ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၉)Unicode

ဝမ်ရိပေါ် သူ​၏ ကားဘေးတွင် စီးကရက်တစ်လိပ်ကိုရှိုက်ရင်း ရှောင်းကျန့်ဆိုတဲ့လူ အလာကိုစောင့်နေသည်။ ဟိုတစ်နေ့က လာပြထားတဲ့ ဒီဇိုင်းတွေထဲက စကာတင်တွေရွေးပြီးသွားတာဖြစ်လို့ ဒီနေ့မှာ စိတ်တိုင်းကျ ချည်ထည်များ နှစ်ယောက်အတူသွားကြည့်ဖို့ဖြစ်သည်။ ထို့ကြောင့် ဝမ်ရိပေါ်သူ့ ကုမ္ပဏီအရှေ့မှာပဲစောင့်နေတာဖြစ်သည်။

ဝန်ထမ်းအချို့ကတော့ ကွက်ကြည့်ကွက်ကြည့်နှင့် ပေါ်တင်လည်းမကြည့်ရဲ။ ကြည့်နေရခြင်းအကြောင်းကတော့ သူတို့သူဌေး စီးကရက်သောက်နေခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့တစ်ခါမှ ထိုသို့မမြင်ဖူး၍မဟုတ်လား။ ဆေးလိပ်သောက်တတ်သည်ဟု တစ်စွန်းတစ်စ ကြားဖူးသည်။ ဒီလို လူမြင်ကွင်းမှာတော့ မဟုတ်။

ဝမ်ရိပေါ် စီးကရက်တစ်လိပ်ကုန်သွားသည့်တိုင်အောင် ရှောင်းကျန့်က ရောက်မလာသေးတာကြောင့် နောက်တစ်လိပ်ကိုမီးညှိလိုက်သည်။

တကယ်ကိုသဘာဝမကျတာ.....သူဌေးဖြစ်တဲ့သူက ဘာမဟုတ်တဲ့ လက်ထောက်ဌာနမှူးတစ်ယောက်ကိုပြန်စောင့်နေရတဲ့ ဖြစ်ရပ်။ ဝမ်ရိပေါ် စိတ်မရှည်နိုင်ဖြစ်ကာ စောင့်နေရင်း သူ့လက်ထဲက စီးကရက် တစ်ဝက်ကျသွားကာ မှ သူ့ထံပြာပြာသလဲပြေးလာတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်သည်။

"မောင်....ဆောရီးနော်....စောင့်နေရတာ ကြာပြီလား...."

မိမိရှေ့က ပြာပြာသလဲပြောနေတဲ့သူကို ဝမ်ရိပေါ် တစ်ချက်ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ ဒီလူ သူ့ဆီကိုပြေးမလာခင်ကတည်းက သူကြည့်နေတာ။

ကုမ္ပဏီအဝင်တံခါးက မှန်တွေနဲ့ လုပ်ထားတာကြောင့် ဒီလူရဲ့ လှုပ်ရှားမှုတွေကို အစအဆုံးမြင်ရသည်။ ဒီလူက တစ်လှမ်းချင်းနဲ့ အေးအေးလူလူ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာပေးမျိုးဖြင့်လျှောက်လာတာ ဖြစ်ပြီး သူ့ကိုမြင်မှ မဆိုသလောက်လေး ခပ်သော့သော့ပြေးလာတာဖြစ်သည်။ အနားရောက်တော့ ပြာပြာသလဲ တောင်းပန်နေပုံက တကယ်ကို ပီပြင်လှသည်။ အကြောင်းမသိရင် တစ်ချက်တည်းနှင့်တောင်ပါသွားမည့်သဘော။

"တက်....."

ဝမ်ရိပေါ် စကားဆက်မပြောလိုတာကြောင့် ကားထဲကိုဝင်ထိုင်လိုက်ပြီး ရှောင်းကျန့်ကိုပါ တစ်ခါတည်းတက်စေလိုက်သည်။

ရှောင်းကျန့်က ကားရဲ့ အရှေ့မှန်ဘောင်ထောင့်လေးမှာရှိတဲ့ စီးကရက်ဘူးလေးကို သတိထားမိကာ.....

"မောင်.....ဆေးလိပ်တွေသောက်နေပြန်ပြီလား...."

"......"

"ကိုယ်ကဆေးလိပ်သောက်တာ မကြိုက်ဘူးရယ်...."

"ဟက်...."

​ဝမ်ရိပေါ် ခပ်ထေ့ထေ့ပြုံးလိုက်သည်။ ရှောင်းကျန့် ဝမ်ရိပေါ်ဘက်သို့ စောင်းကြည့်လိုက်ကာ.....
"မောင်....ကိုယ့်ကို မကျေနပ်တာတွေရှိနေလို့လား.....ဒီနေ့ချိန်းထားတာ နောက်ကျသွားလို့လားဟင်.....ကိုယ်က ဌာန ကကိစ္စလေးတွေ လက်စဖြတ်​နေလို့ပါ......"

ဝမ်ရိပေါ်ထံမှ မည်သည့်တုံ့ပြန်မှုမှမလာ....။

"ဘာပဲဖြစ်ဖြစ်ပါမောင်.....ဆေးလိပ်တော့ မသောက်နဲ့နော်......"

"ခင်ဗျားက ဆေးလိပ်သောက်တာ မကြိုက်လို့ လူတကာကို ဆေးလိပ်လိုက်ဖြတ်ပေးနေတာပေါ့....."

"မောင် ဘာကိုဆိုလိုတာလဲ....."

"ခင်ဗျားပြောဖူးသလို....ခင်ဗျားနှုတ်ခမ်းနဲ့ ထိဖူးတဲ့လူတွေက ဆေးလိပ်လုံးဝပြတ်သွားတတ်တယ်ဆိုတာ....."
"အင်း.....အဲ့တာတော့ ဟုတ်တယ်.....တစ်ခါပြောတာနဲ့ မောင်က အသေကိုမှတ်ထားတော့တာပဲ...."

"ခင်ဗျားတွေ့ကရာလူတွေကို လိုက်နမ်းရင်းနဲ့ ဘယ်နှစ်ယောက်လောက် ဆေးလိပ်ပြတ်သွားပြီလဲ......"

"စကားပြောတာ ဆင်ခြင်....မောင်...."

"ဘာလဲ အရှိုက်ထိသွားလို့လား....."

"ကိုယ်ပြောပြီးသားနော် စကားပြောတာ ဆင်ခြင်လို့.....တော်ကြာ စကားတွေလွန်သွားပြီးလို့ မောင်ပြောတဲ့ တွေ့ကရာလူတွေထဲမှာ မောင်ပါ....ပါသွားလိမ့်မယ်...."

​ရှောင်းကျန့်ဘက်ကို ဝမ်ရိပေါ် တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များကို ကျေနပ်စွာကွေးညွတ်လိုက်သည်။
​ဒီလူဟာ အပြုံးလှလှလေးတွေနဲ့ ဟန်ဆောင်စကားတွေပြောတတ်သည်။ သူတစ်ပါးကို စကားတွေနဲ့ အနိုင်ပိုင်းပြီး သူနိုင်သွားရင် မျက်ခုံးပင့်ပြီး အပြုံးတုတစ်ခုနဲ့ ပျော်နေတတ်တာ။ အခုတော့ ဒီလူ မျက်နှာပျက်ကာ ဒေါသသံစွက်လာတာကြောင့် သူကျေနပ်မိသည်။ ဒါပေမယ့် အဲ့ဒိလူကို အကြောင်းပြချက်မရှိ ဒေါသထွက်အောင် သွားဆွနေမိတဲ့ ကိုယ့်ရဲ့စိတ်ကိုတော့ ကိုယ်မကျေနပ်။

ကားထဲမှာ နှစ်ယောက်သားတိတ်ဆိတ်စွာ လိုက်ပါစီးနင်းလာပြီးတဲ့နောက် ရှောင်းကျန့်က လက်ပြကာ ရပ်ခိုင်းလိုက်သည်။
"မောင်.....အရှေ့နားက ဆိုင်မှာခဏ သွားကြည့်ရအောင်....ကိုယ်ကြားဖူးတာတော့ ဒီက အစတွေက ချည်စစ်တယ်တဲ့....."

ကားပေါ်က ဆင်းသွားတဲ့သူကို ကြည့်ပြီး ဝမ်ရိပေါ် အလိုမကျမိ။အခုတော့ သူမဟုတ်သည့်အတိုင်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲထားပါတယ်ဆိုတဲ့ မျက်နှာထားမျိုးနှင့်သူ့ကို လုပ်သွားခြင်းဖြစ်သည်။

ရှောင်းကျန့် အထည်ဆိုင်ထဲ ဝင်သွားရင်း သူလိုချင်တဲ့ပိတ်စမျိုးရအောင် တစ်ခုပြီးတစ်ခုကို အသေအချာ စေ့စေ့စပ်စပ်ကြည့်လို့နေသည်။ သူက သူ့ရဲ့အလုပ်ကိုမြတ်နိုးသည်​။ ဝါသနာ ပါတဲ့ အလုပ်လည်းဖြစ်သလို သူ့အစ်ကို အနစ်နာခံပြီးမှ ထောက်ပံ့ခဲ့တဲ့ အလုပ်မလို့အလေးထားသည်။
ဘာရည်ရွယ်ချက်နဲ့ကြောင့်ပဲ ဖြစ်ဖြစ် ဒီလုပ်ငန်းစုထဲကို ဝင်လာပါစေ သူ့ရဲ့ အလုပ်ကိုတော့ အထိခိုက်ခံမည်မဟုတ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း ဝမ်လုပ်ငန်းစု ကို ထိခိုက်စေလိုတာမှ မဟုတ်တာ။

"မောင်....ဒီ အစလေး ဘယ်လိုသဘောရလဲ...."

ဝမ်ရိပေါ် ရှောင်းကျန့်ကမ်းလာပေးတဲ့ အထည်စလေးကို လက်နဲ့ကိုင်ကြည့်လိုက်သည်။ အသားလေးက မထူမပါးလေးနဲ့ အနေတော်လေးဖြစ်ကာ ဘယ်ရာသီဥတု မျိုးနဲ့ပဲဖြစ်ဖြစ် ကိုက်ညီတဲ့ အမျိုးအစားမျိုးဖြစ်သည်။
"ကြိုက်ရဲ့လားမောင်....နောက်တစ်စထပ်ပြမယ်...."

​ရှောင်းကျန့် နောက်ထပ် ပြလာတဲ့ အထည်စလေးကို ဝမ်ရိပေါ် လှမ်းယူလိုက်တဲ့အခါ သူ့ရဲ့ လက်ချောင်းများကျင်ကနဲဖြစ်သွားရသည်။ ကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်းမသိလို့ ကြည့်လိုက်မိတော့ အထည်အောက်မှာ လျှိုသွင်းထားတဲ့ ဟိုလူ​၏လက်ချောင်းများကို မတော်တဆ သွားထိမိလိုက်ခြင်းဖြစ်သည်။

"ဒါလေးရော ကြိုက်ရဲ့လား....."

"ကျွန်တော်က အထည်တွေအကြောင်း သိပ်ထဲထဲဝင် မသိလို့ ခင်ဗျားဆုံးဖြတ်ပါ....."
"မောင်နားမလည်ရင် ဘာလို့လိုက်ခဲ့သေးလဲ.....မောင့်ရဲ့ အတွင်းရေးမှူးကိုပဲ ဖြစ်ဖြစ် လွှတ်လိုက်လို့ရတာပဲ......"

ဒီလူကိုသူဘယ်လို နားလည်ရမလဲ။အခုချိန်မှာ ပြန်ပြောလိုက်ချင်တာက ဟိုနေ့တုန်းက ရုံးခန်းထဲထိဝင်လာပြီး လိုက်ခဲ့ဖို့ခေါ်ခဲ့တာ ဘယ်သူလဲ ဆိုတာပဲ။ သူပြောဖို့ မမီလိုက်ဘူး။ ထိုလူက ရောင်စုံအထည်စတွေကြားကို တိုးဝင်လို့သွားကာကြည့်ရှုလို့နေပြီဖြစ်သည်။ အရောင်စုံနေတဲ့ အဝတ်လွှာတွေကြားမှာ ထိုလူရဲ့အင်္ကျီနီနီကသာ အထင်းဆုံးဖြစ်နေသည်။
လက်ချောင်းရှည်ရှည်သွယ်သွယ် တွေနဲ့အထည်တွေကို ကိုင်တွယ်နေပုံက တကယ့်ကို အလုပ်မှာ ဈာန်ဝင်နေတဲ့ပုံမျိုး။ အခုလုပ်နေတဲ့ မျက်နှာထားက သူ့ကို မထိတထိတွေလိုက်ပြောနေကြပုံမျိုးနှင့်လားလားမှ မသက်ဆိုင်။ အလုပ်ကိုလေးနက်စွာ လုပ်နေတာဖြစ်ပေမယ့် သူ့မျက်လုံးထဲမှာတော့ ထိုလူရဲ့ ပုံက ကုမ္ပဏီဆီက ပိုက်ဆံမယူပဲ အလကားလုပ်ပေးနေရသည့်အမူအယာ မျိုးဖမ်းနေတာဖြစ်သည်။

"နောက်တစ်ဆိုင်သွားကြစို့.....မောင် ကိုယ့်ကို ရပ်ပြီးစိုက်ကြည့်နေယုံနဲ့ ခရီးတွင်မှာ မဟုတ်ဘူး....."
မမှားသောအရာကိုပြောလိုက်တာမလို့ ဝမ်ရိပေါ် မျက်နှာနီရဲသွားကာ လက်သီးကိုတင်းတင်းဆုပ်၍ ဒေါသတွေကို မြိုချလိုက်သည်။ သို့သော် ဒီလူကို အနိုင်နဲ့ပိုင်းချင်တာကြောင့် ဒီလူမငြင်းနိုင်တဲ့ အမှန်တရားတစ်ခုကို မျက်နှာတည့်တည့်ကြည့်ကာ သွားပြောလိုက်သည်။

"ရှောင်းကျန့် ကျွန်တော်က ခင်ဗျားရဲ့ဒရိုင်ဘာမဟုတ်ဘူး....ခင်ဗျားရဲ့ သူဌေး...."

ဒါတောင် သူ့ကို ပုခုံးတစ်ချက်တွန့်ပြပြီးပြောသွားသေး......
"သိတယ်လေ....ကိုယ်ကရောဘာပြောနေလို့လဲ...."

________  __________

"ရှောင်း....."

ကုမ္ပဏီအရှေ့မှာ ထိုးရပ်လိုက်တဲ့ ဝမ်ရိပေါ်​၏ ကားထဲမှ ရှောင်းကျန့် ထွက်လာသည်နှင့်တပြိုင်နက် သူ့နာမည်ခေါ်ကာ အနားကိုလျှောက်လာတဲ့ ယန်ချောင်မင်ကြောင့် ရှောင်းကျန့် မျက်နှာပျက်မိသည်။ သို့ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်သွားမိတဲ့ မျက်နှာကို ထိန်းလိုက်​၏။

ဒီလူက ဒီမှာ ဘာလာလုပ်နေရပြန်တာလဲ။ ဟိုနေ့တုန်းကလည်း ကားပါကင်ထိလိုက်လာပြီးတော့ လွမ်းကြောင်းတွေလာပြောကာ သူ့ကို နမ်းရှိုက်လို့သွားတာ။ လွမ်းတယ်ဆိုတာထက် သူ့ကို စိတ်မချလို့ လိုက်လာတဲ့ပုံမျိုး။ စိတ်မချရအောင် သူကဘာလုပ်မှာ မလို့လဲ။ လုပ်တော့ရော အဲ့လူ ဘာတတ်နိုင်မှာလဲ။
ယန်ချောင်မင် ရှောင်းကျန့်​၏ အနီးသို့လျှောက်သွားမည်အလုပ် ကားထဲမှာ မိနစ်ပိုင်းမခြား ထွက်လာသော ဝမ်ရိပေါ်ကြောင့် ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

"ရှောင်းနဲ့ ဝမ်သမက် က ဘယ်ကနေဘယ်လို....."

ရှောင်းကျန့် အပြုံးနုနုလေးနှင့် တစ်လှမ်းချင်းလျှောက်ကာ ယန်ချောင်မင်ဆီသို့ သွားလိုက်ပြီး....

"ဦး....ဘာလာလုပ်တာလဲဟင်....."

"ရှောင်းကို လာကြိုတာလေ.....ဒီနေ့က အင်္ဂါနေ့ဆိုတော့...ကိုယ် hotel မှာစောင့်နေတာကို ရှောင်းက နောက်ကျနေလို့ ကုမ္ပဏီမှာ ဘာများဖြစ်နေတာလဲလို့....."
"ဦးကလည်း ကျွန်တော်က ဘာဖြစ်ရမှာလဲ...."

ယန်ချောင်မင်က သူနဲ့ရှောင်းကို အကဲခတ်သလို မမှိတ်မသုန်ကြည့်နေတဲ့ ဝမ်ရိပေါ်ကိုလှမ်းကြည့်လိုက်ကာ ရှောင်းကျန့်​၏ လက်ကို ဆွဲလို့ အနားကိုသွားလိုက်သည်။

"ဝမ်သမက်.....အခုမှပဲ တရားဝင်မိတ်ဆက်ပေးရတော့မယ်.....ဒါ အန်ကယ် လက်ရှိတွဲ နေတဲ့သူလေ....တစ်ယောက်နဲ့တစ်ယောက်သိပြီးသားနေမှာပါ....ယူမီတို့ ညီအစ်မကိုတောင် မိတ်မဆက်ပေးရသေးဘူး....."

ယန်ချောင်မင် ရှောင်းကျန့်ဘက်သို့တစ်ဖက်လှည့်ကာ......
"ရှောင်းလည်း တရားဝင် နှုတ်ဆက်လိုက်ဦးလေ.....ဒါက ဦးသမီးကြီးရဲ့ ခင်ပွန်း...."

ရှုတည်တည်ဖြစ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ဘက်က စ၍ လက်ဖဝါးလေးကို အရှေ့ထိုးပေးလိုက်သည်။

"သိတာနည်းနည်း ကြာပြီ ဖြစ်ပေမယ့် အခုမှ တရားဝင်မိတ်ဆက်ပါရစေ.....တွေ့ရတာ ဝမ်းသာပါတယ်...."

ဝမ်ရိပေါ် သူ့ရှေ့မှာ ထိုးပေးလာတဲ့ လက်တစ်ဖက်ကို တင်းကြပ်စွာပြန်ဆုပ်ကိုင်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ ဆုပ်ကိုင်ထားခံရတဲ့ လက်ကတင်းကြပ်လွန်းတာကြောင့် နာကျင်ပေမယ့် ရှောင်းကျန့်လျစ်လျူရှုကာ အပြုံးမပျက်စေဘဲ.....
"အစကတည်းက မပြောတာစိတ်မရှိပါနဲ့နော်.....တော်ကြာ ဦးရဲ့ အကပ်ကြောင့်ရလာတယ်ပြောကြမှာ စိုးလို့.....ဒါနဲ့ အလုပ်မှာ သူဌေးလို့ပဲခေါ်နေကြဆိုတော့ အခုဘယ်လိုခေါ်ရမလဲ....သူဌေးလို့ခေါ်ရင်လည်းသူစိမ်းဆန်ရာရောက်နေလို့......"

ဝမ်ရိပေါ်က တခြမ်းစောင်းအပြုံး ပြုံး၍.....

"ခင်ဗျားပြောကြည့်လေ.....ဘယ်လိုခေါ်ချင်လဲ...."

"ဒီလိုလုပ်မယ်လေ.....ဦးနဲ့ ပတ်သက်ပြီးမှ သိရတော့ ဦးသမက်လေး လို့ပဲခေါ်မယ်ရလား....."

ခပ်ဟဟရယ်သံတစ်ခုကထွက်လာသည်။ လက်ဆွဲထားတဲ့ လူနှစ်ယောက်ဆီကတော့မဟုတ်။
ရှောင်းက နုနုရွရွလေးတွေ မပြောတတ်ပေမယ့် ဒီလိုတစ်ခွန်းပြောလာတိုင်း သူ့ရင်ကိုတည့်ထိတယ်။ရှောင်းကျန့်ကို ယန်ချောင်မင်က ချစ်မဝနိုင်စွာသောအကြည့်များဖြင့်ကြည့်ကာ ပါးပြင်လေးကို မနာအောင်လိမ်ဆွဲလိုက်သည်။

"ရှောင်းက တကယ့်အတတ်လေး....."

ယန်ချောင်မင် ရှောင်းကျန့်ရဲ့ လက်ကိုအသာအယာဆွဲယူကာ ဆုပ်ကိုင်ထားကြတဲ့ လက်တစ်စုံကို မသိမသာ ခွာလိုက်သည်။ လက်ဆွဲထားတဲ့ သူနှစ်ယောက်​၏ အားပြိုင်နေတဲ့ မျက်လုံးများကို ဖတ်မိ၍လား။
"ရှောင်း....ကိုယ်တို့သွားရအောင်လေ.....ဝမ်သမက်လေးလည်း နားချင်နေလောက်ပြီ....အိမ်မှာယူမီလေးလည်း စောင့်နေမှာပေါ့....."

ဝမ်ရိပေါ် ကို နှုတ်ဆက်ကာ ယန်ချောင်မင်က ရှောင်းကျန့်​၏ ပုခုံးကို ဖက်လို့ ထိုနေရာမှ ထွက်လာလိုက်သည်။ ရှောင်းကျန့် အနေကြပ်ပေမယ့် အလိုက်အထိုက်သာ ယန်ချောင်မင်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါခဲ့သည်။

သူ့အနေနဲ့ တစ်ချိန်မှာတော့ ယန်ချောင်မင်နဲ့ သူ့သမက်ဒီလို ထိပ်တိုက်တွေ့ရမယ်ဆိုတာတော့ သိပါသည်။ဒါပေမယ့် အခုက စီစဉ်ထားတာထက် ပိုစောလို့နေသည်။ ဒီသားအဖ နှစ်ယောက်က တော်တော် မဏ္ဍပ်တိုင်တက်ပြချင်တာ။ သမီးဖြစ်သူကလည်း ကုမ္ပဏီအထိ နေ့လည်စာ လာပို့ရတာနဲ့။ အဖေဖြစ်တဲ့သူကလည်း မစောင့်နိုင်ဘဲ ကုမ္ပဏီရှေ့ထိလိုက်ခဲ့ရတာနဲ့။ ဖြစ်ရတယ်.....သူတို့ဟာတွေကြတော့ သိတတ်လိုက်ကြတာ။
"တောက်..."

သူ့ရဲ့မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့ ကားကို ဝမ်ရိပေါ် သူ့ကားပေါ်က တစ်ဆုံးကြည့်လိုက်ပြီး ခံပြင်းစွာ တောက်တစ်ချက်ခေါက်လိုက်သည်။

လုပ်သွားတဲ့အချိုးတွေ...မျက်နှာထားတွေ....အပြုအမူတွေ....မသိချင်ယောင်ဆောင် အရူးကွက်နင်းတာတွေက ဒီလူရဲ့ ကျွမ်းကျင်မှုတစ်ခုလား။ နမ်းတဲ့သူကတစ်ယောက်.....တွဲတဲ့သူကတစ်ယောက်.....အတင်းလိုက်ပြီးရောနေတဲ့ သူကတစ်ယောက်။ ဟိုလူတွေ အားလုံးက မသိဘဲနဲ့ ဒီလူဆီမှာ ကျရှုံးကြတာလား.....ဒါမှမဟုတ် သိသိကြီးနဲ့ပဲ အရူးလုပ်ခံနေကြတာလား။
နှုတ်ခမ်းပါးတွေက ထွက်လာတဲ့ စကားလုံးတိုင်းကိုပဲ စုံလုံးမှိတ်ပြီး ယုံလိုက်ကြတယ်ပေါ့။ကျိန်းသေတာကတော့ ထိုးကျွေးတိုင်း ကောက်စားကြတဲ့လူတွေသာ ဖြစ်လိမ့်မည်။

ဝမ်ရိပေါ် စဉ်းစားနေရင်း ပို၍ခံပြင်းလာတာကြောင့် ကားအရှေ့ခန်းတစ်နေရာကို ခြေထောက်ဖြင့်ကန်လိုက်သည်။

နှုတ်ခမ်းတွေနီသလောက် အပြောမညီတဲ့လူ....။

*ဟက်.....ဦးသမက်လေး *