ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၄)Unicode

"ရှောင်းကျန့်....."

"......"

"ရှောင်းကျန့်....."

နာမည်ကို ငါးခေါက်ထပ်မနည်း ခေါ်နေတာကို တစ်ချက်တောင် စောင်းမကြည့်လာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ကျစ်သပ်မိလိုက်သည်။

ရှောင်းကျန့်နှင့် ဝမ်ရိပေါ်က ရှောင်းကျန့် အိမ်ရဲ့ တီဗီရှေ့ ဆိုဖာပေါ်မှာ ထိုင်နေကြတာဖြစ်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်ကို လှည့်ပြီး ထိုင်နေတာဖြစ်ပြီး ရှောင်းကျန့်ကတော့ တီဗီကလာတဲ့ အစီအစဉ်ကို အကြည့်တစ်ချက်တောင် မလွှဲဘဲကြည့်နေတာဖြစ်သည်။ ရှောင်းကျန့်​၏ မျက်နှာကတည်တင်းနေသည်။ နှုတ်ခမ်းပါးတို့က ခါတိုင်းလို ပြုံးယောင်သန်းနေခြင်းမရှိဘဲ မျက်နှာကြော အတိုင်းတင်းမာနေတာဖြစ်သည်။

လွန်ခဲ့သော နှစ်နာရီခန့်က.....။

ရှောင်းကျန့်နှင့် ဝမ်ရိပေါ် ကုမ္ပဏီကနေ အလုပ်ဆင်းပြီးတာနဲ့ ရှောင်းကျန့်​၏ အိမ်ကိုလာခဲ့ကြသည်။ အိမ်ပြန်လမ်းတစ်နေရာမှာတော့ တစ်ထောင့်နားပြီး အဆင့်မြင့်စားသောက်ဆိုင်တစ်ခုကနေ အစားအသောက်တွေကို ဝယ်ယူလာခဲ့ကြသည်။ဟိုတစ်ခေါက်တုန်းကလိုအချိန်နှစ်နာရီကျော်ကြာမှ တွေ့ရာမှာစားလိုက်ရတဲ့ အဖြစ်မျိုး မကြုံအောင်ဖြစ်သည်။

​သူတို့နှစ်ယောက်သား ရှောင်းကျန့် အိမ်သို့ရောက်လာတဲ့အခါ ခဏလောက်နားကြပြီး ဝယ်ယူလာသည့် အစားအသောက်များကို ရှောင်းကျန့်က ပြင်ဆင်သည်။ ဝမ်ရိပေါ်ကတော့ ထမင်းစားပွဲမှာ ရှောင်းကျန့် ပြင်ဆင်နေတာကို ထိုင်ကြည့်​၏။

ရှောင်းကျန့်ကို ဝမ်ရိပေါ် ထိုင်ကြည့်နေသည်မှာ အစိတ်အပိုင်းတစ်ခုခြင်းစီကို စေ့စေ့စပ်စပ်ကြည့်နေတာပင်ဖြစ်သည်။ သူ့ကို ကျောပေးထားပြီး အစားအသောက်တွေ မထည့်ခင် ပန်းကန်ကို အရင်ပြန်ဆေးကြောနေတဲ့ လူကိုကြည့်နေရင်းပင် သူ့ခြေလှမ်းတွေက ထိုလူရဲ့ အနီးကိုရောက်လို့သွားခဲ့သည်။

ဝမ်ရိပေါ် ပန်းကန်ဆေးနေတဲ့ ရှောင်းကျန့်ကို ရုတ်တရက် အနောက်ကနေသိုင်းပြီးဖက်လိုက်သည်။ လက်အစုံတို့ကိုမူ ခါးတစ်ဝိုက်တွင် တင်းကြပ်စွာ ရစ်နှောင်လို့ထားသည်။ ရုတ်တရက်မလို့ ရှောင်းကျန့် ကြောင်သွားကာ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အတန်ကြာမှ အနောက်ဘက်သို့ခေါင်းလေး စောင်းကာ လေသံအေးအေးဖြင့်......

"မောင်.....အရမ်းပင်ပန်းနေတာလား....."

ရှောင်းကျန့်​၏ အမေးကို ဝမ်ရိပေါ်က ပြန်မဖြေဘဲသူ​၏ ဦးခေါင်းကို ရှောင်းကျန့်​၏ ပုခုံးပေါ်တွင် နစ်မြုပ်လိုက်​၏။ ပုံမှန်အသံရှုနှုန်းထက် အနည်းငယ်ပြင်းပြနေပုံက ပုခုံးသားတို့ကို တတိတိရှိုက်နေသလိုနှယ်။ ရှောင်းကျန့်လည်း အနေခက်လာတာကြောင့် ပုခုံးကို တွန့်လိုက်ပြီး.....

"မောင်...."

"......"

"မောင်လို့....."

"ကျစ်...ခင်ဗျား ငြိမ်ငြိမ်နေမှာလား.....မနေဘူးလား....."
ရှောင်းကျန့် စိတ်ထဲရှိတဲ့ အတိုင်းဆို လက်ထဲက ပန်းကန်နဲ့ ......ဟင်း ။ သို့သော် စိတ်ထိန်းကာ.....

"ဟုတ်ပါပြီ မောင်.....အဲ့တာဆို....ရှိုက်ပဲရှိုက်...မကိုက်နဲ့....."

အဲ့တာပဲ.....ဒီလူက ရိုးရိုးတန်းတန်းစကားပြောတာတောင် နှုတ်ခမ်းပါးကနေ ကဗျာတွေရွတ်နေသလိုကို ကာရံတွေညီနေတာ။ ဝမ်ရိပေါ် ရှောင်းကျန့်​၏ အင်္ကျီအပြင်ဘက်ကနေပဲ ပုခုံးသားအစွန်းမှစ၍ လည်တိုင်ရှိရာနားသို့ ဖြည်းဖြည်းချင်းနမ်းရှိုက်လို့လာခဲ့သည်။ အလုပ်မှာ တစ်နေ့လုံး အချိန်ကုန်ထားတာတောင် ဒီလူ့ခန္ဓာကိုယ်က နှင်းဆီနီ ရနံ့က မပြယ်သေး။ ဒီရနံ့က လည်တိုင်နားရောက်လာလေ ပိုပြီး ရှတတနိုင်လာလေဖြစ်သည်။
ဝမ်ရိပေါ် နှာဖျားနှင့်သာ နမ်းရှိုက်နေရင်းမှ ရှောင်းကျန့်​၏ ဘယ်ဘက် လည်တိုင်အရင်နားသို့ရောက်လာသည့်အခါ မပြောမဆို ခပ်ဆတ်ဆတ်တစ်ချက်ကိုက်လိုက်သည်။

"အ...."

ဆစ်ကနဲ တစ်ချက်ဖြစ်သွားတဲ့ လည်တိုင်ကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်ကို တွန်းခွာဖို့ကြိုးစားလိုက်သည်။

"မောင်.....မကိုက်နဲ့လို့ပြောထားတယ် မလား....."

နောက်ပြန်အနေထားဖြင့် ရှောင်းကျန့်က တွန်းထုတ်လိုက်သဖြင့် ဝမ်ရိပေါ် က သူ​၏ လက်အစုံကို ရှောင်းကျန့်​၏ ခါးပေါ်မှဖယ်ခွာလိုက်သော်လည်း တဖန်ရှောင်းကျန့်​၏ လက်မောင်းနှစ်ဖက်ကို အနောက်ကနေ ချုပ်ပြီးဖက်လိုက်သည်။ အနေထားက ရှောင်းကျန့်​၏ တစ်ကိုယ်လုံးကို ဝမ်ရိပေါ် သိမ်းကျုံးဖက်ထားသည့်နှယ်။
ရှောင်းကျန့်လက်ကလည်း ပန်းကန်ဆေးလျက်သားကြီး လက်အိတ်စွတ်ထားတာကြောင့် ရုန်းဖို့ခက်နေသည်။ အဓိကကတော့ အားချင်းမမျှတာပင်။ အရပ်အမောင်းက အတူတူလောက်ရှိပေမယ့် လူကောင်ချင်းကကွာသည်။

"မောင်.....လွှတ်တော့....."

ရှောင်းကျန့်​၏ အသံက မာဆတ်ဆတ်ဖြစ်နေသည်။

ရှောင်းကျန့်​၏ စကားကို ဝမ်ရိပေါ် လျစ်လျူရှုပြီး ခုနကသူကိုက်လိုက်တဲ့ နေရာပေါ်ကို ထပ်ပြီး အရာထင်အောင် ခပ်နက်နက်ထပ်ရှိုက်လိုက်သည်။
ကျစ်.....။

ရှောင်းကျန့် မည်သို့မှ သည်းမခံနိုင်တော့ပါ။ ထိုကြောင့် ရှိသမျှအားအကုန်သုံးပြီး ဝမ်ရိပေါ်ကို တွန်းထုတ်လိုက်သည်။

"မောင်.....ကိုယ်ပြောထားတယ်လေ.....မကိုက်နဲ့လို့...."

ရှောင်းကျန့် ဆေးလက်စ ပန်းကန်တွေကို အသံမြည်အောင် ပစ်ချပြီး ပန်းကန်ဆေးတဲ့ လက်အိတ်ကိုလည်းချွတ်ကာ နံရံတွေဘက်ကို ပစ်ပေါက်လိုက်သည်။ ထို့နောက် ဝမ်ရိပေါ် ဘက်သို့ကြည့်ကာ.....

"မောင်....ကိုယ့်ဟာကိုယ်ပဲ ထည့်စားလိုက်တော့....."
သူ့ရှေ့က ထွက်သွားဖို့ လုပ်နေတဲ့ရှောင်းကျန့်​၏ လက်ကို ဝမ်ရိပေါ် ဆွဲလိုက်ကာ.....

"အဲ့တာ ဘယ်သွားမလို့လဲ....."

"ဘယ်သွားသွား......"

"ညစာ မစားတော့ဘူးလား....."

"မစားဘူး.....တစ်ယောက်တည်းစား....."

ရှောင်းကျန့် ဝမ်ရိပေါ်​၏ လက်ထဲမှ အတင်းရုန်းထွက်ကာ ထွက်သွားဖို့လုပ်ပေမယ့် ဝမ်ရိပေါ်က အလွှတ်မပေး။

"ဘယ်သွားမလို့လဲလို့......"

"ရေသွားချိုးမလို့......ဘာလဲ မောင်က လိုက်ချင်လို့လား......"

အရင်လို မထိတထိ မျက်နှာ အမူအရာနဲ့ပြောနေတာမဟုတ်ဘဲ တကယ်ကို ဒေါသထွက်ကာ ပြောနေပုံရတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် လက်ကို လွှတ်ပေးလိုက်သည်။ နားရွက်ဖျားတွေ ထူပူသွားတာလည်း ပါမည်။ တကယ်ကို ဒီလူ့မှာ မပြောရဲတဲ့ စကားကို မရှိတာပင်။
​ဝမ်ရိပေါ် ​၏ လက်ထဲက လွတ်လာသည်နှင့် ရှောင်းကျန့်ရေချိုးခန်းထဲသွားကာ အပေါ်ပိုင်းအဝတ်တွေကို ချွတ်လိုက်ပြီး မှန်ရှေ့မှာ သွားရပ်ကာ သူ့ရဲ့ ဘယ်ဘက်လည်ပင်းကို ကြည့်လိုက်သည်။

အရာကတော်တော်ကြီးကို ထင်သွားတာ။

သူဘယ်သူ့ကိုမှ သူ့ရဲ့လည်တိုင်တွေကို နမ်းရှိုက်ခွင့်မပေးခဲ့တာပင်။ အကြောင်းကတော့ တခြားမဟုတ်။ သူ့မှာ အပေါ်ဆုံးကြယ်သီး သုံးလုံးဖြုတ်ဝတ်တတ်တဲ့အကျင့်ရှိတာကြောင့် သူ့ရဲ့ လည်ပင်းနှင့် ရင်ဘတ်အစပ်နားတွေကို ဘာအနာအဆာမှ မရှိစေလိုတာဖြစ်သည်။ ကြယ်သီးဖြုတ်ဝတ်တဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ ဆွဲဆောင်ချင်လို့ ဝတ်နေတာမဟုတ်ဘဲသူကိုယ်တိုင်နှစ်သက်လို့ဖြစ်သည်။ ဒါကို သူ မကိုက်နဲ့လို့ပြောထားရက်နဲ့တောင် ဒီကောင်လေးက လုပ်လိုက်တာဆိုတော့ သူတကယ်ကို စိတ်တိုရသည်။
သူ့ဘဝမှာ စိတ်အကြီးအကျယ်ဆိုးတဲ့ အကြောင်းနှစ်ခုပဲ ရှိသည်။ ပထမက လီချန်းကောနဲ့ ပတ်သက်တဲ့အကြောင်းဖြစ်သည်။ ဒုတိယကတော့ သူ့ရဲ့ ဖက်ရှင်ကို ထိခိုက်လာရင် ဖြစ်သည်။ ရှိုးပဲ့တာလောက် မုန်းတာမရှိ။

ရှောင်းကျန့် စိတ်တိုစွာဖြင့် သူ့လည်ပင်းအရာကို ရေပူတွေနှင့် ပျောက်လိုပျောက်ငြား ကြိုးစားနေသည်။သို့သော် အသားက နုတာကြောင့် ပိုပြီးနီရဲလာရသည်။ ရေပူနှင့် မအောင်မြင်သောအခါ ရှောင်းကျန့် ရေအေးကို တစ်ဆုံးဖွင့်လိုက်သည်။ မဖြစ်နိုင်မှန်းသိပေမယ့် အအေးနဲ့တွေ့ပြီး လည်ပင်းပေါ်က အရာက ကျုံ့သွားမလားဟု တွေးလိုက်မိသည်။ ရွှေဉာဏ်တော်က စူးရောက်နေတဲ့အခါမှာသူ လီချန်းကောကိုတောင် အားနာသွားရသည်။ ကော ထောက်ပံ့ ပေးထားတဲ့ ပညာတွေနဲ့ ထွက်လာတဲ့ အတွေးအခေါ်တွေက ကလေးသာသာ သာဖြစ်​၏။သူတကယ်ကို စိတ်အချဉ်ပေါက်ရပါသည်။
ဝမ်ရိပေါ် ဧည့်ခန်းဆိုဖာပေါ်ကနေ အခုထက်ထိ မထွက်လာသေးသည့် လူကို ထိုင်စောင့်နေသည်။ သူညစာစားပြီးတာ နာရီဝက်ကျော်ပြီဖြစ်၍ အခုထက်ထိ ရေချိုးနေသေးတာဆိုရင် တစ်နာရီ တိတိရှိပြီဖြစ်သည်။ ဒီလူက တစ်စုံတစ်ခုကို လုပ်ရင် နာရီနဲ့ချီပြီးကြာတတ်သည့် သဘောရှိမည်။

ဟင်းတစ်ခါချက်ရင် နှစ်နာရီ ကြာပြီး ရေတစ်ခါချိုးရင် တစ်နာရီကျော်တာမျိုး။ လုပ်သမျှ အရာတွေ နာရီနဲ့ ချီပြီးကြာတတ်ပေမယ့် ခုနက သူတစ်မိနစ်လောက်လေး ချုပ်ပြီး လည်တိုင်ကို နမ်းလိုက်တာကိုတော့ အထိမခံနိုင်တဲ့ ပုံမျိုးနှင့်။ သူ့ရဲ့ အကျင့်အတိုင်း နာရီနဲ့ ချီပြီး ချုပ်နမ်းလိုက်ရင် မာနကိုခိုက်ပြီး သေတောင်သေသွားနိုင်မည့်သဘော။
"ချောက်...."

အခုမှ အပြင်ထွက်လာသည့် လူကို ဝမ်ရိပေါ် ခပ်ဆွေဆွေကြည့်လိုက်သည်။ ထိုလူက သူ့ကို တစ်ချက်တောင် စောင်းမကြည့်ဘဲ သူရှိရာ ဆိုဖာပေါ်မှာ လာထိုင်ပြီး ခြေချိတ်လို့ တီဗီကိုဖွင့်လိုက်သည်။ သူ ထိုလူရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီကို ကြည့်လို့နေမိသည်။ ခပ်ဟဟဖြစ်နေတဲ့ ညအိပ်ဝတ်စုံကနေ တစ်စွန်းတစ်စမြင်တွေ့နေရတဲ့ လည်တိုင်ရဲ့ ဘယ်ဘက်မှာ နီညိုရောင် အရာတစ်ခုကြောင့် သူတစ်ခြမ်းစောင်းအပြုံးမျိုးပြုံးမိသည်။ အဲ့လောက်တောင် နက်သွားရတာလား။
တီဗီက ဇာတ်လမ်း တစ်ဝက်ကျိုးတော့မည့်တိုင်အောင် သူ့ဘက်ကို တစ်ချက်လှည့်မကြည့်သေးတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ခေါ်လိုက်သည်။

"ရှောင်းကျန့်....."

"......."

"ရှောင်းကျန့်....."

နာမည်ကို ငါးခေါက်ထပ်မနည်း ခေါ်နေတာကို တစ်ချက်တောင် ငဲ့မကြည့်လာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ကျစ်သပ်မိလိုက်သည်။

"ရှောင်းကျန့်.....ခင်ဗျားကို ခေါ်နေတယ်လေ....."

ဝမ်ရိပေါ် ခဏခဏ ခေါ်နေတာကြောင့် ရှောင်းကျန့် ဇာတ်လမ်းကြည့်နေတာကို ခဏရပ်ပြီး ဝမ်ရိပေါ် ဘက်ကို မျက်မှောင်ကျုံ့ကာကြည့်ပြီး ပြောလိုက်သည်။
"ပြန်တော့....."

"ဘယ်ကိုပြန်ရမှာလဲ....."

"အိမ်ပြန်တော့......"

"ခင်ဗျား ခေါ်လာတာမဟုတ်ဘူးလား....."

ဝမ်ရိပေါ်ကို ရှောင်းကျန့် ဆက်ပြောလိုစိတ်မရှိတာကြောင့် တီဗီကို သာဆက်ကြည့်နေလိုက်သည်။ မိမိကို ထပ်ပြီး အဖတ်မလုပ်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် စိုက်ကြည့်ကာ ရှောင်းကျန့်​၏ လက်ထဲက တီဗီ remote ကို ဆတ်ကနဲ ဆွဲယူ၍ တီဗီကိုတစ်ခါတည်းပိတ်လိုက်သည်။ သူ့လက်ထဲက remote ကို ရှောင်းကျန့် ပြန်လုဖို့ကြိုးစားလိုက်လျှင် ဝမ်ရိပေါ်က ခပ်ဝေးဝေးတစ်နေရာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ remote လေးက အခုတော့ နှစ်ခြမ်းကွဲလျက်သား။
"ဘာဖြစ်နေတာလဲ....."

"ခင်ဗျားကမှ ဘာဖြစ်နေတာလဲ....."

"ကိုယ့်အိမ်နဲ့ကိုယ် ဘာပဲဖြစ်ဖြစ်....."

"ဘာလဲ ခုနတုန်းက လည်ပင်းကို နမ်းလိုက်လို့ ဖြစ်သွားတာလား......"

"ပြန်တော့......"

အပြောနဲ့ နှင်ပြီး ရှောင်းကျန့် ဆိုဖာက ထထွက်သွားမည်အလုပ် ဝမ်ရိပေါ်က ရှောင်းကျန့်​၏ လက်ကောက်ဝတ်ကနေ ဆွဲလိုက်ကာ ဆိုဖာပေါ်သို့ ပက်လက်အနေအထားရောက်စေ​၏။ ထို့နောက် သူ့ခန္ဓာကိုယ်ကိုအပေါ်က အုပ်မိုးလိုက်သည်။ သူ​၏ မျက်နှာကို ရှောင်းကျန့်​၏ မျက်နှာ အနီးသို့ တဖြည်းဖြည်းချင်းနီးကပ်လိုက်ကာ......
"စိတ်ဆိုးနေတာလား ပြော....."

ဝမ်ရိပေါ်​၏ လေသံနွေးနွေးတို့က ရှောင်းကျန့်​၏ မျက်နှာ တစ်ဝိုက်ဖြတ်ပြေးလို့သွားသည်။

"ဖယ်စမ်း...."

"မဖယ်ဘူး.....ခင်ဗျားဘာဖြစ်သွားတာလဲပြော....."

ရှောင်းကျန့် ကျစ်သပ်လိုက်ကာ.....

"ဘာလို့ လည်ပင်းကို လာကိုက်တာလဲ...."

"ဘာလဲကိုက်လို့မရဘူးလား....."

"အရာထင်သွားတာမျိုးတွေ ကိုယ်မကြိုက်ဘူး....."

"ဘာလို့လဲ.....ခင်ဗျားရဲ့ ဦးမြင်သွားမှာစိုးလို့လား......"

"မဆိုင်တာတွေ လာမပြောနဲ့....."
"မဆိုင်တာမပြောနဲ့ဆို ဆိုင်တာပြောမယ်....ခင်ဗျားတုန်းကလည်း နှုတ်ခမ်းထောင့်ကို သွေးခြေဥအောင် ကိုက်ခဲ့သေးတာပဲ....."

"မကျေနပ်ဘူးဆိုရင်လည်း နှုတ်ခမ်းကို ပြန်ကိုက်လိုက်......"

ရှောင်းကျန့်​၏ ခပ်ဆတ်ဆတ် အပြောကို ဝမ်ရိပေါ် ခပ်ဟဟ ရယ်လိုက်သည်။

"ဟက်.....တကယ်ပြောတာလား....."

"အင်း....."

​သူ့အောက်ကလူက်ို ကြည့်လိုက်တော့ ရုပ်တည်ကြီးနဲ့ ပြောနေတာဖြစ်တာကြောင့် ဝမ်ရိပေါ် မျက်ခုံးပင့်လိုက်ကာ....

"ခင်ဗျားရဲ့ မျက်လုံးတွေမှိတ်ထား....."
မျက်နှာ နှစ်ခုက ပို၍နီးကပ်သွားရ​၏။ ရှောင်းကျန့်​၏ နှုတ်ခမ်းနီနီတွေပေါ်သို့ ဝမ်ရိပေါ် အကြည့်ပို့လိုက်ပေမယ့် သူ​၏ နှုတ်ခမ်းတွေကို နှာဖျားချွန်ချွန်ပေါ်သို့ အရင်ဆုံး အသာဖိကပ်လိုက်သည်။ ပြီးနောက် နှုတ်ခမ်းကိုကျော်၍ မေးဖျားကို တစ်ချက်ရှိုက်လိုက်သည်။ နှုတ်ခမ်းပါးတွေမှ မဟုတ်ဘူး.....ဒီလူရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကိုက....သူ့ကို....။ ဝမ်ရိပေါ် မေးဖျားပေါ်  နောက်တစ်ခေါက်နမ်းလိုက်ပြီးမှ ရှောင်းကျန့်​၏ မျက်နှာကို စေ့စေ့ တစ်ချက်ပြန်ကြည့်ကာ မျက်လုံးများ မှိတ်ထားသည် သေချာမှ ညစ်ပြုံး ပြုံး၍ ရှောင်းကျန့်​၏ လည်တိုင်ညာဘက်ကို ခပ်နက်နက် တစ်ချက်ထပ်ကိုက်လိုက်သည်။
"အ....."

ရှောင်းကျန့်​၏ သည်းခံနိုင်မှု ဘယ်မှာ ကုန်ဆုံးသွားသနည်း​။ လည်ပင်းပေါ်မှာ နောက်ထပ်အရာ တစ်ခု

ထပ်ထင်သွားသည့် အချိန်မှာ ကုန်ဆုံးသွား​၏။ရှောင်းကျန့် နာသွားသည့် သူလည်ပင်းကို လက်နဲ့အုပ်၍ ဝမ်ရိပေါ်​၏ ကိုယ်ကို တွန်းထုတ်လိုက်သည်။ သို့သော် သူ့အပေါ် အုပ်မိုးထားတဲ့ ဝမ်ရိပေါ်​၏ ခန္ဓာကိုယ်က တစ်လက်မတောင်မရွေ့....

"အခုချက်ချင်းပြန်တော့....."

ရှောင်းကျန့် မျက်ခမ်းစပ်များပင်နီလာကာ ဒေါသတကြီးဖြစ်လာသည်။ ဒီကောင်လေးက တကယ်ကိုများသွားပြီ။
"ပြန်တော့လို့ ပြောနေတယ်နော်......"

ရှောင်းကျန့် ဒေါသတကြီးပြောနေသော်လည်း ဝမ်ရိပေါ် က အုပ်မိုးထားလျက်ပင် သူ​၏ နဖူးကို ရှောင်းကျန့်​၏ နဖူးနှင့်ထိကပ်လိုက်သည်။ ပြီးနောက် နှစ်ကိုယ်ကြားလေသံတိုးတိုးဖြင့်......

"မောင်လို့ခေါ်....."

ဟမ်....။ရှောင်းကျန့် ခေါင်းတောင် ဆစ်ကနဲ ထိုးကိုက်သွားရသည်။ ပြောစရာ စကားတွေလည်း ပျောက်ရှရ​၏။

ကြောင်ကြည့်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် က တစ်လုံးချင်းထပ်ပြောလိုက်သည်။
"မောင်....လို့....ခေါ်...."

အဲ့လို ကစားချင်တယ်ပေါ့......ရတယ်လေ။

ရှောင်းကျန့် ​၏မျက်နှာတွင် ခပ်ရေးရေးအပြုံးပေါ်လာကာ မျက်လုံးများလည်း အရောင်ပြောင်းသွား​သည်။ သူ့ကို အုပ်မိုးထားသော ဝမ်ရိပေါ်​ကို ခုနတုန်းကလို ခက်ထန်စွာ မဟုတ်ဘဲ အောက်နှုတ်ခမ်းကို အသာကိုက်လို့ မျက်လုံးများကို မှေးစင်းပြီး ရီဝေသော အကြည့်များဖြင့်ကြည့်လိုက်သည်။ ထို့နောက် ဝမ်ရိပေါ်​၏ ရှပ်အင်္ကျီကြယ်သီးများပေါ်သို့ လက်လှမ်းလိုက်​၏။ ပထမဦးဆုံးအနေဖြင့် အပေါ်ဆုံး ကြယ်သီး တစ်လုံးကို အရင်ဆုံးဖြုတ်လိုက်သည်​။
ရှောင်းကျန့်​၏ အပြုအမူကြောင့် ဝမ်ရိပေါ် လှုပ်ရှားမှုများ ခေတ္တမျှ ရပ်တန့်သွားရသည်။ ရှောင်းကျန့်က ဝမ်ရိပေါ်ရှပ်အင်္ကျီ​၏ ဒုတိယမြောက်ကြယ်သီးကို ထပ်ပြီး ဖြုတ်​၏ ။ ရှောင်းကျန့်​၏ လက်ချောင်းသွယ်သွယ်များ တတိယမြောက် ကြယ်သီး ပေါ်သို့ရောက်သွားသည့် အခိုက်မှာ ဝမ်ရိပေါ် ရှောင်းကျန့်ကို အုပ်မိုးထားရာမှ ချက်ချင်းခွာလိုက်ကာ မတ်တပ်ရပ်လိုက်သည်။

ဝမ်ရိပေါ် ခေါင်းကဆံပင်တို့ကို ခပ်ကြမ်းကြမ်းထိုးဖွလိုက်ပြီး ဆိုဖာပေါ်မှာ လှဲနေသည့် အတိုင်းပဲရှိနေသေးသည့် ရှောင်းကျန့်ကို အကြည့်လွှဲကာ စကားတစ်ခွန်းကို အသံမတုန်အောင် ထိန်းပြီးပြောလိုက်သည်။
"ပြန်တော့မယ် ရှောင်းကျန့်....."

.

.

.

.

.

ဟား.....ဟား.....ဟား......။

သူမရယ်ချင်ပေမယ့်  သူ့တိုက်ခန်းထဲက ချက်ချင်းထထွက်သွားတဲ့ ကောင်လေးကို ကြည့်ပြီးစိတ်မထိန်းနိုင်စွာ ရယ်မိသည်။မှတ်တောင်ထားရဦးမယ်။သူ့အိမ်ပေါ်မှာ သူ့ကို ပြန်ပြီး ဆွဲလားရမ်းလားလုပ်နေတာ။ သူ့လည်ပင်း အရာထင်သွားအောင်လုပ်သည့် ကိစ္စကိုသူတကယ်ဒေါသထွက်နေတာ ဖြစ်​၏။ ဒါကို ဒီကောင်လေးက သူ့ကို လာစမ်းနေတာပင်။ လူ့လောက ကို ၆ နှစ်စောပြီးရောက်လာတာ ထမင်းပိုစားရယုံ သပ်သပ်မှမဟုတ်တာ။
ဝမ်ရိပေါ် condo ကားပါကင်မှာ ရပ်ထားသော သူ့ကားပေါ်တက်လာပြီးနောက် ကားစက်နှိုးဖို့ရာ ပြင်လိုက်ပေမယ့် တုန်နေသော လက်ကြောင့် သော့ပါပြုတ်ကျရ​သည်။

ဒီလူဟာ တော်တော် မလွယ်တာ။ လွယ်သယောင်ယောင်ရှိပေမယ့် လည်ပင်းလေးကို ကိုက်ဖို့တောင် မသထာတဲ့ လူ။ ပြောရရင်တော့ ကပ်ဖို့လွယ်တယ်။ ထိဖို့မလွယ်ဘူး။ ကိုယ်တိုင်ကသာ သူများကိုမထိတထိတွေ လိုက်လုပ်ပေမယ့်......သူ့ကို ပြန်လုပ်ရင်တော့ တကယ်ကို ဆတ်ဆတ်ထိမခံ အဖြစ်သည်းလှသည်။ သူကလည်း အဲ့လိုအဖြစ်သည်းလေ ပိုလုပ်ချင်လေဖြစ်သည်။ အဓိကကတော့ အဲ့ဒိလူနားရောက်သွားရင် သူကလည်း အကြည့်ခွာဖို့တောင် ခက်ခဲနေတာ။
ဝမ်ရိပေါ် ကားခုံကို မှီကာ သက်ပြင်းတို့အကြိမ်ကြိမ်ချလိုက်ပြီး စိတ်တည်ငြိမ်သွားတဲ့ အခါမှ ကားစက်နှိုးဖို့ပြင်လိုက်သည်။ ထိုအချိန် ဖုန်းထဲသို့ စာတစ်စောင်ရောက်လာတော့ ကြည့်လိုက်တဲ့အခါ ဘာမှ မတတ်နိုင်စွာ စိတ်လိုလက်ရ ပြုံးလိုက်မိသည်။

ဖုန်းထဲက စာတစ်ကြောင်းက ကြိုးရှည်ရှည်နဲ့ လှန်လိုက်တာတောင် မဟုတ်။ ချည်ပြီး တုတ်ပြီး ရုန်းမရအောင် ချုပ်ရိုက်သည့်အတိုင်းပင်။ ဒါကဘာလဲ.....အမျိုးမျိုးစိတ်ကြိုက်မောင်းထုတ်ပြီးမှ ချွေးသိပ်လိုက်တဲ့ သဘောပေါ့။ ဝမ်ရိပေါ် ကားစက်မနှိုးခင် ဖုန်းထဲက စာလေးကို နောက်တစ်ခေါက်ပြန်ကြည့်မိသည်။ ထိုလူရဲ့ အကျင့်စရိုက်နဲ့ မလိုက်ဖက်စွာ စာကြောင်းအနောက်မှာ အသည်းပုံထည့်ပြီး ရောက်လာတဲ့ စာက.....
"ခုနက မခေါ်လိုက်လို့ အခုခေါ်လိုက်မယ်နော်......

ကိုယ့်ရဲ့ မောင်.......❤️ "