ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၇)Unicode

ရှောင်းကျန့် နှင့် ဟန်ချောင်မင် တို့ စားသောက်ဆိုင်တစ်ခုတွင် မနက်စာ စားသောက်နေကြသည်။

"ရှောင်း....."

"ဟင်....."

ယန်ချောင်မင်ကို ရှောင်းကျန့်က အစားအသောက်မပြတ်ဘဲ ထူးလိုက်သည်။

"ရှောင်း.....တခြားနေရာတစ်ခုမှာ နေ နေတာလား....."

"......"

"ကိုယ် ဟိုတယ်လာတိုင်း ရှောင်းက အမြဲရှိမနေဘူး.....ရှိနေပြန်တော့လည်း တစ်နေရာက လာရတဲ့ပုံမျိုး......"

ရှောင်းကျန့် ဇွန်းနဲ့ ခရင်းကို အသာချကာ စားလက်စကို ရပ်လိုက်သည်။ ထို့နောက် ယန်ချောင်မင်​၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြုံးယောင်သမ်းလိုက်ကာ.....

"အဲ့ဒိတော့....."

သိပြီးမှမေးနေတဲ့ သူကို ဗြောင်လိမ်ရင်လိမ် မလိမ်ရင်ထိပ်တိုက်တွေ့....လမ်းကနှစ်ခုပဲရှိတယ်။ သူထိပ်တိုက်တွေ့ဖို့ပဲရွေးတယ်။

"အဲ့ဒိတော့ ဘာမှမဟုတ်ပါဘူး....ကိုယ်က ဒီတိုင်းပဲသိချင်လို့ပါ......"

ဘာမှ ဆက်မမေးလာတော့တဲ့ သူ့ရှေ့က ယန်ချောင်မင်ကို ရှောင်းကျန့် စိုက်ကြည့်လို့နေသည်။ ရေတစ်ခွက်လုံးကို တစ်ခါတည်းမော့လိုက်တဲ့ ထိုလူက ရင်ထဲဘယ်လောက်တင်းကြပ်နေလည်းဆိုတာ အလွန်သိသာသည်။ ယန်ချောင်မင် သူ့ကိုဘာမှ ဆက်မေးတော့မှာ မဟုတ်ဘူး။ ထပ်မေးလာရင် သူ့ဘက်က သံသယမှုကို အကြောင်းပြပြီး လမ်းခွဲစကားစပြောလိုက်မှာ ထိုလူက သိပ်ကြောက်တယ်။ အဆူးကို ကိုင်ထားမှတော့ ဒီလူလည်း နာတာပေါ့။ လွှတ်ချပေးနိုင်လားဆိုတော့လည်း ဘာမှ ထပ်မပြောလာတော့တာပဲကြည့်။

"ဒါနဲ့ ရှောင်းရဲ့ အောက်နှုတ်ခမ်းက ဘာဖြစ်တာလဲ....."

"ဘာလဲ အနမ်းခံထားရတယ်ထင်လို့လား....."

"......"

"ခုံစောင်းနဲ့ ဆောင့်မိတာလို့ ပြောရင် ယုံလား....ဦး..."

ယန်ချောင်မင် လက်ထဲက ဇွန်းနဲ့ ခရင်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ကာ.....

"ယုံတယ် ရှောင်း....."

"အင်း အဲ့တာဆိုလည်း ခုံစောင်းနဲ့ ဆောင့်မိထားတာ....."

"ဆောင့်မိထားတဲ့ ခုံစောင်းက ယောကျာ်းလေးလား မိန်းကလေးလား....."

သွေးတိုးလာစမ်းတဲ့ မေးခွန်းကို သူလည်း မေးခွန်းလေးနဲ့ ပဲပြန်ဖြေလိုက်ချင်တယ်။ ဦးသမက်လေးက ယောကျာ်းလေးလား မိန်းကလေးလားဆိုတာပေါ့။ ဒါပေမယ့် စောသေးတယ်။

"သိတော့ရော....ဦးဘာလုပ်မလို့လဲ...."

"ဘာမှမလုပ်ပါဘူး.....ဒီတိုင်းပဲ...."

"ဘာမှ မလုပ်မယ့် အတူတူ သိထားပြီး ဘာလုပ်မှာလဲ.....တစ်ခုပဲ ဦးတကယ်လို့ တွဲရမှာ အဆင်မပြေတော့ရင် ကျွန်တော့်ဘက်က အချိန်မရွေး......"

ရှောင်းကျန့်​၏ စကားကို ယန်ချောင်မင် အဆုံးထိ အပြောမခံ။

"နေဦးရှောင်း....ကိုယ်က ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းနဲ့ တွဲနေဦးမှာပဲ....."

ရှောင်းကျန့် ပုခုံးတစ်ချက်တွန့်ပြလိုက်ကာ ထိုင်နေရာမှ ထလိုက်ပြီး ယန်ချောင်မင်​၏ လက်တစ်ဖက်ကိုဆွဲယူလို့ လက်ဖမိုးပေါ်  အနမ်းတစ်ခုပေးလိုက်သည်။
"ဦးသဘောပါ...."

အသက်မပါတဲ့ အနမ်းမှာ ယန်ချောင်မင် ရင်နာနာနဲ့ ပြုံးလိုက်ရသည်။

အခုတလော ရှောင်းသူ့အပေါ် အရမ်းစိမ်းနေတယ်။ အရင်တုန်းကလည်း အရမ်းကြင်နာပြနေတာ မဟုတ်ပေမယ့် ဘေကျင်းပြန်ရောက်လာပြီးမှ ခါတိုင်းထက်ကို ရှောင်ခွာလွန်းတယ်။ သူတို့စ စတွဲတုန်းကဆိုရင် ရှောင်းက သူ့ကို အသေခြွေတယ်.....သူရူးလောက်အောင် ကြွေသွားတဲ့အချိန်မှာတော့ အသေချေတယ်။ အခုတော့ ဘယ်အချိန်မှာ သူစကားမှားမလဲဆိုတာစောင့်ပြီး လမ်းခွဲဖို့အသင့်ဖြစ်လို့နေတယ်။
ရှောင်းဟာ သိပ်ဆိုးတယ်......ဒီလိုပါပဲ ဆိုးတဲ့သူတွေကို လူတွေကပိုချစ်တယ်။

________  __________

​ရှောင်းကျန့် ဝမ်ရိပေါ် ​၏ ရုံးခန်းထဲဝင်ရန် ရုံးခန်းတံခါးလက်ကိုင်ကိုဆွဲဖို့လုပ်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။ နေဦး....သူက ဘာကိစ္စနဲ့ အရင်ပြန်ခေါ်ရမှာလဲ။ သူ့ကိုသော့ခတ်ခဲ့လို့ သူကပြန်လုပ်လိုက်တာလေ။ ဒါတောင်သူ့ကို နှုတ်ခမ်းပေါက်အောင် ပြန်ထပ်လုပ်သွားတော့ သူကပိုနစ်နာတဲ့သူမဟုတ်လား။

တံခါးလက်ကိုင်ကို ကိုင်လိုက် လွှတ်လိုက်လုပ်နေရင်း အပြင်အလုပ်ကိစ္စတစ်ခုက ပြန်လာတဲ့ ဂျက်ကိုတွေ့လိုက်တဲ့အခါ.....
"ဂျက်....."

"ဟုတ်ကဲ့ ပြောပါ....."

"ဟို....စိတ်ဆိုး စိတ်ကောက်ကြတဲ့ လူတွေကို ဘယ်လိုချော့ကြလဲ....."

"သာမန်အားဖြင့်တော့ သူတို့ကြိုက်တဲ့ အရာလေးတွေလုပ်ပေးလိုက်ရင် အဆင်ပြေသွားကြပါတယ်.....ချစ်သူရည်းစားတွေ ဆိုရင်တော့ ကျွန်တော်လည်း မသိဘူးခင်ဗျ...."

​ဂျက်​၏ အပြောကို ရှောင်းကျန့် မျက်မှောင်ကျုံ့လိုက်သည်။

"ချစ်သူရည်းစားတွေအကြောင်းမေးနေတာမဟုတ်ဘူး....."

"ကျွန်တော်ကလည်း ဒီတိုင်းယေဘုယျ သဘောမျိုးပြောတာပါ.....သူဌေးက ရှောင်းကျန့်ကို စိတ်ဆိုးနေတယ်လို့လည်း တိတိကျကျ ပြောနေတာမဟုတ်ပါဘူး ခင်ဗျ......"
"ဘယ်သူက သူ့ကို သွားချော့မှာလို့ပြောနေလို့လဲ....."

ရုပ်တည်ကြီးနဲ့ပြောလာတဲ့ ဂျက်ကြောင့် ရှောင်းကျန့်ပိုလို့ မျက်နှာ တင်းသွားပြီး ဝမ်ရိပေါ်​၏ ရုံးခန်းထဲသို့ မဝင်ဖို့ ဆုံးဖြတ်လိုက်ကာ လှည့်ထွက်သွားလိုက်သည်။ အဝေးတစ်နေရာရောက်မှ ဂျက်ရှိရာသို့ ခြေလှမ်းကျဲကြီး တွေနဲ့ ပြန်လျှောက်လာကာ မျက်မှောင်ကျုံ့လျက်ပဲ အသံခပ်မာမာနဲ့မေးလိုက်သည်။

"အဲ့ဒိ သူဌေးဆိုတဲ့ သူက ဘာကြိုက်တတ်လဲ...."
ဂျက်ပြောပြလိုက်တဲ့ အတိုင်းသူ သူတို့ကုမ္ပဏီနဲ့ လမ်းလျှောက်သွားရင် ရောက်နိုင်တဲ့ အကွာအဝေးမှာရှိတဲ့ ကိတ်မုန့်ဆိုင်တစ်ခုကို ရောက်လို့လာသည်။

ရှောင်းကျန့် ဆိုင်ရှေ့ရောက်တော့ မဝင်သွား​သေးဘဲ ငါးမိနစ်လောက်ထပ်ပြီး မတ်တပ်ရပ်နေမိတယ်။ သူ့ကိုယ်ပိုင် နေ့လည်စာစားချိန်မှာ မစားရသေးဘဲ ဒီဆိုင်ရှေ့မှာ သူဘာရပ်လုပ်နေတာလဲ ဆိုတာ သူတွေးနေမိတယ်။ ရလာတဲ့ အဖြေက ဘာလဲတော့ မသိပေမယ့် အခုတော့ သူက မုန့်ရောင်းတဲ့ ကောင်တာ အရှေ့မှာ တစ်စုံတစ်ခုကို မေးမြန်းလို့နေပြီ ဖြစ်သည်။
"ညီမ....မေးစရာလေးရှိလို့ ဒီဆိုင်မှာ ဒူးရင်းကိတ် ဆိုတာမျိုးရှိတယ်ဆို....."

ရှောင်းကျန့်​၏ အမေးကို အရောင်းစာရေးမလေးက ချက်ချင်းမဖြေနိုင်သေးဘဲ ​ရှောင်းကျန့်ကို ဝအောင်ငေးကြည့်ပြီးမှ.....

"ဟုတ်....ဟုတ် ရှိပါတယ်...."

"ရှိတယ်ဆိုရင် တစ်ခုပေးပါ....."

"ဘယ်လိုပုံလေး လိုချင်တာလဲ အစ်ကို....."

"ဘာကို ဘယ်လိုပုံလေးတွေလဲ......"

ခပ်ဆတ်ဆတ်နဲ့မေးလိုက်တဲ့ ရှောင်းကျန့်ကြောင့် အရောင်းစာရေးမလေးတွေးလိုက်မိပြန်သည်။ လူပုစိတ်တို ဆိုတဲ့ သီအိုရီက ဒီအစ်ကိုကြီးနဲ့တွေ့မှ မမှန်တော့တာ။ ဒီအစ်ကိုကြီးက အရပ်ရှည်သလောက် စိတ်မရှည်ဘူး။
"ဟိုဟာပါ.....ဒီ ဆိုင်က ဒူးရင်းကိတ်က ပုံစံအမျိုးမျိုးနဲ့ ရတာပါ.....အဝိုင်းလား လေးထောင့်လား အသည်းပုံလေးလား အဲ့လိုပါ......"

စားလိုက်ရင် ပုံပျက်ပြီး ပါးစပ်ထဲ ပျော်ဝင်သွားမှာ အတူတူပဲဟာကို လို့ ရှောင်းကျန့်ပြောလိုက်ချင်ပေမယ့် ပြောထွက်သွားတာက.....

"အသည်းပုံလေး ပေးပါ....."

ရှောင်းကျန့် မိနစ်နှစ်ဆယ်လောက် စောင့်နေပြီးမှ အရောင်းဝန်ထမ်းလေးက တစ်ခေါက်ပြန်လာပြီး ရှောင်းကျန့်​၏ လက်ထဲသို့ ကိတ်မုန့်ဘူးလေးကို အိတ်လှလှလေးနဲ့ ထည့်ပေးလိုက်သည်။ ကိတ်မုန့်ဘူး လက်ထဲရောက်လာတဲ့ အခါ စူးကနဲထွက်လာတဲ့ ဒူးရင်းသီး အနံ့ကြောင့် ခေါင်းထဲထိုးကိုက်သွားရသည်။ နေ့လည်စာ မစားရသေးတာကြောင့် ပျို့တောင် ပျို့သွားတဲ့ အထိ။ သူဒါကို ကုမ္ပဏီအပေါ်ဆုံးထပ်ထိရောက်အောင် သယ်သွားဖို့ဆိုရင် လမ်းမှာ လဲတောင်သေသွားနိုင်မည့်သဘော။
ဒူးရင်းသီးနံ့ကို မခံနိုင်လွန်းတာကြောင့် ရှောင်းကျန့်မုန့်ဆိုင်ထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့ စားပွဲဝိုင်းလေးမှာ အလှဆင်ထားတဲ့ နှင်းဆီပန်းအိုးလေးတစ်ခုကိုတွေ့လိုက်သည်။ ထို့ကြောင့် ထိုနေရာကို တန်းတန်းမတ်မတ်လျှောက်သွားကာ ပန်းအိုးထဲက ရောင်စုံနှင်းဆီများစွာ ထဲကမှ အနီရောင်ကို ဆတ်ကနဲ ဆွဲယူလိုက်သည်။သူ့ကို ဆိုင်ထဲက လူတချို့ အထူးအဆန်းလိုကြည့်နေမှာသိပေမယ့် ဂရုမစိုက်ဘဲ ကောင်တာမှာ ငွေစက္ကူတစ်ရွက်ကို ချပေးလိုက်ကာ.....
"ဒါပါ ရောင်းပေးလိုက်ပါ....."

ရှောင်းကျန့် ဆိုင်ထဲက ထွက်လာသည်နှင့်တပြိုင်နက် လက်ထဲက နှင်းဆီနီကို တစ်ချက်ရှိုက်လိုက်ပြီးမှ နေသာထိုင်သာ ရှိသွားသလိုဖြစ်ပြီး တစ်ဖက်လက်ထဲက ကိတ်မုန့်ဘူးကို အမြန်လွှတ်ချဖို့အတွက် ကုမ္ပဏီဘက်သို့ ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်လျှောက်သွားခဲ့သည်။ ပါးစပ်ကနေလည်း ခပ်တိုးတိုးရေရွတ်မိသေးတယ်....."ဘေကျင်းပြန်ရောက်မှ ခဏခဏရှိုးပဲ့လွန်းတယ်"

လက်ကောက်ဝတ်က နာရီကို ကြည့်လိုက်တော့ နေ့လည်စာစားချိန်ပင် ကုန်ဆုံးတော့မည် ဖြစ်သည်။ကလေးတွေလို စိတ်ဆိုးစိတ်ကောက် လိုက်ချော့တဲ့ပုံက သူ့စတိုင်လ် မဟုတ်ပေမယ့် လီချန်းကော အတွက်ဆိုတဲ့စိတ်တစ်ခုနဲ့ ရှောင်းကျန့် တံခါးကို ဆွဲဖွင့်ကာဝင်လာခဲ့သည်။ ဝင်လာတော့ အလုပ်စားပွဲမှာ တွေ့လိုက်ရတဲ့ သူက တစ်လောကလုံးကို အလကား တင်ကျွေးထားတဲ့ ရုပ်မျိုးနဲ့။ ဟုတ်ပါတယ်....ကိုယ်လည်းသူပေးတဲ့ လစာကိုယူနေရတဲ့ သူဆိုတော့....ဒါပေမယ့်လည်း အလကားမှ မဟုတ်တာ။ ကိုယ့်လုပ်အားနဲ့ ကိုယ်လေ။
စိတ်ထဲက စကားတွေ မြိုသိပ်လို့ အပြင်မှာ တကယ်တမ်းထွက်လာတာကတော့.....

"မောင်....."

"......"

"မောင်....."

"သူဌေးရဲ့ ရုံးခန်းထဲကို ဝင်ဖို့ တံခါးခေါက်ရမယ်ဆိုတဲ့ ခင်ဗျားရဲ့ ယဉ်ကျေးမှုက ဘယ်မှာလဲ....."

ဝင်လာတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် မော့မကြည့်ဘဲ ပြောလိုက်သည်။ မကြာပါဘူး....ရှောင်းကျန့် အပြင်ဘက် ပြန်ထွက်သွားပြီး.....

"ဒေါက်.....ဒေါက်.....ဒေါက်....."

သုံးချက်တိတိ တံခါးခေါက်ပြီးတာနဲ့ ရှောင်းကျန့်ပြန်ရောက်လာသည်။
"ကိုယ်က မောင့်စေရာပါပဲ......"

လျှာရိုးမရှိတာ ဘယ်လောက်သေချာလဲ.....နှုတ်ခမ်းပါးအားကိုးနဲ့ စိတ်ထဲမပါတာတွေ လာပြောနေတဲ့ ဒီလူက......။

"မောင်ရာ.....ကိုယ့်ကို မော့ကြည့်ပါဦး.....မောင်လျစ်လျူရှုရင်ကိုယ်မနေတတ်ဘူး.....မောင့်ရဲ့ ဥပေက္ခာတွေက ကိုယ့်အတွက်အဆင်မပြေဘူး....."

တကယ်ကို ခံစားနေရတဲ့ပုံနဲ့ပြောလာတဲ့ ရှတတ အသံအနောက်မှာ သူမော့တောင်ကြည့်လိုက်တော့မည်အထိ။

"မောင်....ကိုယ့်ကို မကြည့်ချင်ရင်နေပါတော့ ဒီမှာ ကိုယ်မောင့် အတွက် မောင်ကြိုက်တယ်ဆိုတဲ့ ဒူးရင်းကိတ်လေးဝယ်လာတယ်.....ကိုယ်ပြန်တော့မယ် အလုပ်ပြန်ဝင်ရတော့မှာ မလို့....."
"နေဦး....."

ရှောင်းကျန့် ဝယ်လာတဲ့ ကိတ်လေးကို ဝမ်ရိပေါ်​၏ စားပွဲပေါ်ကို တင်ပေးပြီး လှည့်ထွက်ဖို့လုပ်လိုက်ပြီးမှ အနောက်ကနေ ခေါ်လိုက်တဲ့ အဲ့ဒိကောင်လေးကို စိတ်ထဲက နည်းနည်းလေးတော့ ကျိန်ဆဲလိုက်သည်။ စိတ်ဆိုးနေတုန်းဆိုလည်း ဆက်ဆိုးလိုက်လေ။ သူဒူးရင်းသီးနဲ့ မခံနိုင်တော့လို့ ဒီနေရာမှာ ဆက်ပြီးတောင် မနေချင်တော့ဘူး။

"မောင်....နားပါ....ကိုယ်သွားတော့မယ်....."

"နေဦးလို့ပြောနေတယ်လေ....."
"အင်းပါ.....ဟုတ်ပါပြီ....."

"ဖွင့်ပေး....."

"ဟင်......"

"ကိတ်မုန့်ဘူးကို ဖွင့်ပေး....."

"မောင့်ရဲ့ လက်က ဘာဖြစ်နေလို့လဲ....."

"မအားဘူး....စာရွက်တွေ လက်မှတ်ထိုးနေရတယ်...."

"မအားရင်လည်း နောက်မှစားလေ....."

"မောင့်စေရာဆို.....အပြောသပ်သပ်ပဲလား...."

​"အင်းပါ....."

ရှောင်းကျန့် အံကိုကြိတ်ပြီးတော့ သူ့ရှေ့က ကိတ်မုန့်ဘူးကို အသက်အောင့်ကာ ဖွင့်လို့နေသည်။ ဘယ်လိုပင် အသက်အောင့်ထားပေမယ့် စူးကနဲ ထပ်ထွက်လာတဲ့ အနံ့က သူ့ကိုပျို့စေသည်။ ထိုအခါ ဝမ်ရိပေါ် က တစ်ချက်မော့ကြည့်လိုက်ကာ......
"ဘာဖြစ်တာလဲ....."

"ကိုယ်....ကိုယ် အနံ့မခံနိုင်ဘူး....."

"သွားလွှတ်ပစ်လိုက်တော့...."

"မဟုတ်တာ မောင့်အတွက်လေ....."

"ခင်ဗျား အနံ့မခံနိုင်ဘူးမလား....."

"ထားပါ....ရတယ်...."

​ဝမ်ရိပေါ် ရှည်ရှည်ဝေးဝေး ထပ်ပြောမနေတော့ဘဲ သူကိုယ်တိုင် သူ့ရှေ့က ကိတ်မုန့်ဘူးကို ယူပြီး ရုံးခန်းအပြင်ဘက်က အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ ဒီလောက် မျက်နှာတစ်ပြင်လုံး ရဲတက်နေအောင် အသံအောင့် ထားရသည် အထိ အနံ့မခံနိုင်တာကို ဘာလို့ဝယ်လာခဲ့ရသေးတာလဲ။ သူ ဒူးရင်းကိတ်ကြိုက်တာကိုလည်း ဘယ်ကနေသိသွားရတာလဲ။
"ချောက်....."

ဝမ်ရိပေါ် ရုံးခန်းထဲ ပြန်ဝင်လာသည်နှင့် ရှောင်းကျန့်က တံခါးကို ချက်ချလိုက်ကာ ဝမ်ရိပေါ်​၏ ခန္ဓာကိုယ်ကို တံခါးဘေးက နံရံမှာကပ်လိုက်သည်။ ထို့နောက် နှာဖျားဖြင့် ဝမ်ရိပေါ်​၏ လည်တိုင်နားကို ခပ်နက်နက်ရှိုက်လိုက်သည်။ နမ်းနေတာ မဟုတ်ဘဲ ရှိုက်လိုက်သည့်သဘောမျိုး.....။

တစ်မိနစ်တောင်မကတော့ ဘူး သူ့လည်ပင်းအရင်းနားမှာ ခံစားနေရတဲ့ ခပ်နွေးနွေး အထိအတွေ့က။ တကယ်ကို စိတ်ပါလက်ပါ ပုံမျိုးနှင့်ကို ရှိုက်လို့နေတာဖြစ်သည်။ ထိုသူစိတ်ကျေနပ်သွားသည်ထင်သည် မောဟိုက်နေတဲ့ပုံမျိုးနှင့် အထိအတွေ့တွေကို ခွာလို့သွားသည်။
"ဆောရီးပါမောင်.....ကိုယ် တကယ် ဒူးရင်းအနံ့ မခံနိုင်တော့လို့ တခြားအနံ့တစ်ခုခုကို ရလိုက်မှ ဖြစ်တော့မှာမလို့ မောင့်ရဲ့ ကိုယ်သင်းနံ့ကို ရွေးလိုက်တာ......"

ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ သူကိုကြည့်ပြီး ဝမ်ရိပေါ် တွေးလိုက်မိတာ.....အထိအတွေ့တွေက သူကြိုက်လွန်းတဲ့ ဒူးရင်းကိတ်ထက်တောင် ပိုစိမ့်သည်။ နှလုံးရပ်သွားသည် ထင်လိုက်မိအောင်အသည်းထဲထိကို စိမ့်သွားတာ။ဘာလဲ စီးကရက်ပြတ်ပြီးတော့ ဒူးရင်းကိတ်ပါပြတ်တော့မယ်ဆိုတဲ့ သဘောလား။ ကြာလာရင် ကမ္ဘာပေါ်မှာ ဒီလူ့အနမ်းက လွဲလို့ သူကြိုက်တတ်တဲ့ အရာတောင် ရှိပါတော့မလား။ စက္ကန့်အပိုင်းအတွင်းမှာ သူသိလိုက်ရတာ သူဒီလူ့ကို တော်တော်.....။ ဘာခံစားချက်လဲတော့ မသိပေမယ့် ဒီလူ့အပေါ်မှာသူတော်တော်ကို.....။
"မောင်.....မောင့် မျက်ခုံးထောင့်က ဒဏ်ရာလေး သက်သာရဲ့လား......ကိုယ်တောင်းပန်ပါတယ်နော်.....မနေ့က ကိုယ့်ကြောင့် ဖြစ်သွားရတာ....."

သူ့မျက်ခုံးစပ်နားကို လက်ချောင်းသွယ်သွယ်တွေနဲ့ လာထိတဲ့ သူကြောင့် သူစိတ်ဆိုးနေတဲ့ ကိစ္စကိုတောင် မေ့သွားခဲ့တာ ပြန်သတိရလာသည်။ ဒီလူရဲ့အကွက်တွေက သိပ်လှတယ်။ သူ့ကို တုတ်တုတ်လှုပ်လို့မရအောင် အရင်လုပ်မည်။ ပြီးရင်တော့ လိုချင်ရာကို ဆွဲခေါ်ပြီးပြောတော့မည်။
ဟိုတစ်နေ့က ဒီလူကို သော့ခတ်ထားခဲ့ပြီးတော့ မနေ့က မနက်အလုပ်မသွားခင် သွားဖွင့်ပေးခဲ့သည်။ သို့သော်လည်း ဧည့်ခန်းထဲမှာ မတွေ့တာကြောင့် သူထမင်းစားခန်းထဲထိ လိုက်သွားခဲ့သည်။ သူထင်ထားခဲ့တဲ့ အတိုင်းဒီလူဟာ ထမင်းစားခန်းထဲမှာ ရှိနေခဲ့သည်။

မျက်နှာထားသေသေနဲ့ သတင်းစာဖတ်ပြီး ကော်ဖီကို တစ်ငုံချင်းသောက်နေတဲ့ ထိုလူက သူဝင်လာတာကို အသိအမှတ်မပြု။ ကော်ဖီ တစ်ခွက်ကို ကုန်အောင်သောက်လိုက်ပြီးမှ ထမင်းစားခန်းအဝမှာ မတ်တပ်ရပ်နေတဲ့ သူ့ကို ပြုံးပြီးကြည့်သည်။
ထို့နောက် မထင်မှတ်ထားခဲ့တာက အပြုံးတု တစ်ခုပြီးသွားတဲ့နောက်မှာ ထိုလူက သူရှိရာ ဘက်ကို ဖန်ခွက် အလွတ်တစ်လုံးနဲ့ပစ်ပေါက်ခဲ့သည်။ သူရှောင်လိုက်ပေမယ့် ဖန်ခွက်စောင်းနဲ့ သူ့မျက်ခုံးထောင့်ထိမိသွားတာကြောင့် ကွဲသွားရသည်။ သွေးတွေလည်းစိမ့်ထွက်လို့လာတာမလို့ သူလည်း ဒေါသထွက်သွားကာ ထိုလူရဲ့ နှုတ်ခမ်းကိုလည်း သွေးထွက်သွားသည်အထိပေါက်အောင်ပြန်ကိုက်ခဲ့သည်။

အဲ့ မနက်က အလုပ်ကို အတူတူ သွားဖို့ရည်ရွယ်ထားပေမယ့် ဒေါသထွက်လွန်းတာကြောင့် တစ်ယောက်တည်း ထွက်လာပြီး တွေ့တဲ့ အနီးဆုံးဆေးရုံတစ်ခုကိုဝင်ကာ ကွဲသွားတဲ့ မျက်ခုံးထောင့်ကို ဝင်ပြခဲ့ရတယ်...။ အဲ့ဒိမနက်ခင်းက သိပ်ကိုလှပတယ်....သူက မျက်ခုံးကွဲပြီး ထိုလူက နှုတ်ခမ်းပေါက်ခဲ့တယ်။ ရှင်းရှင်းပြောရရင်တော့ မကျေနပ်ပေမယ့် ကျေနပ်တယ်။ သိမ်မွေ့လွန်းပေမယ့် စိတ်ကြီးလွန်းတဲ့ ထိုလူက သူလုပ်လိုက်လို့ ပေါက်သွားတဲ့ နှုတ်ခမ်းကြောင့် ဟန်မဆောင်နိုင်စွာဒေါသထွက်ပြီးတော့ကို ကျန်ခဲ့တာမလို့......။
အဲ့ကတည်းက အခုချိန်ထိ စကားမပြောခဲ့ကြတော့တာ  အခုတော့ သူ့ကို လာချော့နေပါသည်တဲ့။တကယ် စိတ်ထဲရော ပါလို့လား ရှောင်းကျန့်ဆိုတဲ့ ခင်ဗျား။

"မောင် ကိုယ့်ကို စိတ်ဆိုးပြေပါတော့နော်....."

သူ့အရှေ့က လူကို ဝမ်ရိပေါ် အကြာကြီး စိုက်ကြည့်နေရင်း......အပြင်က တံခါးခေါက်သံကြားရတာကြောင့် ရှောင်းကျန့်က ပဲ လော့ခ်ချထားတဲ့ တံခါးကို သွားဖွင့်ပေးလိုက်သည်။

အခန်းရှေ့မှာရပ်နေပါတယ် မိန်းမတစ်ယောက်။ ရှောင်းကျန့်ပြုံးပြလိုက်သည်။
ဒီတစ်ခါနဲ့ ဆို သူ့ရဲ့မောင်ကို ရှောင်းကျန့်ဆိုတဲ့ လူနဲ့ လော့ခ်ချထားတဲ့ အခန်းတစ်ခုထဲမှာ အတူတူတွေ့တာ နှစ်ခါရှိနေပြီဖြစ်သည်။ ယန်ယူမီ သူ့အရှေ့က ရှောင်းကျန့်ကို မတတ်သာတဲ့ အပြုံးနှင့် ပြုံးပြလိုက်ပြီး.....

"ဪ ရောက်နေတာလား......"

"အင်း ဟုတ်တယ်....အလုပ်ကိစ္စဆွေးနွေးနေလို့...."

ယန်ယူမီ​၏ အမေးကို ရှောင်းကျန့်ကပဲဖြေလိုက်သည်။

ယန်ယူမီ ဝမ်ရိပေါ်ရှိရာ ဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အလုပ်ကိစ္စက မတ်တပ်ရပ်ပြီး ဆွေးနွေးရအောင် တော်တော် အလျင်လိုနေပုံပင်။မောင် ဒီလို မျက်နှာမှာ ဘာအမူအရာမှ မပြတာကို ယူမီ မခံစားနိုင်တာ။
"မောင်....ယူမီ ဒီနေ့ နေ့လည်စာ ယူလာတာ နောက်ကျသွားတယ် ဆောရီးနော်....."

"အင်း....ရတယ်..."

မောင်ယူမီ့ကို စကားတစ်ခွန်းမှာ ဆယ်လုံးပြည့်အောင် များပြောဖူးလား။

"အဲ့တာဆိုလည်း ဦးသမက်လေးနဲ့ ယူမီတို့ လွတ်လွတ်လပ်လပ် စားသောက်လိုက်ပါဦးနော် ကိုယ်လည်းသွားလိုက်ဦးမယ်....."

"နေဦး...."

​အပြင်ထွက်ဖို့ပြင်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် တားလိုက်သည်။

"တစ်ခါတည်း စားသွား....."

"အာ....ရပါတယ်...."

"ခင်ဗျား ခုနတုန်းက အပြင်မှာ အလုပ်ရှုပ်နေလို့ နေ့လည်စာ မစားရသေးဘူးမလား.....တစ်ခါတည်းစားသွား......"
"ရတယ်လို့ဆို ကိုယ် မနှောင့်ယှက်ချင်ဘူး.....ပြီးတော့ကိုယ် ဆာလည်းမဆာဘူး.....အလုပ်ပြန်ဝင်မယ့် အချိန်လည်းကျော်နေပြီ...."

"ကျစ်....."

​ဝမ်ရိပေါ်​၏ မျက်နှာမှာ အလိုမကျမှုတွေ ထင်းနေတာကြောင့် ကြားထဲက ယန်ယူမီက လက်သီးကို လူမမြင်အောင် တင်းကြပ်စွာဆုပ်လိုက်ပြီး ပျက်နေတဲ့ မျက်နှာကို အဖတ်ဆယ်လို့ပြောလိုက်သည်။ သူဟာမောင့်ရဲ့ အမြင်မှာ သဘောထားကြီးတဲ့သူတစ်ယောက်ဖြစ်ရမည်။

"ဟုတ်ပါတယ်.....တစ်ခါတည်းစားသွားပါလား....ယူမီ အများကြီး ထည့်လာတာ....."
ရှောင်းကျန့် အားနာသလို ကြည့်လိုက်ပြီးတော့ ပြင်ထားတဲ့ ထမင်းဘူးတွေရှိရာ စားပွဲရဲ့ ဆိုဖာ ခုံတွေမှာ ဝင်ထိုင်လိုက်သည်။

"ရော့....."

ဝမ်ရိပေါ်က သူ့လက်ထဲက တူတစ်စုံကို ယူပြီး ရှောင်းကျန့်အားကမ်းပေးလိုက်သည်။ ရှောင်းကျန့်ကလည်း တို့ကနန်း ဆိတ်ကနန်းသာစားနေတာကြောင့် ဝမ်ရိပေါ် ထည့်ပေးနေရတာ တစ်ခါနှစ်ခါမကတော့။ ဝမ်ရိပေါ်​၏ ပန်းကန်ထဲ ယန်ယူမီ ထည့်ပေးလိုက်တဲ့ အရာတွေက ရှောင်းကျန့်​၏ ပန်းကန်ထဲမှာ အဆုံးသတ်သွားရတာဖြစ်သည်။ ယန်ယူမီ မျက်နှာ ထားစရာမရှိအောင်ပျက်သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် ရှောင်းကျန့်ကို ခပ်ထည့်ပေးလို့နေသည်။ ဒါတောင် တို့စိတို့စိ စားနေတဲ့ ရှောင်းကျန့်ကြောင့်.....
"ခင်ဗျားကိုယ့်ဟာကိုယ် ထည့်စားဖို့ လက်မပါဘူးလား.....သူများထည့်ပေးမှ စားရအောင်......"

"မဟုတ်ပါဘူး.....ကိုယ်သိပ်မကြိုက်ဘူး...."

"ဘာမကြိုက်တာလဲ....."

"ဒီ ကြက်အူချောင်း....."

ရှောင်းကျန့်က သူမစားချင်တော့လို့ တစ်ချက်ပဲကိုက်ပြီး ပန်းကန်ဘေးကပ်ထားတဲ့ ကြက်အူချောင်းကိုမေးဆတ်ပြလိုက်သည်။ ထိုအခါ ဝမ်ရိပေါ်က ရှောင်းကျန့် တစ်ဝက်တစ်ပြတ် ကိုက်ထားတဲ့ ကြက်အူချောင်းကို သူ့လက်ထဲကတူနဲ့ ညှပ်ယူလိုက်ကာ ပါးစပ်တည်းတစ်ခါတည်းထည့်လိုက်သည်။ ပြီးတော့ ခပ်ရေးရေးပြုံးသလိုလုပ်ကာ လေသံတိုးတိုးနဲ့.....
"ဟက်....ကလေးလည်း မဟုတ်ဘဲနဲ့ အစားရွေးနေတယ်....."

လေသံတိုးတိုးဖြင့်ပြောပေမယ့် ယန်ယူမီ ကြားဖြစ်အောင်ကြားသည်။ သူအခုဘာတွေကို မြင်လိုက်ရတာလဲ။ သူများစားလက်စကို ပြန်စားလိုက်တဲ့ မောင်.....သူများကို လှောင်သလိုလို နောက်သလိုလိုနဲ့ လုပ်လိုက်တဲ့မောင်.....ဒီလို အပြုအမူတွေနဲ့မောင်က သူ့အတွက်တော့ အမြင်စိမ်းလွန်းသည်။ အမြင်စိမ်းလွန်းတာတောင် မဟုတ်ဘူး။ သူတစ်ခါမှတောင် စိတ်မကူးဖူးတာ။ မောင်က ယူမီကလွဲလို့ အပြင်ကလူတွေကို ဒီလိုမျိုးပဲ ဆက်ဆံတာလား။ ပြောရရင် မောင်က ယူမီရဲ့ အဖေနဲ့တောင် အဲ့လောက် စကားမပြောဘဲနဲ့ ယူမီ့အဖေနဲ့တွဲနေတဲ့သူကို ပိုပြီး....။ သူဘယ်လိုမှ တွေးလို့ကိုမရဘူး.....ဘာဖြစ်လို့လဲ....။
"မောင်....မောင်စားပြီးရင် ယူမီ မောင့်မျက်ခုံးထောင့်ကို ဆေးထည့်ပေးမယ်......"

"ရတယ် ဆေးတွေ ထားခဲ့လိုက်....ကိုယ့်ဟာကိုယ် လုပ်လိုက်မယ်....."

"မောင် ကိုယ့်ဟာကိုယ် လုပ်တော့ လက်ဝင်တာပေါ့...."

"ရတယ် ကိစ္စမရှိဘူး....."

"အင်းပါ မောင်ရယ် နောက်ဆိုလည်း ခုံစောင်းနဲ့ မဆောင့်မိအောင်....သတိထားဦးမှပေါ့....."

ယန်ယူမီ ​၏ အပြောကို ရှောင်းကျန့် ရယ်ချင်လွန်းတာကြောင့် သောက်လက်စရေကိုတောင် ခဏရပ်ထားရသည်။ ဘာရယ်တော့ မဟုတ်.....မနက်တုန်းက သူယန်ချောင်မင်ကို ပြောလိုက်တဲ့ ဟာကို ပြန်တွေးမိလို့ပါ။ ဒီကောင်လေးလည်း ခုံနဲ့ ဆောင့်မိတာလို့ပြောခဲ့တာတဲ့လား။ ဒီဟာကတော့ လုပ်ကြံထားတာ မဟုတ်ပါဘူး.....တကယ်ကို တိုက်ဆိုင်သွားတာပါ။
"ယူမီတို့ ကိုယ်ဌာနပြန်တော့မယ်နော်....."

"နေဦး ခင်ဗျားနဲ့ ခုနက ပြောလက်စ အလုပ်ကိစ္စမပြီးသေးဘူး ......ဌာနက လူတွေကို မှာလိုက်ချင်တာရှိတယ်....."

"အဲ့တာဆိုလည်း ယူမီ ပြန်လိုက်တော့မယ်နော်.....ဆေးသေတ္တာလေးထားခဲ့ပေးမယ်.....မောင်သေချာလိမ်းလိုက်နော်....."

"အင်း....."

ယန်ယူမီ ရုံးခန်းပြင်ထွက်လာပြီး တံခါးကို နောက်ပြန်လှည့်ကြည့်လိုက်​၏။ ထိုအခါ အသံတစ်ခုကြားလိုက်ရသည်။ မမှားဘူးဆို အထဲကနေလောခ့်ချလိုက်တာပင်။
"ဆေးထည့်ပေး....."

"ဟမ်...."

"ခင်ဗျားကြောင့် ဖြစ်တာဆိုတော့ ခင်ဗျားက ဆေးပြန်ထည့်ပေး.....ပြီးတော့ ခင်ဗျားကို စိတ်ပြေသေးတာလည်း မဟုတ်ဘူး......"

"ခုနကလုပ်ပေးမယ့်သူရှိတုန်းကတော့ ကိုယ့်ဟာကိုယ်လုပ်မယ်ဆို....."

"အဲ့တာက ခုနက.....အခုကအခု...."

မတတ်သာသည့် အဆုံးရှောင်းကျန့် စိတ်ရှည်ရှည်ဆွဲဆန့်ကာ အရက်ပျံပုလင်းကိုယူလို့ ဂွမ်းစလေးနဲ့ ဝမ်ရိပေါ်​၏ မျက်ခုံးထောင့်က်ို အသာလေး သန့်စင်ပေးလို့ပေးလို့နေသည်။
"အ....နာတယ် ဖြည်းဖြည်းလေး လေနဲ့မှုတ်ပေး....."

မျက်လုံးများမှိတ်ကာ အထွန့်တက်နေတဲ့ အရှေ့ကကောင်လေးရဲ့ မျက်နှာကို အရက်ပျံနဲ့ကောက်ပက်လိုက်ချင်သည်။သူနဲ့ကိုယ်နဲ့က ချစ်သူတွေမပြောနဲ့ တွဲနေတဲ့ အဆင့်တောင် မရောက်သေးတာကို ရည်းစားတွေအကွက်မျိုးတွေနဲ့ ပိုင်စိုးပိုင်နင်းတွေ စိတ်ဆိုးစိတ်ကောက်တွေကလည်း လုပ်သေးသည်။

နောက်ကွယ်မှာ မပြောနဲ့ ဇနီးဖြစ်သူ အရှေ့မှာတောင် ဘာမှ မဖြစ်သလိုပုံမျိုးနှင့် သူ့ကို ဆက်ဆံနေကြပုံစံအတိုင်းပဲ ဆက်ဆံနေတဲ့ ဒီကောင်လေးက အမှန်တိုင်းဝန်ခံရရင် သတိအကြီးကြီးထားရမည့် အထဲမှာပါသည်.....။
စွဲလမ်းလို့ရတယ် မလွှတ်ပေးနိုင်လောက်တဲ့အထိတော့ လာမညိတွယ်နဲ့......။ကပ်ဖို့ မလွယ်ခဲ့သလို ပြန်ခွာဖို့ မလွယ်တာမျိုးတွေသူမလိုလားဘူး။

နှင်းဆီလေး နီသည်....လှသည်....မွှေးသည် ဆိုရင်

ကြည့်လို့ရတယ်....ကြိုက်လို့ရတယ်....ရှိုက်လို့ရတယ်....တစ်ယောက်တည်း အတွက်ဆိုတဲ့ အတွေးမျိုးတော့ မဝင်စေနဲ့ပေါ့.....။