်တောင်ပါသွားပြီလဲ မင်းမသိဘူးလား.....မင်းပတ်သက်ခဲ့တဲ့ လူတွေဆီမှာ အိပ်ရာပေါ်ရောက်ခဲ့တဲ့ အထိ ဖြစ်ခဲ့ဖူးလို့လား....."
ချားလ်စ်က ရှောင်းကျန့်​၏ ရဲပတောင်းခတ်နေတဲ့ လည်ပင်းတစ်ဝိုက်နဲ့ ရင်ဘတ်အစပ်နားတွေကိုကြည့်ပြီး......

"မင်းလူတစ်ယောက်နဲ့ အိပ်ရာပေါ်ရောက်ဖို့မပြောနဲ့.....မင်းရဲ့အဲ့ဒိနေရာတွေကိုတောင် နမ်းခွင့်ပေးခဲ့ဖူးလို့လား.....ငါမင်းကို ဒီလိုဟာတွေက အစလိုက်ပြီးပြောပြနေရမှာလား....."

ရှောင်းကျန့်ဘာမှ မဖြေဘဲ ဝိုင်ကိုသာဆက်သောက်နေသည်။ ချားလ်စ်က ဆက်ပြီး.....

"ဘယ်လိုကနေ ဘယ်လိုဖြစ်သွားတာလဲ ရှောင်းကျန့်......."
တစ်ချိန်လုံး ငြိမ်နေပြီးမှ ရှောင်းကျန့်ကဖြေလိုက်သည်။

"မသိဘူး....."

"လီချန်းကောရဲ့ နှစ်ပတ်လည်နေ့မှာ မလို့ မင်းစိတ်တွေမူမမှန်မိတာလား......အားငယ်နေတဲ့ အချိန် ရောက်လာတဲ့ လူတစ်ယောက်ကို တွယ်ကပ်မိသွားတာလား....."

"ဟက်.....စိတ်အားငယ်တာနဲ့ လူတစ်ယောက်နဲ့ အိပ်လိုက်ရမှာလား ချားလ်စ်.....ဟိုသားအဖနှစ်ယောက်ကို သပ်သပ် ချိုးချင်လို့......"

ရှောင်းကျန့်​၏ အဖြေကို ချားလ်စ် လက်မခံနိုင်စွာဖြင့်......
"ရှောင်းကျန့် မင်းကဘယ်သူ့ကို လာပတ်နေတာလဲ.....တခြားနည်းတွေ အများကြီး ရှိခဲ့တယ်.....ဒါကို မင်းလည်းသိတယ်......"

"......"

"ငါတစ်ခေါက်ထပ်မေးမယ်.....ဘာဖြစ်လို့ ဖြစ်သွားရတာလဲ....."

"မသိဘူး....."

ရှောင်းကျန့် မဖြေချင်တဲ့အခါ ချားလ်စ် ဆက်မေးဖို့ မကြိုးစားတော့။ ထိုစဉ် ရုတ်တရက်ကြီး ရှောင်းကျန့် ဘက်မှ ရှိုက်သံသဲ့သဲ့ ထွက်လာသည်။

"ချားလ်စ်.....ငါ ကောကို အရမ်းလွမ်းတယ်.....ပြီးတော့~~ပြီးတော့~~"

ရှောင်းကျန့် စကားတောင် ဆက်မပြောနိုင်တော့ဘဲ ရှိုက်သံတွေပြင်းလာတာကြောင့် ချားလ်စ်က နှစ်သိမ့်သည့်အနေဖြင့် ပုခုံးလေးကို ပုတ်ပေးနေသည်။
"ချားလ်စ်.....ငါမမှန် မှန်းသိတယ်.....ဒါပေမယ့် ငါမမှားဘူး....."

"......"

"ငါမမှားဘူးဆိုတာ ဘယ်မှာ ပိုသေချာလဲသိလား.....ငါတကယ်ကို မရယ်ချင်ဘူး....ယန်ချောင်မင်က ပြောတာ ဘာဖြစ်တယ် ရှောင်းကြောင့်ကိုယ်သေနိုင်တယ် ဘာတွေနဲ့....ဟား...ဟား....အခုထက်ထိ ဒီလူ အသက်ရှင်နေသေးတာပဲကြည့်.....အချစ်ကြောင့် ကိုယ့်အသက်ကို ကိုယ်ဂရုမစိုက်ခဲ့တာဆိုလို့ လီချန်းကော တစ်ယောက်ပဲရှိတာ......"

"......"

"အဲ့တာတွေကြောင့် ပိုအယုံကြည်မဲ့လာတာ.....အားလုံးက အပြောတွေချည်းပဲ အလုပ်နဲ့သက်သေပြသွားတာက ငါ့ရဲ့ကောတစ်ယောက်ပဲ ရှိခဲ့တာ.....တကယ်ကို မတန်ဘူး.....တကယ်ကိုမတန်တာ....."
"ရှောင်းကျန့်တော်ပြီ မသောက်နဲ့တော့....."

ငိုရှိုက်ရင်း ဝိုင်တွေ တစ်ခွက်ပြီး တစ်ခွက်သောက်နေတဲ့ ရှောင်းကျန့်ကို ချားလ်စ် တားလိုက်သည်။ရှောင်းကျန့် မျက်လုံးတွေက ရဲတွတ်နေပြီး ခံနိုင်ရည်ထက်ပိုနေပြီဖြစ်သည်။

ချားလ်စ် တွေးနေမိတယ်....ရှောင်းကျန့် အချိန်အခါမဟုတ်ဘာလို့ငိုနေရတာလဲ။ အချိန်အခါမဟုတ်ဆိုတာ လီချန်းကောရဲ့ နှစ်ပတ်လည် နေ့က ပြီးသွားတာ ရက်ပိုင်းလောက်တောင်ကြာနေပြီ။ ရှောင်းကျန့်က နှစ်ပတ်လည်နေ့ မတိုင်ခင်တွေသာ ငိုတတ်တာ။ အဲ့ဒိနေ့ပြီးသွားရင်တော့ မျက်ရည်တစ်စက်တောင် မကျတတ်တော့သည့် အကျင့်ရှိသည်။ ဒါကိုဘာလို့ မျက်ရည်တွေကျနေရတာလဲ။ လီချန်းကော အတွက် ကျတဲ့ မျက်ရည်တွေရော ဟုတ်ရဲ့လား။
"ရှောင်းကျန့် တော်တော့.....ငါအိမ်လိုက်ပို့ပေးမယ်......"

"မပြန်ချင်ဘူး.....ဘယ်သူမှ မှမရှိတာ....."

"ရှောင်းကျန့်ရာ.....ငါ့အိမ်လိုက်ခဲ့....."

"ဟင့်အင်း....အဲ့တာက ငါ့အိမ်မှ မဟုတ်တာ....."

ချားလ်စ် သက်ပြင်းငွေ့ငွေ့သာချလိုက်​၏။သူ့သူငယ်ချင်းကို သူဘာလုပ်ပေးရမှာလဲ။ လောလောဆယ်လုပ်ပေးနိုင်တာဆိုလို့ ထိုင်စောင့်ပေးနိုင်တာပဲရှိတယ်။

ရှောင်းကျန့် ဝိုင်အရှိန်ကြောင့် မှေးစင်းနေတဲ့ မျက်လုံးများဖြင့် ဘားမှာ အလှဆင်ထားတဲ့ သူ့ဘေးနားက နှင်းဆီပန်းအနီလေးတွေကို စောင်းငဲ့လို့ကြည့်လိုက်သည်။ နှင်းဆီနီလေးတွေ လှလွန်းနေတဲ့အခါ သူလိုချင်တာကြောင့် လက်ကိုအသာလှမ်းကာယူလိုက်​၏။
"အ....."

မူးနေတဲ့ အရှိန်ကြောင့် နှင်းဆီနီလေးကို လှမ်းယူရင်း ရိုးတံလေးကို သေချာမကြည့်ဘဲ ကိုင်လိုက်မိတာကြောင့် သူ့ရဲ့လက်ချောင်းလေးကို ဆူးထိသွားရသည်။

ရှောင်းကျန့် သူ့လက်ညိုးထိပ်လေးကတဖြည်းဖြည်းစီးကျလာတဲ့ သွေးစလေးတွေကို ကြည့်မိလိုက်သည်။ သာမန်အချိန်ဆို သူဟက်ကနဲ ရယ်လိုက်မှာ။ဒါပေမယ့် သူအခု သူ့လက်က သွေးစလေးကို ကြည့်ပြီး မျက်ရည်တွေ စီးကျလာရသည်။ ဘာလို့လူတွေက သူ့ကိုကျိန်သွားရတာလဲ။ မေတ္တာစူးရအောင် ဘယ်သူတွေကလည်း သူ့ကို မေတ္တာအစစ်တွေလာပေးနေလို့လဲ​။ သူ့အနားကို လာကပ်တဲ့လူတွေ အကုန်လုံးကို မေးကြည့်လိုက်​။ အားလုံးက သူ့ရဲ့ အထိအတွေ့တွေကို မလွန်ဆန်နိုင်လို့ပဲ ညိသွားကြတာမဟုတ်ဘူးလား။
"မေတ္တာစူးတာ နာလားဟင် ချားလ်စ်....."

လက်ကဒဏ်ရာက်ိုပဲကြည့်ပြီး ရှိုက်သံတွေပြင်းလာတဲ့ ရှောင်းကျန့်ကို ချားလ်စ် ကြည့်ပြီး သက်ပြင်းချလိုက်ပြန်သည်။ရှောင်းကျန့် မျက်ရည်ကျနေရတဲ့ အကြောင်းကို သူသဘောပေါက်မိနေသလိုပင်။

သူရှောင်းကျန့်နဲ့ ပေါင်းလာခဲ့တဲ့ တစ်လျှောက်မှာ သတိထားမိတာရှိတယ်။ ရှောင်းကျန့်က သူလုပ်ချင်ရာ လုပ်ပြီးသွားရင် "မသိဘူး...." ဆိုတဲ့ စကားတစ်ခွန်းကို အမြဲပြောတတ်တယ်။ ပြောရရင်တော့ အကြောင်းပြချက်မရှိ လုပ်ခဲ့တာမျိုးတွေကိုပေါ့။ ဒီအချိန်မှာ သူသွားပြောလည်း ရှောင်းကျန့် လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် မေးလာတဲ့ စကားတစ်ခွန်းကို သူစိတ်ထဲကပဲ တိတ်ဆိတ်စွာဖြေလိုက်တယ်။ သူ့အဖြေက မမှန်ပေမယ့် မှားတော့ မမှားလောက်ဘူး။
*မေတ္တာစူးတာတော့ မသိဘူး.....ကိုယ့်အတက်ကိုယ်ပြန်စူးရင်တော့ သေအောင်နာမှာရှောင်းကျန့်ရ....*

ဒါကို သူ့ထက် ကံယာကံရှင်က အရင်သိနေပြီးသားနေမှာပါ။ရှောင်းကျန့်က အဲ့လောက် တုံးတဲ့သူမှမဟုတ်တာ။

"ထတော့ ပြန်မယ်လာ ရှောင်းကျန့်...."

ကိုယ့်ကိုကိုယ် မထူနိုင်လောက်အောင် ယိုင်လဲနေတဲ့ ရှောင်းကျန့်​၏ ခန္ဓာကိုယ်ကို ချားလ်စ် တွဲထူလို့ ကားပေါ် တင်လာပြီး အိမ်ကို မရောက်ရောက်အောင် ပို့ခဲ့ပေးကာ အိပ်ရာပေါ်ထိပါ သေသေချာချာ တင်ခဲ့ပေးသည်။
ရှောင်းကျန့်က မျက်လုံးများကို ကောင်းကောင်းမဖွင့်နိုင်ပေမယ့် အိပ်ရာထက်မှာ တစ်စုံတစ်ရာကို လိုက်စမ်းနေတဲ့ ပုံဖြစ်နေတာကြောင့် ချားလ်စ်က.....

"ဘာဖြစ်လို့လဲ ရှောင်းကျန့် ဘာရှာနေတာလဲ....."

"သစ်ကုလားအုတ်....."

"ဘယ်က သစ်ကုလားအုတ်လဲ....."

ရှောင်းကျန့် မူးပြီးလျှောက်ပြောနေသည်ဟု ချားလ်စ်ထင်လိုက်ကာ မေးလိုက်ခြင်းဖြစ်သည်။

"အနီရောင် သစ်ကုလားအုတ်....."

"သစ်ကုလားအုတ်က အဝါရောင်ပဲရှိတာလေ ဘယ်ကအနီရောင်လဲ......"
"ဟင့်အင်း ငါ့ဟာလေးက အရပ်ပုပု အနီရောင်လေး....."

​ချားလ်စ် မျက်မှောင်ကျုံ့မိလိုက်သည်။ ရှောင်းကျန့် တကယ်မူးနေတာပင်။ အနီရောင်ဆိုတာတောင် တော်တော်လွဲနေတာကို အရပ်ပုတဲ့ သစ်ကုလားအုတ်ဆိုတော့။

"ရှောင်းကျန့် အိပ်တော့ အိပ်တော့....."

"ရှာပေးပါလို့....."

သူ့လက်ကို မလွှတ်တမ်းဆွဲထားပြီး သစ်ကုလားအုတ်ရှာပုံတော် ထွက်ခိုင်းနေတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ချားလ်စ် အကြပ်ရိုက်ရသည်။ ည ဆယ်နှစ်နာရီ ထိုးကြီး ဘယ်မှာ သွားဖမ်းပေးရမှာလဲ။ တိရစ္ဆာန်ရုံကနေ delivery ပို့ခိုင်းလိုက်ရင်ရော ရမှာလား။
"ဟ....နေ....နေဦး ရှောင်းကျန့်....."

လှဲနေရာမှ ရုတ်တရက် ကုတင်ပေါ်ကနေ ခေါင်းကို ဇောက်ထိုးကြီး ငုံ့ကြည့်လိုက်တဲ့ ရှောင်းကျန့်ကို ပြုတ်ကျသွားမည်စိုး၍ ချားလ်စ် အသည်းအသန်တားလိုက်သည်။

"ဟိုမှာ ပြုတ်ကျနေတာ....."

"ဘာလဲ....."

"ဟိုခုံအောက်မှာ ငါ့ရဲ့ သစ်ကုလားအုတ်....."

ရှောင်းကျန့် ညွှန်ပြရာ ချားလ်စ်ကြည့်လိုက်တော့ တကယ်ကို ပုပုတိုတိုနဲ့ သစ်ကုလားအုတ် အနီရောင်လေးက ငုတ်တုတ်လေးကို ထိုင်နေတာ။ ချားလ်စ်လည်း အရုပ်လေးကို သွားကောက်ပေးပြီး ရှောင်းကျန့်​၏ လက်ထဲကို သွားထည့်ပေးလိုက်သည်။ အရုပ်လေးလက်ထဲရောက်လာသည်နှင့်တပြိုင်နက်ရှောင်းကျန့် ရင်ခွင်ထဲမှာ ပွေ့ပိုက်လိုက်ကာ......
"ဟင်း....နွေးနေတာပဲ...."

"ရှောင်းကျန့် ဒါဆို ငါပြန်တော့မယ်နော်....."

ချားလ်စ် နှုတ်ဆက်နေတာကို ရှောင်းကျန့် ပြန်မနှုတ်ဆက်နိုင်တော့ပဲ အရုပ်ကိုပိုက်၍အိပ်မောကျခြင်းဆီသို့ရောက်သွားခဲ့သည်။ အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပေမယ့် အိပ်မက်တွေကတော့ လှချင်မှ လှမှာပေါ့။

သူ့သူငယ်ချင်းရဲ့ ဒီလိုပုံလေးကို မြင်အောင်ကြည့်တတ်တဲ့ လူသာရှိခဲ့မယ်ဆိုရင် ဒီလောကကြီးမှာ မေတ္တာစစ်ဆိုတာ ရှိသေးတယ် ဆိုတဲ့အကြောင်း သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူရှောင်းကျန့် ခံစားမိလာလိမ့်မယ်။ ဒီနေ့ရက်တွေရောက်လာဖို့ မင်းအတွက်ရှည်မကြာပါစေနဲ့လို့ ငါဆုတောင်းပေးနေပါ့မယ်...ရှောင်းကျန့်.....။ လောလောဆယ်တော့ အိပ်မက်လှလှတွေမက်ပါစေ....။
"တီတီ....တီတီ...."

အလုပ်ပိတ်ရက်မဟုတ်တာကြောင့် နှိုးစက်အသံဖြင့် ရှောင်းကျန့်နိုးလာရသည်။ သို့သော် အိပ်ရာပေါ်မှ ချက်ချင်းမထသေးဘဲ ကိုက်ခဲနေတဲ့ဦးခေါင်းကို လျစ်လျူရှုထားပြီး ညတုန်းက ချားလ်စ်နဲ့ပြောခဲ့တဲ့ အရာတွေကို ပြန်တွေးနေမိသည်။

အဲ့နေ့တုန်းက ရေချိုးခန်းထဲမှာ သူဓားတစ်လက်နဲ့ သူ့ကိုယ်သူပြန်ရန်ရှာဖို့ တကယ်ကိုကြံမိခဲ့တာ။ဒါပေမယ့် အဲ့ဒိဓားသူ့လက်ကောက်ဝတ်ပေါ် ရောက်တော့မယ့် အချိန်မှာ သူပြန်တွေးမိသွားတယ်။ ဒီဓားနဲ့ သူ့ဟာသူပြန်လုပ်ရင် သူတစ်ယောက်တည်းပဲနာမှာ။ အဲ့လို့တွေးပြီးသွားတဲ့ အခါမှာ သူ့ရဲ့ အစီအစဉ်တွေပြောင်းသွားခဲ့တာ။ အဲ့ဒါကြောင့် အိပ်မိသွားတာတဲ့ ကိစ္စက တမင်သပ်သပ်လုပ်ခဲ့တာပေမယ့် ဟိုးအစကတည်းက ကြိုတင်ကြံစည်ခဲ့တာတော့ မဟုတ်ဘူး။ တကယ်ပဲ ချားလ်စ်ပြောသလိုပဲ တခြားနည်းလမ်းတွေရော ရှိနေခဲ့သေးတာလား။ အဲ့ဒိအချိန်မှာ ထိုနည်းက အထိရောက်ဆုံးလို့ပဲ သူတွေးမိခဲ့တာ။
ရုတ်တရက် ကြီး ဂဏာမငြိမ်ဖြစ်သွားသည့် မျက်ဝန်းတွေနဲ့ ရှောင်းကျန့် သူ့ရဲ့ အကြည်ရောင်ထနေတဲ့ လက်သည်းလေးတွေကို ပဲ့လုမတတ် တတိတိကိုက်နေရင်း ထပ်တွေးမိလိုက်တယ်။ တကယ်ပဲ ချားလ်စ်ပြောသလို အဲ့ဒိနည်းကလွဲလို့ တခြားရွေးစရာတွေရှိခဲ့သေးတာလား။

ရှောင်းကျန့်ခေါင်းကို ခပ်မြန်မြန်ခါရမ်းလိုက်သည်။

မဟုတ်ဘူး....အဲ့တုန်းက အဲ့ဒိနည်းတစ်ခုပဲရှိခဲ့တာ။ သူမမှားဘူး။

မဟုတ်တာတွေ တွေးပြီး အချိန်မဖြုန်းချင်တာကြောင့် ရှောင်းကျန့် အိပ်ရာပေါ်က ထဖို့ ခြေတွေလက်တွေကို အကုန်ဆန့်ထုတ်ပြီး အကြောဆန့်လိုက်တဲ့အခါ တစ်ညလုံးဖက်အိပ်ထားတဲ့ သစ်ကုလားအုတ်ရုပ်လေးကို မတော်တဆတိုက်မိတာကြောင့် အရုပ်လေးအိပ်ရာပေါ်ကပြုတ်ကျသွား​၏။
ပြုတ်ကျသွားတဲ့ အရုပ်လေးကို ရှောင်းကျန့် ကုတင်ပေါ်ကနေ လက်လှမ်းပြီးကောက်လိုက်ကာ အသေအချာကို စိုက်ကြည့်လို့နေမိသည်။ တဖန်ပြန်ဖြစ်ပေါ်လာတဲ့ အတွေးနက်နက်တွေရဲ့အနောက်မှာ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားပုံက သူလိုချင်လွန်းတဲ့ ဒီအရုပ်ကလေးကို ဘယ်လိုလုယူလာခဲ့ရလဲ ဆိုတာ တွေးမိသွားသည့်ပုံနှယ်။

လုလက်စနဲ့ တရားဝင်ကိုယ့်အပိုင်ဖြစ်သွားအောင် တစ်ခါတည်း လုလိုက်ရမလားလို့ တွေးလိုက်မိပေမယ့် ခေါင်းကို အသာခါရမ်းလိုက်ကာ ခပ်ရေးရေးလေး ပြုံးလိုက်သည်။
*အခုဟာက အရုပ်လေးမှ မဟုတ်တာ......*

_______ ____________

ရှောင်းကျန့် အလုပ်ကပြန်ရောက်ပြီးတော့ ညခုနစ်နာရီ အချိန်ခန့်တွင် အေးအေးဆေးဆေးဖြင့် တစ်စုံတစ်ရာကို လက်ဆောင်ဘူးလေးထဲထည့်ကာ ထုတ်ပိုးလို့နေသည်။ နှင်းဆီနီပုံလေးတွေပါတဲ့ စက္ကူလေးနဲ့ ထုတ်ပိုးထားတဲ့ လက်ဆောင်လေးဘူးလေးက ရဲရဲတောက်ကို နီလျက်။ လက်ဆောင်ဘူးလေး အပေါ်မှာ ဖော်ပြထားတဲ့ စာရွက်အပိုင်းအစလေးက။

သို့/ယန်ယူမီ.....မှ/ရှောင်းကျန့်


ရှောင်းကျန့် လက်ဆောင်ဘူးလေးကို လက်တစ်ဖက်ကကိုင်ပြီး တစ်ဖက်လက်က ဝိုင်ခွက်ကို ကိုင်လို့သွေးအေးစွာ ထိုင်သောက်နေသည်။ ဝိုင်ရဲ့အရသာကို ကောင်းကောင်းကြီး ခံစားနေတယ်လို့ပြောရမလား။ တကယ့်ကိုပြင်းရှရှပဲ....။

"တင်းတောင်....."

တံခါးဘဲလ်အသံကြောင့် ရှောင်းကျန့် တခြမ်းစောင်းလေးပြုံးလိုက်ကာ ထိုင်နေရာမှ သိမ်မွေ့စွာ ထသွားပြီး တံခါးကို သွားဖွင့်လိုက်သည်။ တံခါးပွင့် သွားတာနဲ့ တွေ့လိုက်ရတာ က အမြန်ချောပို့သမားလေးတစ်ယောက်။ ရှောင်းကျန့် သူ့လက်ထဲက လက်ဆောင်ဘူးလေးကို အမြန်ချောပို့သမားလေးလက်ထဲ ထည့်ပေးလိုက်ပြီးနောက်.....
"ဒီလိပ်စာအတိုင်း.....ယန်ယူမီ ဆိုတဲ့ သူရဲ့ လက်ထဲဆက်ဆက်ထည့်ခဲ့ပေးလိုက်ပါ....."

လက်ဆောင်ဘူးလေးနဲ့ အတူ ကျသင့်ဝန်ဆောင်ခထက်ပိုတဲ့ ငွေပမာဏကိုပါ အတူထည့်ပေးလိုက်သည်။ဘယ်လောက်ပဲကျကျ ရည်ရွယ်ထားတဲ့နေရာ၊ ရည်ရွယ်ထားတဲ့လူရဲ့ လက်ထဲရောက်သွားရင်ပဲ ရပြီဖြစ်သည်။

ရှောင်းကျန့် ကျေနပ်စွာပြုံးလိုက်ပြီး ဧည့်ခန်းဆိုဖာတွေပေါ်မှာ ပြန်လာထိုင်ရင်း ဝိုင်ကိုပြန်လာသောက်လို့နေသည်။ သို့ပေမယ့် အခုသူသောက်နေတဲ့ ဝိုင်က ခုနတုန်းကအရသာမျိုး မဟုတ်နေတော့ဘူးဆိုတာ သတိထားမိလာတယ်။ ပုလင်းတစ်ခုထဲက ဝိုင်ပေမယ့် အရသာက နှစ်မျိုးထွက်နေတယ်။ ခုနက ပြင်းရှရှ ပြတ်ပြတ်သားသား အရသာဆို အခုက တငွေ့ငွေ့ နဲ့ မပြတ်မသား။
ရှောင်းကျန့်ဝိုင်ခွက်ကို ခပ်ပြင်းပြင်းဆောင့်ချလိုက်ကာ အိမ်တံခါးကို အမြန်ဖွင့်ပြီး ဓာတ်လှေကားနေရာသို့ ပြေးထွက်လာခဲ့သည်။ ဘယ်လောက် အလျင်လိုနေလဲဆိုရင် သူ့ရဲ့ အိမ်တံခါးကိုတောင် ပြန်ပိတ်ခဲ့ဖို့မေ့ခဲ့သည် အထိ။

ရှောင်းကျန့် ဓာတ်လှေကား ခလုတ်ကို မြန်မြန်နှိပ်ပြီးတော့ အောက်ဆုံးကို မြန်မြန်ရောက်ဖို့သာ အလောကြီးနေသည်။ ဒီလောက်ဆို သူ မှီနိုင်လောက်သေးသည်။ condo အောက်ရောက်လာတဲ့အခါ အမြန်ချောပို့ သမားကို အသည်းအသန်လိုက်ရှာလို့နေသည်။ condo ဝန်းထဲမှာ မတွေ့တော့ တဲ့ အခါ ရှောင်းကျန့် အပြင်ဘက်သို့ ပြေးထွက်လာသည်။ အပြင်ရောက်တော့ ဆိုင်ကယ်ကို စက်နှိုးနေပြီဖြစ်တဲ့ ချောပို့သမားကြောင့် မောဟိုက်နေသည့် ကြားက တရှိန်ထိုးပြေးသွားကာ ဆိုင်ကယ်ရှေ့ပိတ်ရပ်လိုက်သည်။
မောလွန်းတာကြောင့် ဆိုင်ကယ်ကို လက်နဲ့ ခဏထောက်ပြီး တားထားတာက လွဲလို့ ဘာမှ မပြောနိုင်သေး။

"ဘာဖြစ်လို့လဲ ခင်ဗျ...."

သူ့ဆိုင်ကယ်ကိုလာတားထားတဲ့ ရှောင်းကျန့်ကို အမြန်ချောပို့ သမားကမေးလိုက်ခြင်းဖြစ်သည်​။ ရှောင်းကျန့် ပုံမှန် အသက်ပြန်ရှူနိုင်မှ.......

"ဟို....ခုနက လက်ဆောင်ထုတ်လေးပြန်ပေးပါ.....ပို့ခကိုတော့ ပြန်မပေးနဲ့တော့......ခုနကဟာလေးပဲပြန်ပေး....."

ရှောင်းကျန့်​၏ အလိုကျ ချော့ပို့သမားကလည်း လက်ဆောင်ဘူးလေးကို ပြန်ပေးလိုက်သည်။ လက်ထဲပြန်ရောက်လာတဲ့ ဘူးလေးကို ရှောင်းကျန့်ကိုင်ကာ သူ့တိုက်ခန်းဆီသို့ပြန်တက်လာခဲ့သည်။
လက်ထဲက လက်ဆောင်ဘူးလေးကို အချိန်အတန်အကြာကြီး စိုက်ကြည့်နေပြီးမှ စားသောက်ခန်းထဲက ကြွေဗန်းလေးတစ်ခုကိုသွားယူလိုက်သည်။ထို့နောက် ကြွေဗန်းလေးရော လက်ဆောင်ဘူးလေးကိုပါ အိပ်ခန်းလေးအတွင်းသို့ယူလာခဲ့သည်။

အိပ်ခန်းထဲရောက်တဲ့အခါ အိပ်ရာဘေးအံဆွဲလေးထဲက မီးခြစ်လေးနဲ့ အလှဖယောင်းတိုင်လေးကို ယူလိုက်ကာ လက်ထဲကပစ္စည်းတွေနှင့်အတူ အိပ်ခန်းကြမ်းပြင်မှာပဲထိုင်ချလိုက်သည်​။ ကြမ်းပြင်ပေါ်မှာ ကြွေဗန်းလေးကို ချလိုက်ပြီး ဖယောင်းတိုင်လေးကိုပါ မီးညှိလို့ ကြွေဗန်းလေး​၏ အလယ်တည့်တည့်မှာ ထောင်ထားလိုက်သည်။
ကြွေဗန်းလေးပေါ်မှာ ဖယောင်းတိုင်လေး တငွေ့ငွေ့လောင်နေတဲ့ အချိန်မှာ ရှောင်းကျန့် လက်ထဲက လက်ဆောင်ဘူးလေးကို အသာဖောက်လိုက်​၏။ပြီးနောက် လက်ဆောင်ဘူးထဲက ထွက်လာတဲ့ အခုနှစ်ဆယ်ထက်မနည်းတဲ့ အရာလေးတွေကို သူကြည့်လို့နေမိသည်။ ဒီဟာတွေက ယန်ယူမီကို ရူးသွားလောက်အောင် တတ်စွမ်းနိုင်သည်။ ဒီအရာတွေကြောင့် ရှောင်းကျန့် သူကိုယ်တိုင် သိက္ခာအကြီးအကျယ် ထိခိုက်နိုင်စေပေမယ့်.....သူ့သိက္ခာထက် တစ်စုံတစ်ယောက်ရဲ့ သိက္ခာတွေလည်း ပါနေတဲ့အခါ သူ့ဆုံးဖြတ်ချက်တွေက လက်ရှိဖြစ်နေတဲ့ သူ့မျက်ဝန်းတွေလို ဝေဝါးလာခဲ့ရသည်။
ရှောင်းကျန့် လက်ဆောင်ဘူးထဲက အရာလေးတွေ တစ်ခုချင်းစီကို ကိုင်လို့ လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်မီးနဲ့  တို့ညိလိုက်သည်​။ ကြွေဗန်းလေးပေါ်ကို တဖြုတ်ဖြုတ်နဲ့ ကြွေကျလာတဲ့ ပြာစလေးတွေက အဖြူရောင်လေးအဖွေးသား။

ရှောင်းကျန့် နောက်ဆုံးသော တစ်ခုကို ကိုင်လို့ဖယောင်တိုင်မီးဖြင့် တမြည့်မြည့်လောင်ကျွမ်းစေနေတော့​၏။ အခုတော့ ပြာတစ်ဝက် ဖြစ်လို့နေပြီ ဖြစ်တဲ့ ဓာတ်ပုံလေးမှာ လူနှစ်ယောက်ရဲ့ ပထမဆုံး ည ဖြတ်သန်းနေမှု ပုံရိပ်လေးက တဖြည်းဖြည်း မီးနဲ့အတူလောင်ကျွမ်းလို့သွားသည်။
ပြာမှုန်လေးတွေအဖြစ်ပဲ ကျန်ရစ်တော့တဲ့အခါ ရှောင်းကျန့် လက်ဖဝါးလေးနှစ်ဖက်ကို အသာခါလိုက်ပြီး ဖယောင်းတိုင်မီးလေးကို စိုက်ကြည့်လို့ ခပ်တိုးတိုးလေးရေရွတ်လိုက်သည်။

"တကယ်ဆို မောင်လည်း~~~ကိုယ့်ကို (.....)လို့ တစ်ခါတောင် မပြောခဲ့ဖူးပဲနဲ့...."

.

.

.

.

.

.

.

​မှိန်ပြပြ ဖယောင်းတိုင်မီးအရောင်လေးဟာလည်း

နှင်းဆီနီလေး ဝတ်ရည်ဖွဲ့မိအောင် စူးလွန်းနေခဲ့ပြန်ပြီလား.....။