ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၁)Unicode

"မောင်...."

.

.

.

.

"မောင်....ဘာလာလုပ်တာလဲဟင်...."

ရှောင်းကျန့်​၏ ခေါ်သံညင်းညင်းလေးကြောင့် ဆိုဖာကိုကျောမှီထားတဲ့ ဝမ်ရိပေါ်က ပိတ်ထားသော မျက်လုံးအစုံကို ဖြည်းဖြည်းဖွင့်လာကာ ရှောင်းကျန့် ရှိရာဘက်သို့ အကြည့်များ ရောက်စေလိုက်သည်။

သူကိုယ်တိုင်လည်းသိချင်တယ်....သူဘာလာလုပ်တာလဲဆိုတာ။ အလုပ်ဆင်းတဲ့ အချိန်မှာ သူ့ယောက္ခမ ယန်ချောင်မင်မဟုတ်တဲ့ အခြားလူတစ်ယောက်နဲ့ ပွေ့ဖက်ပြီး ကားပေါ်တစ်ခါတည်း လိုက်သွားတဲ့ လူတစ်ယောက်ရဲ့အိမ်အထိလိုက်လာပြီး ဘာလာလုပ်တာလဲဆိုတာ သူလည်းသိချင်နေတယ်။

အိမ်ပြန်တဲ့လမ်းကိုတောင် ဆန့်ကျင်ပြီး ဒီထိရောက်လာအောင် လုပ်တဲ့ ခင်ဗျားက ဘာလဲ။ လူတကာနောက်ကို အလွယ်တကူလိုက်သွားတတ်တဲ့ ခင်ဗျားရဲ့ နောက်ကို လိုက်လာတတ်အောင် လုပ်တဲ့ ခင်ဗျားကဘာလဲ.....။

တကယ်ကို ရှောင်းကျန့် ခင်ဗျားကဘာလဲ.....။

"လာလို့မရဘူးလား...."

"မဟုတ်ပါဘူး....ကိုယ်က ဝမ်းသာသွားလို့ပါ....."

ရှောင်းကျန့် ဝမ်ရိပေါ် ဘေးနားတွင် ဝင်ထိုင်လိုက်ကာ....

"မောင်.....ဘာစိတ်ရှုပ်စရာတွေရှိလို့လဲဟင်...."

"......."

"မပြောချင်လည်း ရတယ်လေနော်.....အေးဆေးသာနေ...."

"မနက်ဖြန် ကျွန်တော့်မား ဆုံးတာ ဆယ်နှစ်ပြည့်...."

ဟက်....ဝမ်ရိပေါ် သူဘာကြောင့် ဒီစကားပြောလိုက်လည်း သူ့ကိုယ်သူတောင်လိုက်မမှီ။ နှစ်တိုင်းဒီတိုင်းပဲ ဖြတ်သန်းနေကြကို ဒီနှစ်မှ ဒီလူရဲ့ အနှစ်သိမ့်ခံချင်နေလို့လား။ရယ်ရတယ်....သူ့ရဲ့မားဆုံးသွားတုန်းက မျက်ရည်တောင်မကျခဲ့တာကို....အခုမှ။

ရှောင်းကျန့် ဝမ်ရိပေါ်ကို ဂရုဏာ သက်စွာကြည့်လိုက်သည်။ ကိုယ့်မိဘတွေကို ဆုံးရှုံးရတဲ့ ခံစားချက်ကို သူသိပါသည်။ သူ့တုန်းကသာ အစ်ကိုတစ်ယောက်ကျန်နေခဲ့သေးတော့ ခံသာခဲ့သေးတာ။ ဒါပေမယ့်လည်း အဲ့ဒိအစ်ကိုကလည်း သူ့ကိုထားခဲ့တာပါပဲ။ အခုတော့ သူလည်းတစ်ယောက်တည်းသာ။

"မောင်....စားပြီးပြီလား...."

ဝမ်ရိပေါ်ခေါင်းကို အသာရမ်းလိုက်သည်။

"ကိုယ်တစ်ခုခုမှာပေးရမလား...."

"ကျွန်တော် တွေ့ကရာမစားတတ်ဘူး....."

ကြီးကျယ်လွန်းလှတဲ့ ဒီကောင်လေးကို ရှောင်းကျန့်သူ့စိတ်အတိုင်းဆို တစ်ခုခုပြန်ပြောလိုက်ချင်ပေမယ့် ဟန်ဆောင်အပြုံးသုံးကာ စိတ်ထိန်းလိုက်ရပါသည်။

"ခင်ဗျား ကိုယ်တိုင် တစ်ခုခုလုပ်ပေး....."

"ဟင်....."

ရှောင်းကျန့် တစ်ယောက် အကြပ်ရိုက်သွားရသည်။

"မရဘူးလား....."

"ဟင်.....အင်.....ရပါတယ်....ကိုယ့်မှာက ဘာမှ များများစားစား မရှိလို့ပါ....."
"ရှိတာနဲ့ပဲ လုပ်...."

"အင်.....ဟုတ်ပါပြီ...."

ရှောင်းကျန့် ဆိုဖာမှထလိုက်ကာ....

"မောင်.....အဲ့တာဆို ကိုယ့်ကို ခဏစောင့် ကိုယ်တစ်ခုခုလုပ်ပေးမယ်....."

ရှောင်းကျန့် မီးဖိုချောင်ဘက် ဝင်သွားဖို့အလုပ် ဝမ်ရိပေါ် ဘက်ကို တစ်ဖန်ပြန်လှည့်ကြည့်လိုက်ပြီးစကားတစ်ခွန်းထပ်ပြောလိုက်သည်။

"အထဲမှာ ဘာသံတွေကြားကြား လုံးဝမဝင်လာနဲ့နော်....မောင်...."

ရှောင်းကျန့်ပြောလိုက်တဲ့ စကားကို ဝမ်ရိပေါ် နားမလည်ပေမယ့် ခေါင်းတော့ညိမ့်လိုက်သည်။
ရှောင်းကျန့် မီးဖိုချောင်ထဲရောက်တာနဲ့ အိမ်မကြီးနှင့် မီးဖိုချောင်ကိုခွဲခြားထားတဲ့ မှန်တံခါးကို အထဲမှ အသေပိတ်လိုက်သည်။ ထို့နောက် ကြီးမားလွန်းတဲ့ ရေခဲသေတ္တာ​၏ တံခါးကိုဖွင့်လိုက်တော့ အထဲမှာ တွေ့လိုက်ရတာက သခွားသီးနှစ်လုံး...မှိုတစ်ထုပ်....ကြက်သွန်နီ သုံးလုံး နှင့် ကြက်ဥ နှစ်လုံးလောက်သာရှိသည်။ ဒါတောင် ရေခဲသေတ္တာကို ဟောင်းလောင်းကြီးမထားချင်လို့ ဝယ်ထားမိတာဖြစ်သည်။ သူက တစ်ယောက်တည်းနေတာဆိုတော့ ဘယ်တော့မှ မချက်စား။
ရှောင်းကျန့် ရေခဲသေတ္တာထဲက ပစ္စည်းများကို အကုန်ထုတ်လိုက်ပြီး ထမင်းစားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သသည်။ထို့နောက်သူ​၏ ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်နားအထိခေါက်တင်လိုက်ကာ ဝဲကျလာသည့် ဆံပင်များကို သပ်တင်ရင်း လက်ကို အကျအနပိုက်လို့ သူ့ရှေ့က ဟင်းချက်ပစ္စည်းတွေကို ကြည့်နေလိုက်သည်။

သူဘာချက်ရမှာလဲ....။ သခွားသီးကို ကင်ရမှာလား။ ကင်ပြီး ကျက်လာရင် အလယ်က ခွဲပြီး မှိုနဲ့အစာသွတ်ရမလား။ ဒါမှ မဟုတ် ကြက်ဥနဲ့ကြက်သွန်ကို စွတ်ပြုတ်လုပ်ရမှာလား။ သူဝန်မခံချင်ပေမယ့် ဝန်ခံရမည်။ သူလုံးဝဟင်းမချက်တတ်ဘူး။ အင်္ကျီဒီဇိုင်းတစ်ခုကို သာ နာရီဝက်အတွင်း ဆွဲချင်ဆွဲနိုင်မယ် ဟင်းချက်တာက သူ့ရဲ့ ဝါသနာမဟုတ်ဘူး။ ဒါကိုလူတွေကိုလည်း မသိစေချင်။
ရှောင်းကျန့် သူ့ရှေ့ကဟာတွေကို စိုက်ကြည့်နေတာ ဆယ့်ငါးမိနစ်ကျော်လာပြီဖြစ်သည်။

မေ့နေတာ သူ့ဆီမှာ စပါကတ်တီချက်တဲ့ ခေါက်ဆွဲတွေရှိသေးတာပင်။

ရှောင်းကျန့် ရပ်ကြည့်နေရာမှ အသီးအရွက်လှီးတဲ့ ဓားကို ကောက်ကိုင်လိုက်ပြီ ဖြစ်သည်။ ထို့နောက် သူ့ရှေ့က သခွားသီးများအား တစ်တုံးကို တစ်လက်မခွဲလောက် ခပ်ပါးပါးလေးလှီးလိုက်သည်။ ဒီဇိုင်နာဖြစ်တာကြောင့် လှီးထားတဲ့ အတုံးများက ပေကြိုးဖြင့်တိုင်းထားသည့်အတိုင်း ညီညာလှ​၏။ သခွားသီးများကို မညီ ညီအောင် ညှိလှီးပြီးတဲ့ အချိန်မှာ အချိန်ဟာ မိနစ် နှစ်ဆယ်ကို ထပ်ပြီးကျော်လွန်လာခဲ့ပြီဖြစ်သည်။
ရှောင်းကျန့် အိုးခပ်ကြီးကြီးတစ်လုံးကိုယူကာ ရေဆေးပြီးထားသော သခွားသီးများကို အိုးထဲသို့ထည့်လိုက်သည်။ ထို့နောက် စပါကတ်တီခေါက်ဆွဲများထည့်ကာ ရေထည့်ပြီး အိုးကို မီးဖိုပေါ်တင်လိုက်သည်။ အဖုံးကိုပိတ်လိုက်ဖို့လည်း မမေ့။ အဖုံးမပိတ်ခင် တွေ့ရာအမှုန့်လေးတွေကောက်ထည့်လိုက်ပါသေးသည်။

ခေါက်ဆွဲအိုးကို မီးဖိုပေါ်တင်ပြီးတဲ့အခါ သူ့ရဲ့လက်တွေက ကြက်ဥနှင့် မှိုဘက်သို့ လှည့်သွားသည်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကြက်ဥနှင့်မှိုကို ရောကြော်ရန်ဖြစ်သည်။ ပိုနေသော ကြက်သွန်နီများကိုလည်း အလွတ်တော့မထား။လေးထောင့် သဏ္ဌန်လှီးဖြတ်ခံထားရတဲ့ ကြက်သွန်နီတွေကလည်း မှိုကြက်ဥကြော်အတွင်းသို့သက်ဆင်းရ​၏။
မှိုကြက်ဥကြော်ကို အာရုံစိုက်နေရင်း တစ်ဖက်က ခေါက်ဆွဲအိုးက အဖုံးအုပ်ထားတာကြောင့် အမြုပ်များဝေကျလာရသည်။ မှိုကြက်ဥကြော်ကလည်း အိုးကပ်...ခေါက်ဆွဲအိုးကလည်း ဝေကျလာတဲ့ အခါ ရှောင်းကျန့် မီးဖိုကိုသာ ပိတ်လိုက်ရပါသည်။ သူကတော့ အိုးနှစ်ခုကြားမှာ ချွေးဒီးဒီးကျလို့နေတော့သည်။ သူ့ဘဝမှာ ဒီလောက်ရှိုးပဲ့တာ မရှိဖူးသေးတာဖြစ်သည်။ အမြဲတမ်းကြော့ကြော့လေးနေလာပြီး အခုမှ ချွေးအိုင်ထဲနစ်နေရတာပင်။
ရှောင်းကျန့်ရှုပ်ပွနေတဲ့ သူ့ရဲ့ မီးဖိုကို ရှင်းလင်းပြီးတော့ သခွားသီးခေါက်ဆွဲပြုတ်ကို ပန်းကန်လုံးလေးနှစ်ခုထဲထည့်လိုက်သည်။ အိုးကပ်နေတဲ့ မှိုကြက်ဥကြော်လေးကိုတော့ အိုးကနေမရမက ထိုးခွာရင်း ပန်းကန်ပြားလှလှလေးထဲထည့်လိုက်သည်။

အခုတော့ ကြွေစားပွဲလေးပေါ်မှာ အငွေ့တစ်ထောင်းထောင်း ခေါက်ဆွဲပြုတ်ပန်းကန်လေးနှစ်ခုရယ် ကြွေပန်းကန်ပြားလေးတစ်ခုရယ် သပ်ရပ်စွာ ရှိနေသည်။ သို့သော် ရှောင်းကျန့်​၏ စိတ်ထဲ တစ်ခုခုလိုသေးသည်ဟု ခံစားရတာကြောင့် စဉ်းစားလိုက်တော့ ဟင်းပွဲတွေကို အလှဆင်ဖို့ လိုနေသေးတာပင်။
ရှောင်းကျန့် ခပ်တည်တည်ဖြင့် မီးဖိုခန်းထဲမှာ အလှဆင်ထားတဲ့ နှင်းဆီပန်းအနီတစ်ပွင့်ကို ရေဆေးကာ ပွင့်ဖတ်တွေခြွေပြီး ခေါက်ဆွဲပြုတ်ပန်းကန်လေးများထဲသို့ ထည့်လိုက်သည်​။ အခုတော့ သူ့ရဲ့ ဟင်းပွဲလေးတွေက ပြည့်စုံလို့သွားသည်။ ရှောင်းကျန့် သူစိတ်တိုင်းကျပြီဆိုမှသာ အမောဖြေရင်း ဧည့်ခန်းအတွင်းသို့ပြန်ဝင်လာခဲ့သည်။

"မောင်.....စားလို့ရပြီ...."

ရှောင်းကျန့်လာခေါ်တော့ ဝမ်ရိပေါ် သူ့ရဲ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ စားလို့ရဦးမှပဲ....ဒီလူအထဲဝင်သွားတာ နှစ်နာရီ ရှိနေပြီ။ဒီနှစ်နာရီ အတောတွင်းမှာ ဘာတွေပြုတ်ကျတဲ့အသံတွေလည်းမသိ ကြားလိုက်ရသေးတယ်။ လိုက်မလာနဲ့ဆိုလို့သာ သူ ဆိုဖာပေါ်ကနေ တစ်လက်မ မခွာဘဲထိုင်နေခဲ့တာ။အပြင်က ကြားနေရတဲ့ အသံတွေကနားမကြားသာ.....။
"မောင် လာလေ....ဘာလုပ်နေတာလဲ...."

ရှောင်းကျန့် ခေါ်ဆောင်ရာ အနောက်ကို ဝမ်ရိပေါ် လိုက်လာပြီး ထမင်းစားစားပွဲပေါ်တွင်ထိုင်လိုက်သည်။

"ရော့ မောင်....ဇွန်းနဲ့တူ...."

ရှောင်းကျန့်ကမ်းလာပေးတဲ့ ဇွန်းရယ် တူရယ်ကို လက်ထဲမှာကိုင်ပြီး သူ့ရှေ့က ခေါက်ဆွဲပန်းကန်ကိုကြည့်လို့နေမိသည်။ အဖြူရောင် ခေါက်ဆွဲသားတွေအလယ်မှာ တစ်လက်မခွဲအရွယ် သခွားသီးတုံးတွေက ဘာဝင်လုပ်နေတာလဲဆိုတာ သူသိချင်သည်။ ပြီးတော့ ထိုပန်းကန်ထဲက နှင်းဆီနီ ပွင့်ချပ်တွေကရော....။
"ဪ....မောင် အဲ့တာက ဒီရာသီဥတုနဲ့ ကိုက်ညီမယ်ထင်တဲ့ ခေါက်ဆွဲပြုတ်ပုံမျိုးလေး သခွားသီးကရင်အေးစေတယ် .....ပြီးတော့ အအီပြေအောင် မှိုကြက်ဥကြော်လေးနဲ့.....စားကြည့်ပါ....."

ရှောင်းကျန့်​၏ ပုံကခပ်တည်တည်သာဖြစ်​၏။

ဝမ်ရိပေါ်ကို သာ စားကြည့်ပါ ပြောနေတဲ့ ရှောင်းကျန့်ကလည်း လက်ထဲမှာ ဇွန်းကိုသာကိုင်ထားပြီး သူ့ခေါက်ဆွဲပန်းကန်ကိုစိုက်ကြည့်နေသည်။ခေါက်ဆွဲပြုတ် ပန်းကန်က တစ်ချက်တစ်ချက် ထွက်လာတဲ့ စိမ်းရွှင်ရွှင် သခွားသီးအနံ့ရယ် မှိုကြက်ဥကြော် ပန်းကန်ကထွက်လာတဲ့ တူးခြစ်ခြစ်အနံ့ရယ်က သူ့ကို ပျို့ချင်ချင်တောင် ဖြစ်စေသည်။ သို့သော် သူသိက္ခာအကျမခံနိုင်တာကြောင့် အသက်ကိုအောင့်ထားလိုက်​၏။
အခုတော့ ထမင်းစားပွဲမှာ လူနှစ်ယောက် ဇွန်းနဲ့တူကို ကိုင်ထားတာ ဆယ့်ငါးမိနစ်ခန့်ပင်ရှိပြီ။ စကားတစ်ခွန်းမှ မထွက်လာကြသလို အစားအသောက်များကိုလည်း တစ်ချက်မှ မထိရသေး။ ပူနွေးနွေးခေါက်ဆွဲပန်းကန်လေးတွေကလည်း အငွေ့သေလာကာ အလှဆင်ထားတဲ့ နှင်းဆီနီ ပွင့်ချပ်လေးတွေတောင် အရည်ထဲမြုပ်ဝင်ပြီး ပန်းကန်လုံး​၏ အောက်ခြေနားလောက်တွင်ကပ်လို့နေသည်။

တအောင့်လောက်အကြာမှာတော့ လူနှစ်ယောက် လက်ထဲက တူနဲ့ဇွန်းကို ချလိုက်ပြီး တူညီသောစကားတစ်ခွန်းကို ရှေ့ဆင့်နောက်ဆင့်ပြောလိုက်သည်။
"တစ်ခုခုမှာစားကြရအောင်...."

__________   ___________

"မောင်....ခဏစောင့်နေနော် ကိုယ် ရေမိုးချိုးလိုက်ဦးမယ်.....အေးဆေးမှပြန်....."

အစားအသောက်များကို မှာယူစားသောက်ပြီးသွားတဲ့အခါ ရှောင်းကျန့် ချွေးစတွေကပ်ညိနေတဲ့သူ့ ခန္ဓာကိုယ်ကို သန့်စင်ချင်တာကြောင့် ဝမ်ရိပေါ်ကို ခွင့်တောင်းလိုက်သည်။ ဝမ်ရိပေါ်က အသာအယာ ခေါင်းညိတ်ပြကာ ဆိုဖာပေါ်မှာ ဆက်ထိုင်နေတော့သည်။

ရှောင်းကျန့် ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် အိမ်နေရင်းဘောင်းဘီ အရှည်ကိုဝတ်လိုက်ပြီး အပေါ်ပိုင်းကိုတော့ အနီရောင် ပိုးသား ညအိပ်ဝတ်စုံကို လွှမ်းခြုံလိုက်သည်​။ ညအိပ်ဝတ်စုံက ခါးမှာ ကြိုးသာပါပြီး ရင်ဘတ်တစ်နေရာကတော့ ထုံးစံအတိုင်း....။
​ရှောင်းကျန့် ဧည့်ခန်းထဲရောက်လာတော့ ဆိုဖာပေါ်မှာ လှဲပြီး အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုတွေ့သည်။ ထို့ကြောင့် ဆိုဖာရှိရာသို့ခြေဖော့လျှောက်သွားကာ အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်​၏ ဦးခေါင်းကို အသာအယာမလိုက်ပြီး သူ့ရဲ့ ပေါင်ပေါ်ကိုတင်လိုက်ကာ သူပါဆိုဖာပေါ်ထိုင်လိုက်သည်။ ထို့နောက် မကြားမှန်းသိသော်လည်း လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ ကြားသွားရင်တော့ အမြတ်ပေါ့.....။

"မောင်....ခေါင်းနာနေမှာစိုးလို့....."
ရှောင်းကျန့် သူ့ပေါင်ပေါ်က ဝမ်ရိပေါ်ရဲ့ မျက်နှာကို အကြောင်းပြချက်မရှိ စိုက်ကြည့်လို့နေသည်။ ဘာအတွေးမှ မရှိ ဒီအတိုင်းသာ အချိန်အတော်ကြာကြီး စိုက်ကြည့်လို့နေတာဖြစ်သည်။ အတန်ကြာမှ အကြည့်လွှဲပြီး သူတို့ရှေ့က တီဗီလေးကို အတိုးဆုံးအသံလေးထားပြီး ဖွင့်လိုက်သည်။ ထို့နောက် သီချင်းလိုင်းလေးကို ကူးပြောင်းလိုက်ကာ တွေ့တဲ့သီချင်းလေးတစ်ပုဒ်ကို ဖွင့်လိုက်သည်။

သီချင်းလေးထဲမှာ အချစ်ဆိုတဲ့ အကြောင်းကို အမျိုးမျိုးပြောထားကြတာဖြစ်​၏။
တချို့တွေကပြောတယ် အချစ်ဆိုတာ နူးညံတဲ့ကျူပင်လေးတွေကို နစ်မြုပ်စေတဲ့ မြစ်တစ်စင်း.....

တချို့ကပြောတယ် အချစ်ဆိုတာ ကိုယ့်ရဲ့ စိတ်ဝိဉာဏ်ကို သွေးထွက်စေတဲ့ ဓားလေးတစ်ခု....

တချို့ကလည်းပြောတယ် အချစ်ဆိုတာ အဆုံးအဆမရှိ နာကျင်လိုအပ်နေတဲ့ ဆာလောင်မှုတစ်ခု....
သူကတော့ပြောမယ်....အချစ်ဆိုတာ ပန်းပွင့်လေးတစ်ခု.....ပြီးတော့ သင်က အဲ့ဒိပန်းပွင့်ရဲ့ မျိုးစေ့လေးသာ....

သင်က အသည်းကွဲဖို့ကြောက်နေတယ်ဆိုရင်...ဘယ်တော့မှ ချစ်တတ်လာမှာမဟုတ်...

သင်က အိပ်မက်က နိုးထလာဖို့ကြောက်နေရင်လည်း အခွင့်အရေးကသင့်ဆီလာမှာမဟုတ်....
စိတ်ဝိဉာဏ်တစ်ခုဟာ သေဆုံးဖို့ကြောက်ရွံ့နေတာဆိုရင် ရှင်သန်ဖို့ကို ဘယ်တော့မှ သင်ယူမိမှာမဟုတ်....

အချစ်ဆိုတဲ့ အရာက ကံကောင်းတဲ့လူတွေ...ချမ်းသာကြွယ်ဝတဲ့လူတွေ အတွက်ပဲလို့ သင်ထင်ထားမယ်ဆိုရင်.....

တစ်ခုတော့ အမြဲအမှတ်ရလိုက်ပါ....
ဆောင်းရာသီ နှင်းခါးတွေအောက်မှာ မျိုးစေ့လေးတစ်ခုဟာ နေရောင်ခြည်ရဲ့ အထွေးအပွေ့ကြောင့်.....

နွေဦးရာသီမှာ....နှင်းဆီလေးတစ်ပွင့်ဖြစ်လာခဲ့တယ်.....

( အင်္ဂလိပ် သီချင်းတစ်ပုဒ်မှ ကိုးကားထားပါသည်)

ကြားနေရတဲ့ သီချင်းလေးကို ဝမ်ရိပေါ် မျက်လုံးတွေ မှိတ်ထားရင်းနဲ့ပဲ ဆက်တွေးနေမိသည်​။ ဒီသီချင်းလေးတစ်ပုဒ်ကို ခြုံငုံပြီးကြည့်လိုက်ရင် အချစ်ဆိုတာ နှင်းဆီလေးတစ်ပွင့်လို့ပြောလိုက်ခြင်းသာဖြစ်မည်။
အချစ်ဆိုတဲ့ အရာကို သူကိုယ်တိုင်မကြုံဖူးသေးပေမယ့် ဒုက္ခဆိုတဲ့ အရာကိုတော့ ကြုံနေရပြီ။ အရင်တုန်းက ဒုက္ခဆိုတာကို အရောင်အဆင်းမရှိတဲ့ စိတ္တဇနာမ်သပ်သပ်ဟုထင်ခဲ့တာ....အခုကိုယ်တိုင်ကြုံလိုက်ရမှ ဒုက္ခဟာ အနီရောင်တဲ့....။

ဝမ်ရိပေါ် သူ့အနံ့အာရုံထဲတိုးဝင်နေတဲ့ ရှတတ ရနံ့လေးကို ရှိုက်သွင်းလိုက်ရင်း မျက်လုံးများကို အသာအယာဖွင့်လိုက်သည်။ တွေ့လိုက်ရတော့ သူ့ကိုစိုက်ကြည့်နေတဲ့ အညိုတောက်တောက်မျက်ဝန်းတစ်စုံ နှင့် နီဆွေးနေတဲ့ နှုတ်ခမ်းတွေ။ သူ့ရဲ့အကြည့်တွေကိုတော့ နှုတ်ခမ်းနီဆွေးဆွေးတွေပေါ်ကနေ မခွာနိုင်။ အကြည့်လွှဲချင်ရင်တောင် ရင်ဘတ်ထဲက တစ်စုံတစ်ရာက.....
"မောင်....ခဏဖယ်တော့...."

ဝမ်ရိပေါ်​၏ အကြည့်များကို ရှောင်းကျန့်ရိပ်မိတာကြောင့် သူ့ပေါင်ပေါ်မှာ ခေါင်းအုံးထားတဲ့ ဝမ်ရိပေါ်ကို ခွာဖို့ကြိုးစား​၏ ။

"ခဏနေဦး....ရှောင်းကျန့်...."

ဝမ်ရိပေါ် ရှောင်းကျန့်​၏ ပေါင်ပေါ်ခေါင်းတင်ထားလျက်နှင့်ပင် လက်တစ်ဖက်ဖြင့် ရှောင်းကျန့်​၏ လည်ပင်းအနောက်ဘက်ကို ထိန်းကိုင်ကာ ရှောင်းကျန့်​၏ မျက်နှာကို သူ့မျက်နှာ အနားထိ ထိကပ်လုမတတ်ဆွဲယူလိုက်သည်။ အခုတော့ သူတို့နစ်ယောက်ရဲ့ မျက်နှာနှစ်ခုဟာ ဝင်လေထွက်လေ များရိုက်ခတ်နေသည်ကို ခံစားရသည် အထိနီးကပ်လို့သွားသည်။
"ခင်ဗျားကို စတွေ့ကတည်းက ကျွန်တော်သိချင်ခဲ့တာ...."

"ဘာကိုလဲ မောင်...."

"ခင်ဗျားရဲ့ နှုတ်ခမ်းပါးတွေက ဆေးဆိုးထားတာလား.....ဆေးမဆိုးထားတာလား ဆိုတာ....."

ရှောင်းကျန့်​၏ အဖြေကို ဝမ်ရိပေါ် တစ်စက္ကန့်တောင်စောင့်ဆိုင်းမနေတော့ဘဲ သူ့မေးခွန်း​၏ အဖြေကို သူကိုယ်တိုင်လက်တွေ့ကျကျ ရှာဖွေလိုက်​၏။ အဖြေသိသွားသည့်တိုင်အောင် ပြင်းပြင်းပြပြ အလွတ်မပေးနိုင်တဲ့ ဒီလူရဲ့ နှုတ်ခမ်းပါးတစ်စုံကြောင့် သူအနှစ်နှစ်အလလ စွဲလမ်းခဲ့ရတဲ့ စီးကရက် ဆိုတဲ့အရာတောင် ပြတ်တော့မည့်သဘော။
စီးကရက်က ပြင်းရှရှနိုင်သည်။ ဒီလူ့နှုတ်ခမ်းပါးတွေက အသက်ရှူရပ်လောက်အောင် ရှတတ နှင့်.....ကျစ်....သူဘယ်လိုဖော်ပြရမည်တောင်မသိ။

အခုမှ သူတကယ်ကိုသေချာသွားသည်။ ရှောင်းကျန့်ဆိုတဲ့လူဟာ သူကြုံနေရတဲ့ အနီရောင် ဒုက္ခလှလှတစ်ခု။

ဒီဒုက္ခလှလှကိုပဲ သူကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး ခံစားချင်နေတဲ့အခါ စကားတစ်ခွန်းပဲပြောနိုင်သည်။

"ခင်ဗျားနဲ့တော့ ဒုက္ခပဲ.....ရှောင်းကျန့် "

_________ ___________

AN:

နှင်းဆီနီ တစ်ချက်အရှိုက်မှာ....
စီးကရက် တစ်သက်ပြတ်​၏။

ထို့အတူ....

စာရေးသူလည်း....Update ရပ်​၏။

ဘာမှ မဆိုင်သော်လည်း.....✍️