ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၃) Unicode

ယန်ချောင်မင် အိမ်ပြန်လာသည့်လမ်းတစ်လျှောက်တွင် အတွေးတချို့က ကြီးစိုးလို့နေသည်။ ရှောင်းဆီ ဒီညနေသွားဖို့ ကလည်း ရှောင်းဘက်က စာပို့လာတယ်။ ဒီည မအားလို့ မလာနဲ့တော့တဲ့ ။ နေ့ခင်း ဖုန်းကျသွားပြီးကတည်း ပြန်ဆက်သွယ်လို့မရတော့တာ....အခုမှ စာတစ်ကြောင်းဝင်လာတာဖြစ်သည်။ ရှောင်း​၏ စာက တိုသည်....ပြတ်သည်။ မတွေ့ဖူးဆိုရင် တကယ် မတွေ့တာဖြစ်ပြီး သွားစောင့်နေရင်လည်း အပို။

ဘာရယ်မဟုတ် သူအခုမှသတိထားမိသည်။ ဝမ်သမက်နဲ့ ရှောင်းက အကျင့်စရိုက်ခြင်း အနည်းငယ်တူသယောင်။ ဝမ်သမက်က လူကို ပေါ်တင်ပဲ အဖတ်မလုပ်တတ်တာဆိုလျှင် ရှောင်းကလည်း အနုနည်းနဲ့ အဖက်မလုပ်တတ်သည့်သဘောဖြစ်သည်။ တကယ်လို့သာ သူရှောင်းနဲ့ အတည်လက်တွဲဖြစ်ခဲ့မယ်ဆိုရင် မိသားစုဝင်တွေဖြစ်လာမယ့် ဝမ်သမက် နဲ့ရှောင်း အဆင်ရောချောပါ့မလား သူတွေးနေမိသည်။ ဟိုစကားပုံလိုပေါ့ မုန့်ဆီကြော်ဘယ်နားနေမှန်းမသိ နှုတ်ခမ်းအနာနဲ့ တည့်ပါ့မလား ဆိုပြီး တွေးပူနေသလိုပင်။

သူနေ့ခင်းတုန်းက စကားတစ်ခွန်း​၏ အဓိပ္ပာယ်ကို အခုထိ စဉ်းစားလို့နေ​၏။ ဝမ်သမက် နှုတ်ခမ်းထောင့်က ဒဏ်ရာကို ရှောင်းကဘယ်လိုသိရလည်းဆ်ိုသည့်အကြောင်းပင်​။ သူ့သမက်ကို သူစကားထောက်ကာ မေးလိုက်တော့လည်း အဲ့ကောင်လေးက အပြုံးမ မည်တဲ့ အပြုံးတစ်ခုကို မျက်နှာပေါ် ဆွဲချိတ်သွားတာကလွဲလို့ ဘာမှ ပြန်မပြောခဲ့​။

သူမဖြစ်နိုင်တဲ့ အတွေးတစ်ခုဝင်လိုက်ပေမယ့် ချက်ချင်း ခေါင်းကိုခါလိုက်သည်။ မဖြစ်နိုင်ဘူးဆိုတာ တစ်ဖက်က ဝမ်သမက်ဖြစ်နေ၍ပင်။အဲ့ဒိကောင်လေးကို သူ့သမီးနဲ့ မရခင်ကတည်းက သူသိကျွမ်းပါသည်​။ ဝမ်မျိုးရိုးနဲ့ ယန်အိမ်တော်တွေက အမြဲတမ်းအဆက်အဆံရှိခဲ့ကြတာပင်။

ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးက ယူမီနဲ့ လက်မထက်ခင်ကတည်းက ဘာအရှုပ်အရှင်းမှ မရှိဖူးတာပင်။ အမြဲတမ်းအေးစက်စက်နှင့် မည်သူ့ကိုမှ လည်း ချစ်တတ်ခဲ့သည့်ပုံမရ။ ဒါ့ကြောင့်ပဲ ထိုကောင်လေး သူ့သမီးကို မချစ်သေးရင်တောင် စိတ်ပူစရာအကြောင်းမရှိခဲ့တာပင်။  ဒါပေမယ့် မတင်မကျ ထပ်တွေးကြည့်မယ်ဆိုရင် တစ်ဖက်ကလည်း တခြားသူမဟုတ်....ရှောင်းဖြစ်လို့နေသည်။

"ကျွီ...."

ယန်ချောင်မင်တွေးနေရင်းမှ ရုတ်တရက်ကားကို ဘရိတ်အုပ်မိသည် ။ တော်သေး၍သာ သူအချိန်မီ သွားလို့.....ရှောင်းအကြောင်းစဉ်းစားနေရင်း အရှိန်လွန်ပြီးပတ်ဝန်းကျင်ကို မေ့ကာ မီးနီကိုဖြတ်မောင်း မိတော့မည့်အနေအထား။ သူ့အရှေ့မှာ ဟိုဘက်အခြမ်းက ဝင်လာတဲ့ ကားကြီးတစ်ခုနှင့်တိုက်မိတော့မှာ အနည်းငယ်သာ လိုတော့သည်။ အတွေးတွေကို ရှောင်းက စိုးမိုးထားရင် လူက သတိလက်လွတ်အမြဲဖြစ်တတ်သည်သာ။

ရှောင်း.....ရှောင်း.....ကိုယ်တိုင်ကသာ လူတွေရဲ့ အထိန်းချုပ်ကို မခံပေမယ့်.....လူတွေကိုတော့ အတွေးတွေထဲရော အသွေးအသားတွေထဲကပါ ထိန်းချုပ်ထားတဲ့ ရှောင်း......။ တုတ်တုတ်တောင် လှုပ်လို့မရအောင်ပါပဲလား။

__________ ______________

ဝမ်ရိပေါ် အစည်းအဝေး စဖို့ အချိန်လိုသေးတာကြောင့် ရုံးခန်းထဲမှာ ပင် ခဏ အနားယူနေလိုက်သည်။ အစည်းအဝေး ကနေ့လည် ထမင်းစားပြီးချိန်မှ စမှာ ဖြစ်၍ သူ့မှာ အချိန်တွေပိုနေသည်သာ။ သူ့ဘဝမှာ အချိန်တွေပိုနေသည်ဆိုတဲ့ ဖြစ်ရပ်မျိုးက မရှိခဲ့တာဖြစ်သည်။ အထူးသဖြင့် တခြားသူတစ်ယောက်အကြောင်း စဉ်းစားနေဖို့ အချိန်ပိုဆိုတာ မရှိခဲ့။
ဝမ်ရိပေါ် သူ့ရုံးခန်းထဲက ထွက်လာပြီးတော့ သူရုံးခန်းရှိရာရဲ့ အောက်ထပ်ကို ဓာတ်လှေကားမှ တဆင့် ဆင်းလာပြီးနောက် ထိုအထပ်​၏ ထောင့်ဆုံးနေရာသို့လျှောက်သွားလိုက်သည်။ ဝမ်ရိပေါ် ထောင့်ဆုံး ရုံးခန်းတစ်ခုအရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်သည်။

"ဒေါက်....ဒေါက်...."

အထဲက အတော်ကြာအောင် တုံ့ပြန်မှုက ထွက်မလာ။

ဝမ်ရိပေါ် နောက်ထပ် နှစ်ခေါက်လောက်ကြိုးစားပြီးနောက် ကိုယ့်ဟာကိုယ်သာ တံခါးလက်ကိုင်ကို လှည့်ပြီးဝင်လိုက်သည်။ အထဲကိုရောက်လာတဲ့ အခါ အလုပ်စားပွဲနေရာကို ကြည့်လိုက်မိတော့ မှန်းထားသည့်အတိုင်း ရုံးခန်းပိုင်ရှင်က ရှိမနေ။ နေ့လည်ထမင်းစားချိန်ဖြစ်တာကြောင့် အပြင်ရောက်နေသည်ဟု ထင်လိုက်ကာ လှည့်ထွက်သွားဖို့လုပ်တဲ့ အခိုက် ရုံးခန်းဆိုဖာပေါ်မှာ သိမ်မွေ့လွန်းစွာ အိပ်မောကျနေသည့်လူကိုတွေ့လိုက်ရသည်။
​ဝမ်ရိပေါ် ရှောင်းကျန့် အိပ်ပျော်နေရာ ဆိုဖာ အရှေ့သို့လျှောက်သွားပြီး မျက်နှာ ချင်းဆိုင်ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ကာ ဆိုဖာကို မှီလျက် ရှောင်းကျန့်​၏ မျက်နှာကို စိုက်ကြည့်နေသည်။

ဒီလူ လှဲနေတဲ့ပုံက တကယ်ကိုသိမ်မွေ့လွန်းသည်။ နူးညံ့လွန်းစွာသော မဟုတ်။ နူးညံ့ခြင်းနဲ့ သိမ်မွေ့ခြင်းဟာ မတူဘူးဆိုတဲ့ အကြောင်းကို ရှောင်းကျန့် ဆိုတဲ့ လူက သက်သေပြလိမ့်မည်။ ဒီလူက စိတ်ထားနူးညံ့တဲ့ သူထဲမှာ မပါ။ အမူအရာတွေကတော့ သိမ်မွေ့ပြီး ပါးနပ်လွန်းသည်။ အပြောအဆိုရဲပေမယ့် ရိုင်းစိုင်းမှုအလျဉ်းမရှိသူဖြစ်သည်။ သိမ်သိမ်မွေ့မွေ့ လည်လည်ပတ်ပတ် အပြောမျိုးဖြင့် လိုချင်တဲ့ အရာကို ရောက်အောင် ပြောတတ်ခြင်းသာ။
အခုလည်း ကြည့် အိပ်ပျော်နေတာတောင် မျက်နှာကြောက တင်းနေတာမဟုတ်ဘဲနဲ့ ထိရဲရင်ထိကြည့် ဆိုတဲ့ မျက်နှာထားမျိုးသာ။ မျက်ခုံးတန်းတန်းနှင့် မျက်တောင်နက်နက် တွေကြောင့် မာန်တက်နေတာပါမည်။ နှာဖျားချွန်ချွန်နှင့် ပါးပြင်ပြေပြေ တွေကြောင့် ဂုဏ်မောက်တာပါမည်။ အဓိက ကတော့ နှုတ်ခမ်းနီနီတွေ အားကိုးပြီး အတင့်ရဲနေတာဖြစ်ကောင်းဖြစ်နိုင်မည်။

အချိုးမပြေ အပိုးမကျိုးတဲ့ လူတစ်ယောက်ရဲ့မျက်နှာ ကို သူက လည်း နာရီဝက်တိတိ မလှုပ်မယှက်စိုက်ကြည့်လို့နေမိသည်။ ဖုန်းထဲသို့ စာဝင်လာတဲ့ အသံမကြားခင်အထိ.....။ ဖုန်းကိုကြည့်လိုက်တော့ စာက ယူမီ ထံမှဖြစ်သည်။
"မောင်.....ယူမီ နေ့လည်စာ လာပို့တာ မောင့်အခန်းထဲရောက်နေပြီ....မောင့်ကို မတွေ့လို့...."

​တစ်ဖက်က နောက်ထပ်စာမရောက်လာခင် ဝမ်ရိပေါ် ပြန်ပို့လိုက်သည်။

"ဒီနေ့မအားဘူး.....အစည်းအဝေးတစ်ခါတည်းတန်းသွားရမှာ မလို့ ပြန်သိမ်းသွားလိုက်ပါ....."

ဝမ်ရိပေါ် သူ​၏ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ဆိုဖာပေါ်မှာ ခြေချိတ်မပြတ်ဘဲ ရှောင်းကျန့်ကို ဆက်ပြီး စိုက်ကြည့်နေသည်။ နောက်ဆယ့်ငါးမိနစ်ကို ကျော်လွန်လာတာကြောင့် ဝမ်ရိပေါ် လက်က နာရီကိုကြည့်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။ ထို့နောက် သူ့ရဲ့ အပေါ်ကုတ်အင်္ကျီချွတ်ကာ တစ်ဖက် ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ သူရဲ့ အနားသို့ခြေဖွသွားကာ ရင်ဘတ်ပေါ်သို့ အသာအယာ လွှမ်းခြုံပေးလိုက်သည်။
ဟနေတဲ့ ရင်ဘတ်ပေါ် ကကြယ်သီးသုံးလုံးကို သွားတပ်ပေးလိုက်ချင်သော်လည်း နိုးသွားမှာ စိုးတာကြောင့် သူ့ရဲ့ ကုတ်အင်္ကျီကိုသာ အသာလွှမ်းပေးရတာဖြစ်သည်။ အဲယားကွန်း အရှိန်ကြောင့် အဲ့ဒိလူ ရင်ဘတ်အအေးပတ်သွားမှာစိုးရိမ်တာရယ်တော့မဟုတ်.....ရုံးခန်းထဲကို လူတစ်ယောက်ယောက် ဝင်လာရင် လှစ်ဟာနေတဲ့ နေရာက အမြင်မတော်၍။ ဝန်ထမ်းရဲ့ သိက္ခာဆိုတာ ကုမ္ပဏီရဲ့ သိက္ခာဖြစ်သည်မလား။

ဝမ်ရိပေါ် အတော်ကြာထပ်ပြီး ရပ်ကြည့်နေရင်းမှ အစည်းအဝေးအချိန်နီးလာတာကြောင့် ရှောင်းကျန့်​၏ ရုံးခန်းထဲမှ ထွက်ဖို့ပြင်လိုက်သည်။ အကြည့်မခွာနိုင်တဲ့ ကိုယ့်ကိုယ်ကိုတော့ မကျေနပ်ဖြစ်ကာ တံခါးလက်ကိုင်ကို အတင်းဖိလှည့်၍ ထွက်သွားရသည်။
ဝမ်ရိပေါ် ထွက်သွားပြီး ငါးစက္ကန့်လောက်အကြာတွင်တော့ ဆိုဖာပေါ်တွင် အိပ်ပျော်နေသော သို့မဟုတ် အိပ်ပျော်နေသည်ဟုထင်ရသော ရှောင်းကျန့်က မျက်လုံးများ အသာဖွင့်လိုက်သည်။ ရင်ဘတ်ပေါ်ရောက်နေတဲ့ ကုတ်အင်္ကျီတစ်ထည်ကြောင့် နှုတ်ခမ်းပြေပြေများ ကွေးညွတ်သွားရသည်။ ထို့နောက် လက်ပတ်နာရီကို ကြည့်လိုက်တော့ နေ့လည်စာ စားချိန်ပြည့်ဖို့ ဆယ်မိနစ်လိုသေးတာဖြစ်သည်။

ရှောင်းကျန့် သူ့အပေါ်မှာ လွှမ်းထားတဲ့ ဝမ်ရိပေါ် ​၏ ကုတ်အင်္ကျီ ဖယ်လိုက်ပြီးတော့ ခေါက်ရိုးများပေါ်သည်အထိ ပြန့်နေအောင် လက်နဲ့ ဖိပြီး အသေအချာ ညီညီညာညာ ခေါက်လို့နေသည်။ အင်္ကျီအကြောကို နားလည်တတ်ကျွမ်းတာဖြစ်ပြီး အခုတော့ အင်္ကျီလေးက အခုမှ ဝယ်ယူထားသကဲ့သို့ ကော့ညွတ်နေတာဖြစ်သည်။ သူတစ်နေရာသို့ထသွားလိုက်ပြီး လက်ထဲမှာ ရေမွှေးဘူးလေး ကိုင်လို့ပြန်လာခဲ့သည်။ ထို့နောက် အင်္ကျီလေးပေါ်သို့ တစ်ချက်.....နှစ်ချက်....။ တခြား အဓိပ္ပာယ်တော့မရှိပါဘူး....သူ့လက်က အကျင့်ဖြစ်နေ၍သာ....။
ရှောင်းကျန့် လက်ထဲမှာ ခေါက်ထားသည့် ကုတ်အင်္ကျီလေးကို ကိုင်လာပြီး ဝမ်ရိပေါ်​၏ ရုံးခန်းဆီသို့တည့်တည့်လျှောက်လာသည်။ ရုံးခန်းရှေ့ရောက်တော့ အထဲမှ ထွက်လာသည့် ယန်ယူမီကိုတွေ့​၏။ ဝမ်ရိပေါ်ကို မတွေ့ဘဲ ယန်ယူမီကိုတွေ့ရတဲ့ အခါ ရှောင်းကျန့် ကျေနပ်မိ​၏ ။ အစကတည်း ဝမ်ရိပေါ်ကို တွေ့ဖို့လာခဲ့တာ မဟုတ်။

သူဒီကလေးမကို ကြည့်နေတာ သူ့ကို တွေ့တိုင်း မျက်မှောင်ကျုံ့နေတတ်တာဖြစ်သည်။ ဒါတောင်သူဘာမှ မလုပ်ရသေးဘဲ သူ့ကို မျက်မုန်းကျိုးနေသည့်ပုံပင်ဖြစ်သည်။ လီချန်းကော နဲ့တုန်းကလည်း ဒီလို ဆက်ဆံခဲ့တာပဲလား။ ရှောင်းကျန့် တွေးရင်းနဲ့ပင် စိတ်ထဲမှာ ဒေါသထွက်လာရသည်။ သို့သော် ဒေါသများက မျက်နှာတွင် ထင်ဟပ်လာခြင်းမရှိ။
ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်ခုံးတွေ ဒီလောက်တွန့်ချိုးထားတာက တော်တော်ကြည့်မကောင်းတာပင်။ ဘာမှမလုပ်သေးဘဲ ရုပ်ကပျက်ပြနေစရာမှ မလိုတာ။ဘာလို့ဆို.....သူက အခုမှစမှာ....။

ရှောင်းကျန့် လျှောက်နေရင်း ယန်ယူမီ​၏ ပုခုံးကို တမင်တည့်တည့်ကြီး ဝင်တိုက်လိုက်သည်။ယန်ယူမီ မထင်မှတ်ထားတာမလို့ ကြောင်သွားရကာ ဒေါသသံဖြင့်......

"လူတစ်ယောက်လုံးကို မမြင်ဘူးလား....."

"အင်း.....မမြင်ဘူး...."

"ဘာရှင့်.....လူတစ်ယောက်လုံးကိုတောင် မမြင်ဘူးပေါ့....."
"အင်း.....ကျွန်တော့် မျက်လုံးက လူဆိုရင်တော့ မြင်တတ်တယ်.....လူမဟုတ်ရင်တော့ မမြင်တတ်ဘူး....."

အစကတည်းက ဒီလူကိုတွေ့တိုင်း သူ့ရင်ထဲခုနေရတာ အခုကသူ့ကို လူမဟုတ်ဘူးလို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်သည်။ဒီလူက ဘာမလို့လဲ....ပြောရရင်သူတို့လောက်တောင် အဆင့်အတန်း မျိုးရိုးမရှိတာပင်။

"အဆင့်အတန်းကို မရှိဘူး....."

ဟ....။ ယန်ယူမီ ခပ်တိုးတိုးပြောလိုက်တဲ့ အသံကို ရှောင်းကျန်းကြားဖြစ်အောင်ကြားသည်။ အသံကတိုးပေမယ့် သူကြားလောက်အောင်ပြောလိုက်ခြင်းဖြစ်သည်။အဆင့်အတန်း....အဆင့်အတန်းဆိုတာ ဘာကိုပြောတာလဲ....။ ကိုယ့်ရဲ့ မိရိုးဖလာ မျိုးရိုးကြောင့် ကိုယ်က အဆင့်အတန်းရှိတဲ့သူဖြစ်သွားရောလား။ ပြောရရင် ယန်ယူမီရဲ့ ပုံက စကားပြောရိုင်းစိုင်းမည့်ပုံ။ တကယ်တမ်းတွေးကြည့်တော့ သနားဖို့တောင် ကောင်းသေးသည်။ ဝမ်အိမ်တော်ရဲ့ ချွေးမအဖြစ် ဘယ်လောက်တောင် ယဉ်ကျေးလိမ္မာတဲ့ပုံ လုပ်ထားရလဲ မသိ။
ရှောင်းကျန့် နှင့် ယန်ယူမီ အပြန်အလှန် ကြည့်နေရင်း အတွင်းရေးမှူး ဂျက်ရောက်လာသည်။ ထို့နောက် ယန်ယူမီ​၏ အနားသို့ တိုးကပ်သွားကာ.....

"ပြန်တော့ မှာလား.....ကျွန်တော် လိုက်ပို့ပေးပါမယ်....."

ယန်ယူမီက ရှောင်းကျန့်ဘက်ကို ဟန်ပါပါ ကြည့်လိုက်ကာ ဂျက်ကို လှမ်းမေးလိုက်သည်။

"ဒီလူက ဘယ်သူလဲ...."

"သူက ဒီဇိုင်းဌာနရဲ့ လက်ထောက်ဌာနမှူး ရှောင်းကျန့်ပါ....."

ဂျက်က တဖန် ရှောင်းကျန့်ဘက်သို့လှည့်လိုက်ပြီး အပြန်အလှန်မိတ်ဆက်ပေးလိုက်သည်။
"ဌာနမှူး ရှောင်းကျန့် ဒါက သူဌေးရဲ့ ဇနီးပါ....."

ထိုအခါ ရှောင်းကျန့်က အံ့ဩသွားသောအမူအရာ မျိုးဖြင့် ......

"ဪ....အဲ့တာ ဆို ဦးရဲ့သမီးလေးပေါ့....."

ယန်ယူမီ ရှောင်းကျန့် ​၏ ရုတ်တရက်ကြီးပြောင်းသွားတဲ့ အမူအရာကြောင့် ဇဝေဇဝါဖြစ်သွားရသည်။ ရှောင်းကျန့်က ဆက်ပြီး.....

"ကိုယ်မသိခဲ့လို့.....ဆောရီး......ဦးသမီးလေး ယူမီဆိုတာလား....အခုမှ ကိုယ့်ဟာကိုယ် တရားဝင် မိတ်ဆက်ပေးပါရစေ.....ကိုယ်က ယူမီရဲ့ အဖေ ယန်ချောင်မင်နဲ့ တွဲနေတဲ့သူပါ.....မသိပါဘူး ယူမီက ဦးသမက်လေးရဲ့ ရုံးခန်းထဲ အမြဲတမ်းနေ့လည်စာ လာပို့ပေးနေကျဆိုတော့ ကိုယ်က အိမ်က ကောင်မလေး တစ်ယောက်ယောက်လို့ထင်သွားတာ......"
ရှောင်းကျန့် အပြောကြောင့် ယန်ယူမီ အောင့်သက်သက်ဖြစ်သွားသော်လည်း သူ့ရှေ့ကို ထိုးပေးလာတဲ့ လက်ရှည်ရှည် သွယ်သွယ် တစ်ဖက်ကို ကြည့်ရင်း တွေးမိသည်။ ဒါက သူ့အဖေ သည်းသည်း လှုပ်နေတဲ့သူပေါ့။ ယန်ယူမီမကောင်းတတ်လို့ လက်ပြန်ဆွဲကာ နှုတ်ဆက် အပြီးမှာ ထိုလူရဲ့ တစ်ဖက်လက်က ကုတ်အင်္ကျီလေးအပေါ် အကြည့်ရောက်သွားရသည်။

"ကိုယ်တို့.....ကုမ္ပဏီက ကော်ဖီဆိုင်ခဏ သွားထိုင်ကြမလား......အေးဆေးပြောကြတာပေါ့.....ကိုယ့်ရဲ့ အလုပ်က အခုနည်းနည်းပါးသေးလို့......"
အခုတော့ သူမဟုတ်တော့သလို ရွှင်ပြသော မျက်နှာထားဖြစ်သွားတဲ့ ထိုလူရဲ့ နောက်ကို လိုက်သွားသည်။ မလိုက်ချင်သော်လည်း ကိုယ့်အဖေနဲ့ ပတ်သက်နေတာကြောင့် လျစ်လျူရှုလိုက်လို့တော့မရ။ ပြီးတော့ မေးချင်နေတာ ထိုလူ့ လက်ထဲက ကုတ်အင်္ကျီ အကြောင်း။

"ဦးသမီးလေး ဘာသောက်မလဲ....."

​ကော်ဖီဆိုင်ရောက်တော့​ ရှောင်းကျန့်က လှမ်းမေးလိုက်သည်။

"ယူမီလို့ပဲ ခေါ်ပါ...."

"ဟုတ်ပါပြီ ယူမီ.....ဘာသောက်မလဲ....."

"အချိုတစ်ခုခုဆို ရပါတယ်...."
​ယန်ယူမီ အတွက်ရှောင်းကျန့် ချိုမြိန်တဲ့သောက်စရာလေးတစ်ခုယူလာပေးကာ အရှေ့သို့တိုးပေးလိုက်သည်။

"ယူမီက ဦးနဲ့ မတူဘူးနော်.....ဦးဆို ကော်ဖီခါးခါးတွေပဲသောက်တာ.....ဦးပြောဖူးတယ်....ရှောင်းရဲ့အပြုံးတွေကချိုလွန်းလို့ ကော်ဖီခါးနဲ့ မျှသောက်မှ ရမယ်တဲ့.....ဦးက တကယ်ကို သည်းတာ....."

ရှောင်းကျန့်ကို ယန်ယူမီ မျက်တောင်မခတ်ဘဲကြည့်ကာ အကဲခတ်နေမိသည်။ သူ့အဖေ သည်းသည်းလှုပ်နေတာလည်း မပြောနဲ့ စကားတစ်ခွန်းပြောတိုင်း "ဦး" ဆိုတာက လျှာဖျားက မချဘူး။
"ကိုယ့် မျက်နှာမှာ ဘာရှိလို့လဲ....."

ယန်ယူမီ စိုက်ကြည့်နေတာကြာလွန်းတာကြောင့် ရှောင်းကျန့် မေးလိုက်ခြင်းဖြစ်သည်။ စိတ်အချဉ်ပေါက်စွာတွေးကြည့်ရင်တော့......ဒီလင်မယားတွေက လူကို စိုက်ကြည့်ရတာ တကယ်ကို ဝါသနာပါသည့်ပုံ။ ယောကျာ်းဖြစ်တဲ့သူကလည်း နေ့လည်စာတောင် မစားနိုင်ဘဲ သူများရုံးခန်းထဲထိဝင်လာပြီး ထိုင်ကြည့်သွားတာပင်။ အိပ်နေတာတောင် လွတ်လွတ်လပ်လပ် မအိပ်ခဲ့ရတာကြောင့် သိပ်တော့ စိတ်မကြည်။ အခု မိန်းမဖြစ်သူကြတော့လည်း မျက်နှာပေါက်မတတ် အကဲခတ်နေတာဖြစ်သည်။
"ယူမီ့ ပါးနဲ့တွဲတာကြာပြီလား...."

"အင်း.....တစ်နှစ်စွန်းစွန်းကျော်ပြီ...."

"ယူမီ့ပါးကို တကယ်ချစ်တာလား...."

"ဘယ်လိုထင်လို့လဲ....."

"ဘယ်လိုမှ မထင်ပါဘူး......ယူမီ့ဘက်ကတော့ ပါးစိတ်ချမ်းသာနေရင်ရပါပြီ....."

"ဦးက သူ့သမီးလေးကို ချစ်တာလည်း မပြောနဲ့ .....ယူမီလေးက တကယ်ကို စိတ်ထားလေးဖြူစင်တာပဲ......ယူမီအပျို ဘဝတုန်းက ချစ်ခင်မယ့်သူ တော်တော်များခဲ့မယ့် ပုံပဲ......"

ရှောင်းကျန့် ယန်ယူမီ ​၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"ယူမီ အိမ်ထောင်မပြုခင်တုန်းက တွဲခဲ့တဲ့သူရှိလား......"

ယူမီက သူ့ရှေ့ကသောက်စရာလေးကို တစ်ငုံသောက်လိုက်ပြီးနောက်.....

"အင်း.....အမှန်တိုင်းပြောရင်တော့ ရှိခဲ့ဖူးတယ်.....ဘာမဟုတ်တဲ့ လူတစ်ယောက်နဲ့ပါ....."

ရှောင်းကျန့်​၏ ရင်ထဲ တင်းကနဲ ဖြစ်သွားရသည်။ အမူအရာမပျက်သော်လည်း တစ်လုံးချင်းထွက်လာတဲ့ စကားတို့က....

"အဲ့လူကို ချစ်ခဲ့လား....."

"ဪ.....ဘာမှ မဟုတ်တဲ့လူတစ်ယောက်ပါဆိုနေမှ ဘာမှကိုမခံစားခဲ့ရတာ......"
ရှောင်းကျန့်အနေနဲ့ ဒီမိန်းမကို ဒီမေးခွန်းကို မမေးလိုက်သင့်ဘူး။ တကယ်လို့ သူ့အစ်ကိုသာ ကောင်းကင်ဘုံက ကြည့်နေရင်း ဒီစကားတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ။ သူ့အစ်ကို အတွက် စိတ်မကောင်းဖြစ်လွန်းလို့ သူသေတောင်သေနိုင်သည်။လီချန်းကော....ကော မလို့ ဒီလိုမိန်းမမျိုးကို ညိတွယ်ခဲ့ရတယ်လား.....။

"အင်း.....ယူမီ က အခု ယူမီရဲ့ ယောကျာ်းကိုအရမ်းချစ်တာပဲလား....."

"ချစ်တာထက် တောင်ပိုတာပေါ့.....မောင်က အရာရာ ပြည့်စုံတဲ့လူတစ်ယောက်....."
​စိတ်ထဲကနေ "ဪ" ဆိုတဲ့စကားတစ်လုံးကလွဲလို့ ဘာမှ မထွက်လာခဲ့တော့။ လူတွေ တကယ်ကြောက်ဖို့ကောင်းတယ်။ ရှောင်းကျန့် စားပွဲပေါ် ခဏချထားတဲ့ ကုတ်အင်္ကျီလေးကို ယန်ယူမီ ရှေ့သို့တိုးပေးလိုက်သည်။

"ရော့.....ယူမီပြောတဲ့ မောင်... ရဲ့ ကုတ်အင်္ကျီ....."

ရှောင်းကျန့်က "မောင်" ဆိုတဲ့ နေရာမှာ အသံရှည်စွဲပြောလိုက်တာဖြစ်သည်။

"မောင့်ရဲ့ အင်္ကျီက ဘယ်လိုဖြစ်ပြီး ရှင့်ဆီရောက်နေတာလဲ......"
"မသိဘူး.....နေ့ခင်းအိပ်နေရင်း ထလာတော့ တွေ့တာပဲ......"

"ဘယ်လိုဖြစ်ပြီးတော့....."

"အဲ့တာတော့ ကိုယ်လည်း မသိဘူး.....ဒါနဲ့ကိုယ့်ကို ခွင့်ပြုဦး.....ဌာနပြန်သွားရဦးမှာမလို့....."

ရှောင်းကျန့်ကို ယန်ယူမီ ပြန်တောင် မဖြေနိုင်ဘဲ ကုတ်အင်္ကျီကိုသာ စိုက်ကြည့်လို့နေသည်​။ ထို့နောက် ကုတ်အင်္ကျီ အိတ်ကပ်ထဲကို ခါတိုင်းလိုပင် လက်အကျင့်အရ တစ်စုံတစ်ခုကို သိမ်းပေးဖို့လိုက်ရှာလို့နေသည်။ ထိုအခြင်းအရာကိုတွေ့တော့ ရှောင်းကျန့် နောက်ပြန်လျှောက်လာကာ......
"ဘာရှာနေတာလဲ.....ကိုယ်ဘာမှ မယူထားဘူးနော်...."

"မဟုတ်ပါဘူး.....မောင်က စီးကရက်သောက်တတ်တော့ မီးခြစ်ဆောင်ထားတတ်လို့....."

ထိုအခါ ရှောင်းကျန့် ခပ်ဟဟရယ်လိုက်ကာ.....

"ယူမီ့ မောင်....က စီးကရက် ပြတ်သွားတာကြာပေါ့....."

ယန်ယူမီကိုပြောပြီးတာနဲ့ ရှောင်းကျန့် ထိုနေရာက လှည့်ထွက်လာခဲ့သည်။ လီချန်းကော.....အခုချိန်မှာ ကောအတွက် ကျွန်တော်လုပ်ပေးနိုင်တာ ဒါပဲရှိတယ်။အခုထက်ထိ ကျွန်တော်ရဲ့ မျက်လုံးထဲမှာ ကော အရက်မသောက်ရလို့  ယင်းထပြီး အသည်းပြတ်မတတ်ခံစားခဲ့ရတဲ့ ပုံရိပ်တွေ ထင်ကျန်နေတုန်းပဲ။ ကောလိုပဲ ယန်ယူမီလည်း သူလိုချင်တဲ့ အရာကို မရစေရဘူးလို့ ကျွန်တော် ကတိပေးတယ်။
ရှောင်းကျန့် သူ့ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီးတော့ ဝမ်ရိပေါ် ကို စာပို့လိုက်သည်။

"မောင်.....အလုပ်ဆင်းရင် ကိုယ့်ကိုအိမ်လိုက်ပို့ ❤️ "

​ကလေးကလား ဆန်စွာ စာကြောင်းအဆုံးမှာထည့်လိုက်တဲ့ အသည်းပုံကို ရှောင်းကျန့် ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး သွေးတောင်တက်မိသည်။

မယုံမရှိနဲ့....အပေါ်ယံ အသုံးအနှုန်းတွေက လူ့အသိုင်းအဝိုင်းမှာ တော်တော်ထိရောက်တာ....သုံးစက္ကန့်တောင်မကြာပါဘူး တစ်ဖက်က ပြန်စာရောက်လာတယ်.....။
"အင်း" တဲ့....။

__________  ______________

AN: ဇာတ်လမ်းဒီအထိ ရောက်လာတဲ့အခါ စာရေးသူအနေနဲ့ ဇာတ်ကောင်တစ်ခုချင်းစီရဲ့ ဇာတ်ရုပ်ကို သုံးသပ်ပြချင်ပါတယ်။

ပထမဦးဆုံး ယန်ယူမီ.....ယန်ယူမီကို အရမ်းအဆင့်အတန်းခွဲခြားတတ်တဲ့ သူတစ်ယောက်လို့ ထင်မြင်မိပါတယ်။ လူတစ်ယောက်ကို သူကြည့်ရင် အဆင့်အတန်းကနေ စကြည့်တဲ့ သဘောပါပဲ။ အကယ်လို့ ယန်ယူမီသာ မိန်းမကောင်း မိန်းမမြတ်လေးဆိုရင်တော့ သူ့အိမ်ထောင်ရေးကို သွားနှောင့်တဲ့ စာရေးသူရဲ့အရေးအသား က အလွန်ပေါ့။ ဒါပေမယ့် စာရေးသူတွေးမိတာ.....ယန်ယူမီက ဝမ်ရိပေါ်ကို ချစ်တယ်လို့ပြောနေပေမယ့် တကယ်လို့ ဝမ်ရိပေါ်သာ ရုပ်ချောရုံသပ်သပ်ပဲရှိပြီးအဖက်ဖက်ကပြည့်စုံနေတဲ့ သူမဟုတ်ဘူးဆိုရင် သဘောထားက တူနိုင်ဦးမလားဆိုတာပါပဲ။
ဒုတိယအနေနဲ့ ယန်ချောင်မင်.....သူက နုံလွန်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှောင်း အကြောင်းသူကောင်းကောင်းသိပါတယ်။ သူပြောပြီးသားပါ ရှောင်းကို မယုံပေမယ့် သူမရုန်းနိုင်တော့ စုံလုံးကန်းနေရတဲ့ သဘောပါပဲ။

တတိယအနေနဲ့ကတော့ ကိုယ်တွေရဲ့ ရှောင်းပါပဲ။ သူ့ရဲ့ ဇာတ်ရုပ်ကိုတော့ ပြောစရာမလိုလောက်အောင် ကွက်ကွက်ကွင်းကွင်း မြင်မှာပါ။

နောက်ဆုံးပြောချင်တာက.....ဒီထဲမှာ စာရေးသူအတွက်တောင် မှန်းရခက်တာ ရိပေါ်ရဲ့ ဇာတ်ရုပ်ပါ။ သေချာ သတိထားခဲ့မယ်ဆို ရိပေါ် စကားတစ်ခွန်းမှာ ဆယ်လုံးပြည့်အောင်ပြောတာ အတော်ကိုရှားပါတယ်။ အဲ့တာကြောင့် သူ့ရဲ့ စိတ်နေစိတ်ထားကို စာရေးသူလည်း သေသေချာချာ မပြောတတ်ပါဘူး။ဝမ်ဘွားပြောခဲ့ဖူးတဲ့ သူ့မြေးအကြောင်းပေါ့ "ပြန်မပြောနားမထောင် တဇောက်ကန်း..." ဆိုတဲ့ စကားကို ထောက်ပြီး ရိပေါ်ရဲ့ လုပ်ရပ်အချို့နဲ့ယှဉ်ကြည့်ရင်တော့ သူလည်း စကားကို လုံးစေ့ပတ်စေ့သာ မပြောတာ သူလုပ်ချင်ရာ လုပ်နေတဲ့ သဘောပါပဲ။
ဒါတွေက စာရေးသူရဲ့ အတွေးသပ်သပ်နဲ့သာ သုံးသပ်ထားခြင်း ဖြစ်ပါတယ်။ သဘောထားစိတ်ကြိုက်ကွဲလွဲနိုင်ခွင့်ရှိပါတယ်။