ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၉)Unicode

"ဟယ်လို.....ပြော....ချားလ်စ်....."

"ရှောင်းကျန့် အဆင်ပြေလား...."

"ပြေပါတယ်....ငါကဘာဖြစ်နေလို့လဲ...."

"ပြေတယ်ဆို ရပါတယ်....ငါမင်းဆီ ခဏခဏ ဆက်သွယ်မယ်လေ ဟုတ်ပြီလား....စိတ်ကိုပျော်ပျော်နေ အရမ်းကြီးတွေလည်း လျှောက်တွေးမနေနဲ့....."

"အင်းပါ....ဘာမှ မဖြစ်ပါဘူး...."

"အေးဒါဆို....ညမှတွေ့မယ်လေ....မင်းကို ဖက်ရှင်ရှိုးတစ်ခုခေါ်သွားမလို့.....မင်းဒီပြန်ရောက်ပြီးကတည်းက ဌာနမှာပဲ လုပ်နေရတာမလား....ဟိုမှာတုန်းကလို ဖက်ရှင်ရှိုးတွေ မကြည့်ရတော့ မင်းလည်း ပျင်းနေလောက်တယ်....မင်းဘာအစီအစဉ်မှ မရှိဘူးမလား...."

"မရှိပါဘူး...."

"အဲ့တာဆို ငါ့ဆီ နေ့လည်စာ လာစားလေ....အဲ့ကနေတစ်ခါတည်း သွားကြတာပေါ့....."

"ညမှ ပဲတွေ့ရအောင် ငါအခု လီချန်းကောဆီသွားမလို့......"

"အေးပါ....အဲ့တာဆိုလည်း ညနေကျငါလာခေါ်မယ် ဟုတ်ပြီလား....."

"အင်း တာတာ့....."

ချားလ်စ်နဲ့ ဖုန်းပြောပြီးတာနဲ့ ရှောင်းကျန့် Long coat တစ်ထည်ကို ကိုယ်ပေါ်လွှမ်းလိုက်ပြီး အိမ်မှ ထွက်လာခဲ့သည်​။ ရာသီဥတုက ဆောင်းရာသီဘက်လုလာတာဖြစ်၍ အဝတ်အစားထူထူဝတ်မှ တော်ရာကျသည်။ရှောင်းကျန့် condo အောက်ရောက်သည်နှင့် အငှားကားတစ်ခုကို ငှား၍ စီးလာခဲ့သည်။ တစ်နေရာမှာတော့ ထုံးစံအတိုင်း နှင်းဆီနီတွေ ရံထားတဲ့ ပန်းစည်းလေးတစ်ခုကို ဝင်ဝယ်ခဲ့သေးသည်။

"ကော ချမ်းနေပြီလား....."

​လီချန်းအိပ်စက်နေရာ မြေပုံမို့မို့ဘေးတွင် ရှောင်းကျန့် ထိုင်နေရင်း တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လို့နေသည်။

"ချမ်းနေမှာပေါ့.....တစ်ယောက်တည်း အေးစက်စက် အိပ်နေရတာကို....."

ရှောင်းကျန့် သူ့ရဲ့လက်သွယ်သွယ်များဖြင့် မြေပုံလေးဘေးက မြက်ရိုင်းလေးများကို ရှင်းလင်းလို့နေသည်။ နူးညံ့တဲ့ အထည်စတွေသာ ကိုင်တွယ် ရတဲ့ လက်ဖဝါးနုနုက မြက်ရိုင်းတွေကြောင့် အချိန်အနည်းငယ်ကြာတော့ ပွန်းပဲ့လာရသည်။ သို့သော်လည်း ရှောင်းကျန့် မမှုဘဲ သူ့စိတ်တိုင်းကျ မြက်ရိုင်းများကုန်သွားသည်အထိ ရှင်းလင်းလို့နေသည်။ ပြီးနောက် ရွံ့စေးများကပ်ညိနေသော လက်ဖဝါးနှစ်ဖက်ကို Long coat ထဲက ပုဝါလေးနှင့် အသာသုတ်လိုက်သည်။

​လေစိမ်းတွေက အေးနေပေမယ့် ရှောင်းကျန့် သူဝတ်လာသည့် Long coat ကို ချွတ်လိုက်ကာ လီချန်း​၏ မြေပုံပေါ်တွင် လွှမ်းခြုံပေးလိုက်​၏။

"ကော....ကောပြောခဲ့တယ်လေ....ကောညီလေး ဒီဇိုင်းဆွဲပြီး ချုပ်ထားတဲ့ အင်္ကျီလေးဝတ်ချင်ပါတယ်လို့.....ဒီ Long coat လေးက ကျွန်တော် ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ချုပ်ထားတာ.....နွေးတယ်မလား....."

​ရှောင်းကျန့်ပြောဆိုရင်းပင် သူလည်း လီချန်း​၏ မြေပုံဘေးက အေးစက်စက်မြေကြီးပေါ်တွင် လှဲချလိုက်ကာ ကောင်းကင်ကြီးကို မော့ကြည့်လို့နေသည်။
"ကောရဲ့ ခန္ဓာဘေးမှာ လှဲနေပြီး ကောင်းကင်ဘုံရောက်နေတဲ့ ကောကို ကြည့်ပြီး စကားပြောမယ်လေ ရတယ်မလား...."

"ကော..... ဒီဆောင်းတွင်းက ပိုအေးမှာ....ပိုအေးလေအနာတွေက ပိုရင်းလာလေတဲ့....အထူးသဖြင့် အနာရခဲ့တဲ့ မြေပေါ် ပြန်ရောက်လာတဲ့အခါ....."

ရှိုက်သံသဲ့သဲ့နှင့်အတူ စီးကျလာတဲ့ မျက်ရည်နွေးနွေးတွေကို ရှောင်းကျန့် သူ​၏ မျက်နှာထက်တွင် လွတ်လပ်စွာ ကျခွင့်ပေးထားသည်။

"တစ်ခါတစ်ခါကျတော့လည်း ကောကို ကျွန်တော် အရမ်းစိတ်ဆိုးတယ်.....ကောက ကျွန်တော့်ကို ဟိုမိန်းမထက် ပိုမချစ်ခဲ့လို့ မိုက်ရူးရဲဆန် အစောကြီးထွက်သွားတယ်လို့တွေးမိသေးတယ်...."
"ဒါပေမယ့် တစ်ခါတစ်ခါ ကျပြန်တော့လည်း ကောအတွက်ဝမ်းသာတယ်.....အချစ်စစ်မရှိတဲ့ ဒီလောကထဲကနေ ကောက အစောကြီးထွက်သွားခွင့်ရခဲ့လို့.....ပြီးတော့ ပါးတို့မားတို့နဲ့လည်း ပြန်ဆုံချင်ပြန်ဆုံနေလောက်မှာ......"

"ကျွန်တော် ဟိုးနေ့တုန်းက ဂေဟာတစ်ခုကိုရောက်ခဲ့တယ်....အဲ့မှာလေ ဘာကို သိလိုက်ရလဲ သိလား....သူစိမ်းတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အချစ်က စစ်မှန်ဖို့မပြောနဲ့  ကိုယ့်ရဲ့ ရင်ကဖြစ်လာတဲ့ သွေးသားရင်းခြာတွေကိုတောင် လူတွေက စွန့်ပစ်ရက်တယ်......ဝေးဝေးကို မကြည့်နဲ့ အဖေအမေ အရင်းတွေတောင်မှ ကိုယ့်သားသမီး အရင်းကို စွန့်ပစ်ကြသေးတာပဲ.....အဲ့အချိန်မှာ ကျွန်တော် ကောကို အရမ်းကျေးဇူးတင်ခဲ့တယ်.....ကောသာ ကျွန်တော့်ကို မစောင့်ရှောက်ဘဲ ပစ်ထားခဲ့မယ်ဆိုရင် အဲ့လို ဂေဟာတွေကလည်း ကျွန်တော့်အတွက် ဖြစ်ချင်ဖြစ်လာမယ် ထင်တာပဲ....."
ပက်လက်လှန်ရက်အနေအထားဖြင့် မျက်ရည်များ အဆက်မပြတ်စီးကျနေတာကြောင့် ရှောင်းကျန့်​၏ နားထင်နားက ဆံနွယ်တချို့ စိုစွတ်ကာ ရွှဲနစ်နေတော့သည်။ ရှောင်းကျန့် ကောင်းကင်ကို ကြည့်နေရင်း အမြင်တွေဝေဝါးလာတာကြောင့် မျက်လုံးတစ်ဝိုက်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။

"ဒါနဲ့ ကောကို မေးရဦးမယ်.....တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးနေကြရင် ချော့ဖို့က လိုအပ်လို့လားဟင်....သူ့ဟာသူပြန်ပြေသွားမယ့် နည်းလေးတွေဘာလေးတွေရော မရှိဘူးလား.....ကောသိတဲ့ အတိုင်း ကျွန်တော်က ချော့တာတွေမော့တာတွေ မကြိုက်ဘူးလေ....အဲ့တာကို ဒီရောက်လာပြီးကတည်းက အလုပ်မဟုတ်တာတွေ လုပ်နေရတယ်.....တစ်ခါလည်းမဟုတ်နှစ်ခါလည်း မဟုတ်....."
ရှောင်းကျန့် ငိုနေတာ ရပ်လို့သွားသည်။ ထို့နောက် ရုတ်တရက် ထထိုင်လိုက်ကာ.....

"ကောလက်တွေ့ကျကျစဉ်းစားကြည့် ယောကျာ်းလေးနှစ်ယောက် ရန်ဖြစ်တယ်....မျက်ခုံးထောင့်လေးကွဲသွားတာနဲ့ ပြန်ချော့ရတယ်.....ဟိုးနေ့က စကားပြောတာလေးနည်းနည်းရင့်သီးသွားတယ်.....အဲ့တာကို မခေါ်နိုင်မပြောနိုင်နဲ့ တော်တော်အံ့ဩဖို့ကောင်းတယ်....."

ရှောင်းကျန့် ပြောနေရင်းပင် အရှိန်တက်လာကာ ရှပ်အင်္ကျီလက်များကို တံတောင်ဆစ်နားထိ ဆွဲတင်လိုက်သည်။
"ကောအတွက်ဆိုတဲ့ စိတ်လေးနဲ့ ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံးဆွဲဆန့်ထားရတာ.....အဲ့လိုသာ မဟုတ်ရင်တော့ အဲ့ကောင်လေး သေနေတာကြာပြီ....ဖန်ခွက်လေးနဲ့ ကောက်ပေါက်လိုက်တာတွေ ဘာတွေတောင် အဲ့လောက်ဖြစ်နေတာ....ကျွန်တော်ငယ်ငယ်လေးတုန်းက အိမ်ဘေးက အကြောတင်းလွန်းတဲ့ ကလေးတစ်ယောက်ကို အုတ်ခဲနဲ့ ကောက်ပေါက်ခဲ့ဖူးတာတွေ အဲ့ကောင်လေးမသိသေးဘူး......"

ရှောင်းကျန့် အတိတ်ကိုပြန်သတိရပြီး ပြုံးမိသည်။
"အဲ့တုန်းက ပါးရော မားရော ကောရော အားလုံးက ပိန်ပိန်သွယ်သွယ်ကိုယ်လုံးလေးနဲ့ ကျွန်တော်ခံလိုက်ရတယ်လို့ပဲ ထင်နေခဲ့တာ.....တကယ်တမ်းခေါင်းကွဲသွားတာက ဟိုဘက်ကကောင်လေး.....ဟား....ဟား....."

ရှောင်းကျန့် ပြောနေရင်း ပင်ပန်းလာတာကြောင့် တဖန်ပြန်လှဲအိပ်လိုက်သည်။ ဒီလိုနဲ့ တဖြည်းဖြည်း နေလုံးလည်း ပျောက်ကွယ်လာကာ ကောင်းကင်က အမှောင်ထုဘက်ကို ကြီးစိုးလို့လာလေသည်။ ရှောင်းကျန့် ဝမ်းနည်းစရာ အကြောင်းတွေ ပြောရင်း မျက်ရည်ကျလိုက် ပျော်စရာ အမှတ်တရတွေပြောရင်း ပြုံးမိသွားလိုက်ဖြင့်ပင် တဖြည်းဖြည်း အသက်ရှူသံတွေတိုးညင်းသွားကာ လီချန်း​၏ မြေပုံဘေးမှာပင် အိပ်ပျော်ခြင်းသို့ ဆောင်ကျဉ်းသွားလေသည်။ အိပ်မပျော်သွားခင် လေသံတိုးတိုးလေးနဲ့ပြောခဲ့သေးတယ်......
"ကော.....ကျွန်တော် ကောဆီက ခွင့်တစ်ခုတောင်းစရာရှိတယ် ဒီကိစ္စတွေအကုန်ပြီးသွားရင်.....ကျွန်တော့်ကိုပါးရယ် မားရယ် ကောရယ် ခေါင်းချခဲ့တဲ့ ဒီမြေကနေ အပြီးထွက်သွားခွင့်လေးတော့ပေးနော်.....ဘယ်သူမှ မှမရှိတော့တာ......"

​အကယ်၍ လီချန်းသာ ကောင်းကင်ဘုံကနေ သူ့ညီလေးကို ငုံ့ကြည့်နေမယ်ဆိုရင် ညင်သာနူးညံ့စွာပြုံးနေမိမှာ.....သူ့ညီလေးပြောတဲ့စကားလေးတွေထဲမှာ ပြောနေကျ နှင်းဆီနီလေးတွေအစား မဆိုင်တဲ့ အကြောင်းအရာတချို့က ကပ်ပါလာခဲ့သည်လေ.....။
ချားလ်စ် ရှောင်းကျန့်​၏ ဖုန်းကို အဆက်မပြတ်ခေါ်နေသော်လည်း တစ်ဖက်က ပြန်လည်ဖြေဆိုခြင်းမရှိတာကြောင့် စိတ်ပူလို့လာရသည်။ သူခေါ်ထားတာ စုစုပေါင်း အခါနှစ်ဆယ်ရှိပြီ။ အခုထက်ထိ မကိုင်သေး။ ချားလ်စ်လည်း ဖုန်းဆက်ခေါ်နေမယ့် အတူတူ တစ်နေရာရာကို လိုက်သွားဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ဒီတိုင်းဆို ရှောင်းကျန့် လီချန်းကော ဆီမှာ ပဲရှိနေဦးမှာပင်။

ချားလ်စ်က ကားလေးကို မြို့စွန်က သုဿန်ဝန်းထဲသို့ရောက်လာတဲ့ အခါ စက်သပ်လိုက်ပြီး လီချန်းမြေပုံရှိရာသို့ တန်းတန်းမတ်မတ်သာလျှောက်လာခဲ့သည်။ရောက်သွားတော့ သူထင်ထားတဲ့ အတိုင်းပင်။ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းရှောင်းကျန့်က အေးစက်လွန်းတဲ့ မြေကြီးပေါ်မှာပဲ ဘာအခင်းမှ မပါဒီတိုင်းလှဲအိပ်နေတာဖြစ်သည်။
ဒီလိုအချိန်က သူရှောင်းကျန့်ကို အမြဲစောင့်ကြည့်နေရတော့မယ့် အချိန်ဖြစ်သည်။ တစ်ရက်ကို အနည်းဆုံး ဖုန်းငါးခါလောက်ခေါ် ဒါမှမဟုတ် တစ်ရက်တစ်ခါ အမြဲတွေ့နိုင်အောင် လုပ်နေရသည်။ အမေရိကမှာကတည်းက ဒီလိုအချိန်တွေရောက်တိုင်း ရှောင်းကျန့်ကို သူအရိပ်တကြည့်ကြည့်ဖြင့်သာ။

အထူးသဖြင့် ဒီနှစ်။ ခါတိုင်းနှစ်တွေက ဒီမြေရဲ့ အဝေးကို ရောက်နေတာကြောင့် ရှောင်းကျန့် နည်းနည်းတော့ ခံသာနေဦးမည်။ အခုတော့ သူနာကျင်မှုတွေရခဲ့တဲ့ ဒီမြေကိုပြန်ရောက်နေတာဖြစ်၍ သူ့အနေနဲ့ ရှောင်းကျန့် ကို အခုတလော အပျောက်မခံပုံမျိုးဖြင့် စောင့်ကြည့်နေသည်သာ။ အကြောင်းကတော့ အခြားမဟုတ်.....လီချန်းကောဆုံးပါးခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်နေ့ ရောက်တော့မှာ ရက်နှစ်ဆယ်ပင်မလိုတော့.....။
ချားလ်စ်က ရှောင်းကျန့်ရှိရာသို့ လျှောက်သွားပြီး ခပ်ဖွဖွလေးလှုပ်နှိုးလိုက်သည်။ ထိုအခါမှ ရှောင်းကျန့်လည်း မျက်လုံးများ ပွင့်လာကာ သူ့ကို လာနှိုးတဲ့ ချားလ်စ်ကို ပြုံးပြလိုက်သည်။

"ထတော့ ရှောင်းကျန့် မြေကြီးက အရမ်းအေးတယ်....အအေးပတ်လိမ့်မယ်...."

"ဘာလို့လိုက်လာတာလဲ....."

"မင်းတစ်ခုခုဖြစ်နေမှာစိုးလို့....."

"ဪ....ငါက ကလေးမှ မဟုတ်တာ ဘာဖြစ်ရမှာလဲ...."

ကလေးမဟုတ်လို့ပေါ့ ရှောင်းကျန့်။ ကလေးဆိုရင်တော့ ဆူငေါက်လိုက်ရင်ပြီးသွားတယ်။ လူကြီးဖြစ်နေလို့ ဘယ်အချိန်ဘာထလုပ်မယ် မှန်းမသိ။ ချားလ်စ်က ရှောင်းကျန့် ချွတ်ထားတဲ့ ကုတ်အင်္ကျီလေးကို ဖုန်ခါပေးလိုက်ကာ ရှောင်းကျန့်ကို ပြန်လွှမ်းပေးလိုက်သည်။
"ရှောင်းကျန့် တစ်ခုခုသွားစားမလား....."

"ဖက်ရှင်ရှိုးပွဲဆိုတာရော....."

"အခုဆိုပြီးလောက်ပြီ....."

"ဆောရီးပါ ငါ့ကြောင့်....."

"ဘာမှ မဖြစ်ဘူး အေးဆေး.....နောက်တစ်ပွဲရှိမှ ထပ်သွားကြမယ်.....အခု ညစာသွားစားကြမယ်.....အစားလေးတော့ ပုံမှန်စားဦး....."

​ချားလ်စ် ရှောင်းကျန့်ကို ညစာကျွေးပြီးတော့ အိမ်ရှေ့သို့ သေသေချာချာ လိုက်ပို့ပေးလိုက်သည်။

"နွေးနွေးထွေးထွေးနေနော်.....တစ်ခုခုဆို ငါ့ကို ဖုန်းဆက်လိုက်.....နေမကောင်းဘူးဆိုလည်း လှမ်းပြော ဟုတ်ပြီလား......မနက် အလုပ်ရှိလား...."
"အင်း.....ရှိတယ်.....မင်းလည်းပြန်တော့လေ....."

"အေးပါ တာ့တာ.....ပြန်ပြီ....."

ရှောင်းကျန့် ထွက်သွားတဲ့ ချားလ်စ်ကို မျက်စိတစ်ဆုံးကြည့်နေမိပြန်သည်။ ဒါ သူ့အကျင့်တစ်ခုဖြစ်လာတယ်လို့ပဲဆိုရတော့မလား။ သူ့အိမ်ကနေ သို့မဟုတ် သူရှိနေရာအရပ်ကနေ ထွက်သွားတဲ့ လူတွေရဲ့ ကျောပြင်ကို အကြောင်းပြချက်မရှိ ရပ်ကြည့်နေမိတာ။ ရှောင်းကျန့် သက်ပြင်းတစ်ချက်ချကာ သူ့အိမ်တံခါးကိုပိတ်ဖို့ပြင်လိုက်စဉ် လက်ထဲကကိုင်ထားတဲ့ ဖုန်းထဲသို့စာတစ်စောင်ရောက်လာတာဖြစ်၍ကြည့်လိုက်မိသည်။
စာကတော့ ရင်းနှီးပြီးသား ဖုန်းနံပါတ်တစ်ခုဆီကပင်.....

"ခင်ဗျား condo ဘေးက xxxx ကော်ဖီဆိုင်မှာ ရှိနေတယ်....ခဏလောက်ဖြစ်ဖြစ်လာခဲ့ပေး....."

အိမ်တံခါးအဝမှာ မတ်တပ်လျက်နဲ့ပင် ဖုန်းမျက်နှာပြင်ကို ရှောင်းကျန့် ဆယ်မိနစ်လောက် စိုက်ကြည့်လို့နေသည်။ ထို့နောက် သူ့ရဲ့ လက်ချောင်းများက စာလုံးအချို့ကို ရိုက်နှိပ်လိုက်ပြီးမှ ပြန်ဖျက်လိုက်ကာ အိမ်တံခါးကို ပြန်ဖွင့်လို့ သူတို့ condo ဘေးက ကော်ဖီဆိုင်သို့ဦးတည်လိုက်သည်။
ကော်ဖီဆိုင်လေးက တော်တော် နီးနီးမှာရှိတာကြောင့် ဆယ်မိနစ်အတွင်းရောက်လို့လာသည်။ ဆိုင်ထဲဝင်လာသည်နှင့် ဆိုင်ရဲ့ထောင့်တစ်နေရာမှာ ထိုင်နေတဲ့သူဆီကို တန်းတန်းမတ်မတ်သာ လျှောက်သွားလိုက်သည်။

"မောင်....ဒီအချိန်ကြီး ဘာလာလုပ်တာလဲ....."

"ခင်ဗျားဖြေကြည့်လေ.....ကျွန်တော့်အိမ်ကနေ ခင်ဗျား condo ဘေးက ကော်ဖီဆိုင်ထိလာခဲ့တာ ကော်ဖီသောက်ယုံသပ်သပ်တော့ မဟုတ်လောက်ဘူးမလား....."

"မောင်တောင် ကိုယ်နဲ့ နည်းနည်း အနေနီးလာရင်း စကားတွေတတ်လာပြီ....."
ရှောင်းကျန့်က စားပွဲထိုးလေးကို ခေါ်ပြီး သောက်စရာတစ်ခုမှာယူလိုက်သည်။

"ဘာပြောစရာရှိလို့လဲ....."

"ဖြည်းဖြည်းပေါ့.....ဘာလဲ ခုနက ခင်ဗျားကို လိုက်ပို့တဲ့သူက အိမ်မှာစောင့်နေလို့လား....."

ရှောင်းကျန့် မျက်ခုံးများတွန့်ချိုးမိသွားသည်။ တစ်ခုခုပြန်ပြောဖို့လုပ်လိုက်တဲ့အခါ ဝမ်ရိပေါ်က ကြားဖြတ်၍.....

"ခင်ဗျား ဘာပြန်ပြောမလဲသိတယ်....ပြောလည်း ပြောမနေနဲ့တော့....ကျွန်တော် ဒီအထိရောက်လာတာ ရန်စကားပြောဖို့လည်း မဟုတ်ဘူး....."
"......"

"ကျွန်တော့်ဘက်က စကားပြန်မပြောရင် ခင်ဗျားဘက်က စပြောဖို့ အစီအစဉ်ရှိရဲ့လား....."

"ဘယ်လိုထင်လို့လဲ...."

"ဘယ်လိုမှ မထင်ပါဘူး....အဲ့တာကြောင့်ပဲ ကျွန်တော်ကပဲ အရင်လာခေါ်တာပေါ့ ခင်ဗျားအကြောကိုသိလို့....."

ရှောင်းကျန့် သူ့အရှေ့က ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးတော့ နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်ပြီး ဝမ်ရိပေါ်ကိုကြည့်လိုက်ကာ.....

"မောင်.....အဲ့လို ကိုယ့်အကြောင်းသိတဲ့ပုံမျိုးတွေ လာမလုပ်နဲ့.....ကိုယ်မကြိုက်ဘူး...."
"ကျွန်တော်က ခင်ဗျား အကြောင်းသိတယ်လို့လည်းပြောနေတာ မဟုတ်ဘူး.....ဒီတိုင်းပဲ မြင်နေတွေ့နေရတာကိုပဲပြောတာ....."

ရှောင်းကျန့် ကော်ဖီခွက် လက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူအဲ့တာတွေကို တကယ်မကြိုက်တာ။ သူ့အကြောင်းသိတယ်ပြောတာတွေ တကယ်မသိဘဲ သိချင်ယောင်ဆောင်တာတွေ သူ့ကိုကလေးတစ်ယောက်လို ဆက်ဆံတာတွေ။ ဒါမျိုးတွေအကုန်လုံးက လီချန်းကော ဆုံးပြီးကတည်းက မရှိခဲ့တော့တာတွေ။
"ပြန်တော့မောင်...."

လက်ကျန်ကော်ဖီကို ရှောင်းကျန့် တစ်ခါတည်းမော့ပြီး နေရာမှ ထထွက်လာခဲ့သည်။ သူ့ရှေ့က ထွက်သွားတဲ့ သူကို နှစ်စက္ကန့်လောက် ဝမ်ရိပေါ် မဲ့ပြုံးတစ်ခုဖြင့်ကြည့်ပြီးမှ သူလည်း ကောင်တာမှာ ငွေရှင်းကာ နေရာဝေးဝေးမရောက်သေးတဲ့ ရှောင်းကျန့် နောက် ခပ်သွက်သွက်လိုက်သွားသည်။ မှီလာတဲ့အခါမှာတော့ လက်ကောက်ဝတ်ကနေ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ သူ့ကားရှိရာသို့ အတင်းဆွဲခေါ်လာသည်။
"လွှတ်စမ်းမောင်...."

ရှောင်းကျန့်က အတင်းရုန်းသော်လည်း ဝမ်ရိပေါ်က လွှတ်ပေးဖို့စိတ်ကူးမရှိ။ လမ်းပေါ်က လူတွေက လည်း ကွက်ကြည့်ကွက်ကြည့်ဖြင့်သာ။

"လွှတ်နော်......"

​ရှောင်းကျန့်ကိုဝမ်ရိပေါ် ကားထဲအတင်း သွင်းပြီးနောက် လော့ခ်ချလိုက်သည်။

"မောင့်ကို မောင်ဘာထင်နေတာလဲ....."

"ဘာမှ မထင်လို့ပေါ့.....ဘာမှ မထင်လို့ ထင်တိုင်းလုပ်နေတာလေ....ဟက်...."

"ပြန်ဖွင့်ပေးမောင်...."

"အကြောင်းရှိလား....."

ရှောင်းကျန့် မျက်လုံးအစုံကိုမှိတ်လိုက်ချလိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ဒီကောင်လေးကို အရှုံးပေးဖို့ ငြိမ်သက်လိုက်တာတော့ မဟုတ်။ ဒီလိုအခြေအနေမှာ ဘယ်နည်းက အကောင်းဆုံးဖြစ်မလဲဆိုတာ တွေးလို့နေတာဖြစ်​၏။ သူ သိလာရသလောက်မှာ​တော့ ဒီကောင်လေးက သူ့ဘက်က အခြေအတင် ဒေါသထွက်ပြနေရင် သူ့ကို ပိုလာဆွချင်သည့် သဘောရှိသည်။ ဒီလိုဆို သူဒေါသဆက်ထွက်နေရင် ဒီကောင်လေးကလည်း ရပ်တန့်တော့မှာ မဟုတ်။ ရှောင်းကျန့် စိတ်တို့လျော့ချလိုက်ကာ ဝမ်ရိပေါ် ဘက်သို့ လှည့်၍တည်ငြိမ်နေသော အသံဖြင့်......
"မောင်.....ဘာဖြစ်ချင်နေတာလဲ.....ကိုယ့်ကို နမ်းချင်ရင်လည်း နမ်းစရာရှိတာ နမ်းလိုက်......လက်ကနေဆွဲပြီးအတင်းခေါ်လာစရာ အကြောင်းလည်းမရှိသလို တံခါးလည်းလော့ခ်ချထားစရာ အကြောင်းမရှိဘူး.....မောင်နမ်းတာကို ကိုယ်ကငြင်းမယ်ထင်လို့လား....."

အခုတော့ သူမဟုတ်သလို ငြိမ်ကျသွားတဲ့ ကောင်လေးကို ကြည့်ပြီး ရှောင်းကျန့် စိတ်ထဲကပြုံးလိုက်မိသည်။ သူလည်း အခုတလော လီချန်းကောစိတ်နဲ့  နဂိုထက် စိတ်ကဆတ်ဆတ်ထိမခံဖြစ်နေခဲ့တာကြောင့် ဒီကောင်လေးကို အလိုလိုက်တမ်း မကစားပေးရတာ တော်တော်ကြာနေပြီ ထင်တယ်။ ဒီကောင်လေး ဒီလောက်ဆိုးလာတဲ့ ပုံထောက်ရင်။
တကယ်ဆို သူလုံးဝစိတ်မပါနေဘူး။ ရှောင်းကျန့် ဝမ်ရိပေါ်​၏ နှုတ်ခမ်းပေါ်သို့ လက်မဖြင့် အသာလေးပွတ်ဆွဲလိုက်သည်။ ထို့နောက် ဝမ်ရိပေါ်​၏ မျက်နှာနားတိုးကပ်လို့သွားကာ......

"မောင်....အရှေ့ခန်းမှာ အဆင်မပြေရင် အနောက်ခန်းသွားမလား......"

ပြောရင်းနဲ့ သူ့နှုတ်ခမ်းတွေကို လာပြီးထိကပ်တော့မယ့်ရှောင်းကျန့် ကို ဝမ်ရိပေါ် တားလိုက်ကာ သူ့မျက်နှာကိုကိုင်ထားတဲ့ လက်သွယ်သွယ်တွေကို သူ့လက်ဖဝါးနှစ်ခုကြားထဲအုပ်ကိုင်လိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်​၏ လက်ဖဝါးကို အသာဖြန့်ကြည့်လိုက်ပြီး.....
"ခင်ဗျားလက်က ဘာဖြစ်ထားတာလဲ....."

"......"

"ခုနက  ကော်ဖီဆိုင်မှာကတည်းက တွေ့နေတာ.....တစ်ခုခုနဲ့ ပွန်းမိထားတာလား......"

"......"

"ဟင်.....ဘာနဲ့ခြစ်မိထားတာလဲ....."

ဝမ်ရိပေါ်​၏ညင်သာလွန်းတဲ့ အပြုအမူကို ရှောင်းကျန့် မျက်မှောင်ကျုံ့ကာ အကဲခတ်လို့နေမိသည်။ဝမ်ရိပေါ် ​၏ အသံက ကလေးတစ်ယောက်ကို ချော့မေးနေသလိုကိုနူးညံ့နေသည်။

"ဟင်...လို့...."

"ဒီတိုင်းပဲ အပင်နှုတ်ရင်းပွန်းမိတာ....."

"နောက်ဆို လက်အိတ်စွတ်ပြီး လုပ်မှပေါ့.....အရမ်းနာနေလား....."
"မနာပါဘူး.....ထိမှသာနည်းနည်း....."

ရှောင်းကျန့်​၏ လက်ကို ဝမ်ရိပေါ် ခပ်ဖွဖွလေး ငုံ့နမ်းလိုက်သည်။ ဒီလို အပြုအမူတွေက ရှောင်းကျန့်​၏ စိတ်ကို မသိုးမသန့်ဖြစ်စေသည်။ အခြေအနေကဘာလို့ပြောင်းပြန်ဖြစ်သွားရတာလဲ။ သူထင်တာမလွဲဘူးဆိုရင် ဒါဒီကောင်လေး သူ့ကိုပြန်ကစားနေတာ။

"ခင်ဗျားရဲ့ မျက်ခွံတွေကရော ဘာလို့မို့နေရတာလဲ.....ငိုထားတာတော့ မဖြစ်နိုင်ဘူး မျက်လုံးနာနေလို့လား......."

"မဟုတ်ပါဘူး.....အိပ်ရေးမဝလို့....."
ဝမ်ရိပေါ်က ရှောင်းကျန့်​၏ မျက်ခွံမို့မို့များပေါ်သို့ နမ်းလိုက်ပြန်သည်။ ရှောင်းကျန့် နေရခက်သလိုလို ဖြစ်နေတာကြောင့် အသက်အောင့်ထားမိလိုက်သည်။ ဝမ်ရိပေါ်က တဖန် ရှောင်းကျန့်​၏ လက်ချောင်းများကို ပြန်ဆုပ်ကိုင်လိုက်ကာ.....

"ကျွန်တော် ဒီနေ့ခင်ဗျားဆီကိုလာတာ ပြေရာပြေကြောင်းဖြစ်ချင်လို့သပ်သပ်ပဲ.....အခြားဘာအကြောင်းမှမရှိဘူး.....ဟိုနေ့က ခင်ဗျားဘက်ကစိတ်ဆိုးသွားတာလည်း ဘာမှမပြောလိုဘူး ကျွန်တော်ကလည်း ခင်ဗျားကို စွပ်စွဲမိသလို ဖြစ်သွားခဲ့တာ....."
"......"

"ဒါကို ဒီရောက်တော့ ခင်ဗျားဘက်က အကန်တွေချည်းပဲပြောနေတော့ ကျွန်တော်လည်း နည်းနည်းစိတ်ဆတ်မိသွားတာ.....အဲ့တာ ကျွန်တော့်အလွန်ဆိုရင်လည်း ခင်ဗျားစိတ်ပြေဖို့တောင်းဆိုချင်တယ်....."

"......"

"ချက်ချင်းကြီး စိတ်ပြေဖို့တော့ မမျှော်လင့်ပေမယ့် အရမ်းကြီးတော့မကြာစေနဲ့ပေါ့ ဟုတ်ပြီလား ခင်ဗျား....."

ဝမ်ရိပေါ်က ရယ်သံစွက်ကာ ရှောင်းကျန့်​၏ နှာခေါင်းထိပ်လေးကို လက်ညိုးလေးနဲ့ သွားတို့ဖို့ကြံရွယ်လိုက်တဲ့အခါ ရှောင်းကျန့် က အထိမခံဘဲ ရှောင်လိုက်ပေမယ့် ဝမ်ရိပေါ်က ဦးတည်ချက်ပြောင်းသွားကာ ရှောင်းကျန့်​၏ နားရွက်ဖျားလေးကိုသာ အသာလေးသွားဆွဲလိုက်​၏။ ရှောင်းကျန့်ထပ်ပြီး မျက်မှောင်ကျုံ့မိပြန်ပါသည်။
"မောင် ကိုယ်အိမ်ပြန်တော့မယ်...."

"ဟုတ်ပါပြီ....တူတူလမ်းပြန်လျှောက်ပေးမယ်...."

ရှောင်းကျန့်က ဝမ်ရိပေါ် ကိုကြည့်ကာ အလှဆုံးအပြုံးကို ပြုံးပြလိုက်ပြီး အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

"မောင့်သဘော...."

အပြုံးနုနု လေသံတိုးတိုးအဆုံးမှာ ဝမ်ရိပေါ် သူ့ရင်ဘတ်ဝဲဘက်ကို လက်နဲ့ မသိမသာထိန်းကိုင်လိုက်​၏။ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျား။

လျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ရှောင်းကျန့်​၏ မျက်နှာကို ဝမ်ရိပေါ် အမြဲလိုလိုပင်စောင်းငဲ့လို့ကြည့်လာသည်။
ဒီလူဟာ သူ့အတွက်တော့ မာယာများလွန်းတဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်....ဝမ်ရှင်းဂေဟာကိုအတူရောက်မသွားခင်အထိ။ သူဒီလူရဲ့ အကြောင်းတွေ ဘာဆိုဘာမှ မသိပေမယ့် အဲ့ဒိနေ့က ဒီလူ မိဘမဲ့ကလေးတွေနဲ့ပတ်သက်တဲ့ အကြောင်းကို နင့်နင့်သီးသီးနဲ့ပြောနေတုန်းက ဖြစ်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကို သူမတော်တဆ မြင်ခဲ့တယ်။ ဝမ်းနည်းနေတာထက် ကြေကွဲနေတဲ့ မျက်ဝန်းတွေလို့ပြောမလား။ လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကို သူဘယ်ကတည်းကစပြီး စိတ်ဝင်စားခဲ့သလဲတော့ မသိပေမယ့် ဒီလူရဲ့မျက်ဝန်းတွေကို နားလည်တယ်လို့ သူခံစားရတယ်။
ပြီးတော့ ဒီလူဟာ ကလေးနဲ့တောင် အပြိုင်ကလေးဆန်လွန်းတဲ့လူတစ်ယောက်။ ဒီလူရဲ့ အခြားတစ်ဖက်ခြမ်းလို့ပြောလို့ရတဲ့....ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ အမူအရာတွေကိုလည်း သူမြင်ခဲ့ရတယ်မဟုတ်လား။ကလေးနဲ့တူတဲ့ ဒီလူကို ကလေးတစ်ယောက်လို ဆက်ဆံရမယ်ဆိုတာ သူနည်းနည်းတော့ရိပ်မိလာတယ်။ အဲ့တာထက်ပိုသေချာသွားတာ ခုနက ကလေးထိန်းသလို နူးနူးညံ့ညံ့ဆက်ဆံခဲ့တုန်းက တုံ့ပြန်မှုတော့မရှိပေမယ့် တော်တော်သိသိသာသာကြီးကို ငြိမ်ကျသွားခဲ့တာ။ အဲ့ဒိတော့ သူရှောင်းကျန့်ဆိုတဲ့လူကို နားလည်တယ်လို့ဆိုနိုင်မလား။
သူတို့ စစတွေ့ချင်းတုန်းကပေါ့ ဒီလူပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို တစ်လုံးမကျန်သူအကုန်မှတ်မိသေးတယ်...."ပွင့်လွှာလေးတွေရဲ့ အလှကို ပဲ မကြည့်နဲ့လေ.....ရိုးတံမှာ ဆူးတွေရှိတာကိုလည်း သတိထားဦးမှပေါ့ မောင်ရယ်....." တဲ့။

အခုတော့ ဒီစကားလေးကို သူဒီလို ပြန်တုံ့ပြန်ချင်တယ်။

"ရိုးတံက ဆူးတွေကို မြင်ခဲ့ရုံမကလို့ .....ပွင့်လွှာလေးတွေအောက်မှာ ပုန်းလျှိုးနေတဲ့ ဝတ်မှုန်လေးတွေကိုလည်း မြင်ခဲ့တယ်...."
__________  __________

ရှောင်းကျန့် အလုပ်သွားဖို့ တိုက်ခန်း တံခါးကိုဖွင့်လိုက်တဲ့အခါ တစ်စုံတစ်ရာက သူ့တိုက်ခန်းတံခါးအရှေ့မှာရှိလို့နေသည်။ ထိုအရာလေးကို ရှောင်းကျန့် တွေ့သွားစဉ် ပြုံးလိုက်မိပြီး လှမ်းကောက်ဖို့ပြင်လိုက်ပေမယ့် လက်နဲ့ထိတော့မည့်အခါတွင် မျက်မှောင်ကျုံ့လိုက်ကာ ခြေထောက်နှင့် အဝေးတစ်နေရာသို့ ကန်လိုက်သည်။

အခုတော့ အနီနဲ့ အဖြူပျောက်ကြား သစ်ကုလားအုတ်ရုပ်လေးဟာ တိုက်ခန်းကော်ရစ်တာ​၏ ခပ်ဝေးဝေးနေရာသို့ရောက်သွားရသည်။
ရှောင်းကျန့် ဘာမှမဖြစ်သလိုဖြင့် ဓာတ်လှေကားရှိရာ နေရာသို့လျှောက်လာစဉ် သူ့ရဲ့ တိုက်ခန်းနီးချင်း မွေးထားတဲ့ ခွေးကလေးတစ်ကောင်က သူကန်လိုက်တဲ့ အရုပ်လေးရဲ့ ခြေထောက်ကနေ ကိုက်ချီပြီး ယူဆော့ဖို့ပြင်နေတာကို တွေ့လိုက်တဲ့အခါ မပြေးရုံတမယ် လျှောက်သွားလိုက်ပြီး ခွေးကလေးရဲ့ ပါးစပ်ထဲက ပြန်ဆွဲလုလိုက်သည်။ ပြန်ဆွဲလုလိုက်တဲ့ အရှိန်ဘယ်လောက်ပြင်းလဲ ခွေးကလေးရဲ့ သွားတောင် ပြုတ်ထွက်လုမတတ်ဘဲ။ သွားနာလို့ တအီအီ အော်သွားတဲ့ ခွေးကလေးကို လက်ညိုးထိုးပြီးပြောလိုက်ပါသေးတယ်။
"အဲ့တာ ငါ့ဟာ....."

ရှိုးပဲ့မှာ သေမလောက်ကြောက်တဲ့ နှင်းဆီနီငယ် .....။

သင်ဟာ သင်ကိုယ်တိုင်သတိမထားမိလိုက်ပါလျက်....

ဒီအရုပ်လေးကို ကလေးနဲ့လည်း အပြိုင်လုခဲ့ဖူးတယ်.....ခွေးနဲ့လည်းအပြိုင်လုခဲ့ဖူးတယ်....။

အဲ့တာကြောင့် ဟိုကပြောတာနေမယ်.....ပွင့်လွှာလေးတွေအောက်မှာ ပုန်းလျှိုးနေတဲ့ ဝတ်မှုန်လေးတွေကို သူမြင်ခဲ့တယ်တဲ့.....။

တထစ်ချတော့မဟုတ်ပေမယ့် နဂိုနီတဲ့ သင့်ကို အဖြူရောင်လေးလို့ ယူဆလို့ရမလား.....နှင်းဆီနီငယ်.....။