ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၅)Unicode

"သူဌေး.....ဒီဇိုင်းဌာနမှူးက အစီရင်ခံစာ လာပို့ပါတယ်...."

ရုံးခန်းအတွင်းမှာ ရှိတဲ့ ဝမ်ရိပေါ်ကို ဂျက်က သတင်းပေးပို့လိုက်သည်။

"ဝင်လာခိုင်းလိုက်...."

ဝင်လာတဲ့ သူကိုကြည့်ပြီး ဝမ်ရိပေါ် မျက်မှောင်ကျုံ့လိုက်သည်။ ဌာနမှူးက အစီရင်ခံစာတွေကို ဝမ်ရိပေါ် အရှေ့ထိုးပေးလိုက်သည် ဆိုရင်ပဲ.....

"ပြန်ယူသွား....."

"ဗျာ...."

"မကြားလိုက်လို့လား....."

"ကြားလိုက်ပါတယ်.....ဒါပေမယ့် ဘာဖြစ်လို့လဲခင်ဗျ...."

"လက်ထောက်ဌာနမှူးက ဘာဖြစ်နေလို့လဲ......"

"ဪ.....ဟို လက်ထောက်ဌာနမှူး ရှောင်းကျန့်က အလုပ်နည်းနည်းရှုပ်နေလို့ပါ....."

"ဌာနမှူးထက် လက်ထောက်ဌာနမှူးက ပိုရှုပ်နေတာပေါ့....."

"ဒီလိုပါ သူဌေး.....ကိုယ်တာဝန်ယူထားတဲ့ အပိုင်းတွေနဲ့ မူတည်ပါတယ်....."

"ဘာပဲဖြစ်ဖြစ် ဒီအစီရင်ခံစာတွေ ပြန်ယူသွားပြီး ရှောင်းကျန့်ဆိုတဲ့ သူကိုယူလာခိုင်းလိုက်......"

"ဒါပေမယ့်....သူဌေး....."

"မရှင်းလို့လား....."

သူ့ကို စောဒကတက်နေသူကို ဝမ်ရိပေါ် အကြည့်စူးစူးတွေနှင့်ကြည့်လိုက်သည်။

"မဟုတ်ပါဘူး.....အဲ့တာဆို ရှောင်းကျန့်ကို ယူလာခိုင်းလိုက်ပါ့မယ်......"

ဌာနမှူးလည်း သက်ပြင်းချလို့ သူ့သူဌေး​၏ ရုံးခန်းအပြင်ထွက်ပြီး အကျိုးအကြောင်း အရင်ပြောရန် ရှောင်းကျန့်ကို ဖုန်းခေါ်လိုက်သည်။

"ဟယ်လို......"

"......."

"မဟုတ်ဘူး.....သူဌေးကိုယ်တိုင်ကပြောလို့....."

"......."

"ဖြစ်ပါ့မလား....."

"........"

"အင်း ဟုတ်ပါပြီ....."

ရှောင်းကျန့်ကို ဖုန်းခေါ်အပြီးမှာ ဌာနမှူး သက်ပြင်းအကြီးကြီးကို ထပ်ချပြီး ဝမ်ရိပေါ်​၏ ရုံးခန်းတံခါးကို ထပ်ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ....."

ဒုတိယတစ်ခေါက်ဝင်လာတဲ့သူကလည်း ရှောင်းကျန့် မဟုတ်သည့်အခါ ဝမ်ရိပေါ် မျက်ခုံးများကို သိသိသာသာကြီးတွန့်ချိုးလိုက်သည်။ ထိုကြောင့် ဌာနမှူးလည်း အသက်ကို ဝဝရှူရင်း.....

"ဟိုလေ....ဟို....."

စကားအ ထစ်ထစ်ဖြစ်နေတဲ့ လူကို ဝမ်ရိပေါ် စိတ်မရှည်စွာမေးလိုက်သည်။

"ဘာဖြစ်လဲ....."

"ဪ....ဟို....ရှောင်းကျန့်က စာရွက်တွေကို ဒီတိုင်းပဲ ထားခဲ့တဲ့......အားမှ လူချည်းပဲ သပ်သပ်လာခဲ့မယ်တဲ့.....ဟို သူလာရင်လည်း ဒီဟာတွေကိုပဲ နောက်တစ်ခေါက်ပြန်မသယ်လာနိုင်ဘူးတဲ့......"
"ဒါပဲလား....ဘာဆက်ပြောသေးလဲ......"

ဝမ်ရိပေါ်​၏ အမေးကို ဌာနမှူး ပြောသင့်မပြောသင့်စဉ်းစားရင်း.....

"ဟို....ပြီးတော့.....အားနေရင်လည်း လူတွေကိုလိုက်ရစ်မနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့.....ကုမ္ပဏီမှာ အားနေတဲ့သူတစ်ယောက်မှ မရှိဘူးတဲ့....."

ဌာနမှူးတစ်ယောက် ပြောပြီး ထိုနေရာမှ လစ်ထွက်ချင်နေပြီဖြစ်သည်။ ဒီစကားက ရှောင်းကျန့် သူ့ကို တစ်ခါတည်းပြောခိုင်းလိုက်တဲ့စကား။ သူဌေးကိုကြောက်ပေမယ့် ကိုယ့်ရဲ့လက်ထောက်ဖြစ်တဲ့ ရှောင်းကျန့်ကိုလည်း မလွန်ဆန်နိုင်ဘူး။ ဌာနမှူးတစ်ယောက် အလုပ်ပြုတ်ပြီဟုသာ တွေးမှတ်ထားရင်း နှင့်ပင် ဝမ်ရိပေါ် ရှေ့မှာ အတောင့်လိုက်ရပ်နေတော့သည်။
"ပြန်တော့.....ပြီးရင် ဒီအစီရင်ခံစာတွေကို ရှောင်းကျန့်ဆိုတဲ့ လူရဲ့ လက်ထဲထည့်ပြီး သူ့ကို အခုချက်ချင်း ယူလာခိုင်းလိုက်.....ဒီစကားပါထည့်ပြောလိုက် ဌာနတစ်ခုလုံး အချိန်ပို မဆင်းစေချင်ဘူးဆိုရင် အခုချက်ချင်းကိုလာခဲ့လို့......"

"ဟုတ်ကဲ့ပါ....."

ဌာနမှူးလည်း ဝမ်ရိပေါ်ကို အရိုအသေပြုလိုက်ပြီး ရုံးခန်းထဲမှထွက်ခွာကာ မှာကြားလိုက်သည်များကို ဆောင်ရွက်ဖို့ သူ့ဌာနဘက်ကို ဦးတည်သွားလိုက်သည်။ သူ့သူဌေးမှာလိုက်တဲ့ ဟာကို သူ့လက်ထောက် ဌာနမှူးကို သူဘယ်လိုတောင် ပြန်ပြောရမည်မသိ​။
အမှန်တိုင်း ဝန်ခံရင်တော့ သူ့သူဌေးထက်စာရင် သူ့ရဲ့ လက်ထောက်ဌာနမှူးကို သူပိုကြောက်သည်။ တခြားတော့မဟုတ်....ရှောင်းကျန့်က ချက်ချက်ချာချာ နဲ့ပြန်ပြောရင် သူ့မှာ ဘာမှတောင် အထွန့်မတက်ရဲဘဲ နှုတ်ဆိတ်နေလိုက်ရတာပင်။ အထက်အရာရှိကိုလည်း မလွန်ဆန်နိုင် လက်အောက်ငယ်သားကိုလည်း မလွန်ဆန်နိုင်တဲ့ သူ့အခြေအနေက လွယ်ကူနေတာတော့မဟုတ်ပါ။

_________ __________

ရှောင်းကျန့် သူ့ရဲ့လည်ပင်းတစ်ဖက်တစ်ချက်စီကို ပလာစတာ ကပ်ပြီး အလုပ်လာရတာ သုံးရက်တိတိရှိပြီ ဖြစ်သည်။ ဌာနကလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်....ဖြတ်သွားတဲ့ သူတွေကလည်း စောင်းကြည့်လိုကြည့်နဲ့။
လည်ပင်းမှာ ပလာစတာ ကပ်တယ်ဆိုတာ အကြောတက်လို့လည်း ဖြစ်ချင်ဖြစ်နိုင်တာပဲကို လူတွေက ဘာလို့ စိတ်ဝင်စားနေကြတာလဲမသိ။ အထူးသဖြင့် မနေ့တုန်းက ယန်ချောင်မင် တစ်ယောက် သူ့ကို စကားလာအစ်နေသည်။ ဘယ်လိုအဖြေကိုကြားချင်လို့လည်းတော့ မသိပေမယ့် ပြန်ဖြေလိုက်ပါတယ်.....အင်္ကျီကော်လံနဲ့ ရှမိတာလို့ ။မယုံမှန်းလည်းသိတယ်.....ဒါပေမယ့် ဘာလုပ်ရမှာလဲ။

ဒီလို လူတွေမသင်္ကာသလို လာကြည့်တိုင်း သူဟိုကောင်လေးကိုသာ ပိုလို့ဒေါသထွက်ရသည်။ တွေးမိတိုင်း ရင်ထဲတနုံ့နုံ့နဲ့။ အခုလည်း လူကမအားပါဘူးဆို ဘာမဟုတ်တဲ့ ကိစ္စနဲ့လူကိုလာရစ်နေတာ။ ရစ်တဲ့လူတွေရဲ့ အလိုလိုက်ဆောင်ပေးရတာလည်း သူ့အကြိုက်မဟုတ်ဘူး။
သူစခဲ့တဲ့ ဇာတ်လမ်းမလို့ အလိုက်အထိုက်သွားရမယ်ဆိုတာ သိပေမယ့် သူ့အလုပ်နဲ့ ပတ်သက်လာရင်တော့မရ။ အခုက တစ်ဌာနလုံးကို အချိန်ပိုဆင်းခိုင်းမယ်ဆိုတဲ့ ကိစ္စနဲ့ လာအကြပ်ကိုင်နေတော့။ ပြောမယ့်သာပြောတာ CEO ရာထူးသာဖြစ်နေတယ်.....စိတ်က အသက်အတိုင်းပဲ....ကလေးသာသာရယ်။

ဝမ်ရိပေါ် ရုံးခန်းထဲမှာ ထိုင်နေရင်း လက်ကနာရီကို တကြည့်ကြည့်လုပ်နေသည်။ ရှောင်းကျန့်ဆိုတဲ့လူ ခါတိုင်းလို သူ့ဆီ စာရွက်စာတန်းတွေ လာမပေးတာ ဒီနေ့နဲ့ ဆိုသုံးရက်ရှိပြီ။ ခါတိုင်းဆို အကြောင်းမရှိအကြောင်းရှာပြီး လာနေကြပုံမျိုးဖြစ်ပြီး ဟိုတစ်ခေါက် အိမ်လိုက်သွားခဲ့တဲ့ နောက်နေ့ကစပြီး သူ့ရုံးခန်းဆီယောင်လို့တောင် မလှည့်လာခြင်းဖြစ်သည်။ အရာထင်အောင် နမ်းလိုက်တဲ့ ကိစ္စလေးကို အဲ့လောက်ဖြစ်ပျက်ပြစရာလိုလို့လား။ ဖုန်းထဲမှာသာ အသည်းပုံတွေဝေဝေဆာဆာနဲ့ စာပို့နေတာ အပြင်မှာ အဖက်မလုပ်တာ နှစ်ရက်နဲ့နေ့တစ်ပိုင်းတိတိ။
"ကျွီ...."

တံခါးဖွင့်သံကြားလိုက်တာကြောင့် ဝမ်ရိပေါ် တွေ့တဲ့စာရွက်တစ်ခုကို ယူပြီးစစ်နေလိုက်သည်။ ပြောချင်တာကတော့ သူလည်း အားနေတာမဟုတ်ဘူးဆိုတဲ့သဘော။ ဘယ်သူဝင်လာတာလဲ လို့အထူးမေးစရာမလို.....စူးရှရှ ရနံ့တစ်ခုက သူ့အမေးကို ဖြေပြီးသားပင်။

​ဝမ်ရိပေါ်က လက်ထဲက စာရွက်ကိုသာ အာရုံစိုက်ကာ သူ့စားပွဲရှေ့ မှာလာရပ်နေတဲ့ သူကိုတစ်ချက်တောင်မော့မကြည့်ဘဲနေ​၏။ငါးမိနစ်သာကြာသွားတယ် မတ်တပ်ရပ်နေတဲ့ သူဆီကလည်း စကားတစ်ခွန်းတောင် မထွက်လာတာကြောင့် သူကသာ အရင်မော့ကြည့်လိုက်ပါသည်။ ဒီကုမ္ပဏီမှာ ဘယ်ကတည်းက ဓလေ့ထုံးစံတွေက ပြောင်းသွားရတာလဲ.....သူဌေးက လက်အောက်ငယ်သားကို အရင်နှုတ်ဆက်စကားပြောရမယ်ဆိုတာ.....။
ဝမ်ရိပေါ် သူရှေ့က ရှောင်းကျန့်ကို ကြည့်လိုက်မိတော့ လက်ထဲမှာ အစီရင်ခံစာ တစ်ထပ်ကြီးကို လက်တစ်ဖက်တည်းနှင့် ကိုင်ပြီး စိတ်မရှည်တဲ့ ပုံစံမျိုး မတ်တပ်ရပ်နေသည်ကိုတွေ့သည်။ ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ သပ်သပ်ရပ်ရပ်တိတိပပခေါက်တင်ထားပြီး နဖူးထက်မှာ ဆံပင်တွေဝဲကျနေပုံက တကယ်ကို အလုပ်ရှုပ်နေရင်းမှ ထလာရသည့်သဘောရှိသည်။ မျက်ခုံးတွေကိုလည်း တွန့်ချိုးထားသည်မှာ မည်မျှစိတ်အလိုမကျဖြစ်နေကြောင်း ထင်ဟပ်နေသည်။
"ကြည့်လို့ဝရင်လည်း အစီရင်ခံစာတွေယူတော့.....အချိန်မရှိဘူး....."

ဆတ်တောက်တောက်ပြောလာတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ခပ်တည်တည်ဖြင့်.....

"ကြည့်လို့ မဝသေးဘူး....အဲ့တော့ အစီရင်ခံစာတွေလည်း မယူနိုင်သေးဘူး....."

လက်တစ်ဖက်နဲ့ ဝဲကျနေတဲ့ ဆံပင်တွေကို ထိုးသပ်လိုက်ပြီး ကျစ်သပ်လိုက်တဲ့ပုံက အရမ်းကိုအရိုင်းဆန်လွန်းလှသည်။ ဆတ်ကနဲ သူ့ဘက်ကို ကြည့်လိုက်တဲ့ မျက်ဝန်းရိုင်းတွေက....အာ....သူ့စိတ်ကို......။သူတကယ်ကိုပြောတာ ဒီလူရဲ့ အပြုအမူတိုင်းအတွက် သူ့မှာဖော်ပြစရာ စကားတွေကို မရှိတာ။
ဝမ်ရိပေါ် သူထိုင်နေတဲ့ ခုံနောက်ကျောကို မှီပြီး လက်ပိုက်ကာ ရှောင်းကျန့်ကို စိုက်ကြည့်နေရင်း လည်ပင်းပေါ်က ပလာစတာတွေတွေ့သွားတော့ ရယ်ချင်မိသော်လည်း ချောင်းတစ်ချက်ဟန့်၍သာ ထိန်းချုပ်ထားလိုက်ရသည်။သူအခုထရယ်လိုက်ရင် ပြောလို့မရဘူး ဒီလူက ချက်ချင်းထထွက်သွားဦးမှာ။သွားပြောရင်လည်း ကြိုက်မှာမဟုတ်....ဒီလူရဲ့ လုပ်ရပ်က ကလေးအချင်းချင်း ရန်ဖြစ်ထားသလိုမျိုး မခေါ်နိုင်မပြောနိုင်ဖြစ်နေခြင်းပင်။
"ရော့ အစီရင်ခံစာတွေ.....မြန်မြန်ယူ....."

"ဘာတွေလောနေတာလဲ.....အေးဆေးပေါ့ စားပွဲပေါ်မှာ တခြားဟာတွေနဲ့ ရှုပ်နေလို့ ခဏကိုင်ထားဦး......"

ရှောင်းကျန့် နဂိုမကြည်နေတဲ့ စိတ်ကပိုပြီး လှုပ်ခတ်လာသည်။

"ဒီမှာ.....မောင်...."

ဝမ်ရိပေါ် မျက်ခုံးပင့်ကာ....

"အင်း.....ခေါ်မှ ခေါ်ပါတော့မလားလို့....."

"မောင်....ကိုယ့်မှာ မောင်နဲ့ စနောက်နေဖို့ အချိန်မရှိဘူး.....ကိုယ်စာရွက်တွေ ထားခဲ့တော့မယ်....ဌာနမှာ ဒီဇိုင်းတစ်ခုကို ဆွေးနွေးနေတာ တစ်ဝက်တစ်ပျက်ကြီး......"
"အဲ့တာဆိုလည်း အစီရင်ခံစာတွေ ပြန်ယူသွားလိုက်.....ဆွေးနွေးနေတာတွေ ပြီးမှ တစ်ခေါက်ပြန်ယူလာခဲ့......"

ရှောင်းကျန့်ကို ဝမ်ရိပေါ် ပြောပြီးနောက် ခုနကစစ်နေတဲ့ စာတမ်းတွေကို ပြန်ယူပြီး အလုပ်ဆက်လုပ်နေသည့် အသွင်ကိုဆောင်နေ​၏။ ရှောင်းကျန့်ဒေါသထွက်လွန်းလို့ အသက်ရှူသံတွေတောင် ပြင်းလာရသည်။ ဒါလူကို သပ်သပ်မဲ့ခေါ်ပြီး အချိန်ဖြုံးတာ။

ရှောင်းကျန့် သူလက်ရှိရပ်နေရာ နေရာကနေ အနောက်သို့ ခြေလှမ်းသုံးလှမ်းစာလောက်ဆုတ်လိုက်သည်။ ထို့နောက် လက်ထဲက အစီရင်ခံစာ အထပ်လိုက်ကြီးကို ထိုနေရာကနေပဲ လက်တစ်ဖက်တည်းနှင့် ဝမ်ရိပေါ်​၏ အလုပ်စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။ ခပ်လှမ်းလှမ်းကနေ တမင်သပ်သပ် ပစ်တင်လိုက်တာကြောင့် စာရွက်တွေ စားပွဲတစ်ခုလုံး ပြန့်ကျဲ သွားရုံမက ကြမ်းပြင်ပေါ်သို့လည်း ငါးရွက်ထက်မနည်း ပြန့်ကျဲသွားသည်။
"ခွင့်ပြုပါဦး မောင်....."

စာရွက်တွေကို ပစ်ချပြီးတာနဲ့ ရုံးခန်းထဲက ထွက်သွားဖို့ပြင်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်စကားနဲ့ လှမ်းတားလိုက်သည်။

"ရပ်လိုက်....ရှောင်းကျန့်....."

ဝမ်ရိပေါ်​၏ စကားကို ရှောင်းကျန့်က အရေးမစိုက်။

"ရပ်လိုက်လို့ ပြောနေတယ်နော် ရှောင်းကျန့်.....ခင်ဗျားရဲ့ အပြုအမူတွေက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး....."

တံခါးလက်ကိုင်ကို ကိုင်ထားနေပြီ ဖြစ်တဲ့ ရှောင်းကျန့်က အနောက်ဘက်သို့ ပြန်လျှောက်လာသည်။
"ပြောကြည့်ပါဦး လက်ခံနိုင်စရာ အပြုအမူတွေက ဘာကိုပြောတာလဲ မောင်....."

"ကြမ်းပြင်ပေါ်မှာ ကျသွားတဲ့ စာရွက်တွေကို မြင်လား....အဲ့တာ တွေပြန်ကောက်ပြီးမှ ထွက်....."

"ဪ....."

ရှောင်းကျန့် မတ်တပ်ရပ်နေရင်း ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ကာ ဝမ်ရိပေါ် ရှိရာဘက်သို့ အပြုံးတစ်ခုဖြင့် တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

ထို့နောက်ဝမ်ရိပေါ်ထိုင်နေသည့် ခုံနေရာသို့ရောက်တဲ့အခါ အနောက်ဘက်ကိုသွား၍ ကိုယ်ကို ကိုင်းလိုက်ကာ ခုံရဲ့ အနောက်ကနေ ဝမ်ရိပေါ်​၏ နောက်ကျောကို သိုင်းဖက်လိုက်သည်။ ရှောင်းကျန့်က သွယ်လျနေတဲ့ သူ​၏လက်နှစ်ဖက်ကို ဝမ်ရိပေါ်​၏ လည်ပင်းတစ်ဝိုက်မှာ ယှက်နွယ်ထားခြင်းဖြစ်သည်​။ အနောက်ကနေသိုင်းဖက်ထားရင်း သူ​၏ မေးဖျားကို ဝမ်ရိပေါ်​၏ ပုခုံးထက်တွင်တင်လိုက်​၏။ ပြီးနောက်အသက်ရှူသံတွေ မူမမှန်တော့တဲ့ ဝမ်ရိပေါ် ဘက်သို့ ခေါင်းလေးအသာစောင်းငဲ့လိုက်ရင်း အသံညင်းညင်းလေးနဲ့ခေါ်လိုက်သည်။
"မောင်......"

လေငွေ့နွေးနွေးက ဝမ်ရိပေါ်​၏ လည်တိုင်တစ်လျှောက်ရိုက်ခတ်သွားတာကြောင့် ကြက်သီးမွှေးညင်းများထသွားစေသည်။ အသံတို့က ပန်းဝတ်ရည်တို့နှင့် ဆတူရောစပ်ထားသလိုနှယ်....။

"မောင်.....ကိုယ်က ဒီကုမ္ပဏီမှာ မောင့်တစ်ယောက်တည်းနဲ့ပဲ အလုပ်တွဲလုပ်နေတာ မဟုတ်ဘူးလေ......အဲ့တော့ မောင့် တစ်ယောက်တည်း အကြိုက်လိုက်ဆောင်ပေးလိုံ့ ဘယ်ရမလဲ....မောင့်တစ်ယောက်တည်းရဲ့ အကြိုက်ကို လိုက်ဆောင်စေချင်ရင်တော့ ကိုယ့်အိမ်လိုက်ခဲ့မှပဲရမယ်......ဟုတ်ပြီလား......"
​တုတ်တုတ်မျှ မလှုပ်ယှက်ဘဲ ငြိမ်သက်နေသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်လို့ စကားကို ခဏရပ်ကာ ဝမ်ရိပေါ်​၏ နားသပ်စပ်နားကို နှုတ်ခမ်းပါးဖြင့်ခပ်ကြာကြာ ဖိနမ်းလိုက်သည်။ အနမ်းခံနေရတဲ့သူ

သတိလက်လွတ်ဖြစ်သွားသည့်အချိန်မှ အနမ်းတွေကိုခွာလိုက်ပြီး.....

"မောင်......မောင်ခုနကမေးတယ်လေ.....ကြမ်းပြင်ပေါ်ကျသွားတဲ့ စာရွက်တွေကို မမြင်ဘူးလားလို့ဆိုပြီး.....ကိုယ်ပြောရင်မောင်က ညာတယ်လို့ထင်မှာလားဟင်......အမှန်တိုင်းပြောရင် မောင့်တစ်ယောက်ထဲကို ပဲမြင်တဲ့ ကိုယ်က ကြမ်းပြင်ပေါ်က စာရွက်တွေကို မမြင်ဘူးရယ်......."
"......."

"အဲ့တော့ မောင်ရယ်......မောင်အဲ့ဒိစာရွက်တွေကို မြင်တယ်မလား......မောင်မြင်တော့ မောင်ကောက်လိုက်ပေါ့......."

ဝမ်ရိပေါ် သူ့ရဲ့နားသယ်စပ်ကို နောက်တစ်ခေါက်ထပ်နမ်းပြီး ထွက်သွားတဲ့ လူကိုကြည့်ပြီး အသက်ရှူသံတွေမြန်ကာ မောဟိုက်လို့ကျန်ရစ်ခဲ့သည်။

ကြမ်းပြင်ပေါ်ကျနေတဲ့ စာရွက်တွေကို သူ့ရှေ့မှာ ခေါင်းငုံ့ပြီး မကောက်ချင်လို့ ရှတတအနမ်းတွေကို တမင်တကာသုံးသွားတဲ့ သူရဲ့ အကြောကို သူတကယ်ပဲ လက်လန်သည်။
အဲဒိလူရဲ့ ချော့သလိုလို.....ရွဲ့သလိုလို ပြောသွားတဲ့ အပြုအမူတွေကို မယုံနိုင်စွာ တွေးနေရင်းပဲ သူလည်း ကြမ်းပြင်ပေါ်က စာရွက်တွေကို သူ့ဟာသူပြန်ကောက်နေရတော့သည်။

__________ _____________

အလုပ်ဆင်းချိန်ဖြစ်၍ ရှောင်းကျန့် ဓာတ်လှေကား အရှေ့မှာ စောင့်နေသည်။ သူအလုပ်စဝင်ကတည်းက ရိုးရိုး ဓာတ်လှေကား ကိုမစီးဘဲ VIP ဓာတ်လှေကားကိုသာ အမြဲတမ်းသုံးလာတာဖြစ်သည်။ သူဌေးလုပ်တဲ့သူတောင် ဘာမှ မပြောတာ သူကဘာကိုဂရုစိုက်နေရဦးမှာလဲ။
"တင်းတောင်....."

​ရှောင်းကျန့် သူ့အရှေ့က ဓာတ်လှေကား တံခါးပွင့်သွားတဲ့အခါ အထဲသို့လှမ်းဝင်လိုက်သည်။ သို့သော် ဓာတ်လှေကားက အလွတ်တော့မဟုတ်။ အထဲတွင် အဘွားအရွယ် အမျိုးသမီးတစ်ယောက်ရှိလို့နေသည်။ ဘယ်သူမှန်းသူမသိပေမယ့် အရိုအသေပြုလိုက်ကာ ဖာသိဖာသာ သာ လိုက်ပါလာခဲ့သည်။

"အမလေး....."

သူနှင့် အတူစီးနင်းလာတဲ့ အဘွားက ဆင်းရမယ့် အောက်ဆုံးထပ်ကို ရောက်လာတော့ လက်ထဲက တုတ်ကောက်နှင့် ဟန်ချက်ပျက်၍ ခွေကျပြီး ချော်လဲ​၏။ ထို့ကြောင့် သူကပြာကယာ အနားသွားပြီး သွားထူလိုက်သည်။
"ရရဲ့လား အဘွား....."

"ကျွတ်...ကျွတ်...အဘွားရဲ့ ညာဘက်ခြေထောက်ခေါက်သွားတယ်ထင်တယ်......"

"အဘွားမှာ အတူတူလိုက်လာပေးတဲ့သူမရှိဘူးလား......."

"ပါတယ်.....သူ့ကို ကုမ္ပဏီအရှေ့မှာပဲ စောင့်ထားခိုင်းပြီး အဘွားက အဘွားမြေးလေးဆီ ခဏလာဝင်လည်တာ......"

"အဘွား မြေးက ဒီမှာလုပ်တာလား....."

"အင်း.....ကောင်လေး သိမှာပါ.....အဘွားမြေးက ဒီကသူဌေးလေး ဝမ်ရိပေါ်လေ......"

"ဪ...."

ရှောင်းကျန့် ဘာရယ်မဟုတ်ပြုံးလိုက်မိသည်။

"ကျွန်တော် ဆေးခန်းလိုက်ပို့ပေးရမလား....."
"နေပါစေကွယ် အဘွားကို ကားနားအထိပဲ လိုက်ပို့ပေး......"

"ဟုတ်ပါပြီ အဘွား ကားနားထိလဲ လိုက်ပို့ပေးမယ်.....ဒီနားပတ်ဝန်းကျင်က ဆေးခန်းကို အရင်လိုက်ပို့ပေးမယ်......ကျွန်တော်လည်း အလုပ်ဆင်းချိန်မလို့ အားနေပါတယ်......"

"အေးကွယ် အဲ့တာဆိုလည်း အဘွား အကူအညီ တောင်းရတော့မယ်......"

"ရပါတယ် အဘွား....."

တကယ်ကိုရတာပါ အဘွား.....။ ရတာထက်ကိုပိုတာ။

ရှောင်းကျန့် ဝမ်ဘွားကို ဝမ်အိမ်က ဒရိုင်ဘာနဲ့ အတူ နီးစပ်ရာဆေးခန်းတစ်ခုကို ခေါ်သွားလိုက်သည်။ ဟိုရောက်တော့ ဆရာဝန်က စမ်းသပ်ကြည့်တဲ့အခါ ခြေကျင်းဝတ်လည်သွားတာတဲ့။ထို့ကြောင့် ဝမ်ဘွားအတွက် လိုအပ်မည့် ဆေးများထည့်ကာ ပတ်တီးများလည်းစည်းပေးလိုက်သည်။ အကိုက်အခဲ ပျောက်ဆေးများနှင့် အယောင်အရမ်း သက်သာစေမည့်စေများကိုလည်း စနစ်တကျနှင့် မှာကြားလိုက်သည်။ ဒရိုင်ဘာက အပြင်မှာ စောင့်နေခဲ့တာကြောင့် ဆရာဝန်ပြောကြားချက်များကို ရှောင်းကျန့်ကသာ မှတ်ယူနေရတာဖြစ်​၏။
"အဘွား ဆရာဝန်ပြောတာတွေ မှတ်မိရဲ့လား....."

"ကောင်လေးရယ် အဘွားက အသက်ရလာတော့ သိပ်မသိဘူးရယ် ဆေးနာမည်တွေကို သိပ်ပြီးနားမလည်ဘူး......အဘွားတို့ခေတ်တုန်းက တိုင်းရင်းဆေးတွေပဲ သုံးတာဆိုတော့......"

"အဲ့တာဆို ဒီလိုလုပ်ပါလား အဘွား......ကျွန်တော် အဘွားကို အိမ်လိုက်ပို့ပေးမယ်လေ......အိမ်ရောက်မှ အဘွားတို့ အိမ်က တစ်ယောက်ယောက်ကို ကျွန်တော်မှာခဲ့ပေးမယ်......."

"အားနာလိုက်တာ.....ဘွားရဲ့မြေးချွေးမလေးကလည်း သူ့အိမ်တော်ကို ပြန်သွားတာဆိုတော့ အိမ်မှာ ဘွားရယ် အလုပ်သမားတွေရယ်ပဲရှိတာ.....ပြီးတော့ ရိပေါ်လေးကလည်း နည်းနည်းနောက်ကျမှ ပြန်ရောက်လိမ့်မယ်......"
"ရပါတယ် အဘွား.....ကျွန်တော် သူတို့ပြန်လာတဲ့ အထိစောင့်ပေးပါ့မယ်.....ကျွန်တော့် အလုပ်ရှင်ရဲ့ အဘွားဆိုတော့ ကျွန်တော့် အဘွားပဲပေါ့......"

"ကျေးဇူးတင်ပါတယ် ကောင်လေးရယ်.....အဲ့တာဆိုလည်း အဘွား ဒုက္ခဆက်ပေးပါရစေ....."

ဝမ်အိမ်က ကားပေါ်မှာ ရှောင်းကျန့်နှင့် ဝမ်ဘွားတို့ အတူတူ လိုက်ပါစီးနင်းလာရင်း စကားများပြောလာကြသည်။ ချိုသာလွန်းတဲ့ ရှောင်းကျန့်​၏ အပြောတွေကြောင့် ဝမ်ဘွားမှာ တစ်လမ်းလုံး တပြုံးပြုံးနှင့်သာ။
"ကောင်လေးက စကားတော်တော် ပြောတတ်တာပဲ......အိမ်က အဘွားမြေးနဲ့တော့ ကွာပါ့.....အဲ့ကောင်လေးက ဘာလေးမှန်းကို မသိဘူး......မလှုပ်စိလှုပ်စိနဲ့ အေးစက်စက်လေး......"

ဝမ်ဘွား​၏ အပြောကြောင့် ရှောင်းကျန့် မသိမသာ မျက်လုံးကိုအပေါ် ထောင့်ကပ်လိုက်သည်။ မလှုပ်စိလှုပ်စိပေလို့ပဲ.....။

​ဝမ်အိမ်တော်ကိုရောက်တော့ ရှောင်းကျန့် ကြည့်နေမိသည်။ ချမ်းသာသည် ကြွယ်ဝသည်.....အခြွေအရံတွေပေါသည်။ ဒီဂုဏ်ပုဒ်တွေကြောင့်ပဲ ယန်ယူမီက သူ့အစ်ကိုကို ထားခဲ့သည်။
သူ့ကိုလာမေးကြည့်.....ချမ်းသာကြွယ်ဝမှုကို အလိုရှိလားလို့မေးရင် ပြတ်ပြတ်သားသားနဲ့ ဟင့်အင်းလို့သာဖြေလိုက်မည်။ သူဟိုးငယ်ငယ်လေးကတည်းက လွတ်လပ်မှုကိုသာမြတ်နိုးပြီး အနှောင်အဖွဲ့တွေနဲ့ ကင်းကင်းရှင်းရှင်း နေလိုတာဖြစ်သည်။ သူ့ရဲ့ အလိုဆန္ဒပြည့်သွားတယ် ထင်ပါ့.....တစ်ဦးတည်းသော နှောင်ကြိုးတောင် ပြတ်တောက်သွားခဲ့သည်။

​"အဘွား.....အခန်းထဲကို လိုက်ပို့ပေးရမလား...."

"မလိုပါဘူးကွယ်..... အဘွားအခန်းက အပေါ်ထပ်မှာ ရိပေါ်တို့ ပြန်ရောက်လာမှပဲ အ​ပေါ်ကို လိုက်ပို့ခိုင်းတော့မယ်......အေးဆေးနားဦးနော် စားသောက်ပြီးမှ ပြန်.....ကောင်လေးနဲ့ မိသားစုလက်စုံ အတူတူ စားကြတာပေါ့......"
"နေပါစေ.....အဘွား ကျွန်တော် မစားတော့ဘူး....."

"မဟုတ်တာ.....ဒီအထိတောင် လိုက်ကူပြီးတော့မှ.....တစ်ခါတည်းစားသွားပါနော်.....အိမ်က ကလေးတွေလည်း ပြန်ရောက်တော့မှာ....."

"အဘွား ကျွန်တော်......"

"မငြင်းပါနဲ့ အဘွားက ကိုယ့်မြေးလေးလို သဘောထားလို့ပါ.....ဟုတ်ပြီလား....."

ရှောင်းကျန့် ငြင်းချင်သော်လည်း မည်သည့်အကြောင်းပြချက်ပြရမည်မသိ။ မိသားစုတွေ လက်စုံစားတာမျိုးတွေ သူလုံးဝမလုပ်ချင်။ အဲ့လိုတွေ မလုပ်ခဲ့တာလည်း ဘယ်လောက်ကြာပြီလဲ။ ရှောင်းကျန့်ငြင်းလို့မရတဲ့ အဆုံး ဧည့်ခန်းမှာသာ ဝမ်ဘွားနှင့်ရောက်တတ်ရာရာတွေ ပြောနေကြသည်။
ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးက ကံတော့ကောင်းသည်။ စည်းစိမ်ဥစ္စာတွေကို ကြည့်ပြီးပြောတာမဟုတ်.....သူ့ကို တကယ်ချစ်ပြီး နွေးထွေးလွန်းတဲ့ အဘွားတစ်ယောက်ကို ပိုင်ဆိုင်ထားရလို့ပင်။ဝမ်ဘွားက တကယ်နွေးထွေးပြီး စိတ်ထားကောင်းလွန်းတဲ့ လူတစ်ယောက်သာဖြစ်သည်။

ရှောင်းကျန့်နှင့်စကား လက်ဆုံကျရင်း ဧည့်ခန်းအတွင်းသို့ ဝင်လာတဲ့ လူရိပ်ကြောင့် ဝမ်ဘွားက ဝမ်းသာအားရ လှမ်းခေါ် လိုက်သည်။

"မြေးရိပေါ်......ရောက်လာပြီလား......"
ဝမ်ဘွား​၏ ဘေးမှာထိုင်နေတဲ့ ရှောင်းကျန့်ကလည်း အံ့ဩနေဟန်ရတဲ့ ဝမ်ရိပေါ်ကို အတောက်ပဆုံးအပြုံးတစ်ခုပြုံး၍ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ ကြိုဆိုလိုက်လေသည်။