ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၁)Unicode

မနက်နေရောင်စူးစူးက မျက်နှာပေါ်သို့ကျရောက်လာသည့် အခါ ဝမ်ရိပေါ် မျက်လုံးများပွင့်လာသည်။ ဒါတောင် ပြတင်းတံခါးတွေမှာ အနီရောင် လိုက်ကာတွေ က တဆင့်ခံထားသေးသည်။ နေရောင်စူးနေရခြင်းအကြောင်းကတော့ မနက် ၉ နာရီ ထက်ကျော်လွန်နေကြောင်းပြလို့နေတာဖြစ်သည်။သူ့ဘဝမှာဒီနေ့ဟာအိပ်ရာထနောက်အကျဆုံးလို့ ဆိုနိုင်မလား။

ဝမ်ရိပေါ် တစ်ပါးသူရဲ့ အိပ်ရာပေါ်မှာ နိုးထလာပြီး ဘေးကိုငဲ့ကြည့်လိုက်တော့ ထိုအိပ်ရာပိုင်ရှင်က ရှိမနေ။ အခန်းပြင်ရောက်နေသည်ဟုသာထင်မှတ်လိုက်ကာ ကုတင်ဘေးနား ခုံပေါ်က သူ့ရဲ့ ဖုန်းကိုယူလိုက်သည်။

ဖုန်းထဲမှာ အတွင်းရေးမှူးဂျက် ဆီကခေါ်ထားတာတွေက ဆယ်ခေါက်ထက်မနည်း။ ဂျက်ကို ဝမ်ရိပေါ် ဖုန်းပြန်ခေါ်လိုက်ကာ....

"အေး....ဂျက်....ငါဒီနေ့ အလုပ်မလာတော့ဘူး....သိပ်အရေးကြီး ကိစ္စမရှိရင် မင်းပဲ ကြည့်လုပ်လိုက်....."

ဖုန်းချလိုက်ပြီးနောက် ဝမ်ရိပေါ် သူ့ဖုန်းထဲက ဓာတ်ပုံတစ်ခုကို ပြန်ကြည့်လို့နေသည်။ ဓာတ်ပုံထဲမှာ သူ့လက်မောင်းပေါ်အိပ်ပျော်နေတဲ့လူရဲ့ နဖူးပေါ်သူနမ်းနေတဲ့ နှစ်ယောက်တွဲပုံ။ ညတုန်းက သူအိပ်မပျော်ခင်ဓာတ်ပုံရိုက်လိုက်တာ ထိုလူမသိလိုက်.....သူ့ထက်အရင်အိပ်ပျော်သွားခဲ့သည်လေ။ ဓာတ်ပုံထဲမှာ တွေ့နေရတဲ့ ထိုလူရဲ့ လည်တိုင်ကစလို့ အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး လက်ညိုးထောက်စရာနေရာတောင် မရှိအောင် နီညိုရောင်တွေနှင့်ပြည့်နှက်နေတာဖြစ်သည်။

ဝမ်ရိပေါ် ပြုံးလိုက်မိပြန်သည်။ လည်ပင်းလေးတစ်ခါ နမ်းဖို့တောင် တွန့်တိုတတ်တဲ့သူက ညက "မောင့်သဘော " တဲ့...။ စကားလုံးလေးက သုံးလုံးတည်းပေမယ့် သူ့ရဲ့ စိတ်ခံစားမှုကို ဟိုးအမြင့်ဆုံးရောက်သည်အထိ ဆွဲတင်ပစ်လိုက်နိုင်စွမ်းရှိသည်။ ဘယ်လောက်တောင်လဲ ဆိုရင် မြင်မကောင်းအောင် ကြေမွနေတဲ့ အိပ်ရာခင်းက ဖြေပေးလိမ့်မယ်။

ညကတည်းက အခုထက်ထိ သူ့နားထဲမှာ ကြားယောင်နေဆဲ စကားတစ်ခွန်း ။ဒီစကားတစ်ခွန်းကြောင့်ပဲ ဒီအထိဖြစ်ခဲ့တာ။ နောက်ပြီး သူလုံးဝမထင်ထားတဲ့ ကိစ္စတစ်ခု။ သူထင်တာ မမှားဘူးဆိုရင် သည်းကြီးမည်းကြီး ဖြတ်သန်းခဲ့တဲ့ညတစ်ခုက သူ့အတွက်ပဲပထမဦးဆုံးမဟုတ်ဘူး ဟိုလူ့အတွက်လည်း ပထမဦးဆုံး....။ ဒါက အိပ်ရာနိုးလာပြီးကတည်းက သူခဏခဏပြုံးနေရတဲ့ အကြောင်းအရင်း။

ဝမ်ရိပေါ် အိပ်ရာပေါ်က ထလိုက်ကာ သူ့ရဲ့ ရှပ်အင်္ကျီကို ပြန်ရှာလို့နေသည်။ သို့သော် ရှပ်အင်္ကျီအစား စာရွက်ပိုင်းအတိုလေးတစ်ခုသာတွေ့သည်။

"မောင့်ရဲ့ အင်္ကျီကို ကိုယ်လျှော်ပေးထားတယ်....မခြောက်လောက်သေးဘူး ကိုယ့်ရဲ့ အင်္ကျီတစ်ထည်သာ ယူဝတ်သွားလိုက်....."

စာတိုလေးကို ဝမ်ရိပေါ်ကြည့်ရင်း မျက်ခုံးတွေ တွန့်ချိုးမိသည်။ စာချန်ခဲ့တာ ဆိုတော့ ဒီလူက အိမ်မှာရှိနေတာမဟုတ်ဘူးလား။ ဝမ်ရိပေါ် စာရွက်လေးကို လုံးချေပြီး ကြမ်းပြင်ပေါ်သာ ပစ်လိုက်သည်။ ထို့နောက် အိပ်ခန်းပြင်သို့ထွက်ပြီး ဧည့်ခန်းကစလို့ ထမင်းစားခန်းပါမကျန်လိုက်ရှာနေသည်။ သို့သော်လည်း လူရိပ်နဲ့တူတဲ့ အရိပ်အယောင်တစ်ခုမှ မရှိ။ ဝမ်ရိပေါ် အိပ်ခန်းထဲကို ပြန်ဝင်လာကာ ဖုန်းကိုယူပြီး ရှောင်းကျန့်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသော်လည်း တစ်ဖက်ကချပစ်လိုက်သည်။ ငါးခေါက်ထပ်မနည်းခေါ် နေသော်လည်း အခေါက်တိုင်းချပစ်လိုက်တာကြောင့် ဝမ်ရိပေါ် တောက်ခေါက်မိလိုက်သည်။ ထိုစဉ် ဖုန်းထဲသို့စာ တစ်စောင်ဝင်လာ​၏။

"ဆောရီးမောင်.....ဖုန်းပြောဖို့ အဆင်မပြေလို့...."

ဖုန်းခေါ်လို့မရတဲ့ အဆုံး ဝမ်ရိပေါ်လည်း မက်ဆေ့ချ်သာပို့လိုက်သည်။

"ဖုန်းပြောဖို့ အဆင်မပြေရအောင် ခင်ဗျားက ဘာလုပ်နေလို့လဲ....."

နဂိုမကြည်တော့တဲ့စိတ်က ရှောင်းကျန့်ဘက်က ပြန်စာကြောင့် ပိုလို့တင်းသွားရသည်။
"မောင့် ယောက္ခမကြီးနဲ့ မနက်စာစားနေလို့....."

"ခင်ဗျား ချက်ချင်းပြန်လာခဲ့...."

"အကြောင်းရှိလို့လားမောင်...."

"အခုဘယ်မှာလဲ....."

"ကိုယ်ရောက်နေတဲ့ နေရာကို မောင်သိပြီးဘာလုပ်မလို့လဲ....ဒါဆိုဒါပဲနော် ဦးရဲ့ အရှေ့မှာ တခြားတစ်ယောက်ကို စာပို့နေတာ မကောင်းဘူးလေ....."

ဝမ်ရိပေါ်  စာထပ်ပို့လိုက်လည်း တစ်ဖက်က ပြန်မဖြေတော့တာကြောင့် ဖုန်းခေါ်ဖို့ကြိုးစားလိုက်တဲ့အခါ တစ်ဖက်က ဖုန်းပါပိတ်သွားသည်တဲ့။ ဝမ်ရိပေါ် ဒေါသထွက်လွန်း၍ လက်ထဲက ဖုန်းကို နံရံရှိရာဘက်သို့ အားကုန်ပစ်ပေါက်လိုက်သည်။
ထို့နောက် အဝတ်ဗီဒို ရှိရာသို့သွားပြီး ရှောင်းကျန့် အင်္ကျီတွေထဲက သင့်တော်မည့် အင်္ကျီတစ်ထည်ကို ယူလိုက်ကာ အခန်းထောင့်က ကိုယ်လုံးပေါ် မှန်ရှေ့မှာရပ်ကာ ဝတ်ဆင်လို့နေသည်။ သူ့ရင်ဘတ်နဲ့ ကျောပြင်မှာရစရာမရှိအောင် များပြားလွန်းတဲ့ လက်သည်းရာအစင်းကြောင်းတွေက မှန်ထဲမှာ ထင်ထင်ရှားရှား။

ရှောင်းကျန့်ဆိုတဲ့လူက ဘာအချိုးတွေချိုးနေတာလဲ။ ညတုန်းကပြောခဲ့တဲ့ စကားတစ်ခွန်းက အရူးထပြီးပြောခဲ့တာလား။ သေချာတာကတော့ ပြောခဲ့တဲ့သူနဲ့ အခုထက်ထိကြားယောင်နေတဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ကတော့ ရူးနေတာကျိန်းသေတယ်။
"ချွမ်း....ခလွမ်း...."

ဝမ်ရိပေါ် တွေးရင်းနဲ့ အသည်းပေါက်လွန်းတာကြောင့် သူရပ်ကြည့်နေတဲ့ မှန်ကိုလက်နဲ့ အားပြင်းစွာတွန်းလှဲလိုက်သည်။ အခုတော့ အနီရောင်ဘောင်ကွပ်ထားတဲ့ ကိုယ်လုံးပေါ် မှန်ကြီးက အိပ်ခန်းကြမ်းပြင်ပေါ်မှာ အစိတ်စိတ်ကြေမွလျက်....။

__________  ____________

"ရှောင်း....နေမကောင်းဘူးလား...."

"ဘာဖြစ်လို့လဲ ဦးရဲ့....."

"လည်ပင်းမှာ မာဖလာ ဝတ်ထားတာ ဆိုတော့ အအေးမိထားလို့လားလို့....."

အင်္ကျီလည်ပင်းကော်လာကို ထောင်ပြီးဝတ်ထားရုံမက မာဖလာပါပတ်ထားတဲ့ ရှောင်းကျန့်ကို ယန်ချောင်မင်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။
"အင်း....ညတုန်းက aircon အောက်မှာ အင်္ကျီချွတ်ပြီးအိပ်မိသွားလို့....."

ယန်ချောင်မင် ရေဖန်ခွက်ကို ကိုင်ပြီး သောက်မည်အလုပ် လက်က ဆတ်ကနဲတုန်သွားရသည်။ ထို့နောက် ပင့်သက်ရှိုက်လိုက်ပြီး.....

"အင်္ကျီဘာလို့ ချွတ်အိပ်တာလဲရှောင်း.....ညကရာသီဥတု ဒီလောက်အေးနေတာကို....."

"ဪ ဟုတ်လား.....သတိတောင်မထားမိလိုက်ဘူး....ဒါဆို ညက ကျွန်တော်တစ်ယောက်ပဲ ချွေးထွက်နေတာဖြစ်မယ်......"

"ရှောင်း~~ဘာလို့ ညကချွေးထွက်ရတာလဲလို့ ကိုယ်ထပ်မေးရင် ရှောင်းဖြေမှာလား...."
ယန်ချောင်မင်​၏ အသံက တုန်နေသည်။

"ဦးပြောကြည့်လေ....ဦးဆိုရင်ရော ဆောင်းတွင်းကြီးမှာ ဘယ်အချိန်တွေ ချွေးထွက်တတ်လဲ....."

အစားတောင် ဆက်မစားနိုင် စကားတောင်ဆက်မပြောနိုင်ဘဲ သူ့ကို တွေတွေကြီး စိုက်ကြည့်နေတဲ့ ယန်ချောင်မင်ကို ရှောင်းကျန့် ကြည့်နေရင်း ရယ်ချင်စိတ်မထိန်းနိုင်တော့တာကြောင့်.....

"ဟား....ဟား....ဟား.....ဦးကလည်း....ကျွန်တော်က နောက်နေတာကို....စိတ်မကောင်းဖြစ်သွားတာလား...."

ရှောင်းကျန့်ဘက်က ရယ်စရာလုပ်ပြောနေတာတောင် ယန်ချောင်မင် မလှုပ်ယှက်နိုင်သေး​။ ထို့ကြောင့် ရှောင်းကျန့် ယန်ချောင်မင်နှင့် မျက်နှာချင်းဆိုင် ထိုင်လျက်အနေအထားကနေ နေရာပြောင်းကာ ဘေးချင်းကပ်ထိုင်လိုက်သည်။ ပြီးနောက် ယန်ချောင်မင်​၏ လက်မောင်းတစ်ဖက်ကို ချိတ်ပြီး ပုခုံးထက်တွင် ခေါင်းတင်လိုက်ကာ....
"ဦး....."

သူ့ပုခုံးပေါ်မှာ ခေါင်းလေးလာတင်သော ရှောင်းကျန့်ကို ယန်ချောင်မင် စောင်းငဲ့ကြည့်လိုက်သည်။

"ဦးစိတ်မကောင်းဖြစ်သွားတာလားဟင်....ကျွန်တော်က ဦးကို သဝန်တိုစေချင်လို့ စလိုက်တာလေ....ဦးက ဒေါသမထွက်ဘဲနဲ့ စိတ်မကောင်းဖြစ်သွားတဲ့အခါ ကျွန်တော်လည်း ဘယ်စိတ်ကောင်းပါ့မလဲ....."

"ဆောရီးပါ ရှောင်း....ကိုယ်က ရှောင်းနောက်နေမှန်းမသိလိုက်လို့.....ရှောင်းလည်း စိတ်မကောင်းမဖြစ်နဲ့တော့နော်....."
"ဦး...."

"ဟင်.....ပြောလေ ရှောင်း...."

"ဦး ကျွန်တော့်ကို သိပ်ချစ်တာပဲလား....."

"သိပ်ချစ်တာပေါ့ ရှောင်း....."

"ဘယ်လောက်ထိချစ်လည်းဟင်....."

"ရူးရမတတ်ကို ချစ်တယ်ရှောင်း...."

ရှောင်းကျန့်က မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်လိုက်ကာ......

"ကျွန်တော်မရှိရင် ရူးသွားနိုင်တယ်လို့ပြောတာလားဟင်....."

"သေပါသေသွားနိုင်တယ် ရှောင်း....ကိုယ်အပိုတွေပြောနေတာမဟုတ်ဘူး....."

"ဦးရာ....."

ယန်ချောင်မင်ရဲ့ ပုခုံးပေါ် ရှောင်းကျန့် ခေါင်းတင်ထားရာမှ ရင်ခွင်နားထိ မျက်နှာသွားအပ်လိုက်သည်။
"ကျွန်တော်က ဘာလို့ ဦးရဲ့ အချစ်တွေကို မမြင်ခဲ့ရတာလဲ~~~"

အဖျားခတ်မှာ သိမ်ဝင်သွားတဲ့ အသံနဲ့ပြောလာတဲ့ ရှောင်းကျန့်ကြောင့် ယန်ချောင်မင်ပြာသွားရသည်။ရှောင်းငိုနေတာတော့ မဟုတ်ဘူးမလား....။

"ရှောင်းဘာဖြစ်လို့လဲဟင်....."

"ဘာမှ မဖြစ်ပါဘူး.....ကျွန်တော် ဦးရဲ့ အချစ်တွေကို လျစ်လျူရှုမိသလို ဖြစ်သွားခဲ့တယ်.....ပြီးတော့ အခုတလော ဦးကို ကျွန်တော်က စိမ်းစိမ်းကားကားနဲ့ ....."

ရှောင်းကျန့်ပြောနေရင်း မျက်ရည်တွေပါကျလာတာကြောင့် ယန်ချောင်မင် ရှောင်းကျန့်ရဲ့ မျက်နှာလေးကို ဆွဲယူလိုက်ပြီး လက်ခုံဖြင့် မျက်ရည်များကို သုတ်ပေးလို့နေသည်။
"ရှောင်းရယ်......မငိုပါနဲ့......ရှောင်းဘယ်တုန်းက ဒီလိုမျက်ရည်ကျဖူးလို့လဲ......"

"အဲ့တာ ဦးကြောင့်ကျတဲ့မျက်ရည်လေ.....ဦးက ကျွန်တော့်ကို ဝမ်းနည်းအောင်လုပ်တာကို....."

"ဟောဗျာ....ကိုယ်ဘာလုပ်လို့လဲ....."

"ဦးက ကျွန်တော့်ကို ချစ်တယ် ချစ်တယ်ပြောပြီး.....ပြောရရင်တော့ ဦးရဲ့ သမီးတွေနဲ့လည်း တရားဝင်မိတ်မဆက်ပေးသေးဘူး.....ယူမီလေးနဲ့ကတော့ ခဏခဏ တွေ့ဖူးပေမယ့် တရားဝင်တော့ မဟုတ်သေးဘူးလေ......"

"ဟား....ဟား....ဟား.....ဘာများလဲလို့ ရှောင်းရယ်....ကိုယ်မိတ်မဆက်ပေးတာက ရှောင်းကြိုက်မှန်းမသိ မကြိုက်မှန်းမသိ တာကြောင့်ပါ.....ကိုယ်က ရှောင်းဒီပြန်ရောက်ပြီးကတည်းက မိတ်ဆက်ပေးချင်ခဲ့တာလေ....."
ရှောင်းကျန့်က မျက်နှာမှာ ပြုံးယောင်လေးသန်းလိုက်ပြီးနောက်......

"အဲ့တာဆို ဒီနေ့ နေ့လည် မိတ်ဆက်ပေး.....ဆူးလီလေးနဲ့ရော....ယူမီလေးနဲ့ရော.....ပြီးတော့ ယူမီလေးကိုဦးသမက်လေးပါခေါ်လာခိုင်းလိုက်....."

ယန်ချောင်မင် စိတ်ထဲနည်းနည်းထင့်သွားရကာ.....

"ဦးသမက်လေးပါ လိုက်စရာလိုလို့လား....."

"ဦးကလည်း ဦးနဲ့ ပတ်သက်နေသ၍တော့ ဦးသမက်လေးကလည်း ကျွန်တော့်သမက်လေးပဲလေ....."

"ရှောင်းက တကယ့်အတတ်လေးကွာ....."

​မျက်ရည်ကျထားတဲ့ အရှိန်ကြောင့် အနည်းငယ်နီရဲနေတဲ့ ရှောင်းကျန့်ရဲ့ နှာတံချွန်ချွန်လေးကို ယန်ချောင်မင်က မနာအောင်ဆွဲကာ နဖူးပေါ်ကိုဖွဖွ နမ်းလိုက်သည်။ ရှောင်းကျန့်ကလည်း ကြည်ဖြူစွာ ပြုံးပြုံးလေးနဲ့ အနမ်းခံလို့နေသည်။
ဘယ်အချိန်မှာ အကျနာဆုံးလဲ....။

အမြင့်ဆုံးကိုခေါ်တင်သွားပြီး မှ တွန်းချရင် အကျနာဆုံးဆိုတာ တစ်စုံတစ်ယောက်ကောင်းကောင်း သိတယ်။

___________ ___________

"ဝုန်း...."

အခန်းတံခါးကို ကျိုးပြတ်လုမတတ်ဆောင့်ပိတ်လိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ယန်ယူမီ လန့်ပြီးနိုးလာရသည်။ ညတုန်းက သူတစ်ရေးမှ အိပ်မပျော်ခဲ့လို့ အခုမှ မှေးကနဲ အိပ်ပျော်သွားတော့မှာဖြစ်သည်။

"မောင်....ပြန်ရောက်....."

ယန်ယူမီ စကားပင်မဆုံးသေး ဝမ်ရိပေါ် က ကိုယ်ပေါ်က ရှပ်အင်္ကျီ အနီကို ချွတ်ကာ ရေချိုးခန်းထဲဝင်သွားသည်။ ရှိသမျှအားနဲ့ ဆောင့်ပိတ်သွားခြင်းခံရတဲ့ ရေချိုးခန်းတံခါးကလည်း ကျိုးပြတ်လုမတတ်ပဲ။ အပြင်ဘက်မှာ ယန်ယူမီကတော့ ရင်ဘတ်ပေါ်လက်တင်ထားရလောက်တဲ့ အထိတောင် ထိတ်လန့်ပြီးကျန်ခဲ့သည်။
ရေချိုးခန်းက ရေပန်းအောက်မှာ ဝမ်ရိပေါ် ခေါင်းကစပြီးစိုစွတ်စေလိုက်သည်။ လက်သည်းရာတွေကြောင့် ကျောပြင်နဲ့ ရင်ဘတ်ပေါ်ကိုရေစက်တွေကျသွားလို့ ကျိန်းစပ်သွားသည့်အခါတိုင်း အာရုံထဲမှာ တရိပ်ရိပ်ပန်တိုးလာတဲ့ ခံစားမှုတွေက တငွေ့ငွေ့ကျွမ်းလောင်နေတုန်းပဲ။ အဲ့ထိ ခံစားမှုတွေကို ဘာတွေကပြန်တိုက်စားသွားလဲ။ ဟိုလူချိုးသွားတဲ့ သောက်ချိုးတွေက တစ်ခုမကျန်အကုန်တိုက်စား ချေဖျက်သွားတယ်။
သူ့အနေနဲ့ လူမှန်းသိတတ်စအရွယ်ကတည်းက ဘယ်သူ့ကိုမှ သောက်နဲ့မနှိုင်းဖူးသလို ဘယ်သူ့ကိုမှလည်း နူးနူးညံ့ညံ့မဆက်ဆံခဲ့ဖူးဘူး။ သူများ မျက်ရည်တွေကို သုတ်ပေးဖို့မပြောနဲ့ သူ့အရှေ့ လဲသေသွားရင်တောင် မျက်လုံးနဲ့ဝေ့ကြည့်ခဲ့တာ မဟုတ်ဘူး။ အဲ့တာကို ဒီလူက....။ အစကတည်းက အချိုးမပြေမှန်းသိတယ်....ဒါပေမယ့် ဒီလောက်ကြီးကတော့ တော်ရုံတန်ရုံ သောက်ချိုးမဟုတ်ဘူး။

"ဟုတ်ကဲ့ပါး.....လာခဲ့ပါမယ်....မောင့်ကိုလည်းပြောကြည့်လိုက်မယ်......ဒါပဲနော်...."
ဝမ်ရိပေါ် ရေချိုးခန်းထဲက ထွက်လာပြီးသော်လည်း တင်းမာနေတဲ့ မျက်နှာထားကြောင့် ယန်ယူမီပြောချင်တဲ့ စကားတောင် အရိပ်တကြည့်ကြည့်ဖြစ်နေရသည်။ မောင်ဘယ်ကပြန်လာတာလဲ။ ဘာတွေလုပ်ခဲ့တာလဲ။ ဘာကြောင့် ဒီလောက်ဒေါသတွေထွက်နေတာလဲ။ မေးချင် ပြောချင်တဲ့စကားတွေက တစ်သီတစ်တန်းကြီး ပေမယ့် အခုထိ တစ်လုံးမှ မထွက်လာသေး။

အခန်းက အလုံပိတ်ဖြစ်ပြီး မီးမဖွင့်ထား၍ မှောင်နေတာကြောင့် အမှောင်ထဲမှာ အင်္ကျီရှာနေတဲ့ ဝမ်ရိပေါ် အတွက် ယန်ယူမီ အခန်းမီးဖွင့်ပေးလိုက်သည်။ မီးဖွင့်ပြီးတော့ ဝမ်ရိပေါ် ရှိရာသွားမည်အလုပ် ယန်ယူမီ နှလုံးသားတစ်ခုလုံးအောက်ပြုတ်ကျသွားသည်ဟု ထင်မှတ်ရသည်။
ခုနတုန်းက  အမှောင်ထဲမှာမလို့မတွေ့ခဲ့တာ......အခုလင်းထိန်နေတဲ့ အခန်းမီးအောက်မှာ တွေ့နေရတာတွေ​။ မောင့်ရဲ့ ကျောပြင်နဲ့ ရင်ဘတ်မှာ ရစရာမရှိလောက်အောင် ထင်ရှားနေတဲ့ အစင်းရာ အခြစ်ရာတွေ။ မောင်ဘာတွေဖြစ်ခဲ့တာလဲလို့ မေးမယ့်အစား မောင်ဘာ​တွေလုပ်ခဲ့တာလဲလို့မေးရမလား။ ဘာမှမပြောနိုင်အောင် ဆွံအနေမိသောကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ မောင်ရဲ့နီရဲနေတဲ့ကျောပြင်ကို လက်နဲ့သွားထိမိလိုက်လျှင်.....
"မထိနဲ့....."

​သူ့ကို စူးရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး အော်လိုက်တဲ့မောင်က ဒေါသတွေ အရမ်းထွက်နေတယ်။သူမောင်နဲ့ ဖြတ်သန်းခဲ့တဲ့ လေးနှစ်တာ ကာလအတွင်းမှာ အေးစက်စက်မျက်နှာ အမူအရာ တစ်မျိုးတည်းရှိတဲ့မောင်က အခုအရမ်းတွေ ဒေါသထွက်ပြီး ဆတ်ဆတ်ထိမခံနိုင်တဲ့ပုံမျိုးဖြစ်လို့နေတယ်။ မောင်ဘာတွေဖြစ်နေတာလဲ.....မောင့်ဘာသာမောင် တခြားကိစ္စကြောင့် ဒေါသထွက်နေတာမလား။ ဘယ်သူ့ပယောဂကြောင့်မှာ မဟုတ်ဘူးမလား။ ယန်ယူမီ အတွေးတွေနဲ့ ယောက်ယက်ခတ်လို့နေပြီး မျက်ရည်တွေဝဲလာမိသည်။
ဝမ်ရိပေါ် အဝတ်အစားများဝတ်ဆင်ပြီးတဲ့နောက် စားပွဲခုံပေါ်တင်ထားတဲ့ ကားသော့ကိုပြန်ကောက်ယူပြီး နောက်တစ်ခေါက်အပြင်ပြန်သွားမည့်ပုံပြင်နေလျှင်....

"မောင်.....အလုပ်ပြန်သွားမလို့လား.....ဟိုလေ...."

"ပြောစရာရှိလို့လား....."

"အင်း....မောင်အပန်းမကြီးရင် ယူမီတောင်းဆိုစရာလေးရှိလို့ပါ.....ဒီနေ့ ယူမီရဲ့ပါးက သူတွဲနေတဲ့သူနဲ့ တရားဝင်တွေ့ဆုံပေးချင်လို့တဲ့.....အဲ့တာ....."

ယန်ယူမီစကားကြောင့် ဝမ်ရိပေါ် မျက်ခုံးများကိုတွန့်ချိုးမိသည်။ ယန်ယူမီလည်း ဝမ်ရိပေါ်​ရဲ့ မျက်နှာကဲကိုကြည့်ပြီး.....
"အဲ့တာ မောင်မရရင်လည်း ကိစ္စမရှိပါဘူး.....မောင်နဲ့ယူမီက ခဏခဏ တွေ့ဖူးထားပြီပဲ....ဒီတိုင်းပဲ ပါးကမောင့်ကိုပါ လိုက်ခဲ့စေချင်တယ်ဆိုလို့....."

"ရတယ်လို့ပြောလိုက်.....ဆက်ဆက်လာခဲ့မယ်လို့.....ကိုယ့်ယောက္ခမနဲ့တွဲနေတဲ့သူမလား ဒီလောက်တော့ လုပ်ပေးရမှာပေါ့......ဘယ်အချိန်တဲ့လဲ...."

"နေ့လည် တစ်နာရီပါမောင်...."

"ကောင်းပြီ...."

ဝမ်ရိပေါ် နှုတ်ခမ်းထောင့်တို့ကို ကွေးညွတ်လိုက်ပြီး လက်ထဲက ကားသော့ကို စားပွဲပေါ်ပြန်ပစ်ချလိုက်သည်။ တကယ်တမ်းကပ်ကပ်သပ်သပ် တွေးကြည့်ရင် ညတုန်းကလိုမျိုး ပတ်သတ်ခဲ့မှုမှာ သူနစ်နာခဲ့တာ မဟုတ်ဘူး။ အဲ့တော့ သူ့ဘက်ကအနေသာကြီး။ တစ်ဖက်ကလူတောင် မျက်နှာပြောင်တိုက် အကြောတင်းပြီး တွေ့ချင်သေးတာပဲ သူက မသွားနိုင်စရာ အကြောင်းမရှိဘူး။ ရှောင်းကျန့်ဆိုတဲ့သူ လူတွေရှေ့မှာ ဘယ်လောက် သောက်ကြောတင်းလဲ သူမျက်လုံးနဲ့ ကိုယ်တိုင်သွားကြည့်ချင်တယ်။
နေ့လည်တစ်နာရီ တိတိအချိန်တွင် ဝမ်ရိပေါ်နဲ့ယန်ယူမီ နှစ်ယောက်သား တွေ့ဆုံပွဲလုပ်မည့် အဆင့်မြင့်စားသောက်ဆိုင်တစ်ခုသို့ရောက်လာသည်။ ဆိုင်ထဲသို့ဝင်လာတဲ့ လူနှစ်ယောက်ကို ယန်ချောင်မင်က လက်ပြကာ သူထိုင်နေရာ စားပွဲဝိုင်းကို နေရာပြလိုက်သည်။ ယန်ချောင်မင်​၏ အရှေ့တွင်သူ​၏ သမီးငယ် ဆူးလီကလည်း ကြိုရောက်ကာ နေရာယူပြီးနေပြီဖြစ်သည်။ ယန်ယူမီက သူ့အဖေဘေးနားတွင် နေရာယူလိုက်ကာ ဝမ်ရိပေါ်က ယန်ယူမီနှင့် ဆူးလီနှစ်ယောက်ကြားက နေရာတွင်ဝင်ထိုင်လိုက်သည်။
"သမီးကြီးတို့ ခဏ နေဦးနော် ရှောင်းကနည်းနည်းနောက်ကျမယ်တဲ့ ......ကားလမ်းတွေပိတ်နေလို့....."

"အင်း....ရပါတယ် ပါး.....ဒါနဲ့ ဘာလို့ သီးသန့် စားသောက်ခန်းမှာ မတွေ့တာလဲ.....တခြားဝိုင်းတွေနဲ့ပါ ရောနေတော့ မလွတ်လပ်လောက်ဘူးမလား....."

"ပါးလည်း အစက စီစဉ်ဖို့ပါပဲ.....ရှောင်းက မိသားစုတွေတွေ့တာပဲ လူမြင်ကွင်းမှာ ပိုကောင်းတယ်ဆိုလို့...."

သည်းသည်းလှုပ်နေတဲ့ သူအဖေကို ဆူးလီကြည့်ရင်း.....

"ပါးတို့ကတော့.....အိမ်မှာနေ့တိုင်းပြောနေရတာ အားမရတော့ အပြင်မှာလည်း တရှောင်း ရှောင်းနဲ့.....ဟား....ဟား.....ဘယ်လောက်တောင် ရှောင်းက ဆွဲအားပြင်းနေလဲဟင် ပါး....."
ဆူးလီက ပွင့်လင်းသည်။ ပျော်ပျော်နေတတ်သည်။ အဖေတူသမီးဖြစ်တဲ့ အတိုင်းရည်းစားတွေက မှိုလိုပေါက်။ ရည်းစားတွေကို မှိုလိုပေါက်တွဲပေမယ့် ဘယ်ရည်းစားက ဘာအကောင်ကြီး ဖြစ်နေမှရမယ်လို့တော့မဟုတ်။ ဘယ်လိုလူပဲဖြစ်ဖြစ် သူကြိုက်ရင် သူတွဲသည့် လူမျိုးဖြစ်သည်။ အဆင့်တန်းမခွဲခြားတတ်တဲ့လူဖြစ်တာကြောင့် ယန်အိမ်တော်က လူတွေထဲမှာ ညံ့ယုတ်တဲ့စိတ်ဓာတ်မရှိတဲ့လူတစ်ယောက်လို့ဆိုနိုင်သည်။ ဒါက သူ့အစ်မဖြစ်သူနဲ့ တစ်ခါတစ်လေ အစေးမကပ်ဖြစ်ရတဲ့ အကြောင်းရင်းထဲက တစ်ခု။
ရှောင်းကျန့်ကို စောင့်နေရင်း စကားပြောနေကြစဉ် ယန်ချောင်မင်ထံသို့ဖုန်းဝင်လာသည်။ ယန်ချောင်မင်က ဖုန်းစပီကာကို ဖွင့်လိုက်ကာ.....

"ဟယ်လို ရှောင်း....."

"ဦး....ကျွန်တော် နောက်ဆယ်မိနစ်လောက်ဆိုရောက်တော့မှာ.....ဦးတို့ စားစရာတွေ အရင်မှာထားလေ တော်ကြာ ကျွန်တော်လာမှ ဆိုရင်ထပ်စောင့်နေရဦးမယ်.....ကလေးတွေကို အားနာစရာကြီး....."

"ဟုတ်ပါပြီ....ကိုယ်ရဲ့ရှောင်း....ကိုယ့်ဘက်က ဖုန်းချလိုက်မယ်နော် တော်ကြာရှောင်းကားမောင်းနေရင် အန္တရာယ်ဖြစ်နေမှာစိုးလို့......"
"ဦးကလည်း သဲပြီ....ကျွန်တော်က အငှားကားပဲစီးလာတာ.....ဒါမှ ပြန်ရင် ဦးကို ပြန်လိုက်ပို့ခိုင်းလို့ရမှာ....."

"ဪဟုတ်ပါပြီ....ဒါပဲနော် ရှောင်း.....အေးဆေးလာခဲ့....."

ယန်ချောင်မင်က ဖုန်းချဖို့ပြင်လိုက်စဉ်.....

"ဒါပဲလား ဦး....."

"ဘာလို့လဲ ရှောင်းရဲ့....."

"ဦးတစ်ခုခုမေ့မနေဘူးလား....."

"ဘာကိုလဲရှောင်း....."

"ဘယ်မှာလဲ ဖုန်းချခါနီး နှုတ်ဆက်အနမ်း...."

ယန်ချောင်မင်ရုတ်တရက် ကြောင်သွားပြီးမှ ဖုန်းမျက်နှာပြင်လေးကို အသံမြည်အောင် အနမ်းလေးပေးလိုက်သည်။ ထိုစဉ် တစ်ဖက်ကလည်း အလားတူ အပြုအမူမျိုးလုပ်၍ ဖုန်းချလိုက်လေသည်။
"Oh...My....God....! ပါးရဲ့ရှောင်းက အပြင်မှာ ဘယ်လိုနေမလဲတော့မသိဘူး ဖုန်းထဲမှာတောင် ဆူးလီရဲ့ပါးကို မသေမရှင်ဖြစ်အောင်ခြွေသွားတာ....."

တက်ကြွစွာပြောလာတဲ့ သူ့သမီးငယ် ဆူးလီကို ယန်ချောင်မင် အပြုံးတစ်ခုနဲ့သာ တုံ့ပြန်လိုက်သည်​။ ရှောင်းက အပြုအမူတွေက ကြွေစရာကောင်းတာမှန်တယ်။ ဒါပေမယ့် သူစိတ်ထဲထင့်နေတယ်....သူ့ရဲ့ရှောင်းက ဒီလိုတွေ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ယန်ချောင်မင် အတွေးလွန်နေစဉ်မှာပင် ဖန်ခွက်ဆောင့်ချသံကြားလိုက်တာကြောင့် သားအဖသုံးယောက်စလုံး ကြည့်လိုက်မိသည်။ အသံလာရာကို ကြည့်လိုက်တော့ လက်ထဲက ရေဖန်ခွက်ကို မကွဲရုံတမယ် စားပွဲပေါ်အားနဲ့ဆောင့်ချလိုက်တဲ့ ဝမ်ရိပေါ်.....။
ဆယ်မိနစ်လောက်အကြာမှာ ဆိုင်အတွင်းသို့ ရှောင်းကျန့်က တစ်လှမ်းချင်းလျှောက်လို့လာသည်။ သူသွားရမယ့် နေရာမရောက်ခင် ဖြတ်ကျော်လာတဲ့ စားပွဲဝိုင်းကလူတွေအားလုံး သူ့ဆီကိုအကြည့်ရောက်လို့နေသည်သာ။ အတွေးအမျိုးမျိုးနဲ့ ကြည့်နေကြသည့် လူတွေကို ရှောင်းကျန့် အာရုံမစိုက်ဘဲ နေရာတစ်ခုဆီသို့ တန်းတန်းမတ်မတ်သာလျှောက်လာသည်။

ယန်ချောင်မင်က ဆိုင်ရဲ့ အဝင်ဝဘက်ကို ကျောပေးထားတာကြောင့် ရှောင်းကျန့်သူ့အနောက်မှာ ရောက်နေသည်ကို သတိမထားမိ။ ရှောင်းကျန့် က သူရောက်လာတာမြင်တဲ့သူတွေကို နှုတ်ခမ်းနား လက်ညိုးလေးတေ့လိုက်ပြီး "ရှူး" ဆိုတဲ့ သင်္ကေတလေးလုပ်ပြလိုက်သည်။ ထို့နောက် ယန်ချောင်မင်ကို အနောက်ကသိုင်းဖက်ကာ လက်သွယ်သွယ်လေးများနှင့် မျက်လုံးကို အုပ်လိုက်သည်။ ယန်ချောင်မင်က ရုတ်တရက်မလို့ အံ့အားသင့်သွားကာ သူ့မျက်လုံးပေါ်က လက်ချောင်းသွယ်သွယ်လေးများကို အသာအုပ်ကိုင်လိုက်ပြီး....
"ရှောင်းလား...."

"ဟင်း....ဦးက ဘယ်လိုသိသွားတာလဲ...."

ရှောင်းကျန့်က အလိုမကျသံလေးလုပ်၍ ယန်ချောင်မင် ​၏ ပါးကို မထိတထိလေး နမ်းလိုက်ကာ ယန်ချောင်မင်​၏ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ့ဘေးနားကို ရောက်လာတဲ့ ရှောင်းကျန့်ကို ယန်ချောင်မင် ချစ်စနိုးနဲ့ စောင်းကြည့်လိုက်သည့်အခါမှာ ခေါင်းကိုမိုးကြိုးပစ်ချလိုက်သည့်အတိုင်း မိုက်ကနဲ ဖြစ်သွားရသည်။ အကြောင်းရင်းက.....။

မဲ့ပြုံးသာပြုံးလိုက်သည့် ဝမ်ရိပေါ်မှလွဲ၍ စားပွဲဝိုင်းကလူတွေအားလုံးမင်သက်ကာ ရှောင်းကျန့်ကို စိုက်ကြည့်နေစဉ် ဆူးလီက.......
"Wow....Wow....Wow....ပါး တကယ်မနိုင်ဘူး....ရှောင်းတစ်ကိုယ်လုံးရစရာကို မရှိအောင်...."

အံ့ဩခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသံကို ငါးခါထပ်မနည်း ဆူးလီလုပ်လိုက်ကာ သူ့အဖေကို လှမ်းကြည့်ပြီးပြောလိုက်သည်။ ယန်ချောင်မင်ပြန်တုံ့ပြန်ဖို့နေနေသာ ရေခွက်ဆီလှမ်းနေတဲ့ လက်တွေက တုန်နေတာကြောင့် အခုထက်ထိ မဆုပ်ကိုင်မိသေး။ မနက်တုန်းက ရှောင်းပြောခဲ့တာတွေကို နောက်နေခဲ့တာ မဟုတ်ဘူးပေါ့.....။ ခါတိုင်းဆို တစိမ့်စိမ့်ကြည့်မဝအောင် ဖြစ်ရတဲ့ ရှောင်းရဲ့ လည်တိုင်တွေနဲ့ ရင်ဘတ်အစပ်နားတွေက သူနောက်တစ်ခေါက်ပြန်မကြည့်ရဲလောက်အောင်ဖြစ်ရသည်။
ရှောင်းက ဒီနေ့ ခါတိုင်းလို အနီရောင် ရှပ်ကို ဝတ်လာတာမဟုတ်ဘဲ ထူးထူးခြားခြား သူနဲ့ အနည်းငယ်ပွနေယောင်ရှိတဲ့ ရှပ်အင်္ကျီ ဆင်စွယ်ရောင်ကို ထုံးစံအတိုင်းကြယ်သီးတွေ ရင်ဘတ်အစပ်နားထိဖြုတ်ဝတ်လာတာဖြစ်သည်။ အင်္ကျီဆင်စွယ်ရောင်က ဟပ်နေလို့ပဲလား....လည်တိုင်ကျော့ကျော့နဲ့ အင်္ကျီလွတ်နေသမျှနေရာတွေမှာ နီညိုရောင် မကလို့ ခရမ်းရောင်ဘက်ပြောင်းလုနေပြီဖြစ်တဲ့ အရာတွေက ပိုထင်းလို့နေသည်။
အရာတွေဘယ်လောက်တောင် များနေလဲ....နဂိုဖြူနစ်နေတတ်တဲ့ အသားအရေကို လက်ညိုးထောက်ပြစရာနေရာမရှိအောင်ဖြစ်ရတယ်။ သူလည်း ဒီလိုမျိုးကိစ္စတွေမှာ မစိမ်းတဲ့ လူတစ်ယောက်ပဲ.....ရှောင်းရဲ့ ခရမ်းရောင်ဘက်လုနေတဲ့ အရာတွေက ညကတည်းကဖြစ်ခဲ့တာတွေဆိုတာ သက်သေပြလို့နေတယ်။

ငြိမ်ကျနေတဲ့ စားပွဲဝိုင်းမှာ အတက်ကြွဆုံးဖြစ်နေတာက ရှောင်းကျန့်နှင့် ဆူးလီသာဖြစ်သည်။ စကားတတ်လွန်းတဲ့ ရှောင်းကျန့်နှင့် ပွင့်လင်းလွန်းတဲ့ ဆူးလီက အပေးအယူတည့်လို့နေသည်။
"ရှောင်း....ဆူးလီမေးစရာရှိတယ်....."

"အင်း မေး...."

"ရှောင်းရဲ့ နှုတ်ခမ်းတွေက ဆေးဆိုးထားတာလားဟင်......"

ရှောင်းကျန့် ဝမ်ရိပေါ်ဘက်ကို မသိမသာကြည့်ပြီး မျက်ခုံးပင့်ပြလိုက်ပြီးမှ ယန်ချောင်မင်ဘက်သို့လှည့်လိုက်ကာ......

"ဆူးလီ သိချင်ရင် ဦးကိုမေးကြည့်....."

"ရှောင်းတို့ကတော့ ဆင်ဝှေ့ရန်ရှောင် လုပ်လိုက်ပြီ....ကဲ ပါးဖြေတော့ ရှောင်းရဲ့ နှုတ်ခမ်းတွေက ဆေးဆိုးတာလား ဆေးမဆိုးထားတာလား....."

ယန်ချောင်မင် ရင်ထဲတင်းကြပ်နေတာကြောင့် ဘာစကားတစ်ခွန်းမှ ထွက်မလာ။ ပျက်ယွင်းနေတဲ့ မျက်နှာက အဖတ်မဆယ်နိုင်အောင်ပင်။ ရှောင်းဘာတွေလုပ်နေတာလဲသူမသိဘူး။ ကျိန်းသေတာကတော့ သူ့အသည်းကို ဓားနဲ့အစိမ်းမွှန်းနေတာ။ တဆစ်ဆစ်နဲ့တစ်ခါတည်းလဲသေသွားချင်လောက်အောင်နာတာ။
ယန်ချောင်မင်ဘက်က တိတ်ဆိတ်နေတာကြောင့် ရှောင်းကျန့်ကပဲ.....

"ဆူးလီ....ဆူးလီရဲ့ပါးက အဲ့လိုပဲ.....မသိချင်ယောင် အမြဲဆောင်တယ်.....ကိုယ်ကလည်း ဦး ဖြစ်လို့ကို ဗွေမယူဘူး....."

"ခွမ်း....."

ရှောင်းကျန့်ရဲ့ စကားအဆုံးမှာ ဝမ်ရိပေါ် ရှိရာဘက်မှ ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ မတော်တဆ ကျကွဲသွားတာလား တမင်သပ်သပ်ချခွဲလိုက်တာလား။ စားပွဲထိုးလေးကတော့ ကွဲကြေသွားတဲ့ ဖန်ခွက်အပိုင်းအစလေးကို အမြန်လာပြီး သိမ်းဆည်းလိုက်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်ကို ကြည့်ကာ.....

"ဆောရီး...ဒီဖန်ခွက်က မျက်စိရှေ့မှာ အာရုံနောက်လာလို့ ရွှေ့မလို့လုပ်ရင်း လက်နဲ့တိုက်မိသွားတာ...."

"ရပါတယ်....ဦးသမက်လေးရဲ့ လက်တွေဘာတွေရော ခိုက်မိသွားသေးလား....."

ရှောင်းကျန့်ယူမီဘက်ကို လှည့်ပြီး သူဝတ်လာတဲ့ ဆင်စွယ်ရောင် ရှပ်အင်္ကျီ အိတ်ကပ်ထဲက လက်ကိုင်ပုဝါစလေးကို ထုတ်ကာ ကမ်းပေးလိုက်သည်။

"ယူမီ....ရော့.....ယူမီရဲ့ မောင့် ကိုကြည့်ပေးလိုက်ပါဦး.....ယူမီရဲ့ မောင်.....ထိခိုက်သွားမှာ ကိုယ်စိုးရိမ်တယ်...."
ရှောင်းကျန့်ကမ်းပေးလိုက်တဲ့ လက်ကိုင်ပုဝါကို ယန်ယူမီ လှမ်းယူလိုက်ပေမယ့် အောက်နှုတ်ခမ်းကို ပြတ်ထွက်လုမတွက် ကိုက်ထားလို့နေသည်။ ဒီလူရဲ့ လည်တိုင်က အရာတွေက သူ့အဖေကြောင့် မဟုတ်ရင် သူထင်နေတာ မှန်နေလောက်သည်။ ထင်နေတာတွေ အမှန်မဖြစ်ဖို့ သူ့စိတ်ထဲက ရူးလောက်အောင် ဇွတ်ငြင်းနေပေမယ့် သူ့ရဲ့ အငြင်းတွေကို ဒီလူဝတ်ထားတဲ့ ဆင်စွယ်ရောင် ရှပ်အင်္ကျီကထောက်ခံမနေဘူး။

ဒီဆင်စွယ်ရောင် အင်္ကျီလေးကို သူကောင်းကောင်းသိတာပေါ့။ Brand တစ်ခုတည်းကိုပဲစွဲဝတ်တတ်တဲ့ မောင့်အတွက်  မနေ့က မင်္ဂလာနှစ်ပတ်လည်မှာ မောင်ဝတ်ဖို့ သူကိုယ်တိုင်ကျော့နေအောင် မီးပူတိုက်ခဲ့ပေးတာ။ မနေ့ည မောင်ထွက်မသွားခင်ထိ ဒီအင်္ကျီလေးက မောင့်ကိုယ်ပေါ်မှာ ရှိနေခဲ့သေးတာ။အခုတော့ သူဘာပြောရဦးမှာလဲ.....။
ဟိုလူ သူ့အဖေကို ပြုံးပြလိုက်တိုင်း၊ နမ်းလိုက်တိုင်း သိသိသာသာ မျက်နှာတည်တင်းသွားတဲ့မောင်။ လက်ထဲက ရေခွက်ကို ကွဲကြေလုမတတ်ကိုင်ပြီး မဲ့ပြုံးတွေ အကြိမ်ကြိမ်ပြုံးနေတဲ့မောင်။ ပြီးတော့ ကိုင်ထားတဲ့ ရေခွက်ကို တမင်တကာ ကြမ်းပြင်ပေါ်ကို ပစ်ချပြီး သူစိတ်အလိုမကျကြောင်း အတိအလင်းပြလိုက်တဲ့မောင်။ အခုတော့ သိခဲ့ရတယ်.....မနက်ကတည်းက ဖြစ်နေတဲ့ မောင့်ဒေါသရဲ့ အရင်းအမြစ်တွေက ရှောင်းကျန့်ဆိုတဲ့သူဆီက အစပြုလာတယ်။
သူ့အဖေလည်း ဘယ်လိုတွေ ဖြစ်နေမလဲတော့ သူမသိပေမယ့် လောလောဆယ်တော့ သူဒီဝိုင်းထဲမှာ ဆက်မရှိချင်တော့ဘူး။ အထူးသဖြင့် မောင့်ကို ဒီမှာ ဆက်မထိုင်စေချင်တော့ဘူး။ သူတို့ဝိုင်းမှာ မောင့်နေရာကပဲ ကျကွဲနေတဲ့ ဖန်ခွက်တွေက အခုဆို သုံးလုံးမြောက်ရှိပြီ။

"မောင်....ယူမီတို့ ပြန်ကြမလား....အိမ်မှာ အဘွားတစ်ယောက်တည်း....."

"အင်း....."

"ပါး ယူမီတို့ တော်တော်လည်း ကြာပြီဆိုတော့ ပြန်တော့မယ်နော်...."

ယန်ချောင်မင် အသံကို မနည်းတည်ငြိမ်အောင်ထိန်းကာ.....
"အေး သမီးတို့ ပြန်ချင်ပြန်လိုက်တော့လေ.....ပါးတို့လည်း တအောင့်နေပြန်ကြတော့မှာ....."

ပြန်မည့်သူတွေက ပြန်ဖို့ပြင်ဆင်နေပေမယ့် ရှောင်းကျန့်နှင့် ဆူးလီက ဖက်ရှင်အကြောင်းတွေ စုံအောင်ပြောလို့နေဆဲ။ သူတို့စကားတွေမှာသာ အာရုံရောက်နေတဲ့ ရှောင်းကျန့်ကို ယန်ချောင်မင်က နှုတ်ဆက်ဖို့ သတိပေးလိုက်သည်။ ထိုအခါမှာ ရှောင်းကျန့်က.....

"ဪ...ဪ....ပြန်ကြတော့မလား....ဂရုစိုက်ဦးနော် ယူမီနဲ့ ယူမီရဲ့ မောင်....."
ပြီးနောက် ရှောင်းကျန့်က ဘာမှဂရုမစိုက်တဲ့ပုံနှင့် ဆူးလီနဲ့သာ စကားဆက်ပြောနေသည်။ ဝမ်ရိပေါ်က လှည့်ထွက်မသွားခင် ရှောင်းကျန့်ကို မျက်လုံးများမှေးစင်းလို့ ဘောင်ခတ်ကာ ကြည့်သွားသည်။

"အငှားကားနဲ့ပြန်နှင့်လိုက်....."

"ဘာဖြစ်လို့လဲမောင်....."

အပြင်ရောက်လာတော့ မိမိကို အငှားကားနှင့်ပြန်ခိုင်းနေတဲ့ ဝမ်ရိပေါ်ကို ယန်ယူမီမေးလိုက်သည်။

"သွားစရာရှိလို့....."

"အင်းပါမောင်....."

ယန်ယူမီ ဆက်မမေးတော့ဘဲ ဝမ်ရိပေါ် အလိုကျအငှားကားကိုသာတားကာ လိုက်ပါသွားလေသည်။ သူမေးရင် သူပဲနာကျင်ရမယ်ဆိုတာ သိနေ၍ပင်။
ဝမ်ရိပေါ် ကားပေါ်မှာ ထိုင်ရင်း သူ့လက်ထဲက ဖုန်းဖြင့် ရှောင်းကျန့်ကို စာပို့လိုက်သည်။

"ခင်ဗျား အခုချက်ချင်းထွက်ခဲ့လိုက်....."

တစ်ဖက်က တုံ့ပြန်မှုက တစ်စက္ကန့်တောင်မခြား။

"မထွက်ခဲ့တော့ရော...."

"စိတ်ထဲမှာ တစ်ကနေ တစ်ဆယ်ရေလို့မှ မထွက်ခဲ့သေးရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို တရွတ်တိုက် လာဆွဲခေါ်မှာ ရှောင်းကျန့် .....နောက်နေတာတော့ မဟုတ်ဘူး...."

အဲ့လူ ဘယ်လောက်တောင် မထီမျက်မြင် လုပ်ပြီးသူ့စိတ်ကိုဆွလဲ ။ ပြန်ဖြေလာတဲ့ စာတစ်ကြောင်းမှာ သောက်ကြောတင်းမှုတွေ အတိုင်းသားပေါ်တယ်။
"အင်း....အဲ့တာဆိုလည်း မောင်လာဆွဲခေါ်  "