ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း (၂၂) Unicode

"အင်း....အဲ့တာဆိုလည်း မောင်လာဆွဲခေါ် "

ရှောင်းကျန့် စာပို့ပြီးလိုက်တာနဲ့ ဖုန်းကို စားပွဲပေါ်မှာ မှောက်ထားလိုက်သည်။ အခုတော့ ခုံဝိုင်းမှာ သူတစ်ယောက်တည်း။

ယန်ယူမီတို့လင်မယားပြန်သွားတာနဲ့ ဆူးလီကလည်း ရှေ့ဆင့်နောက်ဆင့် ပြန်သွားပြီဖြစ်သည်။ ယန်ချောင်မင်ကတော့ သူသမီးတွေထသွားပြီးကတည်းက သန့်စင်ခန်းဘက်သွားနေတာ အခုထက်ထိပြန်မလာသေးတာပင်။ ဒီလောက်ကြာနေပုံရရင် ဒီလူလမ်းတဝက်မှာတင်လဲသေသွားတာဖြစ်နိုင်သည်​။ လောလောဆယ်တော့ မသေသေးနဲ့ဦး။ ဘာလို့ဆို ဒါတောင် ယန်ချောင်မင် အတွက် ဒီနေ့ရဲ့ အကောင်းဆုံးအချိန်ကိုမရောက်သေးလို့။

သူရောက်နေတဲ့ စားသောက်ဆိုင်တစ်ခုလုံးမှာ ဘယ်ဝိုင်းက လူစိတ်ဝင်စားမှုအများဆုံးလဲဟု လက်ညိုးထိုးပြပါဆိုရင်တော့ သူတို့ဝိုင်းကိုသာ လက်ညိုးထိုးပြရမည်။ လူတွေဆိုတာက ထိပ်ထိပ်ကြဲ အသိုင်းအဝိုင်းက လူတွေ ထမင်းစားရေသောက်ကြတာတောင်မှ စိတ်ဝင်စားကြတယ်မဟုတ်လား။ ဒါကြောင့်ပဲ သူကလူမြင်ကွင်းကို ရွေးခဲ့တာပင်။ လူတကာ အထင်ကြီးထားကြသလို ဂုဏ်သိက္ခာအဆင့်အတန်းတွေ မြင့်မားလွန်းတဲ့ ယန်မျိုးရိုး မှာ ဒီလို အရှုပ်တော်ပုံတွေရှိသေးတယ် ဆိုတာ လူတွေကို နားလည်စေချင်တယ်။

​လောလောဆယ်တော့ ဖန်ခွက်ချည်းပဲ သုံးခွက်တိတိ အသားလွတ်ကြီးခွဲသွားတဲ့ ဟိုကောင်လေးနဲ့ စာရင်းရှင်းရဦးမည်။ အစကတည်းက လူတွေကွက်ကြည့်ကွက်ကြည့်လုပ်ခြင်းခံရတဲ့ စားပွဲဝိုင်းက လူတစ်ယောက်တည်းဆီက ဖန်ခွက်တွေ ခဏခဏ ကျကွဲ တဲ့အသံကြောင့် စိတ်ဝင်ခံစားရမှုက ထိပ်ဆုံးကို ရောက်သွားသည်မဟုတ်လား။

တကယ်ကို ကလေးစိတ်နဲ့ တဇောက်ကန်း။ ဒီကောင်လေးက သူထင်ထားတာထက်ကို သွေးဆိုးတာ။ ဒါ့ကြောင့် တစ်ခုခု ဆွဲလားရမ်းလားဖြစ်လာမယ်ဆိုရင် အားမမျှတာကြောင့် သူထိခိုက်နိုင်သည်။ အဲ့တော့ အားချင်းမယှဉ်နိုင်တဲ့အခါ သူအကျွမ်းကျင်ဆုံးအလုပ်ဖြစ်တဲ့ စကားတွေနဲ့ပဲ သတ်ရမည်။

ဆိုင်တံခါးဝက အလှဆင်ထားတဲ့ ခေါင်းလောင်းလေးရဲ့မြည်သံက သာမန်ထက်ပိုကျယ်လောင်သွားတဲ့အခါ ရှောင်းကျန့် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်သည်။ ခြေသံပြင်းပြင်းတွေကလည်း တစ်စထက်တစ်စ သူနဲ့ နီးကပ်လို့လာသည်။ သူအသံတွေပဲ ကြားနေရတာပါ ဘာလို့ဆို ထိုခြေသံပြင်းပြင်း ပိုင်ရှင်က သူထိုင်နေတဲ့ဘေး ခြေစုံရပ်လိုက်တာတောင် သူကလက်ထဲက ကော်ဖီခွက်ကိုသာ စိုက်ကြည့်ပြီး အသောက်မပြတ်တာကြောင့်ပင်။
ခြေစုံရပ်နေတဲ့သူက ဘယ်လောက်တောင် ဒေါသတွေထွက်နေသလဲတော့ မသိ။ အသက်ရှူသံပြင်းပြင်းတွေက အတိုင်းသား။ ဂရုတော့ မစိုက်ပေမယ့် ဒီလို အခြေအနေမှာ ရယ်စရာတစ်ခုကိုတောင်တွေးမိနေသေးတယ်။  အသောက်မပြတ်ဘဲနဲ့ အသက်အရင်ပျောက်သွားရင်ရော။ ကော်ဖီတစ်ခွက်ကြောင့် အသက်ပေးလိုက်ရခြင်းဆိုတဲ့ ရှိုးပဲ့ပဲ့ ဂုဏ်ပုဒ်နဲ့တော့ သူမသေနိုင်ဘူး။

"ထတော့....."

ဝမ်ရိပေါ်က သူဝင်လာတာကို တစ်ချက်တောင်မကြည့် သေးဘဲ အခုထိကော်ဖီကို စိမ်ပြေနပြေသောက်နေတဲ့သူကို ထဖို့ခေါ်လိုက်သည်။ မထိတထိနဲ့ ပြုံးယောင်တောင်သန်းပြီး သောက်နေတဲ့ပုံက ထိုင်နေတဲ့နေရာမှာပဲ ဆွဲဆက်ပြီး....ကျစ်။ သူရပ်ကြည့်နေတာ အကောင်းတော့မဟုတ်ဘူး.....လူပုံအလယ်မှာ သရုပ်ပျက်လောက်အောင်ထိ ဆွဲဆောင့်ပြီး မခေါ်သွားချင်၍ပင်။ ဒါကို သူ့ရဲ့စိတ်ကိုလာစမ်းနေတာ.....။
"ရှောင်းကျန့်....."

ဝမ်ရိပေါ်​၏ လေသံက ဒေါသထွက်နေတာထက် ပိုကာ အေးစက်လာသည်။ တခြားဝိုင်းကလူတွေကလည်း နည်းနည်းလှမ်းနေတာကြောင့် အတိအကျဘာတွေဖြစ်နေလဲမသိကြပေမယ့် လူနှစ်ယောက် အခန့်မသင့်ဖြစ်နေကြတာတော့ ရိပ်မိသည်။

"ရှောင်းကျန့် ထတော့လို့ ပြောနေတယ်....."

"......"

"ရှောင်းကျန့်....."

ရှောင်းကျန့်လက်ကျန်ကော်ဖီကို အကုန်မော့လိုက်သည်။ အောက်နှုတ်ခမ်းလေးမှာ စွန်းထင်းကျန်နေတဲ့ ကော်ဖီစလေးတွေကို မသုတ်ဘဲ ဝမ်ရိပေါ် ရှိရာဘက်သို့ မျက်လုံးလေးများမှိတ်လို့ မျက်နှာ မော့လိုက်ကာ.....
"မောင်....သုတ်ပေး....."

ဟမ်....။နှုတ်ခမ်းပါးတွေပေါ်က အညိုရောင် ကော်ဖီစတွေကို သုတ်ပေးဖို့ မျက်နှာလာထိုးပေးနေတဲ့ လူကို ဝမ်ရိပေါ်ကြည့်ပြီးပြောစရာစကားတွေတောင်ပျောက်ရှရသည်။ ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေအကုန်လုံးကို လိုက်ပြီးမေးလိုက်ချင်တယ်.....ဒီလူရဲ့ အချိုးတွေကို ယုံနိုင်ကြလားဆိုတာ။

"ရှောင်းကျန့်....."

"ဒီနာမည်ကိုပဲခဏခဏခေါ်နေရအောင် စွဲလမ်းနေရတာလား.....သုတ်ပေးပါဆို...."

"ကောင်းကောင်းပြောလို့မရဘူးပေါ့...."
မျက်နှာပြောင် တိုက်လွန်းတဲ့သူကို ဝမ်ရိပေါ် သည်းခံနိုင်စွမ်းမရှိတော့တာကြောင့် ကော်ဖီတွေကပ်ညိနေတဲ့ နဂိုနီနှုတ်ခမ်းပါးတွေကို ပိုပြီးနီရဲတွတ်သွားအောင် သူ့ရဲ့လက်ခုံနဲ့ပဲ ခပ်ကြမ်းကြမ်း ပွတ်ဆွဲပြီးသုတ်ပေးလိုက်သည်။ ထို့နောက် ရှောင်းကျန့်​၏ လက်မောင်းရင်းကနေ ဆွဲဆောင့်ပြီးကိုင်လိုက်ကာ အားကုန်ဆွဲခေါ်သွားသည်။ ဝရုန်းသုန်းကားဆန်လွန်းတာကြောင့် ဆိုင်အတွင်းထဲက လူတွေအားလုံးရဲ့ အကြည့်တွေက သူတို့နှစ်ယောက် အပေါ်မှာပဲစုပြုံကျနေတာဖြစ်သည်။ ဆိုင်ထဲက လူအားလုံးဆိုတော့ သန့်စင်ခန်းထဲက ပြန်လာတဲ့ ယန်ချောင်မင်လည်း အပါအဝင်ဖြစ်သည်။
ရပ်နေတဲ့နေရာမှာပဲ မတ်တပ်မေ့နေတဲ့ ယန်ချောင်မင်ကို ရှောင်းကျန့်လှမ်းတွေ့သွားတဲ့အခါ ကြမ်းတမ်းစွာဆွဲထားတဲ့ ဝမ်ရိပေါ်ရဲ့ လက်ကို ခဏလောက်ရပ်တန့်စေလိုက်သည်။ ရှောင်းကျန့်​၏ ခြေလှမ်းတွေတန့်သွားတာကြောင့် ဝမ်ရိပေါ် မျက်မှောင်ကျုံ့ကြည့် လိုက်ကာ.....

"ဘာဖြစ်တာလဲ....."

"ခဏလေး မောင်.....မောင့်ယောက္ခမကြီးကို နှုတ်ဆက်ပါရစေဦး....."

ဝမ်ရိပေါ်က မလွှတ်ပေးဘဲ ပိုတင်းကြပ်စွာဆုပ်ကိုင်ထားတာကြောင့် ရှောင်းကျန့်က လေအေးလေးဖြင့်.....
"ဆယ်စက္ကန့်ပဲမောင်....."

"......"

"ဆယ်စက္ကန့်ပဲလို့.....လူကြီးကို ဒီလိုထားခဲ့တာက ရိုင်းရာကျတယ်လေ.....နော်လို့....မောင်...."

"ခင်ဗျား သတ်မှတ်ထားတဲ့ အချိန်ကို တစ်စက္ကန့်ပိုစွန်းလာခဲ့ကြည့်....."

ဝမ်ရိပေါ်က သူဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့်​၏ လက်ကို လျော့ပေးလိုက်ပြီး ခပ်ဆတ်ဆတ်တွန်းထုတ်လိုက်တာကြောင့် ရှောင်းကျန့် ဟန်ချက်ပျက်ကာ ခန္ဓာကိုယ်ယိုင်သွားရသည်။ ရှောင်းကျန့်​၏ စိတ်ထဲတင်းကနဲ ဖြစ်သွားရပေမယ့် အပြုံးပါးပါးလေးကို ဖြစ်ပေါ်စေပြီး ရယ်သံဟဟလေးဖြင့်....
"ဪမောင်ရယ်.....ဘယ်လိုတွေဖြစ်...."

ရှောင်းကျန့်ကိုယ်ဟန်ကိုပြင်လိုက်ပြီး သူ့တို့ကို ကြောင်ကြည့်နေတဲ့ ယန်ချောင်မင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ထို့နောက် နားရွက်ဖျားတွေနားသို့ ထိကပ်လုမထိတိုးကပ်သွားလိုက်ကာ.....

"ဦးနဲ့က နောက်မှ ရှင်းမယ်....စောင့်ချင်တဲ့နေရာမှာ စောင့်နေ.....လောလောဆယ်တော့ ကောက်နေတဲ့ ကျွန်တော့်ကလေးကို သွားချော့လိုက်ဦးမယ်....ခွင့်ပြုပါဦး....."

ရှောင်းကျန့်နှင့် ယန်ချောင်မင်ရဲ့ မျက်နှာအနေအထားတွေက နီးကပ်နေတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ရှောင်းကျန့်က ယန်ချောင်မင်ရဲ့ပါးကို လှမ်းပြီးနမ်းလိုက်သလို ပုံစံဖြစ်လို့သွားသည်။
"တောက်....."

ဝမ်ရိပေါ် သူနဲ့ အနီးဆုံးမှာရှိတဲ့ စားပွဲခုံကို ဒေါသတွေရဲ့ အလိုကျ ဖြတ်ကန်လိုက်သည်။ စားပွဲခုံရဲ့ အောက်ခြေကို တိုက်ရိုက်သွားထိတာကြောင့် စားပွဲပါမှောက်သွားသည့်အပြင် စားပွဲပေါ်မှာ တင်ထားတဲ့ ဇွန်းခရင်းခွက်ယောက်တွေ အကုန်လုံးကွဲကြေသွားရသည်။ ဆိုင်တွင်းကလူတွေက တော့ အထိတ်ထိတ်အလန့်လန့်ဖြင့်​။ စားသောက်နေကြတာကို ရပ်ထားပြီး ကြည့်နေကြသူများ.....စိတ်ဝင်စားလွန်းတာကြောင့် ဓာတ်ပုံရိုက်ယူနေကြသူများဖြင့် အစုံအလင်။
ဒါကဘာလဲ။ သူလွှတ်ပေးလိုက်တဲ့ ဆယ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလေးမှာတောင် တခြားသူနဲ့ မရရအောင် ဖြစ်သွားသေးတာ။ ဒီလူက နည်းနည်းလေးတောင် လျှော့ပြီးလွှတ်ထားပေးလို့မရတာပေါ့။

ဝမ်ရိပေါ် ရှောင်းကျန့်ရှိရာကို ခြေလှမ်းကြဲကြီးတွေဖြင့် လျှောက်လှမ်းသွားသည်။ ထို့နောက် ရှောင်းကျန့်ကို ယန်ချောင်မင်နှင့်နီးကပ်နေရာမှ ဆွဲခွာလိုက်ပြီးနောက် ရှောင်းကျန့်​၏ မျက်လုံးတည့်တည့်ကိုကြည့်၍ စားသောက်ဆိုင်အတွင်းဟိန်းထွက်သွားစေတဲ့ အသံဖြင့်.....
"ခင်ဗျားရဲ့ သောက်လုပ်မဟုတ်တဲ့အချိုးတွေက ဒီတစ်ခါနောက်ဆုံးဖြစ်စေတော့ ရှောင်းကျန့်....."

ပြောပြီးတာနဲ့ ရှောင်းကျန့်​၏ လက်ကောက်ဝတ်ကို ကျိုးကြေလုမတတ်ဆုပ်ကိုင်ပြီး ဆိုင်အပြင်သို့ထွက်လာသည်​။

ယန်ချောင်မင်ကတော့ မျက်စိရှေ့မှာတွေ့နေရတဲ့ ဟာတွေကို အခုထက်ထိ မယုံနိုင်သေးတဲ့ အနေအထားမျိုးဖြင့်သာ ရပ်လို့နေဆဲ​။ ရှောင်းက ဒီနေ့သူ့ကို ဘယ်နှစ်ခါသေစေချင်တာလဲ။ တစ်ယောက်တည်း သတ်ရတာအားမရလို့ သူ့သမက်ကိုပါ စစ်ကူခေါ်လာခဲ့သေးတာလား။ ဒီလောက် ထင်ရှားနေတဲ့ အဖြေကို သူသိနေပေမယ့် လက်မခံနိုင်သေးဘူး။ ရှောင်းက တခြားသူနဲ့ မဟုတ်ဘူး......သူ့ရဲ့ သမက်နဲ့မှ။
တခြားသူတွေနဲ့ဆို သူမရရ အောင်ခွဲနိုင်တယ်။ ခုနတုန်းက ရှောင်းကိုသူပိုင်တဲ့အရာလို သတ်မှတ်ပြီး ပိုင်စိုးပိုင်နင်း အပြောတွေ အမူအရာတွေနဲ့ ဆက်ဆံသွားတဲ့ သူ့သမက်ရဲ့မျက်လုံးတွေ ကိုသူကောင်းကောင်းဖတ်တတ်တယ်။ လူတစ်ယောက်ကို အလွှတ်မပေးနိုင်လောက်အောင် ကျွံဝင်နေတဲ့ အကြည့်မျိုးတွေ။

ဒီတိုင်းဆို ဒီကောင်လေး က ရှောင်းကို တော်ရုံတန်ရုံနဲ့ လွှတ်ချပေးမှာတော့မဟုတ်ဘူး။ ဒါမှမဟုတ်.....လုံးဝမလွှတ်ပေးတော့မှာလဲ ဖြစ်နိုင်တယ်။ ဒီကောင်လေးဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေး လောကမှာ ပြိုင်ဘက်မရှိ အောင်မြင်နေရလဲ.....သူလိုချင်တဲ့ လုပ်ငန်းတစ်ခုကို ရေကုန်ရေခမ်း အသေအကြေကို လိုက်တတ်တဲ့အကျင့်ကြောင့်ပဲ။
ဒီကောင်လေးက အေးစက်စက်နိုင်တယ်ဆိုတာလည်းမှန်တယ်.....ဒါပေမယ့် သူလိုချင်တာမရှိလာခင်အထိ။

__________  _________

"ဂျိမ်း...."

ဝမ်ရိပေါ် ရှောင်းကျန့် ကို ကားထဲ အတင်းထိုးထည့်လိုက်ပြီးတော့ ကားတံခါးကို အပြင်ဘက်မှ ဆောင့်ပိတ်လိုက်ကာ သူပါကားပေါ်တက်လာခဲ့သည်။ ထို့နောက် ကားကို လူပြတ်တဲ့ တစ်နေရာအထိ မောင်းလာခဲ့ကာ လမ်းဘေး ထိုးရပ်လိုက်သည်။

"ခင်ဗျား လုပ်နေတဲ့ အချိုးတွေရဲ့ အကြောင်းပြချက်တွေကို တစ်ခုချင်းစီပြော ရှောင်းကျန့်....."
"ဘာအချိုးတွေကိုပြောတာလဲ မောင်ရဲ့ ကိုယ်ဘာမှ မသိဘူးရယ်....."

ရှောင်းကျန့်က ဝမ်ရိပေါ်​၏ စကားကို အလေးမထားသည့်အပြင် သူ့ရဲ့လက်သည်းကြည်ကြည်လေးတွေကိုသာ အာရုံစိုက်လို့နေသည်။

"မောင်ကားထဲအတင်းထိုးထည့်တုန်းက ကားတံခါးနဲ့ တိုက်မိပြီး လက်သည်းလေးတောင် ပဲ့တော့မလို့....."

ဝမ်ရိပေါ် ဒေါသထွက်လွန်းတာကြောင့် သူ့ဆံပင်တွေကို ခပ်ကြမ်းကြမ်းထိုးဖွလိုက်ပြီးနောက် ရှောင်းကျန့်​၏ ပုခုံးနှစ်ဖက်ကို ကျိုးကြေသွားလုမတတ်ဆုပ်ကိုင်လိုက်သည်။ သူ့လက်က အားဘယ်လောက်ပါလဲ သူကိုယ်တိုင်သိတယ်။ ဒီလောက်နာကျင်နေတာတောင် ဒီလူက မျက်နှာတစ်ချက်တောင် မပျက်....။
ဝမ်ရိပေါ် ရှောင်းကျန့်​၏ ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီးဒေါသနဲ့အော်ပြောလိုက်​၏။

"ခင်ဗျား ဘာလို့ အဲ့လောက်တောင် သောက်ကြောတင်းနေရတာလဲ....."

"မောင်ရာ....စိတ်လေးဘာလေးလျော့ပါ....စကားပြောတာလည်း သောက်တွေနဲ့ချည်းပဲ ကိုယ်ရဲ့မောင်က အရိုင်းတုံးလေးမှ မဟုတ်တာ.....ပြီးတော့ အပြုအမူတွေက ကြမ်းတမ်းလိုက်တာဆိုတာ ညတုန်းကအတိုင်းပဲ....."

ရှောင်းကျန့်​၏ စကားကြောင့် ဝမ်ရိပေါ် မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် ပို၍နီးကပ်စွာတိုးကပ်သွားပြီး ရှောင်းကျန့်​၏ မျက်နှာကို လက်နဲ့ပင့်မော့လိုက်ကာ မေးဖျားနှင့် လည်တိုင်စပ်ကြားနေရာကို ခပ်ဆတ်ဆတ်နမ်းသလိုလို ကိုက်သလိုလို အရာကျန်အောင်ပြုလုပ်လိုက်လျှင်ပဲ.....
"အ....နာတယ် မောင်...."

"ပြောကြည့်ပါဦး.....ညတုန်းကအတိုင်းကဘယ်လိုလဲဆိုတာ....."

ရှောင်းကျန့် နာသွားတဲ့ နေရာကို လက်နဲ့အသာပွတ်ရင်း.....

"ဟော ကြည့်.....မောင်တစ်ယောက်က ပတ်သတ်ပြီးသွားတာနဲ့ မသိချင်ယောင်ဆောင်ပြီ....."

တစ်သက်စာ မျက်နှာပြောင်အတိုက်ဆုံးဆုကို ရှောင်းကျန့်ဆိုတဲ့လူကို ပေးအပ်သင့်တာ။ ကိုယ့်အပြစ်ကနေ သူများအပြစ်ဖြစ်သွားအောင် အခြေအနေပြောင်းပြီး ပြောလိုက်တာက တော်တော်မျက်နှာပြောင်လို့သာ။
"ရှောင်းကျန့် ခင်ဗျားတော်လိုက်တော့.....မေးတာကိုပဲဖြေ....."

"ဘာဖြေရမှာလဲ.....ကိုယ့်ပုခုံးပေါ်က မောင့်ရဲ့လက်လေးနဲနဲလျော့ပေးပါလား.....ကိုယ့်မှာ မောင့်ကို အသည်းယားလွန်းလို့ ဖက်နမ်းပစ်ချင်တာတောင်မှ လှုပ်လို့မရဘူးဖြစ်နေတယ်......."

အံ့ဩမှုတွေက တကယ်မဆုံးနိုင် ။ဒီတိုင်းဆို ဒီလူဝေ့လည်ကြောင်ပတ်လုပ်နေဦးမှာပဲ။ဝမ်ရိပေါ် သူ့စိတ်ကိုနည်းနည်းလျော့ချလိုက်ကာ.....

"ပြော....ညတုန်းက ကျွန်တော်နဲ့ အိပ်ပြီးတော့ မနက်လည်းရောက်ရော ခင်ဗျားရဲ့ ဦးဆိုတဲ့ သူဆီဘာလို့တန်းရောက်သွားရတာလဲပြော....."
"ဒီလိုဆို ကိုယ်ပြန်မေးမယ်.....မသွားရမယ့် အကြောင်းပြချက်ရှိလို့လားမောင်...."

"ရှောင်းကျန့်.....! "

"မောင်တကယ်ပြန်စဉ်းစား ကြည့်ပါ တကယ်ဆို ဦးနဲ့ကိုယ်က တရားဝင်တွဲနေတဲ့သူ.....မောင်နဲ့ကကျတော့ ဘာဆက်ဆံရေးမှန်းတောင်ကိုယ်လည်းမသိဘူး.....အဲ့တော့ ဘယ်သူ့ကို ဦးစားပေးရမှာလဲဆိုတာ မောင်လည်းသိလောက်မယ်ထင်တယ်......"

ဝမ်ရိပေါ်ရဲ့ ရင်ဘတ်ထဲဆစ်ကနဲပဲ။ ရှောင်းကျန့်ကဆက်ပြီး.....

"မောင်သိလား....အဲ့တာ တရားဝင်ဆက်ဆံရေးနဲ့ လူမသိသူမသိ ဆက်ဆံရေးနှစ်ခုကြားထဲက ကွာခြားချက်ပဲ.....မောင်လည်း မောင့်ဇနီးကို ကိုယ့်ထက် အရေးပေးလို့ရတာပဲ....ကိုယ်ကဘာမှမဖြစ်ဘူး.....အဲ့တာကြောင့် မောင်လည်းဘာမှဖြစ်နေစရာမလိုဘူး....."
ဒေါသကြောင့်လားမသိ ဝမ်ရိပေါ် မျက်ခမ်းစပ်တွေရဲတက်လာကာ အသံတွေတုန်လာသည်ဟုတောင်ထင်ရသည်။

"ခင်ဗျားက ဘာဖြစ်စေချင်နေတာလဲ ရှောင်းကျန့်....."

"ဘာမှမဖြစ်စေချင်ပါဘူး မောင်ရယ်....ကိုယ်က ဒီတိုင်းလေးပဲ တရားဝင်ပတ်သက်မှုအကြောင်းလေးတွေရဲ့ အားသာချက်ကို ပြောပြတာပါ......"

"ဘာလဲ....ခင်ဗျားက ကျွန်တော်ကွာရှင်းလိုက်ပြီး ခင်ဗျားနဲ့ လာပတ်သတ်မှ တရားဝင်လို့ သတ်မှတ်ချင်တာလား......"

"ဒါတော့ ကိုယ်မသိဘူးလေ.....မောင်သတ်မှတ်ထားတဲ့ တရားဝင်ဆိုတာ ဘာလဲတော့ ကိုယ်လဲမသိဘူး......"
"ကျွန်တော် ခင်ဗျားကို တကယ်နားမလည်တော့ဘူး ရှောင်းကျန့်....."

ဝမ်ရိပေါ်​၏ အသံတို့က တိုးညင်းနေ​၏။ ခေါင်းကိုဖြည်းညင်းစွာခါရမ်းပြီး ပြောလာတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ပုခုံးတွန့်ပြလိုက်ကာ.....

" ဟက်....ကြည့်ပါလား! မောင့်ကို ကိုယ်ပြောခဲ့သားပဲ ကိုယ့်အကြောင်းကို သိသလိုလို နားလည်သလိုလို မလုပ်ပါနဲ့လို့.....အဲတုန်းကတော့ မောင်လက်မခံဘဲနဲ့...."

ကားထဲမှာ တိတ်ဆိတ်မှုက အချိန်အတော်ကြာ တစ်ခုထိကြီးစိုးသွားသည်။ ဝမ်ရိပေါ် ရှောင်းကျန့်​၏ ပုခုံးပေါ်ဆုပ်ကိုင်ထားတဲ့ လက်များကို လွှတ်ပေးလိုက်ပြီး သူ့ခုံနေရာမှာ တည့်တည့်ပြန်ထိုင်လိုက်ကာ ကားထဲကနေတဆင့်တွေ့နေရတဲ့ လမ်းမကြီးဘက်ကို အကြည့်တွေရောက်စေလိုက်သည်။ အတော်အတန်ကြာတိတ်ဆိတ်နေပြီးနောက်......
"ကောင်းပြီ ရှောင်းကျန့်......ခင်ဗျားကို တစ်ခုပဲမေးတော့မယ်.....ညတုန်းက ဟိုစကားတစ်ခွန်းကို ဘာလို့ပြောခဲ့တာလဲ......"

ဒေါသသံနဲ့မဟုတ်ဘဲ နှစ်ကိုယ်ကြား ကြားရရုံလေသံမေးလာသည့်စကားကို ရှောင်းကျန့်ကလည်း လေသံအေးအေးနဲ့ပြန်တုံ့ပြန်သည်။

"ဘယ်စကားတစ်ခွန်းလဲ.....ကိုယ်ပြောခဲ့တာတွေက အများကြီးလားလို့......"

"ရတယ် ခင်ဗျား ရှောင်နေတော့ တည့်ပဲမေးမယ်....ဘာလို့ ကျွန်တော့်ကို ချစ်မိသွားပြီထင်တယ် ဆိုတဲ့ စကားကိုပြောခဲ့တာလဲ....."
"ဟင်....ကိုယ်အဲ့လိုတွေပြောခဲ့သေးတာလား...."

​ဝမ်ရိပေါ်က တည်တည်ငြိမ်ငြိမ် နင့်နင့်သည်းသည်းပြောနေပေမယ့် ရှောင်းကျန့်က အခုမှ ကြားဖူးတဲ့ အကြောင်းအရာတစ်ခုလိုပြန်ဖြေလိုက်တာကြောင့် အနည်ထိုင်သွားတဲ့ ဝမ်ရိပေါ်​၏ စိတ်များပြန်လှုပ်ခတ်လာရသည်။ သို့သော် ဒေါသကိုထုတ်ပြမည့်အစား သူ့ရဲ့ လက်ဆစ်တွေကြေမွလောက်သည်အထိ လက်သီးကိုသာ တင်းတင်းဆုပ်ထားလိုက်သည်။

ရှောင်းကျန့်က အခုမှ ပြန်မှတ်မိသွားတဲ့ ပုံဖြင့်.....
"အာ....မှတ်မိပြီမောင်....အဲ့တာကိုယ် မောင့်ကိုနောက်လိုက်တာ.....မောင်တကယ် အတည်ကြီး ထင်သွားတာကို......ဟား....ဟား....မောင်ရယ် ဖြစ်ရလေ.....ပြီးတော့ ကိုယ်ကချစ်သွားပြီလို့ပြောခဲ့တာမှ မဟုတ်တာ....ချစ်မိသွားပြီထင်တယ် လို့ပြောခဲ့တာလေ.....ကိုယ့်အထင်တွေမှားရင်လည်း မှားသွားနိုင်တာပဲ....."

ဝမ်ရိပေါ် ဆွံ့အနေမိတယ်။ သူဒီလူရဲ့ အရယ်အပြုံးတွေကို သိပ်လှတယ်လို့ထင်ခဲ့တာ....ဒီနေ့ဒီအချိန်ရောက်မှ မှားမှန်းသိလိုက်ရတယ်။ ဒီလူမှာ မျက်နှာအမူအရာ ဘယ်နှစ်ခုရှိလဲ။ ကလေးတစ်ယောက်လိုဖြူစင်စွာ ပြုံးတတ်တယ်။ တည်ငြိမ်တဲ့ လူရွယ်တစ်ယောက်လို ရင့်ကျက်တဲ့မျက်နှာမျိုးရှိတယ်။ တစ်ခါတစ်လေကျရင် အလိုမကျလို့ တင်းမာသွားတတ်တဲ့ မျက်နှာထားမျိုးရှိတယ်။ တစ်ခါတစ်လေ ကျရင်တော့ အခုလို လူတစ်ယောက်ရဲ့ခံစားချက်တွေကို အကျည်းတန်သွားစေတတ်တဲ့ အမူအရာမျိုးရှိတယ်။
သူထပ်မေးလိုက်ချင်သေးတယ်....ညတုန်းက ရေချိုးခန်းထဲမှာ သူမြင်ခဲ့ရတဲ့ ပြိုလဲနေတဲ့ဒီလူရဲ့ မျက်ရည်တွေက ဘယ်အချိန်ကတည်းက ခမ်းခြောက်သွားခဲ့တာလဲ။ ပုံစံအမျိုးမျိုးတတ်နိုင်တဲ့သူက လူတစ်ယောက်တည်းရော ဟုတ်လို့လား။ ဒီလူကို သူနားလည်နိုင်တယ်လို့ထင်ခဲ့တာလေ....မဟုတ်ဘူးလား။

ဝမ်ရိပေါ် အသက်ရှူရပ်မတတ်တင်းကြပ်လာတဲ့ ခံစားမှုတွေကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ရှောင်းကျန့်​၏ မျက်နှာကို စူးနစ်စွာစိုက်ကြည့်ကာ.....
"ရှောင်းကျန့် ခင်ဗျားက တကယ်ကိုပဲ......"

"မောင်ပြောလို့ ပြီးပြီမလား.....ကိုယ်ကားထဲက ထွက်တော့မယ်......ဦးစောင့်နေလို့....."

ဝမ်ရိပေါ် ဘက်က တားမြစ်တဲ့အသံမကြားရတာကြောင့် ရှောင်းကျန့် ကားတံခါးကို ဖွင့်တော့မည်အလုပ် ဝမ်ရိပေါ်ထပ်ပြောလိုက်တဲ့ တိုတိုပြတ်ပြတ်စကားတစ်ခွန်းကြောင့် ရှောင်းကျန့် လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားကာ ကားတံခါးလက်ကိုင်ကိုလည်း တင်းကြပ်စွာဆုပ်ကိုင်မိသည်။
"ခင်ဗျား မေတ္တာစူးမှာ.....ရှောင်းကျန့်...."

သူ့ရှေ့ကနေထွက်သွားတဲ့ကားလေးကို မြင်ကွင်းထဲက ပျောက်ကွယ်သွားသည်အထိ ရှောင်းကျန့်ရပ်ကြည့်လို့နေသည်။ ကားလေးမြင်ကွင်းထဲက ပျောက်လို့သွားသည်မှာ ငါးမိနစ်ခန့်မျှ ရှိနေပြီဖြစ်သော်လည်း ရှောင်းကျန့်မတ်တပ်ရပ်လို့နေဆဲ။

ရှောင်းကျန့်ယဲ့ယဲ့လေးပြုံးပြီး ကောင်းကင်ကြီးကို အားကိုးတကြီးမော့ကြည့်လိုက်ကာ.....

"လီချန်းကော....ကော ကြားလိုက်တယ်မဟုတ်လား.....တကယ်ကြီးကို ကျိန်သွားတာ....."
ရှောင်းကျန့် ဝဲတက်လာတဲ့ မျက်ရည်တွေကို ပါးပေါ်သို့မရောက်လာခင် မျက်တောင်တွေကို အလျင်အမြန်ပုတ်ခတ်လိုက်သည်။

"နေရောင်ကလည်း စူးလိုက်တာ ကောရာ....ဟား...ဟား...."

ဟုတ်မှာပါ.....။ ရှောင်းကျန့်အတွက် နေလုံးကြီးကိုတိမ်ဖုံးနေတဲ့ ဆောင်းတွင်းနေရောင်နွေးနွေးက မျက်ရည်ဝဲလောက်သည်အထိ စူးနေလို့ နေမှာပါ။

ရှောင်းကျန့်ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်၍ယန်ချောင်မင်ကို တစ်နေရာမှာ တွေ့ဖို့ချိန်းလိုက်သည်။ ရှောင်းကျန့် သက်ပြင်းငွေ့ငွေ့တစ်ခုချလိုက်ကာ အပြုံးမမည်တဲ့အပြုံးတစ်ခုကို အတင်းဖြစ်ပေါ်စေလိုက်သည်။ သူ့မှာဒီလိုတွေ ဖြစ်နေဖို့အချိန်မရှိဘူး။ ဘယ်အရာမှ ပြန်လှည့်လို့မရတော့တဲ့ အခြေအနေတွေမရောက်သွားခင် သူလုပ်စရာရှိတာတွေလုပ်ပြီး ထွက်သွားနိုင်ဖို့သာအရေးကြီးသည်။
__________ __________

စကားလုံးတွေက ရောက်ရောက်ချင်းမှာပင် ရင်ဝကို မီးနဲ့ရှို့လိုက်သလို။ အသည်းကျွမ်းအောင်လောင်ကျွမ်းနေတဲ့ အရှိန်က အသက်ရှူတွေတောင်ကြပ်လာရသည်။ သိပ်မကြာခင်တစ်ချိန်မှာ ဒီစကားတွေကြားရမယ်ဆိုတာသူသိပေမယ့် ဒီနေ့တစ်ရက်တည်းမှာတော့ မဟုတ်လောက်ဘူးလို့ထင်ခဲ့တာ။တစ်နေကုန် မသေမရှင်ဖြစ်နေတုန်း အခုတော့ နှလုံးကလုံးဝရပ်တန့်သွားပြီလို့တောင်ထင်ရသည်။ "လမ်းခွဲကြရအောင် ဦး..." တဲ့။
"ရှောင်း~~~"

"ဟုတ်တယ်ဦး....လမ်းခွဲကြရအောင်...."

ရှောင်းကျန့်​၏ မျက်နှာက ပကတိငြိမ်သက်နေသလောက် ယန်ချောင်မင်ရဲ့ မျက်နှာက ထားစရာမရှိအောင်ဖြစ်ရသည်။

"ဘာဖြစ်လို့လဲ ရှောင်း....ဘာတွေပဲဖြစ်နေနေ ကိုယ်လမ်းမခွဲပေးနိုင်ဘူး....ရှောင်းဘာသာ ကြိုက်တဲ့သူတွေနဲ့ ကြိုက်သလောက်တွဲ ကိုယ်ဒီတိုင်းပဲကြည့်နေပေးမယ်....တစ်ခုပဲ လမ်းခွဲစကားတော့မပြောနဲ့.....ကျေးဇူးပြုပြီး....."

"တကယ်လားဦး.....ဘာကြောင့်လမ်းခွဲချင်တယ် ဆိုတဲ့ အကြောင်းပြချက်တွေကို သိချင်လား....."
ယန်ချောင်မင်ခေါင်းကို ခါရမ်းလိုက်သည်။

"ဘယ်လိုလုပ်ရပါ့.....ဦး နားမထောင်ချင်ပေမယ့် ကျွန်တော်က ပြောပြချင်တယ်....."

​"ရှောင်း....ကျေးဇူးပြုပြီး...."

ယန်ချောင်မင်​၏ တောင်းဆိုမှုကို ရှောင်းကျန့်လျစ်လျူရှုပြီး.....

"အကြောင်းပြချက်က နှစ်ခုပဲရှိတာပါ....နံပါတ် (၁) ဦးက ရင်ခုန်စရာမကောင်းဘူး....နံပါတ်(၂) ဦးကိုဘယ်တုန်းကမှလဲ ရင်မခုန်ခဲ့ဖူးဘူး.....ဒါပေမယ့်သိလား.....အတွေ့အကြုံအသစ်ရပြီး အပျင်းတော့ပြေခဲ့တယ်....."
"ရှောင်း~~~"

"ဘယ်လိုလုပ်ကြမလဲ.....ကျွန်တော်က အခုတလော ကိုယ့်ထက်ငယ်တဲ့ သူလေးတွေကိုပဲ ပိုပြီးတော့ အာရုံကျနေမိတာ......"

"......"

ရှောင်းကျန့်က အားမလိုအားမရပုံမျိုးလေးလုပ်လိုက်ကာ......

"သိလား....ဦးသမက်လေးက တကယ့်ကို ကလေးဆိုးလေး......ဦးသမီးလေးကတော့ ဘယ်လိုနေလဲမသိပေမယ့် ကျွန်တော်ကတော့ အရမ်းကို အသည်းတယားယားဖြစ်နေတာ.....ဟား....ဟား....."

​ဒီနေ့တစ်ရက်တည်း ရှောင်းကျန့်ရဲ့ အရယ်အပြုံးတွေကို ထပ်ပြီး မမက်မောနိုင်လိုက်အောင် နောင်ကျဉ်မိသွားတဲ့လူတွေထဲမှာ ယန်ချောင်မင်က ဒုတိယမြောက်။ ဒါလည်း အမှတ်ရှိလားဆိုရင် ဒီအပြုံးတွေကိုမှ မမြင်ရရင် မနေနိုင်တာကရော။
"ရှောင်းက ကိုယ့်ကို အသက်မရှင်စေချင်တော့လို့လား......"

"အာ.....ဦးဘာတွေ လာပြောနေတာလဲ.....အကယ်လို့ ဦးမတော်တဆ တစ်ခုခုဖြစ်သွားရင် ကျွန်တော်ပယောဂဖြစ်နေဦးမယ်.....လမ်းခွဲစကားလေးတစ်ခွန်းက အဲ့လောက်ဖြစ်စရာလိုလို့လား......"

"အဲ့တာထက်တောင်ပိုတယ်.....ရှောင်း...."

"ဘာလဲဦးရ.....ဦးက တကယ်ကြီး ကျွန်တော့်ကို ကြွေသွားခဲ့တာလား......တကယ်ဆို ဦးရုပ်ရည် ဦးအဆင့်အတန်း ဦးရဲ့မြင့်မြတ်တဲ့ မျိုးရိုးကြောင့် ကြိုက်တဲ့သူကို ကောက်တွဲလိုက်လို့ရတယ်မဟုတ်ဘူးလား.....ဦးတို့ယန်မျိုးရိုးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်တဲ့ ကျွန်တော့် တစ်ယောက်တည်းကိုမှ ချစ်မိသွားတာလို့တော့ မပြောနဲ့နော်......"
ယန်ချောင်မင်ဘာမှ ထပ်မပြောနိုင်တော့အောင်ဖြစ်ရသည်။ ရှောင်းက တကယ်ကြီးကို သွေးအေးပြီးရက်စက်တတ်လွန်းတယ်။နှုတ်ခမ်းပါးတွေက ထွက်လာသမျှစကားအလုံးတိုင်းက အမြဲတမ်းအဆင်သင့်သွေးထားတဲ့ ဓားတွေလိုပဲ ထက်နေတာကြောင့်ပြောလိုက်သမျှ သူ့ရဲ့ စိတ်ဝိဉာည်ကို အပိုင်းပိုင်းပြတ်စေသည်။

"ဦး ကျွန်တော်ဆိုလိုတဲ့ လမ်းခွဲစကားကို သဘောပေါက်တယ်ဆိုရင် ခွင့်ပြုပါဦး.....ဟိုကလေးက ကျွန်တော့်ကို အခုထက်ထိ ပြေသေးတာမဟုတ်ဘူး.....ဦးနဲ့ အကြာကြီး ရှိနေရင် သူပိုကောက်နေလိမ့်မယ်.....သူ့ကို တစ်ခါတစ်ခါချော့ရရင် လည်တိုင်တစ်ခုလုံးရစရာမရှိအောင် တစ်ညလုံးကြာတတ်လို့.....စိတ်မရှိရင်ခွင့်ပြုဦး......"
"နေဦးရှောင်း....."

ယန်ချောင်မင်အနေနဲ့ မဖြစ်သင့်တာတွေကို သူသိတယ်။သူ့အပေါ်မှာလည်း သစ္စာမရှိတဲ့အပြင် သူ့သမီးရဲ့ အိမ်ထောင်ရေးကိုပါဝင်နှောင့်နေတဲ့ ရှောင်းက စိတ်နာပစ်လိုက်ဖို့ကောင်းပေမယ့် သူအရှက်မရှိစွာ လက်ကိုဆွဲပြီး တားလိုက်မိသေးတယ်။

"ကိုယ်သေနိုင်တယ်.....ရှောင်း...."

​သူ့လက်ကောက်ဝတ်ကိုဆွဲထားတဲ့ လူရဲ့ လက်တွေကို ရှောင်းကျန့်ဖြုတ်လိုက်ပြီး ခပ်ဟဟရယ်လိုက်ကာ.....

"ဘာများလဲလို့......သေချင်တော့လည်း သေလိုက်ပေါ့....."
အထိန်းအကွပ်မရှိရက်စက်တဲ့စကားတွေကို ပြောပြီး လှည့်ထွက်မသွားခင် နောက်ထပ်စကားတစ်ခုကို ထပ်ပြောခဲ့လိုက်ပါသေးတယ်။

"ဘယ်လို သေရမှန်း မသိဘူးဖြစ်နေရင်လည်းပြောပြမယ်....ဟိုးအရှေ့က လာနေတဲ့ ကားတွေ့လား....အဲ့အရှေ့ကို ဖြတ်ဝင်လိုက်ပေါ့ဦးရယ်.....ဘာခက်လို့လဲ.....အချစ်ကြောင့်သေတယ်ဆိုတော့ သူရဲကောင်းဘွဲ့လေးဘာလေး ရချင်ရမှာပေါ့......ဟက်...."

လှပမှုတွေနဲ့ ရက်စက်မှုတွေတစ်ထပ်တည်းကျနေတဲ့အခါ.....သူတို့တပ်မက်ခဲ့တာ ဆူးတွေအလယ်က နူးညံ့တဲ့ ပန်းပွင့်နီလေးကိုလား......ဒါမှမဟုတ် အဆူးတွေကိုပဲလားဆိုတာ ဝေခွဲဖို့ခက်ခဲရတယ်။
အဲ့တာပါပဲ....အချစ်ဆိုတာ နှင်းဆီနီရိုင်းလေးတစ်ခုဆိုရင်.....

လှတယ် ယဉ်တယ် မွှေးတယ်.....စွဲလမ်းမိပြီဆိုရင် ရူးသွပ်မယ်....မူးရစ်မယ်.....စုံလုံကန်းမယ်.....။

တရိပ်ရိပ်နဲ့ မွန်းကြပ်ကာ တငွေ့ငွေ့နဲ့လောင်ကျွမ်းပြီး

ရင် တဆစ်ဆစ်နဲ့နာကျင်မယ်။ သေနိုင်လားလို့မေးရင်တော့ ခံနိုင်ရည်နဲ့ပဲဆိုင်လိမ့်မယ်။

အိုဘယ့် နှင်းဆီနီရယ်.....

သိမ်မွေ့စွာနဲ့ ရက်စက်တတ်လွန်းပြန်တယ်။