ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁၀)Unicode

"ဒီနေ့တင်ပြချင်တဲ့ အကြောင်းအရာကတော့....."

အစည်းအဝေးခန်းမ အရှေ့မှာ ပရိုဂျက်တာဖြင့် ဒီဇိုင်းနမူနာ အကြမ်းဖျင်းတွေအား ဒါရိုက်တာ အဖွဲ့ဝင်တွေကို တင်ပြနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ် အသေအချာကိုစူးစိုက်လို့ကြည့်နေသည်။ ကြည့်နေတဲ့ပုံက မျက်နှာတည့်တည့်ကိုပဲ စိုက်ကြည့်နေတာဖြစ်သည်။ မျက်နှာ ပေါ်ကလွဲလို့ တခြားနေရာကို ယောင်လို့တောင် အကြည့်မလွှဲ။ ချစ်ရည်ရွှမ်းသော မျက်လုံးတွေနှင့် ကြည့်နေခြင်းတော့မဟုတ်။ တစ်စုံတစ်ရာကို အခဲမကြေတဲ့ပုံမျိုးသာဖြစ်သည်။

"ဖြောင်း....ဖြောင်း....ဖြောင်း.....ဖြောင်း...."

ရှောင်းကျန့်​၏ တင်ဆက်မှုအပြီးမှာ ဒါရိုက်တာအဖွဲ့ဝင်များအားလုံးသဘောကျကာ လက်ခုပ်တီးဂုဏ်ပြု​၏။ ဂျက် က ဝမ်ရိပေါ်အနားသို့တိုးကပ်သွားကာလေသံလေးဖြင့်.....

"သူဌေး စိတ်တိုင်းကျရဲ့လား....."

ဝမ်ရိပေါ် မျက်ဝန်းများကို မှေးစင်းပြီး ရှောင်းကျန့်ကို မထီသလိုကြည့်လိုက်သည်။ ထို့နောက်.....

"လက်ထောက်ဌာနမှူးရှောင်းကျန့်......"

"ပြောပါ....."

"ခင်ဗျားပြောခဲ့တာတွေ မရှင်းလို့ အစအဆုံးနောက်တစ်ခေါက်ပြန်ပြောပြ...."

"ကောင်းပြီလေ....နောက်တစ်ခေါက်ပြန်တင်ဆက်ပေးပါ့မယ်....ဒီမှာတော့မဟုတ်ဘူး သူဌေးရဲ့ ရုံးခန်းထဲမှာနှစ်ယောက်တည်းပေါ့....ဒီမှာပဲနောက်တစ်ခေါက်ထပ်ပြောရင် တင်ဆက်မှုကို တလေးတစားနဲ့ တစ်ခါတည်းလိုက်နားထောင်ခဲ့တဲ့သူတွေကိုအားနာလို့......"

ရှောင်းကျန့်​၏ ခပ်လှလှချေပမှုကြောင့် ဝမ်ရိပေါ် မျက်နှာကွပ်ခနဲ ပျက်ရသည်။ လူလယ်ကောင်မှာ ဖြစ်နေတာကြောင့် သူ့ရဲ့ မျက်နှာကို အတတ်နိုင်ဆုံးထိန်းလိုက်သည်။

"တခြားလူတွေရော မေးခွန်းများရှိသေးလား...."

ရှောင်းကျန့် တခြားသော ဒါရိုက်တာဘက်ကိုလည်းလှည့်ပြီးမေးလိုက်သည်။ အားလုံးကတော့ မေးခွန်းတစ်ခုမှ မရှိတာကြောင့် နှုတ်ဆိတ်နေကြတဲ့အခါ ရှောင်းကျန့်က အားလုံးကို အရိုအသေပြုပြီး နေရာတွင် ပြန်ဝင်ထိုင်လိုက်သည်။

ရှောင်းကျန့်နေရာသို့ပြန်ထိုင်လိုက်သည့်တိုင် ဝမ်ရိပေါ်​၏ အကြည့်များက ဖယ်ခွာသွားခြင်းမရှိ။ ဒါကိုရှောင်းကျန့်လည်း သတိထားမိပါသည်။လူတစ်ယောက်
ကိုယ့်ကိုစိုက်ကြည့်နေတာကို မသိတာဆိုလို့ ငတုံးပဲရှိမယ် မောင်....။

ရှောင်းကျန့် သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်ကို ပြန်ကြည့်လိုက်ကာ နီဆွေးနေတဲ့နှုတ်ခမ်းကိုအသာလေးဖိကိုက်လိုက်ပြီး မျက်လုံးတစ်ဖက်ကို မှိတ်ပြလိုက်သည်။ ပြီးနောက် အသံတိတ်နှုတ်ခမ်းအမူအရာလေးနဲ့....

*မောင်....စိတ်ထိန်း လူမြင်မကောင်းဘူး *

ဝမ်ရိပေါ် မျက်မှောင်ကျုံ့ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး....

"ဒါဆို ဒီနေ့အစည်းအဝေးက ဒီထိပါပဲ...."
ဒါရိုက်တာ အဖွဲ့ဝင်များအသီးသီးထွက်သွားသည့်တိုင် ဝမ်ရိပေါ်က နေရာမှမထသေးဘဲ စာရွက်စာတမ်းများကို ဆက်ပြီးစစ်နေသေးသည်။ သူ​၏ အနီးကို ရှောင်းကျန့် လျှောက်လာကာ.....

"မောင်....."

ဝမ်ရိပေါ်က ပြန်လည်းမထူးသလို မော့လည်းမကြည့်ပေ။

"ချေလိုက်တာမောင်ရယ်....ကိုယ်ခေါ်တာတောင် မထူးဘူး......"

ရှောင်းကျန့် နောက်တစ်ခေါက်ထပ်ခေါ်သော်လည်း တုံ့ပြန်မှုမရှိတာကြောင့် စာရွက်စာတမ်းများစီစစ်နေတဲ့ ဝမ်ရိပေါ်​၏ လက်များပေါ်သို့ သူ​၏လက်ချောင်းသွယ်သွယ်များဖြင့် အုပ်မိုးကိုင်လိုက်သည်။ ဝမ်ရိပေါ် က ကျင်ခနဲ ဖြစ်သွားတဲ့သူ့ရဲ့ လက်ကိုအမြန်ရုတ်သိမ်းလိုက်ပြီး ရှောင်းကျန့်ကိုမော့ကြည့်လိုက်သည်။
"အခုမှပဲ မျက်နှာလေးမော့လာတော့တယ်.....ဘာတွေ ဖြစ်နေတာလဲ မောင်.....ဘာတွေ အလိုမကျဖြစ်နေရတာလဲ......ကိုယ့်ကိုပြော....."

"ရှောင်းကျန့် ခင်ဗျားရဲ့ အခေါ်အဝေါ်လေးတွေကို ဆင်ခြင်ပေးပါ.....အခုကကုမ္ပဏီမှာ...."

"အင်းလေ....ကုမ္ပဏီမှာမလို့ခေါ်လို့ရတာပေါ့.....ကိုယ်နဲ့မောင်က ကုမ္ပဏီကလွဲလို့ ဘယ်မှာတွေ့ခွင့်ရှိလို့လဲ......"

"......"

"မောင်....."

"......."

"မောင်လို့....."

"ဘာလဲ အခုက ဦးသမက်လေးမဟုတ်တော့ဘူးလား......"

"ဟင်...."

​ဝမ်ရိပေါ်ရဲ့ ဂျွတ်ဆတ်ဆတ်အမေးကြောင့် ရှောင်းကျန့် အံ့ဩသွားပြီးမထိန်းချုပ်နိုင်ဘဲရယ်မိသည်။ ကလေးဆန်လိုက်တာမောင်။ ဒါကသူ့ကို စိတ်ကောက်နေတာပေါ့။
"ဪ....မောင်ရယ် ဖြစ်ရလေ...."

"ခင်ဗျား ဒီလိုတွေလိုက်လုပ်နေတာ ခင်ဗျားချစ်သူသိလား....."

"ဘယ်ကချစ်သူလဲ.....ဦးကိုပြောတာလား....ဦးက ကိုယ့်ရဲ့ ချစ်သူမဟုတ်ဘူး....တွဲနေတဲ့လူ....."

ရှောင်းကျန့်ကို ဝမ်ရိပေါ်က အထင်သေးလှောင်ရယ်တဲ့ အကြည့်ဖြင့်ကြည့်လိုက်သည်။

"အဲ့တာဆို ခင်ဗျားက မချစ်ဘဲတွဲနေတာပေါ့....ဟက်..."

"ဟုတ်တယ်....ချစ်မှ တွဲရမယ်လို့ ဘယ်သူမှ ပြောထားတာမှ မဟုတ်တာ.....တခြားမကြည့်နဲ့ မောင်တောင် မောင့်မိန်းမကို မချစ်ဘဲ ယူထားတာပဲကို....."
နှုတ်ခမ်းပါးရင် စကားတတ်တယ်လို့ ဘယ်သူတွေပြောခဲ့တာလဲမသိ။ သူသိတာကတော့ ဒီလူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ သူ့မှာ ချေပစရာ စကားတွေ မရှိတော့တာပင်ဖြစ်သည်။

"ကဲပါမောင်....ကိုယ်တို့နေလည်စာ သွားစားကြမလား....ကိုယ်နေရာကောင်းလေးတစ်ခုတွေ့ထားတယ်.....မောင်ရုံးခန်းမပြန်နဲ့တော့....ဒီကနေတစ်ခါတည်းသွားတာပေါ့....."

ရှောင်းကျန့်​၏ အမေးကို ဝမ်ရိပေါ် မည်သို့ ပြန်လည်တုံ့ပြန်လိုက်သည် မသိပေမယ့် ဝမ်ရိပေါ်​၏ ကိုယ်ပိုင်ရုံးခန်းထဲရောက်နေတဲ့ ယန်ယူမီကတော့ အသင့်ဖွင့်ထားတဲ့ ထမင်းဘူးများအား စားမည့်သူမရှိတာကြောင့် ပြန်လည်သိမ်းဆည်းလိုက်ရသည်။
___________  ____________

"ချားလ်စ်...."

အလုပ်ဆင်းချိန်ဖြစ်တာကြောင့် ကုမ္ပဏီအရှေ့မှာ လာစောင့်နေတဲ့ ချားလ်စ်ကို ရှောင်းကျန့် အမြန်ပြေးသွားပြီး လှမ်းဖက်လိုက်သည်။ ချားလ်စ်နဲ့သူက အမြဲ ဖက်လှဲတကင်းနေတတ်ကြသည်​။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့်ပင်။

"ရှောင်းကျန့် မင်းနဲ့ ဆုံဖို့ကလည်း ခက်ခဲလိုက်တာ....ဟိုတစ်ခေါက် အခမ်းအနားပွဲပြီးကတည်းကမတွေ့တော့တာ.....ဘာလဲ တော်တော်တွေ အလုပ်ရှုပ်နေတယ်ပေါ့....."
"မင်း သိတဲ့ အတိုင်းပဲ.....လာပါ တွေ့တုန်းသွားသောက်ကြတာပေါ့....."

"အေး....နေရာတွေ့ထားလို့လား....."

"ဟုတ်ပါဘူး ငါ့အိမ်နဲ့ သိပ်မဝေးတဲ့ဆိုင်တစ်ခုမှာပါ....သိပ်အဝေးကြီးလည်း မသွားချင်တော့ဘူး မနက်ဖြန် အလုပ်သွားရဦးမှာဆိုတော့....."

"ရှောင်းကျန့် မင်းလည်း ဒီအလုပ်ဝင်မှ အတော်ကိုကြိုးစားနေတာ အရင်လို လွတ်လွတ်လပ်လပ် သိပ်မရှိတော့ သလိုပဲ....."

"ဟုတ်တယ်....အခုက အလုပ်မဟုတ်တဲ့ ဟာတွေပါလုပ်နေရလို့......"

ရှောင်းကျန့်နှင့် ချားလ်စ် ဘားတစ်ခုရောက်လာတဲ့ အခါသူတို့သောက်နေကျ သောက်စရာတွေရယ် အသီးတစ်ပွဲရယ် မှာယူလိုက်သည်။ ချားလ်စ်က ရှောင်းကျန့်ရဲ့ ဖန်ခွက် ထဲကို ဝိုင်တချို့ ငှဲ့ထည့်ပေးပြီးနောက် စကားစလိုက်သည်။
"ဘယ်လိုလဲ အခြေအနေတွေ တိုးတက်နေပြီလား....."

"ထင်ထားတာထက် တုံ့ပြန်မှုတွေက မြန်နေတယ်....."

"ဟုတ်လှချည်လား.....မင်းဘယ်လောက်တောင် သွားပြီး....."

"နိုး....နိုး.....ချာလ်းစ် ငါဘာမှတောင် မလုပ်ရသေးဘူး....ကောင်လေးကသာ အူရိုင်းလေးဖြစ်နေတာ.....တကယ့်ကို ကလေးစိတ်.....ဟား....ဟား...."

ချားလ်စ် တစ်ယောက် လွတ်လပ်စွာရယ်မောနေတဲ့ သူ့သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း နည်းနည်း ထူးဆန်းရသည်။ သူ့သူငယ်ချင်းက ပျော်နေတဲ့ပုံ။
"ရှောင်းကျန့်.....မင်း အဲ့ကောင်လေးကို ကစားရတာပျော်နေတာလား....."

ချားလ်စ်​၏ အမေးကြောင့် ရှောင်းကျန့် မျက်နှာချက်ချင်းတည်သွားရကာ ဝိုင်တစ်ခွက်ကို တစ်ခါတည်းမော့လိုက်သည်။

"မဟုတ်ဘူး.....အဲ့ကောင်လေး နဲ့ ငါညိသွားရင် ယန်ချောင်မင်တို့ သားအဖ ပြန်ခံစားရမှာကို ငါတွေးပြီး ကြိုပျော်နေတာ......"

ချားလ်စ် ခေါင်းတညိမ့်ညိမ့်သာ လုပ်ရင်း နားထောင်နေသည်။ ရှောင်းကျန့်က ဆက်ပြီး.....

"အခုတလော ယန်ချောင်မင်က ကုမ္ပဏီအထိ လိုက်လာနေတယ်......အဲ့တစ်ခုက ငါ့အတွက် နည်းနည်း အနှောင့်ယှက်ဖြစ်ရတယ် ခရီးကထင်သလောက်မရောက်ဘူး......"
"မင်းတို့ ပတ်သက်မှုကို ဟိုကောင်လေး သိသွားပြီလား....."

"အင်း...."

ရှောင်းကျန့် ပြောရင်းနဲ့ပင် ထရယ်လိုက်ပြန်သည်။

"ဘာကိုရယ်တာလဲ.....ရှောင်းကျန့်...."

"မနက်က ဟိုကောင်လေး ကလေးဆန်လွန်းတာကို ပြန်တွေးပြီးရယ်ချင်တာ....."

ချားလ်စ် သူ့သူငယ်ချင်းကို ကြည့်ရင်း တစ်ခုခုကိုတွေးဆနေမိသည်။ ဒါကို ရှောင်းကျန့်က ရိပ်မိတာကြောင့်.....

"မင်းဘာမေးချင်လဲ ငါသိတယ် ချားလ်စ်....မင်းတွေးနေသလို ဖြစ်လာမှာ မဟုတ်ဘူး......ပျော်နေတာထက် ဒီတိုင်းပဲ အပျင်းပြေနေတာ....အဲ့တာထက် မပိုဘူး.....ပြီးတော့ ငါက အချစ်ဆိုတာမျိုးကိုလည်းမယုံဘူး.....အချစ်ကြောင့် လူတွေ ပျက်စီးရူးသွပ်တတ်တာကိုပဲ သိတယ်......."
"အေးပါ.....မင်းလည်း တစ်ယောက်တည်းနေနေတာဆိုတော့ အားရင် ငါ့ဆီလာလည်ဦး တော်ကြာ အတွေးတွေ လွန်ပြီး မဟုတ်တာတွေ လျှောက်လုပ်မိနေဦးမယ်....."

ချားလ်အနေနဲ့ သူ့သူငယ်ချင်းကို စိတ်မကောင်းဖြစ်စွာကြည့်လိုက်သည်။ လူတွေရဲ့အမြင်မှာ ရှောင်းကျန့်ရဲ့ပုံက ပင်ယံထက်က ဆူးတွေဝန်းရံနေတဲ့ နှင်းဆီနီ လေးတစ်ပွင့်လို့ ထင်ကြမည်သာ။ တကယ်တော့ ဆူးတွေဘယ်လောက်ရံရံ ပန်းဆိုတာကတော့ နူးညံ့တဲ့ သဘောဆောင်သည်။ လေပြင်းတိုက်ရင် ပွင့်လွှာလေးတွေ ကြွေတတ်တာ ပန်းတွေရဲ့ သဘောသဘာဝမဟုတ်လား။
ရှောင်းကျန့်​၏ မျက်ရည်တွေကို သူမြင်ဖူးသည်။ ရိုးရိုးတန်းတန်းငိုတဲ့ မျက်ရည်တွေတောင် မဟုတ်....ရေချိုးခန်းထဲထောင့်ကပ်ပြီး ရှိုက်ကြီးတငင်နဲ့ သတိလစ်သွားတတ်သည် အထိငိုတဲ့မျက်ရည်တွေဖြစ်သည်။ အထူးသဖြင့် သူ့အစ်ကိုဆုံးသွားတဲ့ နှစ်ပတ်လည်နေ့တွေပြန်ရောက်လာတိုင်း သူ့မှာ အမြဲသတိထားခဲ့ရသည်။

ရှောင်းကျန့်က နှစ်ရက်သုံးရက်လောက် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်း စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်တတ်သည်။ သူစောင့်ကြည့်တာက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့တာပင်။ အဘယ့်ကြောင့်ဆိုသော် အဲ့လိုနေ့တွေရောက်လာရင် ရှောင်းကျန့်က သူ့ကိုတောင် အဆက်အသွယ်ဖြတ်ထားတတ်သည်။သူ့အစ်ကို နှစ်ပတ်လည့်နေ့ပြီးသွားရင်တော့ ဘာမှ မဖြစ်ခဲ့သည့်အတိုင်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်သည်။
ပန်းဝတ်ရည်လေးတွေအစား မျက်ရည်လေးတွေကို

မြင်အောင်ကြည့်တတ်ရင်ပေါ့.....။

ဆူးတွေရံလည်း ဒီနှင်းဆီနီလေး နူးညံ့သည်သာ....။

_____________   ___________

​ည ၇ နာရီ ရှိပြီမလို့ ချားလ်စ်က ရှောင်းကျန့်​၏ condo အရှေ့ထိ တစ်ခါတည်းလိုက်ပို့ပေးသည်။

"ကျေးဇူးပဲ ချားလ်စ်...."

"အင်း....လိုအပ်တာ ရှိရင်ဖုန်းဆက်လိုက်ဟုတ်ပြီလား....."

"အင်းပါ....တာ့တာ...."

ချားလ်စ် ​၏ကားကို ရှောင်းကျန့် မျက်စိတစ်ဆုံးကြည့်ပြီး condo ဝန်းထဲက ပန်းခြံခုံတန်းရှည် တစ်ခုမှာ ဝင်ထိုင်လိုက်သည်။
ဒီလိုအချိန်မျိုးဆို လီချန်းကောကိုသူသိပ်သတိရတာ။ ကောကရော ဘယ်တွေများရောက်နေမလဲ သူတွေးနေမိတယ်။ စိတ်ထားကောင်းတဲ့သူဆိုတော့ ဟိုကောင်းကင်ကြီးရဲ့ အမြင့်ဆုံးဘုံမှာ ရောက်နေမှာ။ကောင်းကင်ဘုံမှာ ကောချစ်တဲ့ ပန်းခင်းလေးတွေထဲ ပျော်နေပြီလား။ ပျော်နေရင်လည်း ဆိုးလွန်းတဲ့ကောရဲ့ညီလေးကို မပစ်ထားနဲ့ဦး။ တစ်ချက်တစ်ချက်တော့ ကောင်းကင်ဘုံကနေပြန်ငုံ့ကြည့်ပေး....ဟုတ်ပြီလား....။

ကော ဒီလောက် စိတ်ထားကောင်းတာတောင် လူတွေကောကို ကစားရက်တယ်။ ဒါမှမဟုတ်ကောကပဲ အချစ်ကြီးလွန်းတာလား။ တကယ်တော့ အချစ်ဆိုတာလည်း ဒုက္ခတစ်ခုပဲ။ ကောလို လူကောင်းတောင် အချစ်ကြောင့် ဒုက္ခရောက်ခဲ့တာ ကျွန်တော့်လို ဆိုးတဲ့လူဆိုရင် မပြောနဲ့တော့​။ ဒါ့ကြောင့် ကျွန်တော် အချစ်ကိုမယုံတာ မထူးဆန်းဘူးမလား။ ကျွန်တော် ဒုက္ခမရောက်ချင်ဘူးလေ ကော.....။
ရှောင်းကျန့် ကောင်းကင်ကြီးကိုမော့ကြည့်ရင်း အတွေးထဲကစကားသံတွေကို သူ့အစ်ကိုကြားသိအောင်လုပ်နေသည်။ အပြင်လေလေးက စိမ့်လာတာကြောင့် သူ့ရဲ့ အင်္ကျီရင်ဘတ်ကြယ်သီးတွေကို အဆုံးထိအကုန်ပြန်တပ်လိုက်သည်။ အချိန်ကြည့်လိုက်တော့ ည ၈:၀၀ ထိုးခါနီးရှိပြီဖြစ်သည်။ ဒီလောက်ဆို သူအိမ်ပေါ်တက်သင့်ပြီ။ နောက်နေ့အလုပ်အတွက်ရော အလုပ်မဟုတ်တာတွေ အတွက်ရော သူပြင်ဆင်ရဦးမည်။

ရှောင်းကျန့် သူနေထိုင်ရာ အခန်းရှေ့ရောက်လာတဲ့ အခါ ထုံးစံအတိုင်း password လေးကို တစ်လုံးချင်းရိုက်ထည့်လို့နေသည်။
5-2-0-8-0-5

တီတီ။

တံခါးကလော့ခ်ပွင့်သွားတဲ့ အခါရှောင်းကျန့် အိမ်ခန်းအတွင်းသို့ဝင်လာသည်။ ဖိနပ်ချွတ်တဲ့နေရာရောက်တော့ သူ့ခြေထောက်နဲ့ တစ်စုံတစ်ရာကို တိုက်မိသည်။ ငုံ့ကြည့်လိုက်တော့ တန်ဖိုးကြီးတဲ့ ဖိနပ်တစ်စုံ။ အမှောင်ထဲမှာ ဖြစ်သော်လည်း တန်ဖိုးကြီးမှန်းသိသာသည်။ မည်သူ့ဖိနပ်မှန်းမသိပေမယ့် ကျိန်းသေတာကတော့ သူ့ရဲ့ ဖိနပ်တော့မဟုတ်။

ရှောင်းကျန်း ကျောထဲစိမ့်သွားရကာ.....အိမ်မကြီးရှိရာကို အသံတိတ်လျှောက်လာတဲ့အခါ အမှောင်ထဲ ဆိုဖာပေါ်မှာ ကျောမီပြီးထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့ရသည်။
ရှောင်းကျန့် စိတ်ကိုအေးအေးထား၍ နံရံကမီးခလုတ်လေးကို ဖွင့်လိုက်တဲ့အခါ ဆိုဖာပေါ်ကလူက သူနဲ့မစိမ်းတဲ့ လူတစ်ယောက်ဖြစ်နေတော့သည်။ ​ရှောင်းကျန့် တကယ်ကို ကျေနပ်စွာလှလှပပပြုံးလိုက်မိသည်။ တစ်ချိန်ချိန်ဒီလမ်းပဲရောက်လာမှာ သူသိတာကြောင့် မအံ့ဩမိသော်လည်း အခြေအနေအရ မျက်လုံးများကို တမင်တကာ ဝိုင်းစက်ကာ အံ့ဩမှုတွေ ပြည့်နှက်နေတဲ့ အသံများဖန်ဆင်း၍လှမ်းခေါ်လိုက်သည်။

.

.

.

.

.

.

"မောင်....."