ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၂)Unicode

"မောင် ပြန်လာတာနောက်ကျတယ်နော်....အရမ်းအလုပ်ရှုပ်နေတာလား....."

ဧည့်ခန်းထဲက နာရီက မနက် ၁ နာရီဆိုတဲ့ အချိန်ကိုညွှန်ပြနေ​၏။

ယန်ယူမီ​၏ အမေးကို ဝမ်ရိပေါ် ခေါင်းတစ်ချက်သာ ညိမ့်ပြပြီး ဧည့်ခန်းထဲမှ တဆင့် အိပ်ခန်းထဲသို့ တန်းဝင်လာခဲ့သည်။ ယန်ယူမီကလည်း ဝမ်ရိပေါ် နောက်သို့ထပ်ကြပ်မကွာ။

"မောင်....စားရောစားပြီးရဲ့လား....."

ဝမ်ရိပေါ် သူ့အပေါ်ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး အင်္ကျီတောင် မလဲတော့ဘဲ အိပ်ရာပေါ်တစ်ခါတည်းလှဲလိုက်သည်။

"မောင်....နေမကောင်းဘူးလားဟင်...."

"ကျွန်တော် နားချင်နေပြီ...."

စကားထပ်မပြောလိုတော့ကြောင်း သွယ်ဝိုက်ပြောလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ယန်ယူမီ အလိုက်တသိသာ နှုတ်ဆိတ်နေလိုက်သည်။

"ဟုတ်ပါပြီမောင် နားတော့လေ.....မနက်ကျရင်လည်း မောင့်အမေရဲ့ကန်တော့ပွဲအတွက်အစောကြီးထရဦးမှာဆိုတော့......"

ဝမ်ရိပေါ် အိပ်ရာထက်မှာ ဘေးစောင်းအနေအထားဖြင့် မျက်လုံးများကိုမှိတ်လို့ထားသည်။ မျက်လုံးများကိုမှိတ်လို့ထားပေမယ့် အာရုံထဲခဏခဏ ပြန်ရစ်ဝဲနေတဲ့ နှုတ်ခမ်းပါးတစ်စုံကြောင့် အိပ်လို့မရဖြစ်ရသည်။ အသွေးထဲအသားထဲထိ ပြန်ခံစားနေရတဲ့ပုံစံမျိုး။

ကြိုးစားအိပ်သော်လည်း မရတာကြောင့် ရုတ်တရက် ငုတ်တုတ်ထထိုင်လိုက်ကာ အခန်းထောင့် စားပွဲမှာ တင်ထားတဲ့ ရေကရားထဲက ရေကို ဖန်ခွက်ထဲ အပြည့်ထည့်ပြီး မော့လိုက်သည်။ ဒါတောင် ရင်ထဲက အပူငွေ့တွေက မငြိမ်းသေး။

အချိန်က မနက်နှစ်နာရီ ရှိပြီ ဖြစ်သည်။

ဝမ်ရိပေါ် ခန္ဓာကိုယ်အပေါ် ပိုင်းအဝတ်အစားများကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေကိုဦးခေါင်းကစလို့ တစ်ကိုယ်လုံးကို စွတ်စိုစေလိုက်သည်။ ရေပူမရောတဲ့ အေးစက်စက်ရေတို့က ပူလောင်နေမှုကို အနည်းငယ်တော့လျော့ကျစေသည်။ မိနစ်နှစ်ဆယ်တိတိ ရေအေးအောက်မှာတုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေပြီးမှအေးစိမ့်စိမ့်ဖြစ်လာတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို ခြောက်သွေ့စေလိုက်ပြီး ရေချိုးခန်းထဲက ထွက်လာတော့သည်။

အိပ်ရာပေါ်မှာ ဝမ်ရိပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း စပ်ဖျင်းဖျင်းဖြစ်နေတဲ့ နှုတ်ခမ်းထောင့်တစ်နေရာကို လက်နဲ့ အသာစမ်းလိုက်သည်။ ပြီးနောက် ပုံရိပ်တို့က တရိပ်ရိပ်ပြန်တက်လာကာ အတွေးများစွာဖြင့် အိပ်လို့မပျော်ဖြစ်နေရတော့သည်​။ ယန်ယူမီလည်း ဝမ်ရိပေါ်​၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းတငွေ့ငွေ့ဖြင့်သာ။

_________  ____________

ဝမ်အိမ်တော်တွင် ဝမ်မိသားစုဝင်များနှင့်အတူ ယန်ယူမီ ဘက်က မိသားစုဝင်များဖြစ်တဲ့ ယန်ချောင်မင်နှင့် ဆူးလီရောပါ ဝမ်ရိပေါ်​၏ အမေဆုံးပါးခြင်း ဆယ်နှစ်ပြည့် ကန်တော့ပွဲအတွက်စုဝေးနေကြသည်။
စားတော်ပွဲများကို ဝမ်အိမ်ကြီး​၏ ချွေးမဖြစ်တဲ့ ယန်ယူမီက ဦးဆောင်၍စီစဉ်နေရသည်။ ဆူးလီကတော့ သူ့အမ ဖြစ်သူ​၏ အနားကို သွားကူလိုက်.....ဝမ်အိမ်တော် က အလုပ်သမားတွေနဲ့ အဖွဲ့ကျစကားပြောလိုက်ဖြစ်လို့နေသည်။ ယန်ချောင်မင်နှင့် ဝမ်ရိပေါ်​၏ ဖခင် ဝမ်ဟန် တို့ကတော့ သားရေးသမီးရေးတွေအပြင် စီးပွားရေးအကြောင်း နိုင်ငံရေးအကြောင်းစုံလင်စွာဆွေးနွေးလို့နေသည်။ ဝမ်ဘွားဘွားကတော့ လူတွေဆုံနေတာကြောင့် တပြုံးပြုံးနှင့်သာ။
ဝမ်ဘွားဘွားက စားသောက်ပွဲတွေပြင်နေတဲ့ သူ့မြေးချွေးမဆီသွားပြီး.....

"မြေးမလေး.....ဟိုကောင်လေး အခုထိ မထသေးဘူးလား......"

"ခုနက ယူမီ ခဏဝင်ကြည့်တုန်းက တော့ အိပ်နေတုန်းပဲဘွားဘွား....."

"ဟယ်.....ခါတိုင်းဒီကောင်လေး အလုပ်အတွက် အစောကြီး ထနေကြပါ......သွားနှိုးလိုက်ပြီး ပြင်ဆင်ခိုင်းလိုက်တော့ တအောင့်နေပဲ ကန့်တော့ပွဲစတော့မယ်......"

"ဟုတ်ကဲ့ပါ ဘွားဘွား.....ယူမီ ဒီဟာလေးပြီးရင် သွားနှိုးလိုက်ပါမယ်......"
ယန်ယူမီ လုပ်လက်စဟင်းပွဲတစ်ခုကို လက်စသတ်ပြီးတော့ အိမ်က အလုပ်သမားတွေနှင့် ခဏထားခဲ့လိုက်ပြီး အိပ်ခန်းထဲသို့ဝင်လာသည်။ အခန်းထဲဝင်လာတော့ မောင်ကအိပ်ပျော်နေဆဲ။

ဝမ်ဘွားဘွားပြောသလိုပါပဲ မောင်က အမြဲတမ်း မနက် ၆ နာရီဆိုတာနဲ့ နှိုးစက်ပေးစရာမလိုဘဲထတတ်တာ။ ဒါပေမယ့် မောင်ညတုန်းက တစ်ညလုံးအိပ်မပျော်ဘူးဆိုတာတော့ သူသိသည်။ မိုးလင်းပိုင်းလောက်မှ အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေတဲ့မောင်က ငြိမ်ကျသွားတာဖြစ်သည်။ မောင့်လိုပါပဲ သူလည်း မောင်အိပ်ပျော်သွားမှသာ မှေးကနဲ တစ်ချက်အိပ်ပျော်သွားခဲ့တာပင်။ အခုတော့ ကန်တော့ပွဲကြောင့် စောစောထခဲ့ရသည်။
ယန်ယူမီ ဝမ်ရိပေါ် အိပ်မောကျနေရာ အိပ်ရာနားထိ တိုးကပ်သွားကာ လေသံတိုးတိုးနှင့်ခေါ်လိုက်သည်။

"မောင်....."

နောက်တစ်ခေါက် ခပ်ကျယ်ကျယ်လေးနှိုးလိုက်မှ ဝမ်ရိပေါ် မျက်လုံးများပွတ်သပ်ကာ အိပ်ရာကလူးလဲထလာတော့သည်။

"မောင်.....ပြင်ဆင်လိုက်တော့နော်.....ကန်တော့ပွဲစတော့မှာ......"

ဝမ်ရိပေါ် အိပ်ရေးကောင်းကောင်း မဝသော်လည်း ပြင်ဆင်ပြီးတော့ အိမ်ဧည့်ခန်းမထဲထွက်လာသည်။ ထို့နောက်သူ့ကိုစောင့်နေကြတဲ့ လူကြီးများကို နှုတ်ဆက်လိုက်သည်။အားလုံးကို ပြုံးယောင်သန်းကာ နှုတ်ဆက်လိုက်ပေမယ့် ယန်ချောင်မင်အလှည့်မှာ တည်တင်းသွားတဲ့ မျက်နှာထားဟာ ဘေးကကြည့်နေရင်တောင် သိသာလွန်းလှသည်။ အားလုံးက က ကန့်တော့ပွဲကိုသာ အာရုံရောက်နေတာကြောင့် သတိတော့မထားမိလိုက်။
"မြေးလေး.....ဒီနေ့ အိပ်ရာထတော်တော်နောက်ကျတယ်နော်.....ဘွားက နေများမကောင်းဘူးလားလို့....."

ကန့်တော့ပွဲပြီးသွားတဲ့ အခါ အစားအသောက်ပွဲတွင် မိသားစုဝင်များအားလုံး မျက်နှာချင်းဆိုင်ကာ စားသောက်နေကြစဉ် ဝမ်ဘွားဘွားက လှမ်းမေးလိုက်သည်။

"ကောင်းပါတယ် ဘွား....."

"အေးကွယ်....ဂရုလေးဘာလေးစိုက်ဦး ကိုယ်က အိမ်ထောင်ရှင် ဖြစ်နေပြီ.....ကိုယ်ကိုယ်တိုင်က လက်လွတ်စပယ် နေမိရင်တောင်ကိုယ့်အိမ်ထောင်ဘက်အတွက် ထည့်တွေးပြီး ကျန်းမာရေးဂရုစိုက်ဟုတ်ပြီလား......"
ဝမ်ရိပေါ် သူ့အဘွား အလိုကျ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်သည်။ ဝမ်ဘွားက ကျေနပ်စွာပြုံးကာ သူ့ခမည်းခမက်အိမ်က အကြီးအကဲဖြစ်တဲ့ ယန်ချောင်မင်ဘက်ကို လှည့်လိုက်သည်။

"ခမည်း ခမက်ရော.....အိမ်တော်ထိန်းဖို့ အိမ်ထောင်ရှင်မလေး ဖြစ်ဖြစ်မရှာတော့ဘူးလား......အိမ်က ရိပေါ်ရဲ့အဖေ ကတော့ အပူတွေ ထပ်မရှာချင်တော့လို့တဲ့......"

ဝမ်ဘွား​၏ ပေါ့ပေါ့ပါးပါး လေသံအနေအထားနဲ့မေးလာတဲ့ မေးခွန်းကို ယန်ချောင်မင်က ခပ်ဟဟရယ်သည်။
"ကျွန်တော်လည်း တွေးနေပါတယ်.....အိမ်မှာ ယူမီလေးလည်း မရှိတော့....အိမ်ကို ထိန်းသိမ်းမယ့်သူကမရှိဘူး.....ပြီးတော့ ဆူးလီလေးကလည်း ငယ်ငယ်လေးကတည်းက လွတ်လွတ်လပ်လပ်လေးနေတတ်တော့ အိမ်တွင်းရေး သိပ်မနိုင်နင်း.....အဲ့တော့ အိမ်ထောင်ထိန်းသိမ်းဖို့တာဝန်က ကျွန်တော့်တစ်ယောက်တည်းပေါ်မှာ ကျလာတော့ ဝန်ပိနေသလိုပဲ......"

"ဒီတိုင်းဆို ခမည်းခမက် တစ်ယောက်ယောက်ကို တွေ့ထားပြီးတဲ့ပုံပဲ......"

ယန်ချောင်မင်ရဲ့ အပြောကို ဝမ်ဟန် က မေးခွန်းထပ်ပေါင်းလိုက်သည်။
"ဆိုပါတော့....."

ထိုအခါ ဆူးလီက....

"ပါးပြောတော့ ဆူးလီတို့နဲ့ မိတ်ဆက်ပေးဦးမယ်ဆို....."

ဝမ်ဘွား နှင့် ဝမ်ဟန် ကလည်း တစ်ဖန်.....

"ခမည်းခမက်ဘက်ကသေချာရင် တစ်ခါလောက်မိတ်ဆက်ပေးဦးလေ....."

ယန်ချောင်မင်ဘက်က ရုတ်တရက် ပြန်ပြီး တိတ်ဆိတ်သွားတာကြောင့် ဝမ်ရိပေါ် ဘာရယ်မဟုတ် ဟက်ကနဲ အသံထွက်အောင် တစ်ချက်ရယ်မိသည်။ ဝိုင်းထဲက လူတွေက သူတို့စကားကြောထဲမှာ စီးမြောရင်း အမှုမဲ့အမှတ်မဲ့သာ။ ဝမ်ရိပေါ် ချောင်းဟန့်လိုက်ပြီး ဘေးနားကရေခွက်ထဲက ရေကို တစ်ငုံသောက်လိုက်သည်။ယန်ချောင်မင် ဘာလို့ နှုတ်ဆိတ်သွားလည်း ဆိုတာ သူသိသည်။ ဒီတိုင်းဆို ယန်ချောင်မင် လည်း ခင်ဗျားအကြောင်းသိတဲ့ပုံပါပဲ ရှောင်းကျန့်။ သိသိကြီးနဲ့ပဲ ဒီအတိုင်း တွယ်ကပ်နေတာတဲ့လား။
"မြေးလေး ဒီဘက်ခဏလှည့်စမ်း....."

ဝမ်ဘွားက စားပွဲခုံ​၏ ထိပ်တွင် ထိုင်နေတာဖြစ်ပြီး ဝမ်ရိပေါ်က ဘေးချင်းကပ်ထိုင်နေတာဖြစ်သည်။ ဝမ်ဘွားဘွား ဝမ်ရိပေါ်ကို ရုတ်တရက် သူ့ဘက်ခဏလှည့်ခိုင်းလိုက်ပြီးနောက် ဝမ်ရိပေါ်​၏ ဘယ်ဘက်နှုတ်ခမ်းထောင့်ကို လက်နဲ့အသာလေး တို့ထိလိုက်သည်။

"မြေးရိပေါ် .....နှုတ်ခမ်းထောင့်က ဘာဖြစ်တာလဲ.....သွေးခြေတောင်ဥနေတယ်....."

ဝမ်ဘွား​၏ အမေးကြောင့် အားလုံး ဝမ်ရိပေါ်​၏ နှုတ်ခမ်းပေါ်သို့ အကြည့်ရောက်သွားကြသည်။ ယန်ယူမီ ကတော့ အဖြေကို နားစွင့်လို့နေ​၏။ သူညတုန်းကသာ မှောင်နေလို့သတိမထားမိတာ။ မနက်တုန်းက မောင့်ကို သွားနှိုးရင်းနဲ့ သူတွေ့လိုက်မိပါသည်​။ မောင်တစ်ခုခုနဲ့များခိုက်မိတာလားဟု မေးချင်သော်လည်း သူ့ကို စိတ်ရှုပ်သွားမှာ စိုးလို့မမေးခဲ့။
ဝမ်ရိပေါ်က ခပ်တည်တည်ဖြင့်သာ.....

"ကိုက်မိတာ....."

"မြေးရယ် ကလေးမဟုတ်ဘာမဟုတ်နဲ့ သတိထားမှပေါ့......အစားစားရင်သတိလေးဘာလေးထားပြီးစားလေ....."

သူ့အဘွားကြောင့် ဝမ်ရိပေါ် တစ်ချက်ပြုံးလိုက်မိသည်။ ကိုက်တော့ ကိုက်မိတာပဲ.....ကိုယ့်ဟာကိုယ်မတော်တဆကိုက်မိခဲ့တာတော့ မဟုတ်....။ ရှောင်းကျန့်ဆိုတဲ့လူက သူတို့အနမ်းတွေခွာခါနီးမှ တမင်သပ်သပ်ကြီးကို ကိုက်ချလိုက်တာဖြစ်သည်။ အနမ်းတွေကိုစတင်ခဲ့တာ သူကိုယ်တိုင် ပေမယ့် ဟိုဘက်ကပြန်တုံ့ပြန်မှုကြီးက သူထင်မှတ်ထားတာထက်ပိုပြီးအရိုင်းဆန်လွန်းခဲ့သည်။
ဝမ်ရိပေါ် အစားကို ထိန်းစားလို့နေ​၏။ ညတုန်းက သွေးပူနေတုန်းမလို့ ဘာမှ မခံစားခဲ့ရတာ။ အခုတော့ အဲ့ဒိနှုတ်ခမ်းထောင့် ကို ဇွန်းနဲ့ထိသွားတိုင်းဆစ်ကနဲ။ နာလို့ တစ်ချက်တစ်ချက် ကျစ်သပ်မိသွားသော်လည်း မကျေမနပ်ဖြစ်နေတာတော့ မဟုတ်။ ဘာလဲ....အခုကတည်းက သူလည်း နာကျင်မှုဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံနေမိတာလား။

"မြေးဖြည်းဖြည်းစားနော်.....ဘွားတို့ ဧည့်ခန်းထဲက စောင့်နေမယ်....."

လူကြီးများ နဲ့ တခြားမိသားစုဝင်များစားသောက်ပြီးသွားတာကြောင့် ခပ်နှေးနှေးစားနေသည့် ဝမ်ရိပေါ်သာ ထမင်းစားဝိုင်းတွင်ကျန်ခဲ့သည်။ ယန်ချောင်မင်ကလည်း ထမင်းစားပွဲကထွက်မည်အလုပ် ဖုန်းဝင်လာတာကြောင့် ခဏဆက်ထိုင်နေလိုက်သည်။
ယန်ချောင်မင်ရဲ့ ဖုန်းက စားပွဲပေါ်တင်ထားတာဖြစ်၍ ဘယ်ကနေခေါ်လဲဆို တာ ချက်ချင်းသိရသည်။ ဖုန်းမျက်နှာပြင်မှာတွေ့နေရတဲ့ မျက်နှာလေးကြောင့် ယန်ချောင်မင် ဝမ်းသာအားရ ဖြေဆိုလိုက်သည်။

"ဟယ်လို.....ရှောင်း....."

တစ်ဝိုင်းတည်းထိုင်နေဆဲဖြစ်တဲ့ ဝမ်ရိပေါ် မျက်မှောင်ကျုံ့မိသည်။အစားကို နဂိုကထက် ပို၍ဖြည်းညင်းစွာ စားနေသည်မှာ အံကြိတ်ပြီးတစ်လုတ်ချင်းစားနေသလိုပင်။

"ကိုယ်ပြောခဲ့တယ်လေရှောင်းရဲ့.....မနက်ကစာပို့ထားတယ်လေ.....ကိုယ့်ခမည်းခမက် အိမ်ရောက်နေမယ်လို့....."
"......."

"ညနေကြရင် လာမှာပေါ့....."

"......."

"ရှောင်းက တကယ့်အရစ်လေး....."

ယန်ချောင်မင်က ကြည်နူးစွာပြုံးပြီးပြောလိုက်ပေမယ့် စိတ်ထဲ ထင့်ကနဲ။ ရှောင်းက ဒီလိုရစ်တတ်တဲ့လူစားမျိုးမဟုတ်။ ဒါမှ မဟုတ်ရှောင်းမှာ စိတ်ပျော်စရာ ကိစ္စများရှိနေ၍ သူ့ကို အသည်းယားစေမည့် အပြောလေးတွေလာပြောနေတာဖြစ်မည်။

"စိတ်မကောက်ပါနဲ့ ......ရှောင်းရယ်.....ရှောင်း ငြိုငြင်ရင် ကိုယ်မနေတတ်ဘူးဆိုတာ ရှောင်းသိရက်နဲ့....."

"......."
"ကိုယ်တကယ်ပြောတာပါ....ကိုယ့်ခမည်းခမက် အိမ်မှာရောက်နေတာဆို.....ရှောင်းကမယုံဘူးလား....."

"......"

"ကိုယ့်သမက်လေးတောင် ကိုယ့်ဘေးနားရှိသေးတယ်......"

"......."

"မယုံရင် စပီကာ ဖွင့်ပြမယ်....."

ယန်ချောင်မင် ရှောင်းကျန့်​၏ အလိုကျ ဖုန်းစပီကာလေးဖွင့်ပြီး ဝမ်ရိပေါ်​၏ အ​ရှေ့သို့ထိုးပေးလိုက်သည်။

"ဝမ်သမက်.....အန်ကယ့်ကို ခဏလောက်ကူညီပေးပါလား......"

ဝမ်ရိပေါ်ဘက်မှ မည်သည့်တုံ့ပြန်မှုမှမလာသော်လည်း တစ်ဖက်ဖုန်းထဲက အသံကထွက်လို့လာသည်။
"ဟယ်လို.....ဦးသမက်လေးလား......"

"......."

"ဟယ်လို.....ဦးသမက်လေး....."

ရှောင်းကျန့်ဘက်မှ ခဏခဏ လှမ်းမေးနေသော်လည်း ဝမ်ရိပေါ်က မတုံ့ပြန်လာတာကြောင့် ယန်ချောင်မင်မှာ ကြားထဲက အားနာလာရသည်။ သူ့သမက် အချေကြီးတာကို သူသိ၍ ရှောင်းကို တကယ်အားနာမိသည်။ထို့ကြောင့် ယန်ချောင်မင်က စပီကာ ဖွင့်လျက်သားနှင့်ပင်.....

"ရှောင်း.....ကိုယ့်သမက်လေးက ထမင်းစားနေတုန်းမလို့......"

"အင်း ရပါတယ်......ဦးသမက်လေးက ကျွန်တော်နဲ့ ရုံးမှာတွေ့ရင်လည်း ခပ်တန်းတန်းပဲလေ......ထားပါတော့......"
"မဟုတ်ပါဘူး.....ဝမ်သမက်က....."

"ဦးက ဦးသမက်ကိုကာပြောပေးနေတယ်ဆိုရင်လည်း......ကျွန်တော်ကလည်း ဦးသမက်ဆိုတဲ့ စိတ်လေးနဲ့ ပဲစိတ်ထဲမထားတော့ပါဘူး......"

ယန်ချောင်မင်က ပီတိဖြာနေသလောက် ဝမ်ရိပေါ် အံကိုကြိတ်ပြီး ရေတစ်ခွက် ထပ်မော့မိပြန်သည်။

"ဒါနဲ့ ဦးခဏလေးနော်.....စပီကာဖွင့်ထားတုန်းပဲလား......"

"အင်း.....ရှောင်း ဘာလို့လဲ....."

"ဦသမက်လေးကို မေးစရာရှိလို့......"

​သူ့ရှေ့မှာ ဖုန်းပြောရင်းဖြစ်ပျက်နေကြတဲ့ သူတွေကို ဆက်မတွေ့လိုတော့တာကြောင့် ဝမ်ရိပေါ် စားလက်စကို လက်စသတ်ဖို့ ရေသောက်နေစဉ် ဖုန်းထဲက တစ်လုံးချင်း ထပ်ထွက်လာတဲ့ စကားတစ်ခွန်းကြောင့် ရေပါသီးရသည်။
"နှုတ်-ခမ်း-ဘယ်-ဘက်-ထောင့်-က ဒဏ်ရာလေး သက်သာရဲ့လား......ဦး-သ-မက်-လေး...."

.

.

.

.

.

.

ဟက်.....။တစ်ဖက်ကနေ ရှောင်းကျန့် ကျေနပ်စွာပြုံးလို့ ဖုန်းကိုချလိုက်ပြီး တစ်ခါတည်း စက်ပိတ်လိုက်ကာ အိပ်ရာထက်မှာ နားအေးပါအေး ပြန်အိပ်နေလိုက်သည်။ ပြောရမှာကကိုယ့်တာဝန်ဆို အတွေးတွေနဲ့ယောက်ယတ်ခတ်ရမှာက ကျန်တဲ့သူတွေရဲ့အလုပ်....။

တည့်မေးလာရင်လား....ဘာခက်လို့လဲ။

မျက်နှာကိုတည့်တည့်ကြည့်ပြီး ဗြောင်လိမ်လိုက်ယုံပေါ့....။