ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၆)Unicode

"မြေးရိပေါ် ရောက်လာပြီလား....."

ဝမ်ရိပေါ် သူ့အဘွား​၏ မေးခွန်းကို အရင်မဖြေနိုင်သေးဘဲ အိမ်ဧည့်ခန်းထဲ ရောက်နေတဲ့ ရှောင်းကျန့်ကို အရင်ဆုံးကြည့်လိုက်မိသည်။

"မြေးလေး လာ....."

ဝမ်ရိပေါ် သူ့အဘွားခြေထောက်က ပတ်တီးကိုမြင်သွားပြီး.....

"ဘွား ဘာဖြစ်တာလဲ......"

"မြေးဆီကအပြန် ဓာတ်လှေကားမှာ ခြေခေါက်သွားတာ ဒီက လူငယ်လေး ကူညီပေးလို့သာ.....ဘွားကို ဆေးခန်းလဲ လိုက်ပို့တယ် ပြီးတော့ ဆရာဝန်ပြောပြတဲ့ ဟာတွေကို သေသေချာချာနဲ့ကို လိုက်မှတ်ပေးရှာတာ......မြေးတို့ကုမ္ပဏီဌာန တစ်ခုက ဌာနမှူးတဲ့လေ....မြေးတို့သိကြလား......"

​ဝမ်ရိပေါ် ရှောင်းကျန့်ကို မျက်ခုံးပင့်ပြလိုက်ကာ.....

"သိကြလား....."

"ကိုယ့်ကုမ္ပဏီသူဌေးကို မသိတဲ့သူ ဘယ်ရှိပါ့မလဲ.....ကောင်းကောင်းကြီးကို သိတာပေါ့....."

ရှောင်းကျန့် ပြန်ဖြေတာတောင် ဝမ်ရိပေါ် က မရပ်တန့်နိုင်သေး။

"ဘယ်လောက်ကောင်းကောင်းသိလဲ....."

သူကိုယ်တိုင် ဒီအိမ်တိုင်ရာရောက် ရောက်လာအောင် ဖန်တီးခဲ့သော်လည်း သူတကယ်ထိပ်တိုက်တွေ့ချင်တာ ယန်ယူမီ နှင့်သာ။ ဒီနေ့သူ့အစီအစဉ်ထဲမှာ ဒီကောင်လေးက မပါဘူး။ အခုလည်းကြည့် သူ့ပိုင်နက်ထဲရောက်နေတာ ဆိုတော့ လုပ်နေတဲ့ အချိုးက။ ရှောင်းကျန့် ဝမ်ဘွားဘက်သို့လှည့်ကာ အာရုံလွှဲသည့်သဘောဖြင့်......

"အဘွား....ကျွန်တော် သန့်စင်ခန်းသွားချင်လို့.....တော်တော်အရေးကြီးနေလို့ပါ....."

"အေးကွယ် တော်တော် အလျင်လိုနေရင်.....အောက်ထပ်မှာ မြေးရိပေါ်တို့ရဲ့ အိပ်ခန်းထဲက သန့်စင်ခန်းကိုသွားလိုက် အဲ့တာက အနီးဆုံးပဲ....."

ရှောင်းကျန့် လက်ဟန်ခြေဟန်တို့ဖြင့် ပြာပြာသလဲ ငြင်းကာ......

"အဘွား ကျွန်တော် သိပ်လည်းအလျင်မလိုပါဘူး.....တခြားသန့်စင်ခန်းရှိလား......"

"အားနာမနေပါနဲ့ကောင်လေးရယ်......မြေးရိပေါ် သွား...မင်းအစ်ကိုကို ခေါ်သွားပေးလိုက်....."

ကျားကြောက်လို့ ရှင်ကြီးကိုး.....ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်မျိုး။ ကျွံပြီးသားစကားကို ပြန်နှုတ်လို့ရလား။ နှုတ်လို့ရကြေးဆို သူအခုဒီ အိပ်ခန်းထဲမှာ ရောက်နေမှာ မဟုတ်။

ရှောင်းကျန့် သန့်စင်ခန်းသုံးပြီးတာတောင် တော်တော်နဲ့ ထွက်မလာ။ ဒီအခန်းထဲကနေ အထစ်အငေါ့မရှိ ဘယ်လို ထွက်သွားရမလဲဆိုတာ တွေးလို့နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသန့်စင်ခန်းထဲ မဝင်မီ သူ့ကိုတောင် ကျောချမ်းသွားအောင် ပြုံးပြလိုက်သည့် ဟိုကောင်လေး ကြောင့်ပင်ဖြစ်သည်။ကြောက်လွန်း လို့တော့မဟုတ်ပါ ကိုယ့်ပိုင်နက်မဟုတ်၍ ဘာပြဿနာမှ မဖြစ်လို။
"ဒုန်း....ဒုန်း....ဒုန်း....မပြီးသေးဘူးလား...."

ရှောင်းကျန့် သန့်စင်ခန်းထဲဝင်ပြီး ပျောက်သွားတာကြောင့် ဝမ်ရိပေါ် တံခါးကို ထုကာ လှမ်းခေါ်လိုက်သည်။ မတတ်သာ မရှောင်လွှဲနိုင်သည့် အဆုံးရှောင်းကျန့် အင်္ကျီလည်ပင်းက ကြယ်သီးတွေသာ အလုံးစေ့ပြန်တပ်လိုက်ပြီး ထွက်လာခဲ့သည်။

"အင်း....ပြီးပြီမောင်...."

ဘာမှမသိသလိုနဲ့ အခန်းပြင်ထွက်ဖို့လုပ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က လက်ကောက်ဝတ်ကနေ လှမ်းဆွဲကာ အိပ်ခန်းတံခါးကို လော့ခ်ချလိုက်သည်။
"မောင်.....ဖယ်စမ်း...."

"အကြောင်းရှိလို့လား....."

"အရှေ့မှာ အဘွားစောင့်နေတယ်...."

"စောင့်လက်စနဲ့ ဆက်စောင့်ခိုင်းလိုက်...."

သူ့အဘွားပြောတာတော့ သူ့မြေးက အေးစက်စက်လေးဆိုပဲ။ ဘယ်နားကအေးပြီး ဘယ်နားကစက်လဲတော့ မသိ။သူနားရှိလို့သာ ကြားခဲ့ရတာ။

"လူကြီးကို အားနာဖို့ကောင်းပါတယ်...."

ရှောင်းကျန့် အနုနည်းသုံးကာ ဖယ်ခွာဖို့ကြိုးစားနေသည်။ ဒီအခန်းထဲက ဘယ်လိုလွတ်မြောက်ရမလဲ တွေးတောရင်း အခန်းဖွဲ့စည်းပုံကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်သည်။
ဒီဇိုင်နာ ပီပီ လွတ်လမ်းတွေကို ဒီဂရီနဲ့ တွက်လို့နေမိသည်။ သူလက်ဆွဲခံထားရတဲ့ နေရာနဲ့ ၃၅ ဒီဂရီမှာ စာကြည့် စားပွဲလေးရှိသည်။ အခန်းတံခါးပေါက်နဲ့ကျတော့ ကြားထဲမှာ ထိုစားပွဲလေးက တဆင့်ခံနေသလိုပုံမျိုးဖြစ်နေတာကြောင့် လွတ်ဖို့ခက်သည်။ ၆၀ ဒီဂရီတည့်တည့်မှာတော့ အဝတ်ဗီဒိုရှိတာဖြစ်ပြီး အဲ့ဘက်ကိုပြေးသွားလို့ ပြန်ဖမ်းမိရင် အခန်းနံရံမှာ ၉၀ဒီဂရီ အနေအထားကြီးနဲ့အကပ်ခံရနိုင်ခြေရှိသည်။
​"ကျစ်...မောင်...."

သေလိုက်ပါတော့။ အတွက်ကောင်းပေမယ့် အရှောင်နှောင်း သွားရသည်။ သူတွက်ချက်တဲ့ အထဲမှာ သူကျောပေးထားတဲ့ နေရာမှာ ရှိနေတဲ့ အိပ်ရာကြီးရဲ့တည်ရှိမှုကိုသူမေ့သွားခဲ့တာပင်။အခုတော့ သူက ထိုအိပ်ရာကြီးရဲ့အပေါ်မှာ ၁၈၀ ဒီဂရီ အနေအထားကြီးနှင့် ဆန့်ဆန့်ကြီး ဖြစ်နေပြီး သူ့အပေါ်က ကောင်လေးက ၄၅ ဒီဂရီအနေအထားဖြင့် အိပ်ရာပေါ်ကို လက်ထောက်ကာ သူ့ကို အုပ်မိုးလိုက်ခြင်းဖြစ်သည်။
"မောင်....ထနော်....ကိုယ့်ကိုဆွဲလားရမ်းလား လုပ်တာတွေ ကိုယ်မကြိုက်ဘူး....."

"ဟက်....ခင်ဗျား အလှည့်ကျတော့ ဖြစ်နေလိုက်တာ.....ခင်ဗျားကျွန်တော့်ကို မထိတထိတွေလိုက်လုပ်နေတာကိုရော ကျွန်တော်ကြိုက်တယ်လို့ထင်လို့လား....."

"အင်း....ထင်တယ်....ကိုယ်လုပ်တိုင်းမောင်ပဲ ငြိမ်ခံနေပြီးတော့....."

ယုံကြည်ချက်ရှိရှိနဲ့ မမှားသောစကားကို ဆိုလာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်အရှိုက်တည့်တည့်ထိ​၏။ သူလည်းထိုလူရဲ့ နိုင်ကွက်ကို သိထားတာကြောင့် ကြယ်သီးတွေအပြည့်တပ်လာတဲ့ လည်တိုင်ကိုပေါ်လာအောင်ကြိုးစားနေရင်း.....
"ဒေါက်....ဒေါက်....ဒေါက်...."

အပြင်ဘက်မှ တံခါးခေါက်သံကြောင့် ဝမ်ရိပေါ်  ဟန်ချက်ပျက်သွားတာကို ရှောင်းကျန့် အခွင့်ကောင်းယူ၍ အိပ်ရာပေါ်ကထလိုက်သည်။

"ဒေါက်....ဒေါက်.....ဒေါက်...."

အပြင်ဘက်က အဆက်မပြတ်ခေါက်နေတာဖြစ်၍ဝမ်ရိပေါ် သွားဖွင့်ပေးလိုက်တော့ အခန်းရှေ့မှာယန်ယူမီရောက်နေတာဖြစ်သည်။

"မောင်.....ဘယ်ကတည်းက ပြန်ရောက်နေတာလဲ......ယူမီ ယန်အိမ်တော်ဘက် ခဏပြန်...."

ယန်ယူမီ စကားပြောနေရင်း တန်းလန်းနှင့် အထဲမှ တံခါးပေါက်ဆီသို့လျှောက်လာတဲ့ ရှောင်းကျန့်ကိုမြင်တော့ ပြောလက်စစကားကိုရပ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး......ဒီက...."

"ကိုယ် ဘယ်လိုလုပ်ပြီး ဒီထဲရောက်နေတယ်ဆိုတာကို....ယူမီရဲ့ မောင်.....ကရှင်းပြလိမ့်မယ်....."

သူရိုးရိုးလေးပြောလိုက်တာပါ။ သူဒီထဲမှာ သန့်စင်ခန်းလာသုံးတဲ့ အကြောင်းကို ဟိုကောင်လေး ပြောပြလိမ့်မယ်လို့ပြောလိုက်ယုံပါ​။ စကားတွေကို အကျအနကောက်နေမယ်ဆိုရင်လည်း မတတ်နိုင်။

ရှောင်းကျန့် အိပ်ခန်းထဲက မထွက်ခင် ဘာရယ်မဟုတ်....သူ့ရဲ့ ဆံပင်ကို အနည်းငယ်လက်နဲ့ သပ်ပြီး လည်ပင်း ကြယ်သီးတွေကို ယန်ယူမီအရှေ့မှာပင် အပြည့်ပြန်တပ်လိုက်သည်။ ဒါကို သူ့အရှေ့က အမိက ဘာတွေ ထပ်ပြီး အတွေးပေါက်သွားသည်မသိ.....သူ့ကို မျက်မှောင်ကျုံ့၍ကြည့်လို့နေတော့သည်။
အဲ့တော့လည်း......စိတ်ကူးရှိသလောက်တွေးနိုင်သည်ပေါ့......။

__________ _________

"ကောင်လေး.....ထည့်စားနော် အားမနာနဲ့ ရိပေါ်က ထည့်ပေးလိုက်ဦး.....ကိုယ့်ဝန်ထမ်းပေမယ့် ဘွားကို ကူညီထားတော့ အစ်ကို တစ်ယောက်လိုပဲ ဆက်ဆံဟုတ်ပြီလား......"

ပြောလည်းပြော သူ့ထဲကိုလည်း ဟင်းတွေချည်းလာထည့်ပေးတဲ့ အဘွားကြောင့် ရှောင်းကျန့် အားနာရသည်။ တပြိုင်တည်းမှာပဲ ကြည်နူးသလို ဝမ်းနည်းသလို ခံစားချက်တစ်ခုက ဖြတ်ပြေးသွားရသည်။ လီချန်းကောနဲ့ ထမင်းအတူတူစားကြရင် ကောက သူ့ပန်းကန်ထဲကိုပဲ အမြဲဦးစားပေးထည့်ပေးတာ။ ရှောင်းကျန့် လီချန်းကော အကြောင်းတွေးရင်းနဲ့ မျက်ရည်များဝဲတက်လာတာကြောင့် မျက်တောင်များကို အမြန်ပုတ်ခတ်လိုက်သည်။
​ရှောင်းကျန့် ထမင်းစား စားပွဲကလူတွေ သူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရလိုက်တာကြောင့် မော့ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေကြတာမဟုတ်ဘဲ.....သူ့ပန်းကန်ထဲကို ဟင်းလာထည့်ပေးတဲ့ လက်တစ်စုံကို ကြည့်လို့နေကြခြင်းဖြစ်သည်။

ယန်ယူမီနဲ့ ဝမ်ဘွားက ရှောင်းကျန့်​၏ ပန်းကန်ထဲ ဟင်းထည့်ပေးလိုက်သော ဝမ်ရိပေါ်ကို ထူးဆန်းစွာကြည့်နေမိသည်​။ပိုလို့ အံ့ဩမိတာက တစ်ခါတည်းထည့်ပေးတာတောင် မဟုတ် သုံးခါတိတိ....။
ဝမ်ဘွားက သူ့မြေးပေါင်းသင်းဆက်ဆံရေးလေး ကောင်းလာသည်ဟု ထင်မိတာကြောင့် တပြုံးပြုံးဖြစ်နေပေမယ့် ယန်ယူမီကတော့ မထိန်းနိုင်စွာ မျက်နှာပျက်ရသည်။ သူ့ရဲ့မောင်မှာ အဲ့လို အကျင့်တွေမရှိဘူးမလား။ သူများကိုထည့်ပေးတာ မပြောနဲ့ မောင့်ရဲ့ ပန်းကန်ထဲကို သူတစ်ခါခပ်ထည့်ပေးဖူးတာတောင် နောက်မလုပ်ဖို့ပြောခဲ့တာ။

"ကောင်လေး အခုမှကြည့်မိတယ် မင်းရဲ့အသားအရေက တကယ်ကောင်းတာပဲ.....ဘာတွေများသုံးလို့လဲကွယ့်....."
ထမင်းစားသောက်ပြီးကြတော့ ဧည့်ခန်းမှာ အချိုပွဲစားကြရင်း ဝမ်ဘွားက ရှောင်းကျန့်ကို စကားစလိုက်သည်။

"အဲ့တာ မွေးရာပါပါ အဘွား....."

"ဟား....ဟား...."

ရှောင်းကျန့်​၏ အဖြေကို ဝမ်ဘွားက သဘောကျလို့ရယ်မောဖို့ပြင်လိုက်စဉ် သူ့ထပ်အရင် ရယ်လိုက်တဲ့ သူ့မြေးကြောင့် တန့်သွားရသည်။

"လူလို့ထင်ခဲ့တာ တကယ်တော့ လိပ်က်ိုး...."

"ဟဲ့....မြေးလေး သူများကို...."

သူတစ်ပါးကို အားမနာစွာပြောလိုက်တဲ့ ဝမ်ရိပေါ်ကို ဝမ်ဘွားလှမ်းဟန့်လိုက်သည်။သို့သော် ရှောင်းကျန့်က.....
"ပြောပါစေ....ရပါတယ်.....မနာလိုလို့ ပြောတာလို့လည်း မသတ်မှတ်ရဲပါဘူး......ကိုယ့်သူဌေးဆိုတော့ ကြောက်ရတယ်လေ....."

ဝမ်ဘွားကတော့ စကားတတ်လွန်းတဲ့ ရှောင်းကျန့်နဲ့ သူ့မြေးကို ကြည့်ရင်း တဟားဟားနဲ့ သဘောကျနေတော့သည်။ စကားဝိုင်းထဲမှာ လူလေးယောက်ရှိပေမယ့် အခုထက်ထိ တစ်လုံးမှ ဝင်မပြောသေးတဲ့ ယန်ယူမီက ဘေးရောက်နေသလိုပင်။ ရှောင်းကျန့်ကို သူ့အဖေနဲ့ တွဲနေတဲ့သူလို့ ဝမ်ဘွားအား မိတ်ဆက်ပေးချင်သော်လည်း ကံယာကံရှင်ကိုယ်တိုင်က တစ်လုံးမှ မဟလာတာကြောင့် သူလည်း နှုတ်ဆိတ်၍သာနေမိသည်။ ပြီးတော့ သူစိတ်ထင်နေလို့ပဲလား.....မောင်ဒီနေ့စကားတွေ အများကြီးပြောနေတယ်။
အတန်ကြာလာတော့ ရှောင်းကျန့်က နာရီ တကြည့်ကြည့်လုပ်နေပြီး.....

"အဘွား ကျွန်တော်ပြန်တော့မယ်.....ချိန်းထားတာလေးရှိလို့....."

"အေးကွယ် ကောင်လေးလည်း ကိစ္စတွေရှိမှာပေါ့.....နောက်လည်း ကြုံရင်လာလည်နော်....."

ဝမ်ဘွားက သူ့မြေးဘက်ကိုလှည့်ကာ....

"ရိပေါ်.....မင်းအစ်ကို ကိုလိုက်ပို့လိုက်ပါဦးကွယ်....."

"အာ....ရတယ် အဘွား.....ကျွန်တော် အငှားကားနဲ့ပဲ သွားလိုက်မယ်....."

"မငြင်းပါနဲ့ အဘွားကို အိမ်ထိလိုက်ပို့ပေးရတော့ ကားတောင်မယူခဲ့ဘူးမလား.....အဘွားက အိမ်က ဒရိုင်ဘာနဲ့လည်း မလွှတ်လိုက်ချင်ဘူး.....အဲ့တာကြောင့် ရိပေါ်ကိုပဲ လိုက်ပို့ခိုင်းရတာ......"
ဝမ်ဘွားက ငြင်းလေ ပိုပြီးလုပ်ပေးချင်လေ ဆိုတဲ့သဘောတရား ကို ရှောင်းကျန့် ရိပ်မိသွားကတည်းက ဘာပြောပြော စိတ်ထဲက မပါဘဲ ငြင်းနေမိတော့သည်။

"အဘွားရယ် ရပါတယ်ဆို......"

"သွား....သွား....ရိပေါ် လိုက်ပို့လိုက် အိမ်အထိ.....အဘွားလည်း အပေါ်ထပ်သွားနားတော့မယ်....."

ဝမ်ဘွားက အိမ်က အလုပ်သမားတွေ အတွဲအပို့နဲ့ အိမ်ပေါ်ထပ်တက်သွားတာကြောင့် အောက်ထပ်မှာ ရှောင်းကျန့် ဝမ်ရိပေါ် နှင့် ယန်ယူမီ သုံးယောက်သာ ကျန်ရစ်ခဲ့သည်။
"ဦးသမက်လေးကို အားနာစရာကြီး.....လိုက်မပို့ပါနဲ့တော့ ကိုယ်က ဒီကအပြန် ဦးနဲ့ တစ်ခါတည်းသွားတွေ့မှာဆိုတော့......"

ရှောင်းကျန့် ချိန်းထားတဲ့ သူကို ဝမ်ရိပေါ် သိလိုက်ရတဲ့အခါ မျက်မှောင်ကျုံ့မိသည်။

"ကျွန်တော့် အဘွားပြောထား ပြီးသားကိစ္စပဲ လိုက်ပို့မယ်......"

ရှောင်းကျန့်က မတတ်နိုင်တဲ့ ပုံဖြင့် သက်ပြင်းချလိုက်ကာ.....

"ဟင်း.....အဲ့တာ ဆိုလည်း ဒီတစ်ခါတော့ ဒုက္ခပေးပါရစေ......"

ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့ အိမ်ကနေ ထွက်သွားဖို့ပြင်ပြီးမှ ရှောင်းကျန့်က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် သူတို့ကို ရပ်ကြည့်နေတဲ့ ယန်ယူမီဆီကို ပြန်လျှောက်သွားလိုက်ရင်း.....
"ယူမီ.....အပန်းမကြီးဘူးဆို တစ်ခုလောက်ကူညီပါလား.....ဟိုတစ်ခါ ကိုယ် ဦးသမက်လေးကို ငှားလိုက်တဲ့ အင်္ကျီအနီလေး ပြန်ပေးလို့ရလား.....ဟိုဟာလေ အဲ့နေ့တုန်းက ဦးသမက်လေး အင်္ကျီမှာ ဝိုင်တွေစွန်းသွားလို့ ငှားလိုက်တာပါ.....တခြားဟာတွေဆို ပြန်မတောင်းပါဘူး.....အဲ့တာက ဦးဝယ်ထားပေးတဲ့ အမှတ်တရ အင်္ကျီလေးမလို့.....ကိုယ်တန်ဖိုးထားလို့ပါ....."

ရှောင်းကျန့်ပြောလိုက်မှ ယန်ယူမီ ရဲ့ မှတ်ဉာဏ်ထဲ အကြောင်းအရာတချို့က တရိပ်ရိပ်ပြန်တိုးလာရသည်။ အဲ့နေ့တုန်းက မောင်သူများ အင်္ကျီဝတ်လာတယ်ဆိုတာတော့ သူသိသည်။ ဒါပေမယ့် ဒီလူရဲ့ အင်္ကျီမှန်းသူမသိခဲ့တာပင်​။ အခုမှ သူသတိထားမိတော့ အဲ့နေ့က အင်္ကျီကရခဲ့တဲ့ ရနံ့ရယ် အခုဒီလူရဲ့ ကိုယ်သင်းရနံ့ရယ်က တထေရာတည်းပင်။ သူ့ခေါင်းထဲမှာ အတွေးတွေ များသွားရတာကြောင့် တံခါးဝက မောင့်ကို လှမ်းကြည့်လိုက်တော့လည်း ရုပ်တည်ဖြင့်သာ။
ခုနကတုန်းက သူမောင့်ကို မေးလိုက်တာ ဒီလူက အခန်းထဲမှာ ဘာလုပ်နေတာလဲ ဆိုတော့ သန့်စင်ခန်းလာသုံးတာဟု အေးအေးလူလူဖြေသွားခဲ့တာပင်။သူထပ်မေးလိုက်ချင်တာက သန့်စင်ခန်းသုံးတာ အခန်းတံခါးကို လော့ခ်ချထားဖို့လိုလားဆိုတာပဲ။ သူမမေးခဲ့ပါဘူး.....ဘာလို့ဆို သူ့မှာ ဒီလိုတွေမောင့်ကို မေးဖို့ အခွင့်မရှိဘူး။

ရှောင်းကျန့် ပြန်တောင်းနေတဲ့ ရှပ်အင်္ကျီလေးကို ယန်ယူမီက အဝတ်ဗီဒိုထဲမှာ သွားရှာပြီးတော့ ရှောင်းကျန့်လက်ထဲပြန်ထည့်လိုက်သည်။ အကြာကြီးရှာစရာမလိုဘူးလေ။ အဲ့ဒိအင်္ကျီက ဗီဒိုရဲ့ အပေါ်ဆုံးထပ်မှာ တသီးတခြားနဲ့ အနီရောင်လေး ထင်းကနဲ။ သေချာတာကတော့ သူတင်ထားတာ မဟုတ်ခဲ့ဘူး။
________ __________

လမ်းတလျှောက်မှာ ဝမ်ရိပေါ်က သုန်မှုန်သော မျက်နှာထားဖြင့်ကားကိုမောင်းလာသည်။ ရှောင်းကျန့် ဘက်ကို လှည့်လည်းမကြည့်သလို စကားတစ်ခွန်းမှလည်း မဟ။

"မောင် ဘယ်ကိုမောင်းနေတာလဲ.....ကိုယ်အိမ်ပြန်မှာ မဟုတ်ဘူးလေ.....xxxx ဟိုတယ်ကိုမောင်းပေးပါ....."

"မသွားနဲ့....."

ရှောင်းကျန့်က မသိချင်ယောင်ဆောင်ကာ....

"ဟင်....ဘာကိုလဲ....."

"ခင်ဗျားရဲ့ ဦးဆိုတဲ့ သူဆီမသွားနဲ့....."

"မောင်ရယ်.....ဦးနဲ့ က အစကတည်းက ချိန်းထားတာလေ......"
"ဖျက်လိုက်....."

ဝမ်ရိပေါ်ဘက်သို့ ရှောင်းကျန့် စောင်းငဲ့ကြည့်လိုက်ပြီးနောက်.....

"အင်း ဟုတ်ပါပြီ....မောင့်သဘောပဲ ကိုယ်မသွားတော့ပါဘူး.....အဲ့တာဆိုလည်း အိမ်ကိုပဲ လိုက်ပို့ပေးတော့....."

​ရှောင်းကျန့် ဖုန်းကို ထုတ်ကာ ယန်ချောင်မင်ဆီစာပို့လိုက်သည်။ မတွေ့တော့ဖို့ပြောလိုက်တာတော့မဟုတ်.....အချိန်ပြောင်းပြီး ချိန်းလိုက်တာဖြစ်သည်။ သူအိမ်ပြန်ရောက်ပြီး တစ်ခေါက်ထပ်ထွက်ရင်လည်းဖြစ်တာပါပဲ။
အိမ်ပြန်လမ်းမှာ ဝမ်ရိပေါ်က ကားကို ဆိုင်တစ်ဆိုင်ရှေ့တွင် ခဏရပ်လိုက်သည်။

"မောင် ဘာဖြစ်လို့လဲ....."

"ဝယ်စရာလေးရှိလို့......"

ဆယ်မိနစ်ခန့်ကြာတဲ့အခါမှာ ဝမ်ရိပေါ် ကားပေါ်ပြန်တက်လာပြီး ကားကိုဆက်မောင်းလာခဲ့သည်။

"ဘာဝယ်ခဲ့တာလဲ မောင်...."

ရှောင်းကျန့်​၏ အမေးကို ဝမ်ရိပေါ်က ပြန်မဖြေဘဲ ပုခုံးတစ်ချက်သာ တွန့်ပြသည်။ ရှောင်းကျန့်လည်း စိတ်ဝင်စားမှု မရှိတာကြောင့် ဆက်မမေးဖြစ်တော့။ရှောင်းကျန့် condo ရှေ့ရောက်လာတော့ ဝမ်ရိပေါ်ပါ တစ်ခါတည်းလိုက်တက်လာခဲ့သည်။ တော်တော်နဲ့ မပြန်သေးတဲ့ ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့် အခက်တွေ့နေရသည်။ သူယန်ချောင်မင်ကို ပြန်ချိန်းထားတဲ့ အချိန်က နီးကပ်လို့လာပြီဖြစ်သည်။
"မောင်....ပြန်ပြီး နားတော့လေ.....အလုပ်ကနေလည်း ပင်ပန်းလာတာမလား....."

"ဘာလဲ ခင်ဗျားက ကျွန်တော့်ကို နှင်ပြီး ခင်ဗျားရဲ့ဦးနဲ့သွားတွေ့မလို့လား....."

"မောင့်ကိုပြောပြီးသားပဲ ဘာလို့သွားတွေ့ရမှာလဲ...."

"ပြီးတာပဲလေ....ကျွန်တော်ပြန်တော့မယ်...."

"အင်း ဂရုစိုက်ပြန်ပါနော် မောင်....Good Night...."

သိပ်မပြောလိုက်ရဘဲ ချက်ချင်းထပြန်သွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် နည်းနည်းတော့ထူးဆန်းရသည်။ ရှောင်းကျန့် နာရီဝက်လောက်စောင့်ပြီး အဝတ်အစားလဲပြီးနောက် ဝမ်ရိပေါ် ပြန်သွားပြီဟု ကျိန်းသေတဲ့ အချိန်မှ အိမ်ကနေပြန်ထွက်ဖို့ပြင်လိုက်သည်။
သို့သော် သူ့တိုက်ခန်း​၏ အတွင်းတံခါးကို ဖွင့်ပြီး ခါတိုင်းလိုပဲ ထွက်မယ်ပြင်လိုက်စဉ် တွေ့လိုက်ရတဲ့ တစ်စုံတစ်ရာကြောင့် ပေါက်ကွဲသွားရသည်။

သူ့တိုက်ခန်းရဲ့ အပြင်ဘက် သံဗန်းတံခါးမှာ ဘယ်တုန်းက မှ မရှိခဲ့ဖူးတဲ့ သော့ခလောက်တစ်ခုက နေရာယူလို့ထားသည်။

"တောက်...."

ဒါကတော့ တကယ်ကိုများသွားပြီ။ ရှောင်းကျန့် သံဗန်းတံခါးက သော့ခလောက်ကို ကြိုးစားဖွင့်သော်လည်းမရတာကြောင့် စိတ်အချဉ်ပေါက်စွာ တံခါးကို ခြေထောက်နဲ့ ကန်မိသည်အထိ။ ဘယ်လိုမှ ကြိုးစားလည်း မရတာမလို့ ပြင်ဆင်ထားတဲ့ ကုတ်အင်္ကျီကိုတောင် ချွတ်ပြီးဆိုဖာပေါ်မှာ စိတ်ပျက်စွာလှဲချလိုက်သည်။
ဒေါသတွေက အရှိန်မသေသေး ဖုန်းထဲကို ရောက်လာတဲ့ စာကြောင့် သူပိုပြီး ဒေါသထွက်လာရသည်။

ထိန်းချုပ်ခံရတာတွေ မကြိုက်တဲ့သူ့ကို ဒီလိုတွေ လုပ်သွားတာတွေသူမုန်းသည်။ ဖုန်းထဲက ရောက်လာတဲ့ စာကိုသူထပ်ကြည့်မိပြီး ဖုန်းကို နံရံဆီသို့ ပစ်ပေါက်မိသည်။

စာထဲမှာ "မနက်ကျမှ လာဖွင့်ပေးမယ်..." ဆိုပဲ။

သူဟာ နှင်းဆီနီ တစ်ပွင့်ဆိုရင် တောရိုင်းထဲမှာပဲ လွတ်လွတ်လပ်လပ် ရှင်သန်နေတဲ့ပုံမျိုးပဲဖြစ်ချင်သည်။ ဘယ်သူ့ရဲ့ ပန်းခြံထဲမှာမှ စိုက်ပျိုးခံထားရတဲ့ ပန်းတစ်ပွင့် လိုဖြစ်ချင်တာ မဟုတ်။ ပန်းလေးလှတယ်ဆိုပြီး သိမ်းထားမျိုးတွေတော့ လာမလုပ်နဲ့....သူလုံးဝလက်မခံနိုင်ဘူး။
လွန်ခဲ့တဲ့ နှစ်နာရီကဖြစ်​၏။

ကားမောင်းနေတဲ့ ဝမ်ရိပေါ်က တခြားတစ်ယောက်နဲ့သွားမတွေ့တော့ဘူးလို့ ပြောတဲ့ သူကို ကြည့်ပြီး ပြုံးလိုက်မိသည်။ ကျေနပ်လို့တော့ မဟုတ်။

ရှောင်းကျန့်ကို အိမ်လိုက်ပို့ရင်း ဝမ်ရိပေါ် ဆိုင်တစ်ခုအရှေ့တွင်ကားကို ရပ်လိုက်ကာ ဆိုင်ထဲဝင်ပြီးသူလိုချင်တဲ့ အရာကို လိုက်ကြည့်နေစဉ် ဆိုင်ရှင်ကိုယ်တိုင်က ကူညီပြီး အာမခံကာ ရောင်းချပေးလိုက်သည်။

ဝမ်ရိပေါ် ရှောင်းကျန့်အိမ်ကို လာခဲ့တဲ့ အခေါက်တိုင်း သူသတိထားမိတာရှိသည်။ ဒီဂျစ်တယ်စနစ်နဲ့ လုပ်ထားတဲ့ အတွင်းတံခါးရယ် သော့ခလောက်မရှိတဲ့ အပြင်ဘက်သံဗန်းတံခါးတစ်ခုရယ်ရှိတယ်ဆိုတာ။ဒါ့ကြောင့် အဲ့ဒိသံဗန်းတံခါးကို ဝယ်လာတဲ့ သော့ခလောက်နဲ့ ခတ်လိုက်ပြီး သော့ကို သူနှင့်တစ်ပါတည်းယူသွားခြင်းဖြစ်သည်။
ဟက်....မောင့်သဘောပါ ဘာညာတွေနဲ့ လာပတ်နေတဲ့ ရှောင်းကျန့်ဆိုတဲ့လူကို သူကယုံရမှာတဲ့လား။အဲ့လောက်မှ စာမတတ်ရင် ဝမ်လုပ်ငန်းစုရဲ့ CEO လည်းလုပ်မနေဘူး။

ရှောင်းကျန့် တနုံ့နုံ့နဲ့ ဒေါသထွက်လွန်းတာကြောင့် တံခါးရှေ့ကို တစ်ခေါက်ပြန်သွားလိုက်ပြီး သော့ဖွင့်တဲ့ လုပ်ငန်းတစ်ခုခုကို ဆက်သွယ်ဖို့ တွေးလိုက်မိကာသော့ခလောက်ကို ကြည့်လိုက်သည်။ သော့ခလောက်ပေါ်က စာသားတွေကသူ့အဖြစ်ကို လှောင်ပြောင်နေသလိုဖြစ်နေတာကြောင့် အိမ်အတွင်းတံခါးကိုပါ ကျိုးပျက်လုမတတ် ဒေါသတကြီး ဆောင့်ပိတ်လိုက်သည်။
ဆိုင်ရှင် အာမခံထားသည့်အတိုင်းပင် သော့ဝိဇ္ဇာတွေတောင် ဖြတ်လို့မရတာကြောင့် သော့ခလောက်ပေါ်မှာ ထွင်းထားတဲ့ ကြော်ညာစာအချို့က....

"ဘယ်သူဖျက်ဖျက်  တို့မပျက်...."