ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၈)Unicode

"တင်းတောင်...."

ရှောင်းကျန့်အိမ်​၏ ဧည့်ခန်းစားပွဲပေါ်က မြည်လာတဲ့ ဖုန်းကို ဝမ်ရိပေါ် တစ်ချက်ငဲ့ကြည့်လိုက်သည်။လင်းကနဲ ဖြစ်သွားတဲ့ ဖုန်းမျက်နှာပြင်က ချက်ချင်းပြန်ပျောက်သွားတာကြောင့် ဘယ်ကပို့လိုက်တာမှန်း သူမမြင်လိုက်ချေ။ ထိုဖုန်းက သူ့ရဲ့ ဖုန်းတော့ မဟုတ်.....ရှောင်းကျန့်​၏ ဖုန်းသာဖြစ်လေသည်။ ရှောင်းကျန့်က အိမ်အနောက်ဘက်ကိုဝင်သွားတာဖြစ်၍ဖုန်းကို စားပွဲပေါ် ခဏတင်ထားခဲ့ခြင်းဖြစ်​၏။

ဝမ်ရိပေါ် ရဲ့ လက်တွေက ရှောင်းကျန့်​၏ ဖုန်းဆီသို့ ရောက်လို့သွားသည်။ ဖုန်းမျက်နှာပြင်မှာ ပေါ်နေတာကို ကြည့်လိုက်တော့ စာပို့လိုက်တဲ့သူ က "ယန်ချောင်မင်" တဲ့။ သူခပ်ဟဟ ရယ်လိုက်မိသည်။ ဖုန်းထဲမှာ မှတ်ထားတော့ အပြင်မှာ ခေါ်နေကျလို ဦးဆိုပြီး ချစ်စနိုးတွေ ဘာတွေမဟုတ်ဘူးလား။ နာမည်အပြည့်အစုံကြီးနဲ့ ကို မှတ်ထားတာတဲ့လား။

ဒီလူက အပြောနဲ့ အလုပ်နဲ့ တခြားဆီ။ ဒါ့ကြောင့် သူ့ရဲ့ နာမည်ကိုလည်း ထိုလူရဲ့ ဖုန်းထဲမှာ ဘယ်လိုမှတ်ထားလဲဆိုတာရုတ်တရက်သိချင်သွားသည်။ ဝမ်ရိပေါ် ဘောင်းဘီအိတ်ထဲက သူ့ရဲ့ ဖုန်းကိုဆွဲထုတ်လိုက်ပြီး ရှောင်းကျန့် ​၏ ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။ စက္ကန့်ပိုင်းလောက်အကြာမှာ ရှောင်းကျန့်​၏ ဖုန်းမျက်နှာပြင်ဘက်မှာ ပေါ်လာသည့် အရာကြောင့် ဝမ်ရိပေါ် ဒေါသတကြီး သူ့အရှေ့က စားပွဲခုံကို ခြေထောင့်နဲ့ အားပြင်းစွာ ကန်ကျောက်လိုက်သည်။

တော်တော် အရေးမပါတာ။ ဒီလူက နည်းနည်းတော့များနေပြီ။ သူ့နံပါတ်ကိုကြတော့ နှုတ်ခမ်းပါးတွေက နေခေါ်နေကြအတိုင်း မှတ်ထားဖို့မပြောနဲ့ နာမည်အပြည့်အစုံတောင် မမှတ်ထားဘဲ နံပါတ်ဘလာ ကြီးသပ်သပ်တာဖြစ်သည်။ ဘာလဲ.....သူမေးရင် မောင့်နံပါတ်ကို ကိုယ်က အလွတ်ရနေလို့မမှတ်ထားတာပါ ဘာညာလာဦးမှာ....။

ဝမ်ရိပေါ်​၏ အနားသို့ ရှောင်းကျန့် ဝိုင်ပုလင်းတစ်ခုရယ် ဖန်ခွက်နှစ်ခွက်ရယ် ကိုင်ကာရောက်လာသည်။

"မောင် ဘာလုပ်နေတာလဲ....."

"ခင်ဗျားရဲ့ ဖုန်းကို password ခဏဖွင့်လိုက်...."

"ဘာဖြစ်လို့လဲ....."

"ဖွင့်လိုက်...."

"ကိုယ် password မမှတ်မိတော့ဘူး...."

"ရှောင်းကျန့်...."

ရှောင်းကျန့်က ခပ်တည်တည်သာ သူယူလာတဲ့ ဝိုင်ပုလင်းကို ကျွမ်းကျင်စွာဖွင့်လို့နေ​၏။ ထို့နောက် အရှေ့က ဝိုင်ခွက်လေးများထဲသို့ အနေတော် ပမာဏလေးများ ငဲ့ထည့်လိုက်သည်။

"ရော့....မောင့်အတွက်...."

"ရှောင်းကျန့်...."

"ရှူး....တိတ်တိတ်နေစမ်းမောင် ကိုယ့်ကိုအာရုံလာမနောက်နဲ့...."
သူ့ကို အရေးမစိုက်ဘဲ ဝိုင်ခွက်ကို ကိုင်လိုက်တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့် လက်ထဲက ဝိုင်ခွက်ကို ဆွဲလုလိုက်ကာ စားပွဲခုံပေါ်ပြန်ချလိုက်သည်။

"ကျစ်.....ဘာဖြစ်နေတာလဲ....."

"ခင်ဗျားရဲ့ ဖုန်းကို password ဖွင့်လိုက်လို့ပြောနေတယ်နော်......"

"မေ့သွားပြီလို့....."

"ရှောင်းကျန့်....."

"မောင်....မနေချင် ပြန်လို့ရတယ်....ဒီနေ့က ကိုယ်ခေါ်လာတာမဟုတ်ဘူး....မောင့်ဘာသာမောင်လိုက်လာတာ.....ကိုယ်ကဒီတိုင်း ဧည့်ဝတ်ကျေအောင် ဧည့်ခံနေရုံပဲရှိတာ....."
"ရှောင်းကျန့်....ခင်ဗျား....."

"မောင်ရာ....မရစ်ပါနဲ့တော့ ကိုယ်ပင်ပန်းနေပြီ....."

သူ့ဘက်ကိုလှည့်ကာ သက်ပြင်းချပြီး အသံခပ်လေးလေးဖြင့်ပြောလိုက်သောလူကို ဝမ်ရိပေါ်ကြည့်လိုက်မိသည်။ ထိုလူရဲ့ နဂိုမျက်လုံးတောက်တောက်တွေက တကယ်ကို အရောင်မှိန်နေတာဖြစ်သည်။ တကယ်ပင်ပန်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ သူတို့ အလုပ်ပြီးလို့ ဒီအိမ်ကိုရောက်လာကတည်းက ထိုလူ အဝတ်အစားတောင် မလဲရသေးတာပဲကြည့်.....။
ဝမ်ရိပေါ် မူလနေရာကနေ ဆိုဖာအစွန်ထိ ရွှေ့ပြီးထိုင်လိုက်​၏။ထို့နောက် ခပ်မတ်မတ်အနေအထားဖြင့် ထိုင်နေတဲ့ ရှောင်းကျန့်​၏ကိုယ်လုံးကို အသာဆွဲယူကာ သူ​၏ ပေါင်ပေါ်တွင် ခေါင်းတင်ထားစေလိုက်သည်။ ရှောင်းကျန့်ကတော့ ရုတ်တရက်ဆန်လှသော ဝမ်ရိပေါ်​၏ အမူအရာကို ကြောင်လျက်သားကြည့်လို့နေသည်။ရှောင်းကျန့်က ပြန်ထဖို့ကြိုးစားပေမယ့် ဝမ်ရိပေါ် က ထခွင့်မပေး......

"ခင်ဗျား မျက်လုံးတွေ မှိတ်ပြီး စိတ်ကိုလျော့ချထားလိုက်......."
"ဖယ်....မောင်...."

"ခင်ဗျားပင်ပန်းနေတယ်ဆို......ပြောတဲ့ အတိုင်းလိုက်လုပ်....."

နောက်ထပ်တစ်ခါ ထဖို့ကြိုးစား သော်လည်း မရတာကြောင့် ဝမ်ရိပေါ် ပြောသလိုပင် ရှောင်းကျန့် မျက်လုံးများကို မှိတ်ချလိုက်ကာ စိတ်ကိုလျော့ပြီး ခန္ဓာကိုယ်ပါဖျော့ချလိုက်သည်။

"ကျွန်တော် ငယ်ငယ်တုန်းက စိတ်အလိုမကျဖြစ်လာတိုင်း မာမားလုပ်ပေးနေကျအတိုင်း လုပ်ပေးမယ်....."

ရှောင်းကျန့်ဘာမှ ပြန်မ​ပြောဘဲ ဒီအတိုင်းငြိမ်သက်စွာသာလှဲလို့နေသည်။ သူတကယ်လည်း ပင်ပန်းနေတာကြောင့်ပင်။ တခဏ အကြာမှာတော့ ဝမ်ရိပေါ် လက်ချောင်းများက ရှောင်းကျန့်​၏ ဆံနွယ်ပျော့ပျော့များကြား ညင်သာစွာ ထိုးဖွပေးလို့နေသည်။ ဆံနွယ်များကြား ပြေးလွှားနေတဲ့ လက်ချောင်းတို့က တဖန်ကြာသောအခါ ရှောင်းကျန့်​၏ မျက်ခုံးတန်းတန်း များပေါ်သို့ ကျရောက်သွားပြီး လက်မလေးဖြင့် အသာပွတ်ဆွဲပေးနေ​၏။တကယ့်ကို ညင်ညင်သာသာလေးသာ။
ပကတိ တည်ငြိမ်နေတဲ့ မျက်နှာကို ဝမ်ရိပေါ် ငေးစိုက်ကြည့်နေရင်း သူ​၏ လက်ချောင်းများကို ပါးပြင်များပေါ်သို့ ကျရောက်စေသည်။ သူလုပ်ပေးနေတာက သူငယ်ငယ်က သူ့မာမားလုပ်ပေးနေကျအတိုင်း မျက်နှာကို အကြောလျော့ပေးလို့နေတာဖြစ်သည်။ ဒါပေမယ့် ဒီလောက် အကြောတင်းတဲ့ လူရဲ့ မျက်နှာကြောကို လျှော့ပေးဖို့က လွယ်မှာမဟုတ်။ ဝမ်ရိပေါ် တွေးရင်းနှင့်ပင် ပြုံးလိုက်မိပြန်သည်။ မျက်နှာကြောကသာတင်းတာ ပါးပြင်ကတော့အင်မတန်ကိုနူးညံ့သည်သာ။
မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာ အကြောလျော့ပေးပြီးနောက် ဝမ်ရိပေါ်​က ရှောင်းကျန့်ဖျော့ချထားတဲ့ လက်တစ်ဖက်ကို လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ပြီး အသေအချာကြည့်လို့နေသည်။ ဒီလူရဲ့ လက်ချောင်းတွေက တော်တော်ကို သွယ်လျလွန်းတာဖြစ်သည်။ လက်သည်းများကလည်း ပေတံနဲ့တိုင်းပြီး ညှပ်ထားသလို တိတိကျကျနှင့် ညီညီညာညာ ဖြစ်နေတာပင်။ အကြည်ရောင်ထနေတာက မီးရောင်မှိန်မှိန်အောက်မှာ ပိုလို့တောင် သိသာသည်။ သူ့ကိုမာမား လုပ်ပေးခဲ့တဲ့ အရာတွေထဲမှာ ဒီလိုအရာမပါပေမယ့် သူထိုလူရဲ့ ညာဘက်လက်ကို သူ့ရဲ့နှုတ်ခမ်းနားထိဆွဲယူလိုက်ကာ လက်ကောက်ဝတ်အတွင်းပိုင်းကို နှုတ်ခမ်းဖြင့် နက်နက်လေးဖိကပ်လိုက်သည်။ ထိုအခိုက် သူ့ပေါင်ပေါ်ခေါင်းတင်ထားတဲ့ ထိုလူဆတ်ကနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်​၏။
"ရပြီ မောင်....ကိုယ် အမောပြေသွားပြီ....ကျေးဇူးတင်ပါတယ်....."

ထသွားဖို့ပြင်နေတဲ့ သူကို ဝမ်ရိပေါ် မသိမသာချုပ်ထားပြီး.....

"ခဏနေဦး.....ခင်ဗျားကိုမေးစရာရှိတယ်....."

"အင်း...."

"ခင်ဗျား ကလေးတွေကို ချစ်တတ်လား....."

"ဘယ်လိုအရွယ်တွေကိုပြောတာလဲ..... အသက်ငါးနှစ်အောက်တွေလား ဒါမှမဟုတ် မောင်တို့အရွယ်မျိုးတွေလား......ပြောရရင်တော့ မောင်တို့အရွယ်ကလေးတွေကို ကိုယ်ပိုသဘောကျတယ်....."

ဒီတိုင်းဆို ဒီလူတကယ် ပင်ပန်းတာတွေ ပျောက်သွားပုံရသည်။ ထွက်လာတဲ့ စကားအသွားအလာတွေကို ကြည့်ခြင်းအားဖြင့်။ တကယ်မလွယ်တာ။
"ခင်ဗျားက ကျွန်တော့်ကို ကလေးလို့ ဆိုလိုတာလား....."

"ကိုယ့်ထက်ငယ်ရင် ကလေးပဲ.....ဒါနဲ့ ဘာလို့မေးတာလဲ ကလေးတွေ အကြောင်း....."

"ခင်ဗျားကို နေရာတစ်ခုခေါ်သွားမလို့....."

"ဘယ်ကိုလဲ....."

"ကျွန်တော့်မား ဦးစီးခဲ့တဲ့ ဝမ်ရှင်း မိဘမဲ့ဂေဟာ.....မြို့တွင်းနဲ့ နည်းနည်းဝေးတဲ့နေရာမှာရှိတယ်......နောက်အပတ်စနေနေ့ အဲ့က ကလေးတွေကို အရုပ်လေးတွေ သွားပေးဖို့......"

"မောင်က ကိုယ့်ကို လိုက်စေချင်တယ်ပေါ့....."

"အင်း....."

"မောင့် ဇနီးကို ခေါ်သွားပါလား.....လင်မယား နှစ်ယောက်သွားတော့ ပိုပြီး အဓိပ္ပာယ်ရှိတာပေါ့.....ပြီးတော့ အဲ့ဒိနေ့ကိုယ်မအားဘူးသွားစရာရှိတယ်....."
ဝမ်ရိပေါ် တိတ်ဆိတ်သွားကာ မျက်နှာကတည်တင်းသွားရသည်။

"ခင်ဗျားလိုက်ခဲ့ရမယ်....."

"အကြောင်းရှိလို့လား မောင်.....ကိုယ့်စိတ်နဲ့ကိုယ်လေ...."

"ရှောင်းကျန့်......"

"ကိုယ်ကလေး မချစ်တတ်လို့ ချစ်တတ်တဲ့ လူတစ်ယောက်ကိုသာခေါ်သွားလိုက်ပါ....."

ဝမ်ရိပေါ် ခပ်ထေ့ထေ့ပြုံးလိုက်ကာ....

"ဒီတိုင်းဆို ခင်ဗျားတို့ ဌာနကလူတွေ ဒီတစ်ပတ်လုံး အချိန်ပိုဆင်းရတော့မယ်ထင်တယ်....."

"မောင်.....အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲထား....အဲ့လိုတွေ လာမရောနဲ့ ကိုယ်မကြိုက်ဘူး....."
"ဒါကတော့ ခင်ဗျားအပေါ် မူတည်တယ်....."

ဝမ်ရိပေါ် ပြောပြီးတာနဲ့ သူ့ပေါင်ပေါ်က ရှောင်းကျန့်ကို အသာဖယ်လိုက်ကာ ပြန်ဖို့ပြင်လိုက်သည်။

"အဲ့နေ့ကျရင် ပေါ့ပေါ့ပါးပါးသာ ဝတ်ခဲ့ ကလေးတွေနဲ့ တွေ့ရမှာဆိုတော့ အရမ်းပြင်ဆင်လာလည်း ခင်ဗျားရဲ့ အလှမှာ ညိမယ့်သူတစ်ယောက်မှ မရှိဘူး....."

သူအနိုင်နဲ့ပိုင်းပြောပြီးထွက်သွားမည် အလုပ်ထိုလူက လှမ်းပြောလိုက်ပါသေးတယ်။

"ကိုယ့်ကို ညိမယ့် မောင်တစ်ယောက် ရှိပါသေးတယ်" တဲ့လေ။
ဝမ်ရိပေါ်သူ့ရဲ့ ခေါင်းကိုသာ အသာခါရမ်းလို့သွားသည်။ စကားနဲ့တောင် အကြောမခံတဲ့ တကယ့်လူ။အဲ့ဒိလူကိုပဲ သူက.....။

ထွက်သွားတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့် အကြောင်းပြချက်မရှိဘဲ ရပ်ကြည့်လို့နေမိ​၏ရ မြင်ကွင်းထဲက ပျောက်သွားတဲ့ အခါမှာတော့ သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်ကို အသေအချာ စိုက်ကြည့်လိုက်သည်။ အခုထက်ထိ ရစ်ဝဲနေသေးတဲ့ ခပ်နွေးနွေး အထိအတွေ့က သူ့ကို တစ်မျိုးကြီး ဖြစ်စေသည်။ ခုနက နှုတ်ခမ်းနဲ့ ဖိကပ်ခံလိုက်တုန်းက သူဆတ်ကနဲ ဖြစ်သွားရသည်။ ဘာဖြစ်လို့လဲတော့ သူမသိ။ ဒါပထမဦးဆုံး သူ့ဘဝမှာ ညင်သာစွာ ထိတွေ့ခံရခြင်းကြောင့် ဖြစ်လိမ့်မည်။သူ့ကို နမ်းရှိုက်ကြတဲ့ လူတွေက ရမ္မက်ဆန်ဆန် ထိတွေ့ကြတာချည်းသာ။
ရှောင်းကျန့် ရေချိုးပြီးသည့်တိုင် ညာဘက်လက်ကောက်ဝတ်နေရာက တငွေ့ငွေ့ဖြစ်နေသေးတာကြောင့် ဘေစင်ရဲ့ ရေအေးများအောက်မှာ သွားခံလို့ထားသည်။ ဒီလိုမျိုးတွေ သူမနှစ်မြို့ ။ ရေအေးအောက်မှာပျောက်လိုပျောက်ငြား ပြုလုပ်နေရင်းပင် ထင်ကျန်ခဲ့တဲ့ အနွေးဓာတ်က ပိုပိုပြီး သိသာလာသလို ဖြစ်လာတာကြောင့် ရှောင်းကျန့်ဒေါသဖြစ်ကာ ရေခဲသေတ္တာအပေါ်ထပ်က ရေခဲများကို အကုန်ယူလာ၍ ဘေစင်ထဲ သွန်ချလိုက်ပြီး သူ့လက်ကိုပါ ထိုးနှစ်ထားလိုက်သည်။
ဆယ်မိနစ်လောက်အကြာမှာတော့ ဘေစင်ထဲက ရေခဲတုံးများလည်း အရည်ပျော်လာပြီး ရှောင်းကျန့်​၏ လက်လည်း ထုံကျင်လာရသည်။ ထိုအခါမှ ရှောင်းကျန့် စိတ်လျော့ပြီး အဝတ်အစားတွေကို အမြန်လဲကာ အဲလ်ယားကွန်းကို အဆုံးထိ အအေးမြှင့်တင်လိုက်​၏။ အအေးဓာတ်ကြောင့် တစ်ကိုယ်လုံးကို စောင်ခြုံထားပေမယ့် နွေးနေဆဲဖြစ်နေတဲ့ လက်ကောက်ဝတ်ကို စောင်အပြင်ထုတ်ပြီး အိပ်စက်လိုက်တော့သည်။ထို့နောက် အလိုမကျစွာ သူ့ကိုယ်သူအားမလိုအားမရခပ်တိုးတိုး ရေရွတ်လိုက်သေးသည်။
"ကျစ်.....အဲ့တာ ဘာဖြစ်နေတာလဲ....."

____________ ____________

ချိန်းထားတဲ့နေ့ မနက် ၈ နာရီ ရောက်တော့ ဝမ်ရိပေါ်  ရှောင်းကျန့်​၏ condo အရှေ့သို့ရောက်လာပြီး ကားပါကင်မှာ ရှောင်းကျန့် အလာကို စောင့်နေလိုက်သည်။ ငါးမိနစ်မကြာပါဘူး.....သူ့ကား ရှိရာ သို့လျှောက်လာတဲ့ လူကို ကားထဲကနေမျက်တောင်တစ်ချက် မခတ်ဘဲ ကြည့်နေမိသည်။

ဝမ်ရိပေါ် တစ်ချက်တော့ပြုံးလိုက်သည်။ ထိုလူက သူ့စကားကို နားထောင်လာတာလား.....ဒါမှမဟုတ် သူ့ဟာသူပဲ ရွေးဝတ်လာတာလားတော့မသိ။ ခါတိုင်းလို ရင်ဘတ်ကြယ်သီးတွေ ဖြုတ်ပြီး မဝတ်လာသည့် အပြင် လည်ပင်းအရင်းထိ လုံခြုံတဲ့ ရိုးရိုးရှင်းရှင်း တီရှပ် အနီကို အောက်က ဒူးခေါင်းအထိ ဖုံးသည့် ဘောင်းဘီ အနက်နှင့် တွဲဖက်ဝတ်လာတာဖြစ်သည်။
နောက်ထပ်ပိုထူးခြားတာက ခါတိုင်းလို ဆံပင်ကို ကြော့နေအောင် ပြင်လာတာမဟုတ်ဘဲ သဘာဝအတိုင်း နဖူးထက်မှာဝဲကျနေစေပြီး လျှာထိုး ဦးထုပ် အနီရောင်ပါဆောင်းလာသည်။ ဦးထုပ်ဆောင်းထားတာကြောင့် မျက်နှာကို မြင်ဖို့သိပ်မလွယ်ပေမယ့် မနက်ခင်းနေရောင်နွေးနွေးက ထိုလူရဲ့ မျက်နှာပေါ် ထိုးကျသွားတဲ့အခါ ဦးထုပ်အရောင်နဲ့ အပြိုင်နီနေတဲ့ နှုတ်ခမ်းပါးတစ်စုံက တော့ ထင်ထင်ရှားရှား။

ရှောင်းကျန့်က ကားရှေ့ခန်းမှာ ဝင်ထိုင်လိုက်ပြီးနောက်.....
"ဆောရီးမောင် နည်းနည်းနောက်ကျသွားတယ်....."

"ကိစ္စမရှိဘူး......ခင်ဗျား မနက်စာ စားပြီးပြီလား....."

"ဟင့်အင်း....."

"အဲ့တာဆို အရင်ဆုံး ဆိုင်တစ်ခုမှာ ဝင်စားမယ်...."

"မစားချင်ဘူး......ကိုယ်တော်ရုံတန်ရုံ မနက်စာ မစားတတ်ဘူး......ဗိုက်လည်းမဆာဘူး....."

ရှောင်းကျန့်​၏ စကားကို ဝမ်ရိပေါ် အရေးမစိုက်ဘဲ အနီးဆုံး စားသောက်ဆိုင်တစ်ခုအရှေ့မှာကားကို ရပ်လိုက်သည်။

"ဆင်း....."

"ကိုယ်မစားတော့ဘူးလို့....."

"သိပ်လည်း အထင်ကြီးမနေပါနဲ့ ခင်ဗျားကို တကူးတကကျွေးဖို့ ရပ်လိုက်တာမဟုတ်ဘူး.....ကျွန်တော်လည်း မစားရသေးလို့....."
အင်တင်တင်ဖြစ်သွားတဲ့ လူရဲ့ ပုံကို ဝမ်ရိပေါ် ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ အခုတော့ ရှောင်းကျန့် နှင့် ဝမ်ရိပေါ်က VIP ခုံဝိုင်းတစ်ခုတွင် ထိုင်နေကြပြီး ဝမ်ရိပေါ် ကပဲ ဦးဆောင်ကာ အစားအသောက်များကို မှာယူလို့နေသည်။ လာချပေးသော မနက်စာ အမျိုးမျိုးကို ဝမ်ရိပေါ် က စားလို့နေပေမယ့် ရှောင်းကျန့်က တော့ သူ့ရှေ့က အသားပေါင်းတစ်ခုနှစ်ခုကို သာ တို့စိ တို့စိ စားလို့နေသည်။
ရှောင်းကျန့် စားနေတဲ့ ပုံကို ဝမ်ရိပေါ် ကြည့်ရင်း အားမရ။ သူသတိထားမိသလောက် ဒီလူက အစားသောက်စားရင် အမြဲတမ်း တို့ကနန်း ဆိတ်ကနန်းသာ စားတတ်သည်။ မထည့်ပေးရင် သူ့ရှေ့မှာ ရှိတဲ့ အရာတစ်ခုနှစ်ခုကို သာ စားတတ်ပုံရသည်။ တကယ်ဆို သူမနက်စာကို အိမ်မှာစားလာခဲ့ပြီးပြီဖြစ်သည်။ ဒီလူကို မနက်စာ စားစေချင်လို့သာ တမင်တကာ ခေါ်လာခြင်းပင်။

ဝမ်ရိပေါ် ရှောင်းကျန့်ကို ကြည့်ရင် အားမရလာတော့တာကြောင့် ထိုင်နေသည့် ခုံကို ဆွဲသွားကာ ရှောင်းကျန့်​၏ ဘေးနားထိ ကပ်ထိုင်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့စားနေတဲ့ စားပွဲဝိုင်းက ကြီးလွန်း၍ ခပ်ထည့်ပေးဖို့ လက်မမှီတာကြောင့်ပင်။ အနီးသို့ရောက်လာတာနှင့် ရှောင်းကျန့်​၏ ပန်းကန်ထဲသို့ ရှိသမျှ ပန်းကန်ထဲက အရာတွေကို တစ်ခုချင်းခပ်ထည့်လို့ပေးသည်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်​၏ အပြုအမူကို အလိုမကျစွာ မျက်မှောင်ကျုံ့၍ကြည့်နေသည်။
"မောင်.....ဘာလုပ်တာလဲ.....ကိုယ်မကုန်ဘူးလေ....ကိုယ့်ဟာကိုယ် ထည့်စားမယ်...."

"ခင်ဗျားစားနေတာ မိနစ်နှစ်ဆယ်ရှိပြီ ရေတစ်ခွက်နဲ့ အသားပေါင်းနှစ်ခုက လွဲလို့ဘာများစားရသေးလို့လဲ....."

"ကိုယ်ပြောပြီးသား......ကိုယ့်ရဲ့ အမူအကျင့်တွေ အထိလိုက်ထိန်းချုပ်နေတာ မျိုးတွေ ကိုယ်မကြိုက်ဘူးလို့......"

"စကားတွေ သိပ်မပြောနဲ့တော့ ရှောင်းကျန့် ......ခင်ဗျားကိုယ်တိုင်စားမလား.....ကျွန်တော်ကိုယ်တိုင် ခွံ့ကျွေးရမလား.....နှစ်ခုထဲက တစ်ခုရွေး....."
"မောင်....."

"ကျွန်တော် ခွံ့ကျွေးရင်တော့ ညင်သာနေမှာ မဟုတ်ဘူး......လက်နဲ့တင်မကဘူး နှုတ်ခမ်းတွေပါ ပါလာလိမ့်မယ်.....ခင်ဗျား ရှိုးပဲ့ ရမှာ မကြိုက်ဘူးမလား....အထူးသဖြင့် လူပုံအလယ်မှာ......"

ပြောရင်းနဲ့ပင် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ ခါးကို ချုပ်ကိုင်ဖို့ လုပ်နေတာကြောင့် ရှောင်းကျန့်က.....

"တော်တော့ မောင် ကိုယ့်ဟာကိုယ်စားမယ်....."

ရှောင်းကျန့်​၏ မျက်နှာက ဒေါသကြောင့် နီရဲတွတ်လို့နေသည်။ အံကိုကြိတ်ပြီး စားနေရတာကြောင့် အစားအသောက်ရဲ့ အရသာကိုလည်း သူမသိတော့။ သူအစားစားခြင်း မစားခြင်း ကိစ္စအထိတောင် လိုက်ပြီး ထိန်းချုပ်နေရအောင် ဘာမလို့လဲ။ ဒီကောင်လေးက သူထင်ထားတာထက် ပိုပြီး တဇောက်ကန်းနိုင်သည်။အဲ့တာ သူ့အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်။
​မနက်စာစားပြီးတော့ ဝမ်ရိပေါ် တို့ကားလေး မြို့အစွန်နားထိရောက်ရှိလာပြီး နောက်ထပ်နာရီ ဝက်အကြာမှာ အပင်လေးများဖြင့် အုံ့ဆိုင်းနေတဲ့ နေရာလေးတစ်ခုသို့ ထိုးကွေ့လာသည်။ ခြံဝန်းတစ်ခုလုံးက နေရာအနှံ့အပင်ကြီးများ ရှိတာကြောင့် အင်မတန်မှ အေးချမ်းလှတဲ့နေရာတစ်ခုပင်။ ထို ခြံဝန်းကြီးရဲ့ အလယ်တည့်တည့်မှာတော့ အလွန်ကြီးမားတဲ့ သုံးထပ် အဆောက်အဦးကြီးနှင့် ခပ်လှမ်းလှမ်းမှာတွေ့နေရတဲ့ ဘုရားကျောင်းလို အဆောက်အဦးတစ်ခုရှိသည်။
"ရောက်ပြီ ဆင်းတော့....."

ဝမ်ရိပေါ်တို့ ကားပေါ်က ဆင်းလာသည်နှင့် ဂေဟာမှူးက အမြန်ပြေးလာကာ ကြိုဆိုလို့နေသည်။

"ရောက်လာပြီလား......ဒီနေ့ သူဌေးလေးရောက်လာမယ် ကြားကတည်းက ကလေးတွေက ပျော်နေကြတာ....သူဌေးလေးက သူ့တို့ကို အမြဲတမ်း တစ်ခုခုပေးနေကျဆိုတော့.....လာ...လာ....အရင်နားပြီး အပန်းဖြေလိုက်ပါဦး....."

ဂေဟာမှူးရဲ့ ဦးဆောင်မှုကြောင့် ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့ ဂေဟာကြီး​၏ အောက်ဆုံးထပ်က ဧည့်ခန်းတွင်နေရာယူထိုင်လိုက်သည်။ ဂေဟာမှူးကလည်း သူတို့ကို လက်ဖက်ရည် အချိုပွဲများဖြင့် ဧည့်ခံသည်။
"ကျွန်တော်က သူဌေးလေးကို ခါတိုင်းလို တစ်ယောက်တည်းလာမယ်ထင်တာ....."

"လူနှစ်ယောက် ဖြစ်နေတော့ ပြဿနာ ရှိလို့လား...."

"မရှိပါဘူး ခင်ဗျ....."

​ဝမ်ရိပေါ်​၏ ခပ်ပြတ်ပြတ်အပြောကို ဂေဟာမှူးက စိတ်လည်းရှိမနေတော့ပါဘူး။ သူဌေးလေး ငယ်ငယ်ကတည်းက ဘယ်လို စိတ်ထားရှိတယ်ဆိုတာ သူသိပြီး၍ပင်။

ရှောင်းကျန့်က သူ့ရှေ့က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက်....

"ဒီက ကလေးတွေက ဘယ်လို အကြောင်းမျိုးကြောင့် ရောက်လာကြတာလဲ....."
"တချို့ကလည်း မိဘတွေ ဆုံးသွားလို့ တချို့ကလည်း မိဘတွေ စွန့်ပစ်ခံလိုက်ရလို့ ......အထူးသဖြင့်တော့ မိဘတွေ စွန့်ပစ်လိုက်လို့ ရောက်လာတာတွေ များပါတယ်......"

"အဲ့တာဆို ဒီဂေဟာကို မိဘမဲ့ဂေဟာလို့ နာမည်မပေးသင့်ဘူး......"

"ဗျာ....."

"စဉ်းစားကြည့်ပါ တကယ်တမ်းကြတော့ ဒီကလေးတွေက မိဘမဲ့နေတာမှ မဟုတ်တာ.....မိဘတွေရှိရက်သားနဲ့ အစွန့်ပစ်ခံထားရတာ.....မိဘမဲ့ဆိုတဲ့ စကားလုံးကို အဖေရော အမေရော ဒီကမ္ဘာကြီးပေါ်မှာ မရှိတော့တဲ့ သူတွေ အတွက်ပဲသုံးရင် ပိုမှန်လိမ့်မယ်....."
ရှောင်းကျန့်က ထပ်ပြီး......

"တစ်ကောင်ကြွက် ဆိုတာရော ဘာအဓိပ္ပာယ်လည်း သိလား.....သူကတော့ မိဘမဲ့တွေ ထက်တောင်ဆိုးတယ်.....သူ့မှာက မိဘတွေတောင်မရှိတော့တာ မဟုတ်ဘူး....ဘယ်သူ့မှကိုမရှိတော့တာ......"

ရှောင်းကျန့်​၏ စကားကို ဂေဟာမှူးက ငြိမ်ပြီးနားထောင်နေပေမယ့် ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်​၏ မျက်နှာကို စူးနစ်စွာစိုက်ကြည့်လို့နေသည်။

အတန်ကြာ တိတ်ဆိတ်သွားတဲ့ ဂေဟာ ဧည့်ခန်းငယ်မှာ ဂေဟာမှူးကပဲ စတင်၍.....
"ကလေးတွေနဲ့ တွေ့တော့မလား သူတို့လည်း လက်ဆောင်လေးတွေ လိုချင်နေလောက်ပြီ...."

"ရှောင်းကျန့် .....ခင်ဗျား အရင်ကြိုပြီး ကားအနောက်ခန်းမှာ ထည့်ထားတဲ့ အရုပ်လေးတွေကို သွားဝေထားပေးလိုက်ပါ.....ကျွန်တော် နောက်မှ လိုက်လာခဲ့မယ်.....အလှူငွေ ကိစ္စတွေ ပြောစရာရှိလို့....."

"ကောင်းပြီ....ကိုယ်အရင်သွားနှင့်မယ်.....အေးဆေးမှသာ လိုက်လာခဲ့....."

ရှောင်းကျန့် အဆောက်အဦးထဲက ထွက်လာပြီးနောက် ကားနောက်ခန်းအဖုံးကို ဖွင့်လိုက်တဲ့အခါ အတွင်းမှာ မြောက်မြားစွာသော အရုပ်များကို တွေ့လိုက်ရသည်။ အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးကြောင့် သူတောင်အံ့ဩသွားရသည်။ သူကားနောက်အဖုံး ဖွင့်လိုက်တာ သိပ်တောင်မကြာဘူး သူ့အနားမှာ ကလေးတွေ ပြုံလာတာကြောင့် သူကြောင်သွားရ​၏။
ပိစိညောင့်တောင့် အရွယ်ကစလို့ အသက်ရှစ်နှစ် ကိုးနှစ်လောက်ထိ တကယ်ကို အများအပြားပင်။ ကလေးတွေကြားထဲမှာ သူက တစ်ယောက်တည်းကွက်ပြီး အရပ်ကြီးရှည်နေတာဖြစ်သည်။ ဒီဟာလေးတွေကို သူဘာလုပ်ရမှာလဲ။ အရုပ်တွေကိုယူပြီး ပိုက်ဆံကြဲသလို ကြဲချလိုက်ရမှာလား။ အဲ့လိုဆိုရင်ရော သူတို့က လိုက်ကောက်ကြပါ့မလား။ ကြိုက်တာလာယူလို့ပြောလိုက်ရင်ရော အဝေမတည့်ဘဲ ရန်ဖြစ်နေကြမှာလား။

ရှောင်းကျန့် တစ်ယောက်တည်း ဘာလုပ်ရမလဲမသိ ဖြစ်နေစဉ်ဂေဟာမှူးကရောက်လာကာ ကလေးများကို ဝင်ပြီးထိန်းပေးလိုက်သည်။ ဂေဟာမှူးနဲ့ အတူ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်ရင်း တစ်လှမ်းချင်းလျှောက်လာသည်။ ဒီလူ ကလေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ တကယ်မသိတာ။
ရှောင်းကျန့်​၏ အနားသို့ ဝမ်ရိပေါ် တိုးကပ်သွားပြီး....

"ကလေးတွေကို တန်းစီခိုင်းပြီး တစ်ယောက်ချင်းစီကို အရုပ်တစ်ခုပေးလိုက်...."

"အဲ့လောက်ကတော့ ကိုယ်လည်းသိပါတယ်...."

"အဲ့တာဆို ဘာလို့ ခုနက ကလေးတွေကြားမှာ ကြောင်ပြီးရပ်ကြည့်နေတာလဲ....."

"ကလေးအရေအတွက်ကို ရေတွက်နေတာလေ အရုပ်အရေအတွက်နဲ့ မျှပါ့မလားလို့....."

"နည်းနည်းလေးတောင် တစ်ခါတစ်လေ ခင်ဗျားမှားတယ်လို့ ဝန်မခံချင်ဘူးလား....."

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ပုခုံးတစ်ချက်တွန့်ပြလိုက်တဲ့အခါ ဝမ်ရိပေါ်လည်း မနိုင်ဘူးဆိုတဲ့သဘောနှင့် ခေါင်းခါရမ်းလိုက်သည်။
တန်းစီနေသော ကလေးများကို ရှောင်းကျန့် တစ်ယောက်တည်း ဒိုင်ခံ ဝေပေးနေတာဖြစ်ပြီး ဝမ်ရိပေါ်ကတော့ သူ့ကားနှင့် နည်းနည်းအလှမ်းဝေးတဲ့နေရာမှာ ထိုင်ကာ အရုပ်ဝေနေသော ရှောင်းကျန့်ကို ကြည့်လို့နေသည်။ သူကူပြီး လုပ်ပေးချင်ပေမယ့် ရှောင်းကျန့်ဆိုတဲ့သူက တစ်ယောက်တည်း လုပ်ချင်တာဆိုပဲ။ အဲ့တော့လည်း....ထိုင်ကြည့်နေရုံက လွဲလို့ ဘာလုပ်နေရမှာလဲ။

ရှောင်းကျန့်ကလေးတွေကို အရုပ်ဝေနေရင်း နောက်ဆုံးကလေးတစ်ယောက် အလှည့်ရောက်လို့လာပြီး အရုပ်ကလည်း ငါးရုပ်သာ ကျန်တော့သည်။ ကျန်နေတဲ့ အရုပ်ငါးရုပ်မှာ သူ့ရဲ့ မျက်လုံးကို ဖမ်းစားသွားတာက အနီရောင် သစ်ကုလားအုတ် အရုပ်တစ်ခုဖြစ်သည်။ အနီရောင်ကိုမှ အဖြူရောင် ကွက်ကျားဖြင့် တော်တော်ကိုလှသည့် ဒီဇိုင်း။ ထို့ကြောင့် ထိုအရုပ်ကို ချန်ထားပြီး တခြားအရုပ်တစ်ခုကို နောက်ဆုံးကျန်တဲ့ ကလေးကိုပေးလိုက်သည်။
"အဲ့တာ မလိုချင်ဘူး....."

​နောက်ဆုံးကျန်ခဲ့တဲ့ ကလေးက ရှောင်းကျန့် ကမ်းပေးလိုက်တဲ့ အရုပ်ကို မယူချင်တာကြောင့် ငြင်းလိုက်သည်။

"ဘယ်ဟာလိုချင်တာလဲ....."

"ဟိုအရုပ် အနီရောင်လေး....."ဤအရာကို နှင်းဆီနီ ဟုခေါ်သည် - အပိုင်း(၁၈)Unicode

ကလေးကမေးလာတဲ့ဟာကို ရှောင်းကျန့်က ခပ်တည်တည်ဖြင့်......
"အဲ့တာ မလှဘူး မယူနဲ့......"

"အဲ့တာပဲ ယူမှာ.....အဲ့တာပဲလှတယ်...."

"မလှပါဘူးဆို.....ဒီက အဝါရောင်လေးယူ....ရော့....."

နောက်ဆုံးကလေးတစ်ယောက်နဲ့ တကြိတ်ကြိတ်ဖြစ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် ကြည့်ရင်း ဘာဖြစ်နေလည်း သိချင်တာကြောင့် ထိုင်ရာကထလာလိုက်သည်။ အနားရောက်တော့....

"ဘာဖြစ်တာလဲ....."

"ဘာမှ မဖြစ်ဘူး....."

ဘာမှ မဖြစ်ဘူးသာဆိုတယ်......အနီရောင်အရုပ်ကိုပိုက်လို့ ထွက်သွားတဲ့ကလေးကလည်း ဆူပုတ်ပုတ်၊ကျန်ခဲ့တဲ့လူကလည်း မျက်နှာမှာ အလိုမကျမှုတွေအတိုင်းသား။
"ဘာမှ မဖြစ်ဘူးဆိုရင်လည်းလာ.....ကလေးတွေနဲ့ နေ့လည်စာသွားစားဖို့အချိန်ရောက်ပြီ....."

"မစားဘူး......ဗိုက်မဆာသေးဘူး....."

"မဆာသေးလည်း ဘေးမှာလာထိုင်နေ....."

"အင်း ပြီးတာပဲ....."

​ဂေဟာမှာပဲနေ့လည်စာစားပြီးတဲ့ အချိန်မှာ ဝမ်ရိပေါ်က ပြန်ဖို့ပြင်ဆင်နေသည်။ရှောင်းကျန့်က ဂေဟာထဲက မထွက်လာသေးတာကြောင့် ဝမ်ရိပေါ်လည်း ဂေဟာမှူးနဲ့ ဂိတ်ဝမှာ စကားရပ်ပြောနေသည်။ ဆယ့်ငါးမိနစ်လောက်အကြာမှာ ရှောင်းကျန့်က ဂေဟာထဲကနေ အူယားဖားယားပြေးလာကာ......
"မြန်မြန်လုပ်.....မြန်မြန်သွားရအောင်....."

"ဘာဖြစ်လို့လဲ......"

"မြန်မြန်....ပြီးမှပြောပြမယ်....."

"ဘာဖြစ်လို့လဲ လို့......"

"အာ.....မောင်ကလည်း....."

ရှောင်းကျန့် စိတ်မရှည်တော့ဘဲ ဝမ်ရိပေါ်​၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ကာ ထိုနေရာကနေ ပြေးထွက်လာသည်။ ခြေလှမ်းကြဲကြီးတွေနဲ့ ပြေးသွားသည့်နောက်မှာ ဝမ်ရိပေါ် ဟပ်ထိုးလဲ မတတ်။ဒီလူဘာတွေ အဲ့လောက်တောင်အလျင်လိုနေရတာလဲ။

ကားနားကိုရောက်လာတဲ့ အခါ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အရင်ဆုံးဝင်ခိုင်းလိုက်ပြီးနောက် သူလည်း အသည်းအသန်တက်လာသည်။
"မောင်......မောင်းတော့.....မြန်မြန် ဟိုမှာလိုက်လာပြီ....."

ရှောင်းကျန့်ပြောတဲ့ အတိုင်း ဝမ်ရိပေါ် ကားကိုမောင်းပြီး အနောက်ကြည့်မှန်ကနေပြန်ကြည့်လိုက်တဲ့အခါ သူတို့ကားနောက်ကို ပြေးလိုက်လာတဲ့ ကလေးတစ်ယောက်ကိုတွေ့လိုက်သည်။ သို့သော် ထိုကလေးက ကားကို မမှီတော့တာကြောင့် ပြေးလိုက်ခြင်းကို ရပ်တန့်လိုက်​၏။

"ဟား.....ဟား.....ဟား.....ဟား......မောလိုက်တာ မောင်ရာ....."

ရှောင်းကျန့် ရယ်တာကို ရပ်ပြီး အမောဖြေလိုက်ကာ သူ့ရှပ်အင်္ကျီအောက်မှာ ဖွက်ပြီးယူလာတဲ့ တစ်စုံတစ်ရာကို ထုတ်လိုက်သည်။ အင်္ကျီအောက်ထဲက ထွက်လာတာက အနီနဲ့ အဖြူကွက်ကြား သစ်ကုလားအုတ်အရုပ်ပင်။ ရှောင်းကျန့် ထိုအရုပ်ကိုကြည့်ပြီး ထပ်ရယ်လိုက်ပြန်သည်။ ဝမ်ရိပေါ်ကတော့ ဘာတစ်ခုမှကို နားမလည်။ ရှောင်းကျန့်ကလည်း အရယ်မရပ်တော့တာကြောင့် ဝမ်ရိပေါ် ကားကို လူရှင်းတဲ့နေရာ လမ်းဘေးခဏထိုးရပ်လိုက်သည်။
"ဘာဖြစ်လာတာလဲ......"

"ခဏလေး....."

ရှောင်းကျန့်က အသက်ကို ပုံမှန်ရှူသွင်းကာ ရယ်နေတာကို ရပ်လိုက်ပြီး လက်ထဲက အရုပ်ကိုကြည့်လို့.....

"လုလာတာ.....ဟိုကလေးဆီကနေ......"

ပြောလည်းပြော ထပ်ပြီးရယ်နေတဲ့ လူကို ဝမ်ရိပေါ် သတိလက်လွတ်ငေးလိုက်မိသည်အထိ။ သူမြင်ဖူးနေကြပုံမျိုးနှင့် လားလားမျှ မသက်ဆိုင်။ ဒီလူဒီလိုမျိုးလွတ်လွတ်လပ်လပ်ရယ်တာ ဒါပထမဦးဆုံးသူမြင်ဖူးခြင်းဖြစ်သည်။ ခါတိုင်းဆိုရင် မထိတထိ အပြုံးတွေ ကြာပါပါ အပြုံးတွေပဲ ပြုံးတတ်တဲ့သူက အခုတော့ ကလေးတစ်ယောက်လို ရယ်မောနေတာပင်။ ကလေးတစ်ယောက်နဲ့ ပိုတူသွားတဲ့ အကြောင်းအရင်းက လက်ထဲက အရုပ်ကိုအလွှတ်မပေးတော့ဘဲ တင်းကြပ်အောင်ဖက်ထားခြင်းကြောင့်။
ရယ်မောနေတဲ့လူကို ကြည့်ပြီးသူထပ်သိလိုက်ရတာက ရှောင်းကျန့်ဆိုတဲ့လူဟာ ဆွဲဆောင်မှုရှိတာ တစ်ခုတည်းမဟုတ်ဘဲ အပြုံး အရမ်းလှလွန်းတဲ့ သူတစ်ယောက်.....ပြီးတော့ အကြောတင်းတင်း စရိုက်နဲ့ မကိုက်အောင်ကို ချစ်ဖို့ကောင်းလွန်းတဲ့ လူတစ်ယောက်ဆိုတာ။ ဝမ်ရိပေါ် ရှောင်းကျန့်ကို ကြည့်ရင်း ရင်ဘတ်တစ်နေရာက ခုန်နှုန်းတွေမြန်လာရသည်။ အရင်လို အထိအတွေ့တွေ အနမ်းတွေကြောင့် ရင်ခုန်တာမျိုးမဟုတ်ဘဲ ဒီတိုင်းငေးကြည့်နေရင်းနဲ့ကို ဖြစ်လာရတာဖြစ်သည်။ ဒါတွေ ဘာကြောင့်လဲ သူမသိဘူး......ဒီအချိန်မှာ သူ ထိုလူ့ကို.....
ဝမ်ရိပေါ် ရှောင်းကျန့်​၏ လက်ထဲက အရုပ်ကို ဆတ်ကနဲလုလိုက်ကာ ကားအနောက်ခန်းထဲသို့ ပစ်လိုက်သည်။ ထို့နောက် ရှောင်းကျန့်ဆောင်းထားတဲ့ ဦးထုပ်ကိုလည်း ဆွဲချွတ်ပစ်ကာ ရှောင်းကျန့်​၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး ပါးပြင်ကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်သည်။

ရယ်နေတဲ့ ရှောင်းကျန့်ကလည်း ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်က အရာအားလုံးလည်း ရပ်တန့်သွားသည် ထင်သည်။ ထို့အတူ ဝမ်ရိပေါ်​၏ ကမ္ဘာကြီးလည်း ရပ်တန့်လို့သွားသည်။ သူ့ရဲ့ ကမ္ဘာတစ်ခုလုံးက ရှောင်းကျန့်​၏ ပါးပြင်ထက်ဝယ် နစ်မြုပ်လို့သွားသည်ဟုယူဆ၍ရ​၏။ အရာအားလုံး တိတ်ဆိတ်ရပ်တန့်လို့သွားချိန်တွင် ရှောင်းကျန့်က ဝမ်ရိပေါ်ကို တွန်းဖယ်လိုက်ကာ.....
"မောင် ဖယ်တော့.....ကိုယ် ဒီကနေပဲ ဆင်းလိုက်တော့မယ်.....သွားစရာရှိသေးလို့....."

ရှောင်းကျန့်ပြောရင်းနှင့်ပင် ကားတံခါးကို ဖွင့်ကာ ဆင်းသွားပြီဖြစ်သည်။ ဆင်းသွားသည့်ရှောင်းကျန့် နောက်ကို ဝမ်ရိပေါ်ကလည်း ထပ်ကြပ်မကွာ......

"ဘယ်သွားမလို့လဲ......"

"တစ်နေရာကို သွားစရာရှိလို့....."

"သွားစရာက ရုတ်တရက်ကြီးရှိသွားတာလား....."

"ဟိုနေ့ကတည်းက မောင့်ကိုပြောထားသားပဲ ကိုယ်ဒီနေ့သွားစရာရှိတယ်ဆိုတာ.....မောင်က အတင်းခေါ်လာလို့ လိုက်ခဲ့တာလေ.....မောင့်နောက်ကို လိုက်ခဲ့ပေးပြီးပြီပဲ.....အခုကိုယ်သွားစရာရှိတာတော့သွားရမှာပေါ့......"
"ဘာလဲ ဒါက ဂေဟာကို အတင်းခေါ်လာလို့ စိတ်ဆိုးနေတာလား......ခုနတုန်းကထိခင်ဗျားပျော်နေပြီးတော့....."

ဝမ်ရိပေါ်​၏ အပြောကို ရှောင်းကျန့် ခပ်ဟဟရယ်လိုက်သည်။

"ဆောရီးပဲမောင်.....စိတ်ဆိုးစိတ်ကောက်တတ်တဲ့ လူတွေထဲမှာ ကိုယ်မပါဘူး......ကိုယ့်ဘဝမှာ တစ်ယောက်တည်းသောသူ အပေါ်မှာပဲ ကလေးတစ်ယောက်လို စိတ်ဆိုးစိတ်ကောက်လုပ်ဖူးတာ.....ပြီးတော့ အဲ့လူကလည်း မောင်မဟုတ်ဘူး......"

"အဲ့ဒိလူက ဦးပေါ့.....ဟက်...."

"သူလဲ မဟုတ်ဘူး.....အဲ့ဒိလူကို ဘယ်သူနဲ့မှလည်း နှိုင်းယှဉ်မပြနိုင်ဘူး......"
"ဘာလဲ ခင်ဗျားက ရင်ထဲမှာကတစ်ယောက်.....တွဲနေတာကတစ်ယောက်.....အပျော်လုပ်နေတာက တစ်ယောက်ပေါ့......အချစ်တွေကပေါများလိုက်တာ....."

​သူ့ကို ယိုးစွပ်နေတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့် အေးစက်စွာကြည့်လိုက်ကာ.....

"မောင်.....မောင်တကယ်ကို ငယ်သေးတယ်.....ကိုယ်ပြောခဲ့ဖူးသားပဲ.....တွဲနေတိုင်းချစ်လို့မဟုတ်ဘူး.....ချစ်သူတွေဖြစ်တိုင်းလည်း ချစ်ကြလို့မဟုတ်ဘူး.....ချစ်တယ်ချစ်တယ် တဖွဖွပြောတိုင်းလည်း အချိန်တန်ရင် အချစ်ဆိုတဲ့ဟာကို စည်းစိမ်တွေနဲ့ လဲလိုက်ကြတာပဲ......အဲ့တော့ အခုကတည်းက အတိအလင်းပြောထားမယ်.....မောင့်ကို ကိုယ်ပတ်သက်နေတာ ချစ်နေလို့ထင်ရင်လည်း.....လဲ....သေ....လိုက်...."
ဒေါသထွက်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် စိုက်ကြည့်လို့နေမိသည်။ သူဘာစကားမှားသွားလို့ ဒီလောက်ထိတောင် ဖြစ်သွားရတာလဲ။ သူပြောခဲ့တဲ့ အထဲမှာ ဘာမှမှားနေတာလဲ တစ်ခုမှမရှိဘူး။ အမှန်ပြောလိုက်လို့ နာသွားတာလည်း ဖြစ်လိမ့်မယ်။သူကိုယ်တိုင်လည်း သိတယ်.....ဒီလူသူ့ကို အပျော်သပ်သပ် လိုက်နှောင့်နေမှန်း.....ဒါပေမယ့် ဒီလို အတိအလင်းနားနဲ့ ဆတ်ဆတ်ကြားလိုက်ရတဲ့ အခါ ရင်ထဲတကယ်ကို တင်းကြပ်လို့သွားသည်။
သူ့ရှေ့ကနေထွက်သွားဖို့လုပ်နေတဲ့ ရှောင်းကျန့်​၏ လက်ကောက်ဝတ်ကို ဝမ်ရိပေါ် လှမ်းဆွဲလိုက်ဖို့ထိမိတဲ့အခါ ရှောင်းကျန့်က ပုတ်ထုတ်လိုက်ပြီး နဂိုထပ်ပင်ဒေါသကြီးစွာ ခပ်စူးစူးအော်လိုက်​၏။

"အဲ့ဒိ ညာဘက်လက်ကောက်ဝတ်ကို ဘယ်တော့မှ လာမထိနဲ့......"