ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၆)Unicode

"ခဏ....ခဏလေး....."

ဝမ်ရိပေါ် ဓာတ်လှေကားထဲရောက်ပြီးကာမှ အပြင်မှ လာတားလိုက်တဲ့ လူကြောင့် ခလုတ်ပြန်နှိပ်လိုက်ကာ ဖွင့်ပေးလိုက်သည်။ တွေ့လိုက်ရတော့ မြင်ဖူးနေကြအတိုင်း ရှပ်အင်္ကျီအနီကို အပေါ်ကြယ်သီးတွေဖြုတ်ပြီး ဝတ်ထားတဲ့လူတစ်ယောက်။ ထိုလူဝင်လာသည်နှင့် ရလိုက်တာ ပြင်းရှရှ ပန်းရနံ့မျိုး။

"ဆောရီးမောင်....ဟိုဘက်က ဓာတ်လှေကားတွေမှာ လူတွေပြည့်နေလို့....."

ရှောင်းကျန့် ဓာတ်လှေကားထဲကို ရောက်လာပြီးတော့ ဝမ်ရိပေါ်ကို တောင်းပန်စကားဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူရောက်နေတဲ့ ဓာတ်လှေကားက VIP တွေပဲဝင်ရတဲ့ ဓာတ်လှေကားဖြစ်တာကြောင့်ပင်။

"မောင်....မတွေ့ရတာ နှစ်ပတ်လောက်တောင်ရှိပြီ...."

သူ့ရဲ့ စကားကို ဝမ်ရိပေါ်က မတုံ့ပြန်တာကြောင့် ရှောင်းကျန့် မဲ့ပြုံးပြုံးလိုက်ပြီး မျက်ခုံးသာ ပင့်လိုက်သည်။ ဟက်....လွယ်တော့ မလွယ်ဘူး။

ရှောင်းကျန့်ရဲ့ အလုပ်ခန်းက ကုမ္ပဏီရဲ့ ဒုတိယအပေါ်ဆုံးထပ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဝမ်ရိပေါ်ထက် အရင်ဓာတ်လှေကားထဲက ဆင်းလိုက်ရသည်။

"သွားလိုက်ဦးမယ်နော်မောင်.....ထပ်တွေ့ကြတာပေါ့...."

ရှောင်းကျန့်ထွက်သွားတော့ ဓာတ်လှေကားထဲမှာ အနံ့စူးစူးလေးတစ်ခုက ကျစ်ရစ်လို့နေခဲ့သည်။ ဒီလိုပန်းအနံ့မျိုး ဝမ်ရိပေါ် မကြိုက်ပေမယ့် ထူးဆန်းစွာ သူ့ရဲ့ နှာခေါင်းကို တော့ လက်နဲ့မအုပ်မိလိုက်။

ဝမ်ရိပေါ် အဆက်အစပ်မရှိတွေးလိုက်မိသည်။ အဲ့ဒိလူမှာ ရင်ဘတ်မပေါ်တဲ့ အင်္ကျီမျိုးမရှိတာလား....အရပ်ရှည်သလောက် အင်္ကျီကြယ်သီးတွေတပ်ဖို့စိတ်မရှည်တာလား။

ရှောင်းကျန့် သူ့ ရဲ့ ဌာနရောက်လာတော့ သူ့လက်အောက်က ဝန်ထမ်းတွေက ကြိုဆိုလို့နေသည်။ လက်ထောက်ဌာနမှူးပင်ဖြစ်လင့်ကစား ဌာနမှူးနည်းတူ လုပ်ပိုင်ခွင့်ရှိတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်ရုံးခန်းရှိသည်။ ရှောင်းကျန့်ကြိုက်တဲ့တစ်ချက်က သူ့ရဲ့ရုံးခန်းက သူတို့အထပ်ရဲ့ ဟိုးထောင့်စွန်းတစ်နေရာမှာရှိတာ။ အဲ့တာက အားသာချက်တစ်ခု....။ သူလုပ်ချင်တာလုပ်လို့ရသည်သာ။

"လက်ထောက်ဌာနမှူးရှောင်းကျန့် ကို ကြိုဆိုတဲ့အနေနဲ့ လက်ခုပ်တီးပေးလိုက်ပါဦး....."

ဌာနက လူတွေအားလုံး လက်ခုပ်တီးပြီးနောက် ရှောင်းကျန့် က ကျေးဇူးတင်စကားဆိုသည်။

ကျေးဇူးတင်စကား အဆုံး ပြုံးပြလိုက်တဲ့ ရှောင်းကျန့်​၏ အပြုံးနုနုအောက်မှာ ဘယ်နှစ်ယောက်ညိသွားလဲ ဆိုတာတော့ ကာယာကံရှင်တွေပဲ သိလိမ့်မည်သာ။ ရှောင်းကျန့်  အထက်က ဌာနမှူးကတော့ ရှောင်းကျန့်အပေါ်က အကြည့်တွေကို မခွာနိုင်ဖြစ်ရသည်။ စရောက်တည်းက ရှောင်းကျန့် ပုခုံးပေါ်တင်ထားတဲ့ လက်တစ်ဖက်ကလည်း အခုထက်ထိ မဖယ်ရသေး။
"သူဌေးလာတယ်....."

ဝန်ထမ်းထဲက တစ်ယောက်ရဲ့ လှမ်းပြောလိုက်သံကြားကာမှာ ဌာနမှူးဆိုတဲ့သူက သူ့ရဲ့လက်များကို ရှောင်းကျန့် ပုခုံးပေါ်မှ ရုတ်သိမ်းလိုက်သည်။

ဌာနက လူများအဖို့တော့ အနည်းငယ်ထူးဆန်းလို့နေပါလိမ့်မည်။ သို့မဟုတ် ဒီ brand အသစ်က သူတို့သူဌေးအတွက် အရမ်းအရေးပါတဲ့ကိစ္စဟုတွေထင်မိလိုက်သည်။ အရင် brand တွေထုတ်တုန်းကဆိုရင် သူတို့ သူဌေးရဲ့ အတွင်းမှူးဖြစ်တဲ့ ဂျက်ဆိုတဲ့သူနှင့်သာပြီး​၏။ဒီတစ်ခါတော့သူဌေးကိုယ်တိုင်လာတယ်ဆိုတော့ တော်တော်အရေးပါတဲ့ project ဖြစ်လိမ့်မည်။
ဝမ်ရိပေါ် ဒီဇိုင်းဌာနထဲရောက်သွားသည်နှင့် မထင်မှတ်ဘဲ ပထမဦးဆုံးအကြည့်ရောက်သွားသည်က ရှောင်းကျန့် ​၏မျက်မှာဆီသို့။ သို့သော် တစ်ဖက်က သူ့ကို ပြန်စိုက်ကြည့်ပြီး ခပ်လှလှပြုံးပြလိုက်တာကြောင့် သူ့ရဲ့ အကြည့်တွေကို တခြားသို့ပို့လိုက်ကာ ဌာနကလူများကို စကားစလိုက်သည်။

"အားလုံးပဲ သိပြီးကြမှာပါ .....ကျွန်တော်က ဒီဌာနအတွက် ဒီနှစ်မှာ ဌာနမှူးနဲ့ လက်ထောက်ဌာနမှူးဆိုပြီး ထားမှာပါ....လက်ထောက်ဌာနမှူးက တော့ ဌာနမှူးအစားလုပ်ပိုင်ခွင့်တွေလည်းရှိပါတယ်.....ရုံးခန်းကတော့ တစ်ယောက်တစ်ခုပေးထားပါတယ်....အားလုံးပဲ အတူတူနဲ့ အောင်အောင်မြင်မြင်တွဲလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်.....ဒီက အသစ်ရောက်လာတဲ့ ဌာနမှူးတွေကို ဂျက် က လိုက်ပြီး ရုံးခန်းပြပေးပါလိမ့်မယ်......မေးခွန်းရှိကြသေးလား....."
ဝမ်ရိပေါ်ရဲ့ အမေးမှာ လူတွေ အားလုံးတိတ်ဆိတ်နေရာမှ ဌာနထဲက ခပ်ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်က လက်တစ်ဖက်ကိုမြောက်လိုက်ကာ.....

"သူဌေး.....ဌာနမှူးအသစ်တွေကို ကြိုဆိုတဲ့ dinner လေး မလုပ်ပေးဘူးလား...."

"ဂျက် စီစဉ်ပေးလိမ့်မယ်...."

ဝမ်ရိပေါ် ဌာနကမထွက်ခင် ရှောင်းကျန့်​၏ ပုခုံးပေါ်ရောက်နေတဲ့ ဌာနမှူးရဲ့ လက်ကို ဖြတ်ခနဲကြည့်လိုက်​၏။ ဘာကြောင့်ရယ်မသိပေမယ့် မျက်ခုံးနှစ်ဖက်တော့ တွန့်ချိုးသွားသည်။
_________ _____________

"ချီးယားစ်...."

ဝမ်လုပ်ငန်းရဲ့ ဒီဇိုင်းဌာနက လူများအလုပ်ဆင်းတော့ စားသောက်ဆိုင်တစ်ခုထဲတွင်ကြိုဆိုပွဲကျင်းပနေကြသည်။ လူအများစုကတော့ ရှောင်းကျန့်ရှိရာ စားပွဲဝိုင်းတွင်စုနေသည်သာ။

"ရှောင်းကျန့်ကော...."

"ဟင်....."

"ကောမှာ ရည်းစားရှိလား...."

"ရည်းစားတော့ မရှိဘူး တွဲနေတဲ့သူတော့ ရှိတယ်...."

"ရှောင်းကျန့်ကောက ပွင့်လင်းလိုက်တာ...."

"ဪ လျှို့ဝှက်စရာ အကြောင်းရှိလို့လား....ဟား...ဟား....."
ရှောင်းကျန့်​၏ အချစ်ရေးကိစ္စကို လူတွေစိတ်ဝင်စားနေကြခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွင်း ပျော်ရွှင်စွာဆူညံ စားသောက်နေကြရင်း ရှောင်းကျန့် အပြင်ဘက်သို့ခဏထွက်လာခဲ့သည်။

ဟန်ဆောင် အပြုံးတွေ အပေါ်ယံအလှတွေနဲ့ လူတစ်ယောက်ကို ဆုံးဖြတ်ကြတဲ့ ဒီလိုအရာတွေကို သူမုန်းသည်။ ပကာသနကို ဘဝလို့ထင်ကြတဲ့သူတွေဟာ လူ့အသိုင်းအဝိုင်းမှာ သပ်သပ်ကိုတည်ရှိနေသည်သာ။

ရှောင်းကျန့် တစ်ယောက် လူ့သဘောသဘာဝ ကိုတွေးတောနေရင်း နှာခေါင်းထဲ စီးကရက်အနံ့ စူးကနဲ ဝင်လာတာကြောင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်မိလိုက်သည်။ အနံ့လာရာကိုကြည့်လိုက်တော့ မထင်မှတ်ထားတဲ့လူတစ်ယောက်....။
ထိုလူက သူတို့လက်ရှိကြိုဆိုပွဲလုပ်နေရာ စားသောက်ဆိုင်​၏ အပြင်ဘက်တစ်နေရာမှာ စီးကရက် တစ်လိပ်ကို ခပ်ပြင်းပြင်းရှိုက်ဖွာနေခြင်းဖြစ်သည်။ ရှောင်းကျန့် စိတ်ထဲမှာ ပြုံးလိုက်မိသည်။ ဒီတိုင်းဆို ပွဲက မြန်မြန်ပြတ်မည့်သဘော။

ဝမ်ရိပေါ် ရှိရာသို့ ရှောင်းကျန့် တန်းတန်းမတ်မတ်သွားလိုက်ပြီး ဝမ်ရိပေါ်​၏ သောက်လက်စဆေးလိပ်ကို ဖြတ်ခနဲ လုလိုက်သည်။ ရုတ်တရက်မလို့ ဝမ်ရိပေါ် ကြောင်သွားရကာ.....
"ဘာလုပ်တာလဲ...."

"အဲ့တာ မောင့်ကိုမေးရမှာ.....မောင်ဒီမှာ ဘာလုပ်နေတာလဲ......ကိုယ့်ကိုစိတ်မချလို့ ကိုယ့်နောက်လိုက်လာတာလား......"

ဝမ်ရိပေါ် အလိုမကျစွာ မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။

"စီးကရက်ပြန်ပေး....."

"စီးကရက်တွေ မသောက်ပါနဲ့လား.....မောင့်အသက်က ငယ်ငယ်လေးရှိသေးတာ စီးကရက်က နှုတ်ခမ်းတွေပြာစေတယ်မောင်ရဲ့......"

ရှောင်းကျန့်​၏ အပြောကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်​၏ နှုတ်ခမ်းများပေါ်သို့ အကြည့်ရောက်သွားရသည်။ နှုတ်ခမ်းတွေက စီးကရက် တစ်ခါမှ မသောက်လို့ နီဆွေးနေရတာလား။ သူ​၏ နှုတ်ခမ်းပေါ်သို့ရောက်နေသော ဝမ်ရိပေါ်​၏ အကြည့်များကို ရှောင်းကျန့် သတိထားမိကာ.....
"မောင်.....လောကမှာ စီးကရက်ထက်ကောင်းတဲ့အရာတွေအများကြီးရှိတယ်...."

"......"

"မောင်သိလား.....ကိုယ့်နှုတ်ခမ်းနဲ့ ထိတွေ့ဖူးတဲ့သူတိုင်း စီးကရက် ကိုလုံးဝပြတ်သွားတတ်တာ...."

"ဟက်....."

ရှောင်းကျန့်​၏ စကားလုံးတွေကို ဝမ်ရိပေါ်က ခပ်ထေ့ထေ့ အပြုံးနှင့်ချေပသည်။

"မယုံလို့လား...."

"မယုံဘူးလို့မပြောပါဘူး.....သေချာတာက အဲ့ဒိယောကျာ်းတွေက ခပ်ညံ့ညံ့ယောကျာ်းတွေပဲ ဖြစ်မှာ....."

"အပြောမစောနဲ့ မောင်...... အရက်သောက်သလိုပေါ့ မောင်ခံနိုင်ရည်ရှိရင် ပထမတစ်ခွက် နှစ်ခွက်လောက်နဲ့ ဘာမှ မဖြစ်ဘူး.....ဒါပေမယ့် အခွက်ရေ များလာတဲ့အခါ မောင့်ခံနိုင်ရည်ကိုကျော်ပြီး မောင်မူးလာမှာပါပဲ....."
"ခင်ဗျား ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ် ရှောင်းကျန့်....."

"ဟုတ်တာပေါ့ ကိုယ်က ကိုယ့်ကို ကိုယ် အထင်ကြီးတယ်.....ပြီးတော့ ကိုယ်တို့ ဆုံတာဘယ်လောက်မှ မရှိသေးဘူး...ကိုယ်ရှိတဲ့ နေရာတောင် လိုက်လာနေတဲ့ မောင့်အစား ကိုယ်ရင်လေးမိတယ်....."

ရှောင်းကျန့် ခပ်ဟဟရယ်ကာ လှောင်သလိုပြောသည်။ ဝမ်ရိပေါ် မခံချင်စိတ်ကြောင့် လက်ထဲက စီးကရက်ဘူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ.....

"ခင်ဗျားနောက်ကို လိုက်လာတယ် ဘယ်သူပြောလဲ.....ကိုယ့်လုပ်ငန်းစု ဒီဇိုင်းဌာန က ဝန်ထမ်းတွေရဲ့ပွဲကိုလာတာ.....အဲ့တာ ခင်ဗျားဆီလာတာ ဖြစ်သွားရောလား....."
"အင်းပါ.....မောင်ပြောသလိုပဲထားပါတော့.....ပြီးရင် ကိုယ့်ဟာကို ပြန်မေး.....ငါအရင်တုန်းက ဒီလို ကြိုဆိုပွဲလေးတွေ လာဖူးလားဆိုတာကိုပေါ့....."

မျက်လုံးတစ်ချက်ဝင့်ကာ အပြုံးလှလှ နဲ့ပြောသွားတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ကြည့်ကာ အနည်းငယ် ခံပြင်းသွားရသည်။

ဒီလူဟာ သိပ်ကို အပြောကြီးပြီး အပိုင်တွက်လွန်းတယ်။ နှုတ်ခမ်းပါးတွေက ရဲနေသလို အပြောလည်းရဲလွန်းတယ်။ အံ့ဩဖို့ကောင်းတဲ့ အရာတစ်ခုကိုတော့ သူဝန်ခံသည်။ ဒီလူ စကားတစ်ခွန်းပြောလာတိုင်း သူပြန်တုံ့ပြန်ချင်နေမိတာ။ လူတကာနဲ့ပတ်သက်ဖူးတဲ့ ဒီလူရဲ့ နှုတ်ခမ်းနီနီတွေက အန္တရာယ်များလွန်းတဲ့ အရာတွေ။
"မောင် ဘာလုပ်နေတာလဲ....ဝန်ထမ်းတွေကို လာတွေ့တာဆိုရင် ဝင်လာခဲ့လေ....."

အခုလည်းကြည့် လှောင်ပြုံးတစ်ခုကို ချိတ်ဆွဲပြီး ခပ်ဟဟရယ်သံနဲ့ပြောလာပြန်သည်။ ဝမ်ရိပေါ် ရှောင်းကျန့်ပြောလိုက်၍ စားသောက်ဆိုင်တွင်းသို့ ဝင်သွားတဲ့သူ့ခြေလှမ်းတွေကို သူသတိထားမိပေမယ့် စီးကရက်ဘူးနဲ့ မီးခြစ်ကို အမှိုက်ပုံးထဲ ပစ်လိုက်တဲ့ သူ့ရဲ့ လက်တစ်စုံကို သတိမထားမိလိုက်.....။

စားသောက်နေကြတဲ့ သူများအဖို့ သူတို့သူဌေးကိုယ်တိုင်ရောက်လာတဲ့ အခါ လွတ်လွတ်လပ်လပ်ပျော်ရွှင်နေတာများ တုံ့ဆိုင်းသွားကြသည်။သူတို့ကို ဘာမှ မလုပ်ပေမယ့်လည်း အနေကြပ်သည်သာ။ ဒါကြောင့်  ခုနက ရှောင်းကျန့်ရှိနေတဲ့ စားပွဲဝိုင်းမှာ ပြည့်လျှံနေတဲ့ လူတွေက တစ်စထက်တစ်စ တခြားဝိုင်းသို့ပြောင်းလိုက်ကြသည်။ သူတို့သူဌေးက ရှောင်းကျန့်ရှိရာ စားပွဲဝိုင်းတွင် ရောက်လို့နေတာဖြစ်သည်။
တချို့ ဝန်ထမ်းတွေက တော့ ထုံးစံအတိုင်း အထက်လူကြီးကို ပစားတတ်တဲ့သဘောရှိတာကြောင့် ဝမ်ရိပေါ် ရှေ့က အရက်ခွက်ထဲသို့ အပြိုင်အဆိုင် ငှဲ့ထည့်ပေးဖို့ပြင်နေကြသည်။ သို့သော် ဝမ်ရိပေါ်က လက်နဲ့ကာလိုက်ကာ......

"ကျွန်တော် အရက်မသောက်ဘူး....."

ဝမ်ရိပေါ်ကို ရှောင်းကျန့် ပြုံးပြုံးလေးကြည့်ကာ စားပွဲထိုးတစ်ယောက်ကို ခေါ်လိုက်ပြီး အနားကပ်ကာ တိုးတိုးလေး တစ်စုံတစ်ခုကို မှာယူလိုက်သည်။
တအောင့်ကြာတော့ စားပွဲထိုးလေးက လက်ထဲမှာ ဝိုင်ခွက်လေး တစ်ခွက်နဲ့ နီဆွေးဆွေး ဝိုင်ပုလင်းလေးတစ်လုံးကို သယ်ယူလာသည်။ စားပွဲထိုးလေးရဲ့ လက်ထဲက ဝိုင်ပုလင်းလေးကို ရှောင်းကျန့် ပြောင်းယူလိုက်ရင်း ကိုယ်တိုင်ကိုယ်ကျဖွင့်ကာ ဝိုင်ခွက်လေးရဲ့ သုံးပုံတစ်ပုံကို ဖြည့်လိုက်သည်။

အကြည်ရောင် ဖန်ခွက်လေးထဲမှာ ဝိုင်နီနီတွေကထင်ထင်ရှားရှား.....

ရှောင်းကျန့် ဝိုင်ခွက်လေးကို ဝမ်ရိပေါ်​၏ အရှေ့သို့ထိုးပေးလိုက်ကာ.....
"သောက်ကြည့်....."

"......."

သူပြောတာကို ဂရုမစိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် လေသံတိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။

"သောက်ကြည့်ပါ.....ဝန်ထမ်းတွေကိုတွေ့ချင်လို့လာတာဆိုရင် နည်းနည်းပါးပါးတော့ သောက်ရမှာ မဟုတ်လား.....မသောက်ရင်တော့ မောင်ကကိုယ့်ကို တွေ့ချင်ယုံသပ်သပ်ပဲ လိုက်လာတာလို့ ယူဆလိုက်မှာ....."

ဝမ်ရိပေါ် အံကိုကြိတ်ပြီး သူ့ရှေ့က ဝိုင်ခွက်ကို ယူကာမော့လိုက်သည်။ အရက်လောက်နီးနီး ပြင်းတဲ့ဝိုင်တစ်ခွက်ကြောင့် သူ့ရဲ့ တစ်ကိုယ်လုံး ပူဆင်းလို့သွားသည်။
"မောင်ထပ်ယူဦးမလား......"

ရှောင်းကျန့် လှမ်းသာမေးလိုက်ပေမယ့်  အဖြေကို မစောင့်တော့ဘဲ လစ်ဟာသွားသော ဝိုင်ခွက်ထဲကို ထပ်ပြီးဖြည့်ပေးလိုက်သည်။

"မောင်....အေးဆေးသောက်နော်.....ဟိုဘက် ဝိုင်းက လူတွေကို လည်း သွားငှဲ့ပေးလိုက်ဦးမယ်....."

ရှောင်းကျန့် စားသောက်ဆိုင်မှာ ဝိုင်ခွက် တစ်ခွက်ကို ထပ်တောင်းပြီးတော့ ဝိုင်အနည်းငယ်ဖြည့်ကာ ဝမ်ရိပေါ် ကိုကျော်ပြီး တခြားဝိုင်းကို လျှောက်သွားတဲ့အခိုက် ခလုတ်မတိုက်မိပါဘဲ ဝိုင်ခွက်ထဲက ဝိုင်တွေက ဝမ်ရိပေါ်​၏ ကိုယ်ပေါ်သို့ နီရဲစွာ ကျဆင်းသွားသည်။ ဝမ်ရိပေါ်ဝတ်လာတာက ရှပ်အင်္ကျီ အဖြူရောင်စွတ်စွတ်ဖြစ်နေလို့ ဝိုင်တွေပေသွားတဲ့ အခါ ကြည့်ရဆိုးလို့နေသည်။
"ဆောရီး.....ဆောရီး.....မတော်လို့....."

ရှောင်းကျန့် ပြာပြာသလဲနှင့် စားပွဲပေါ်က လက်ကိုင်ပုဝါတစ်ခုကိုယူကာ သုတ်ပေးလိုက်လျှင်ပဲ ဝမ်ရိပေါ်က ရပ်တန့်စေလိုက်သည်။

"မလိုဘူး....."

"တောင်းပန်ပါတယ် ကိုယ့်ကြောင့် .....ဒါက အစွန်းချွတ်လို့မပျောက်တော့ဘူး..... ကိုယ် အခု အသစ်သွားဝယ်ပေးရမလား....."

"တွေ့ရာ အင်္ကျီ ကျွန်တော် မဝတ်တတ်ဘူး.....ကိစ္စမရှိဘူး ပြန်လျော်ပေးစရာလည်း မလိုသလို ကျွန်တော့်ရဲ့ ကိုယ်ကိုလည်း ထိစရာမလိုဘူးလို့ထင်တာပဲ....."
"တကယ်ကို တောင်းပန်တာပါ.....ဒီလိုလုပ် ကိုယ့်ရဲ့ အိမ်က ဒီနားလေးမှာပဲ.....ကိုယ် အင်္ကျီလေးကို တစ်ခုခုပြန်လုပ်ပေးမယ်လေ.....တွေ့ကရာ အင်္ကျီမဝတ်တတ်ဘူးဆိုတော့ ကိုယ့်အိမ်ရောက်ရင် ကိုယ့်ရဲ့ အင်္ကျီလေးပဲ ဖြစ်ဖြစ် ခဏယူဝတ်ထားပေါ့....."

ဝန်ထမ်းတွေက သူတို့အရှေ့ကမြင်ကွင်းကို စိတ်ဝင်တစားကြည့်လို့နေသည်။ အလုပ်ကိစ္စကလွဲလို့ ဘယ်သူ့ကို မှ အဖတ်လုပ်ပြီး စကားမပြောတတ်တဲ့သူတို့သူဌေးက အခုမှရောက်လာတဲ့ ရှောင်းကျန့်ဆိုတဲ့ လက်ထောက်ဌာနမှူးရဲ့ စကားအခွန်းတိုင်းကို ပြန်တုံ့ပြန်နေတာက စိတ်ဝင်စားဖို့ကောင်းလွန်းသည်။
အထူးသဖြင့် ဝမ်ရိပေါ်​၏ ကိုယ်ပေါ်ကို ဝိုင်တွေ တမင်သပ်သပ်မှောက်လိုက်တဲ့ ရှောင်းကျန့်ကို မြင်လိုက်ရတဲ့ ဝန်ထမ်းတချို့အဖို့ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလွန်းနေတော့သည်။