ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၈)Unicode

ယန်ယူမီ အိမ်​၏စားသောက်ခန်းထဲတွင် ထမင်းဘူးများကို အသေအချာထည့်ပြီးထုတ်ပိုးနေသည်။ ထမင်းဘူးထဲတွင် ဝမ်ရိပေါ်ကြိုက်နှစ်သက်မည် ထင်သည့်ဟင်းလျာများထည့်လို့ထားသည်။ သူစိတ်တိုင်းကျလောက်မှ အပြီးထုတ်ပိုးလိုက်ပြီး စားသောက်ခန်းထဲက ထွက်လာကာ အိမ်ကဒရိုင်ဘာမောင်းနှင်တဲ့ကားဖြင့် ဝမ်ရိပေါ်ရှိရာ ကုမ္ပဏီဆီသို့လိုက်ပါလာခဲ့သည်။

ယန်ယူမီ ကုမ္ပဏီရောက်တဲ့အခါ VIP တွေအတွက်သီးသန့် ဓာတ်လှေကားဘက်ကို လျှောက်လာခဲ့သည်။ ပိတ်သွားတော့မယ့် ဓာတ်လှေကားတံခါးကြောင့် ခပ်သွက်သွက်လေးပြေးသွားကာ ခလုတ်လေးကို အမြန်နှိပ်လိုက်သည်။ ပြန်ပွင့်လာတဲ့ တံခါးက သူအပြင်ကနေနှိပ်လိုက်တဲ့ ခလုတ်ကြောင့် ဆိုတာထက် အထဲကပြန်ဖွင့်ပေးလို့ပွင့်လာတဲ့ပုံ....။

တံခါးပွင့်သွားလို့ အထဲကိုဝင်မည်လုပ်လိုက်တော့ မြင်လိုက်တဲ့လူတစ်ယောက်ကြောင့် စိတ်အလိုမကျဖြစ်မိသည်။ ဒီဓာတ်လှေကားထဲမှာ ကုမ္ပဏီပိုင်ရှင်ရဲ့ မိသားစုတွေသာ ဝင်ခွင့်ရတာဖြစ်သည်။ အခုတွေ့နေရတဲ့ ရှပ်အင်္ကျီအနီနဲ့လူက ဘာလို့ဝင်နေရတာလဲ။ ကုမ္ပဏီရဲ့ အထူးဧည့်သည်တော်လား ဒါမှ မဟုတ်ကိုယ့်အဆင့်ကိုယ်မသိဘဲ တွေ့ရာနေရာကဝင်လာတဲ့ လူလားတော့မသိ။

"ဝင်မှာလား....မဝင်ဘူးလား....."

ဓာတ်လှေကား တံခါးပွင့်နေသည့်တိုင်အောင် မဝင်လာသေးဘဲ သူ့ကို အကဲခတ်နေသလို ကြည့်နေတဲ့ ယန်ယူမီကြောင့် ရှောင်းကျန့် သတိပေးသလို ပြောလိုက်သည်။ ရှောင်းကျန့်ကို ယန်ယူမီက ပြန်မဖြေပေမယ့် ဓာတ်လှေကားထဲသို့ဝင်လာသည်။ ထိုလူကိုသူမေးချင်သည်။ ဘာကြောင့် ဒီဓာတ်လှေကားထဲမှာရှိနေတာလဲဆိုတာ။

ဝင်ဝင်လာခြင်းမလို့သာ သတိမထားမိတာ....အလုံပိတ်ဖြစ်နေတာကြောင့် ထိုလူဆီက ရတဲ့ ရှတတ ကိုယ်သင်းရနံ့တို့က သူတစ်နေရာရာမှာ ရဖူးလိုက်သလိုမျိုး။ မကြာသေးခင်ရမှ ရခဲ့ဖူးသလို...ပန်းတစ်ခုခုရဲ့ အနံ့မျိုး....တခြားရနံ့လေးတွေပါရောနေတာကြောင့် ဘာပန်းရနံ့လည်းဆိုတာ ခက်မှန်းရခက်သည်။

ယန်ယူမီ တစ်ယောက်တည်း အတွေးများနေတုန်း ရှောင်းကျန့် ဆင်းရမည့် အထပ်သို့ရောက်လာသည်။ ရှောင်းကျန့် ဓာတ်လှေကားထဲက မထွက်သွားခင် ယန်ယူမီကို ကြည့်လိုက်ပြီးတော့ နှုတ်ခမ်းပါးတို့ တွန့်ချိုးပြီးပြောလိုက်သည်။

"အဲ့တာ နှင်းဆီနီ ရနံ့လေ.....သိချင်နေမယ် ထင်လို့...."

သူ့ အတွေးထဲက အမေးတွေကို သိသလိုပုံမျိုးနဲ့ဖြေသွားတဲ့ ထိုလူကြောင့် ယန်ယူမီ မျက်နှာပျက်သွားရကာ မလုံမလဲဖြစ်ရသည်။ ဒီလူကဘာလဲ....။ မိန်းမတို့ဗီဇအရ ဒီလူဟာ ကြည့်လိုက်ယုံနှင့် အန္တရာယ်များမည့်ပုံမှန်းသိနိုင်သည်။ ဒီလူက အရမ်းလှလွန်းသည်။ မိန်းမသားအချင်းချင်းတောင် သူအဲ့ဒိလို မတွေးဖူးပေမယ့် ဒီလူရဲ့ လူသတ်လက်နက်ကတော့ နှုတ်ခမ်းပါးတစ်စုံ......။ ယန်ယူမီ ဘာရယ်မသိ ရင်ထဲ နည်းနည်း လေးလို့နေမိသည်။
ကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ရောက်လာတဲ့အခါ ယန်ယူမီ ဓာတ်လှေကား ထဲကထွက်လာလိုက်ပြီး ဝမ်ရိပေါ်ရှိရာရုံးခန်းသို့ တည့်တည့် လျှောက်သွားလိုက်သည်။ ယန်ယူမီလာတာကို အတွင်းရေးမှူး ဂျက်တွေ့တော့ အနားသို့ သွားလိုက်ကာ ကြိုဆိုလိုက်​၏။

"မောင်အထဲမှာလား....."

"ဟုတ်ပါတယ် ဝင်သွားလိုက်ပါ အခုလေးမှ အစည်းအဝေးပြီးလို့ ရုံးခန်းထဲ ပြန်ရောက်နေတာ....."

"အင်း ကျေးဇူးပဲ...."

"ဒေါက်....ဒေါက်...."

လင်မယားချင်းပင်ဖြစ်လင့်ကစား မောင်နဲ့ သူ့ရဲ့ ဆက်ဆံရေးက အေးစက်တာမလို့ ခွင့်တောင်းပြီးမှဝင်သင့်သည်ဟုထင်မိတာကြောင့် တံခါးအရင်ခေါက်လိုက်ခြင်းဖြစ်သည်။
ယန်ယူမီ ဝမ်ရိပေါ် ရုံးခန်းထဲ ဝင်သွားတော့ စားပွဲမှာ စာရွက်စာတမ်းတချို့ဖြင့်အလုပ်ရှုပ်နေသည်။ ယန်ယူမီဝင်လာတာတောင် မသိလိုက်။

"မောင်...."

ဝမ်ရိပေါ် ခေါင်းကိုမော့ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ဆတ်ကာ အသိအမှတ်ပြုလိုက်သည်။ အဲ့တာထက် ပို၍ ဘာစကားမှ ထပ်မပြောလာတာကြောင့် ယန်ယူမီ အလိုက်သတိ ဆိုဖာတွေရှိရာ ရုံးခန်းအလယ်ဘက်သို့သွားကာ တိတ်ဆိတ်စွာထိုင်နေလိုက်သည်။

အတန်ကြာတော့ ဝမ်ရိပေါ် သူ့ရဲ့ အလုပ်တွေကို လက်စသတ်ပြီး ယန်ယူမီရှိရာသို့လျှောက်လာသည်။
"မောင်.....စားလိုက်ဦးနော် မောင့်အကြိုက်တွေချည်းပဲ ယူမီထည့်လာတာ....."

ဝမ်ရိပေါ် သူ့ရှေ့ ထမင်းဘူးတွေထဲက အမျိုးအမည်များစွာရှိတဲ့ အစားအသောက်များကို တူနှင့်ယူရင်း တိတ်ဆိတ်စွာစားသောက်နေသည်။

"ကောင်းရဲ့လားမောင်...."

"အင်း....."

ဝတ်ကျေတန်းကျေ ခေါင်းညိမ့်ပြလိုက်တာ သိသာလွန်းတယ် မောင်ရယ်။

"ဝပြီ....ကျွန်တော် အလုပ် ဆက်လုပ်ရဦးမှာမလို့...."

ဝမ်ရိပေါ်​၏ ဆိုလိုရင်းကို ယန်ယူမီ နားလည် လိုက်သည်။
"အင်းပါမောင်.....ယူမီ က ဒီတိုင်း နေ့လည်စာ လာပို့ပေးယုံပါပဲ....မောင်စားပြီးပြီ ဆိုတော့ ယူမီလည်း ပြန်တော့မယ်နော်....."

ဝမ်ရိပေါ် ခေါင်းတစ်ချက်ညိမ့်ပြလိုက်ကာ သူ့စားပွဲရှိရာသို့ ပြန်သွားလိုက်ပြီး အလုပ်တွေသာ ဆက်လုပ်နေသည်။ ယန်ယူမီကတော့ သိမ်းဆည်းနေပြီး ရုံးခန်းထဲက ထွက်လာတော့သည်။

မောင့်ကို နှုတ်ဆက်ချင်ပေမယ့်လည်း အလုပ်ရှုပ်မှာ စိုး၍သာ နှုတ်ဆိတ်ပြီးထွက်ခဲ့သည်​။ ကိုယ့်ကို ပြန်မကြည့်တဲ့ သူကို ချစ်ရတာ ပင်ပန်းလွန်းသည်။ ကိုယ့်ကို ချစ်တဲ့သူတွေကျတော့လည်း မောင့်လိုပြီးပြည့်စုံတဲ့ သူတွေမဟုတ်။ ရတာမလို လိုတာမရ ဆိုတော့လည်း ကိုယ့်ဟာကိုယ်ပဲ နှစ်သိမ့်လိုက်သည်။
"အထဲမှာရှိလား......"

ရုံးခန်းအပြင်က အတွင်းရေးမှူးကောင်တာတွင် မေးနေတဲ့ ရှောင်းကျန့်ကြောင့် ယန်ယူမီ မျက်မှောင်ကျုံ့လိုက်သည်။ ခုနက လူကမောင့်ရုံးခန်းရှေ့မှာ ဘာလာလုပ်ရတာလဲ။ ယန်ယူမီ ဆက်ပြီး အကဲခတ်နေရင်းမှ ထိုလူက သူ့ဘက်လှည့်လိုက်ပြီး ပြုံးပြသည်။

ထိုလူနဲ့ ပတ်သက်တဲ့ အရာရာတိုင်းက လှလွန်းတဲ့အခါ သူ့ကို အလိုမကျဖြစ်စေသည်။ ယန်ယူမီ သူ့စိတ်ကို သူနားမလည်နိုင် အခုက မိန်းကလေးအချင်းချင်းအပေါ်မှာ သူမနာလိုစိတ်ဖြစ်ပေါ်နေတာ မဟုတ်ဘဲ ယောကျာ်းတစ်ယောက်ရဲ့ အလှ ကိုအလိုမကျဖြစ်နေတာ။ ဒီလူ မျက်လွှာတစ်ချက်ပင့်လိုက်တိုင်း နှုတ်ခမ်းတစ်ခါ ကွေးညွတ်လိုက်တိုင်း သူ့ရဲ့ ရင်ထဲ ဒေါသလိုခံစားမှုမျိုးကိုဖြစ်စေသည်။
အခုလည်း သူ့ရဲ့ ပုခုံးကို တိုက်မသွားယုံတမယ် မောင့်ရဲ့ ရုံးခန်းထဲကို စက္ကူအိတ်လှလေးတစ်ခုရယ် စာရွက်စာတမ်းတွေရယ်ကိုင်ကာ ဝင်သွားတာကြောင့် ရင်ထဲတနုံ့နုံ့ဖြစ်ရသည်။ အဆိုးဆုံးက တံခါးကို မခေါက်ဘဲ ဒီတိုင်းပဲဝင်သွားတာ။ သူစိတ်ကပဲထင်လိုက်တာလား.....သူ့ကို မထိတထိပြုံးပြသွားသလိုပင်။

_________   ___________

"မောင် အလုပ်တွေရှုပ်နေတာလား....."

ရှောင်းကျန့် သူ့လက်ထဲက စက္ကူအိတ်လှလှလေးနဲ့ ထည့်လာတဲ့ တစ်စုံတစ်ရာဝမ်ရိပေါ်​၏ စားပွဲပေါ်တွင်တင်ပေးလိုက်သည်။ ဝမ်ရိပေါ်က ဘာလဲ ဆိုတဲ့ သဘောနဲ့ ရှောင်းကျန့်ကို မော့ကြည့်လိုက်တော့.....
"ဟိုနေ့က ကိုယ့်ကြောင့် စွန်းသွားတဲ့ အင်္ကျီလေးနဲ့ တစ်ထေရာတည်းကို ပြန်ဝယ်ပေးတာ....."

"ခင်ဗျားကို မလိုဘူးလို့ပြောထားတယ်မဟုတ်ဘူးလား....."

"ကိုယ်လုပ်လိုက်လို့ ဖြစ်တာပဲ ကိုယ်ပြန်ပေးရမှာပေါ့....ပြီးတော့ ကိုယ့်ရဲ့ အင်္ကျီလေးလည်းပြန်ပေး....ဘာလဲ....သိမ်းထားတယ်လို့တော့ မပြောနဲ့နော်....ဟက်...."

ရှောင်းကျန့်ပြောလာတဲ့ စကားကြောင့် ဝမ်ရိပေါ် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်ရသည်။ လှုပ်ခတ်လာတဲ့ သူ့စိတ်ကြောင့် ရှောင်းကျန့် ကမ်းလာတဲ့ အင်္ကျီအိတ်လေးကို ကြမ်းပြင်ပေါ်သို့ လက်နဲ့တိုက်ချလိုက်သည်။
"ပြန်ယူသွား.....ပြန်လျော်ပေးဖို့မလိုလို့...."

"ဘာလဲမောင်က မလုံတာလား.....ကိုယ်စလိုက်တာ တည့်ထိသွားတယ်ပေါ့....."

"ခင်ဗျား အလုပ်အကြောင်း မဟုတ်ရင် ဒီမှာ မတ်တပ်ရပ်မနေနဲ့တော့....."

"စိတ်လျော့ပါမောင်....မောင်နဲ့ဒေါသ မလိုက်ဘူးရယ်.....ကိုယ်လာတာ အလုပ်ကိစ္စကြောင့်ပါ...."

ရှောင်းကျန့် ပြုံးစစနဲ့ သူယူလာတဲ့ စာရွက်စာတမ်းတွေအား ဝမ်ရိပေါ်ကိုပြလိုက်သည်။ brand အသစ်အတွက် ဒီဇိုင်းမူကြမ်းတွေ ရေးဆွဲထားသော စာရွက်စာတမ်းများဖြစ်သည်။
"မောင်....တစ်ချက်ကြည့်လိုက်ပါ....ကိုယ်တို့ဌာနက နမူနာရွေးထားတာတွေ...အားလုံးရဲ့ လက်ရာတွေပါတယ်.....ဘယ်သူက ဘယ်ပုံဆွဲထားတာလဲတော့ ကိုယ်တို့မဖော်ပြထားဘူး.....မျှမျှတတဖြစ်အောင် အကုန်လုံးရောထားတာကြောင့် မောင်တို့ ကြိုက်တာကိုရွေး...."

"ထားခဲ့လိုက်....ပြီးရင် ကြည့်လိုက်မယ်...."

"ပြောရဦးမယ်....အဲ့ထဲက ဒီဇိုင်းတွေရွေးပြီးရင် ကိုယ်တို့ သုံးမယ့် အထည်စတွေကို ကိုယ်တို့ကိုယ်တိုင်သွားကြည့်ရမှာ...."
"အဲ့တာ ကျွန်တော်ကိုယ်တိုင်လိုက်စရာလိုလို့လား....."

"မသိဘူးလေ.....ကိုယ် ဟိုမှာတုန်းကတော့ brand အသစ်တွေ​ထုတ်ကြရင် သူဌေးတွေနဲ့ အတူတူသွားကြည့်ကြတာပဲ အထည်စတွေ ဘာချည်ကိုသုံးမယ် ဘယ်အရောင်တွေကို လိုချင်လဲဆိုတာတွေပေါ့.....ကဲပါ မောင့်သဘော.....မိချောင်းမင်းရေခင်းပြတော့ ကိုယ်က ဆရာကြီးလုပ်တယ်ဖြစ်နေမှာပေါ့....."

"ကျွန်တော် စဉ်းစားကြည့်မယ်....ဒါပဲမလား....ပြောပြီးရင်ပြန်တော့....."

"အတင်းမောင်းထုတ်နေတာပဲ.....ဘာလို့လဲ...
ကိုယ်နဲ့အတူတူရှိနေရင် မောင်က မောင့်ရဲ့ သမာဓိကို မယုံလို့လား...."

တစ်ဖက်က ပြန်တုံ့ပြန်မှုမရှိတာကြောင့် ရှောင်းကျန့် လှည့်ထွက်ဖို့လုပ်လိုက်သည်။ သို့သော် ခုနက ဝမ်ရိပေါ် တိုက်ချလိုက်တဲ့ အင်္ကျီထုတ်လေးကို ကြည့်ကာ မဲ့လိုက်သည်။ သူ့ဘဝမှာ သူပေးတဲ့ လက်ဆောင်ကို ဒီလိုပုတ်ထုတ်လိုက်သည်အထိ လုပ်ခဲ့တဲ့သူမရှိသေးဘူး။ ဒီကောင်လေးကို ပစ်မှတ်ထားလိုက်ကတည်းက လွယ်မယ်လို့တော့ မထင်ခဲ့ပါဘူး။ သူ့မှာက စိတ်တစ်ခုရှိသည်။လူတွေသူ့ကို ငြင်းရင် သိပ်မုန်းတာ။
ရှောင်းကျန့် ရုံးခန်းအပြင်သို့ထွက်သွားစဉ် ရိုးရိုးတော့ ထွက်မသွား။သူရပ်နေသည့် နေရာနှင့် သုံးပေလောက်အကွာအဝေးမှာ ရောက်နေတဲ့ အင်္ကျီဖြူလေးတစ်ထည် ထည့်ရှိထားရာ စက္ကူအိတ်လေးပေါ်သို့ သူ့ရဲ့ နက်ပြောင်နေတဲ့ ဖိနပ်နဲ့ အသေအချာကို တက်နင်းပြီးတော့မှ ထွက်သွားသည်။

ဒီကောင်လေးက အကြောမသေးဘူးပေါ့....အင်း....သူကလည်း အကြောကြီးတယ်...။

အင်္ကျီထည့်ထားတဲ့ အိတ်ကို တည့်တည့်ကြီး နင်းပြီး ထွက်သွားတဲ့ ရှောင်းကျန့်ရဲ့ ကျောပြင်ကို ဝမ်ရိပေါ် မျက်စိတစ်ဆုံးကြည့်လိုက်ပြီး ခေါင်းကိုအသာခါရမ်းလိုက်သည်။
ဖန်ဖြင့်ပြုလုပ်ထားတဲ့ အလုပ်စားပွဲ မျက်နှာပြင်ပေါ်မှာ ထင်ဟပ်သွားသော အပြုံးစတချို့.....။

___________  ____________

ဝမ်ရိပေါ် အလုပ်ပြီးတော့ ကားပါကင်သို့ဆင်းလာခဲ့သည်။

ဒီနေ့မှာ ဂျက်က အလုပ်စောဆင်းသွားတာကြောင့် အိမ်ကိုသူကိုယ်တိုင်ကားမောင်းပြီး ပြန်လာဖို့လုပ်ရခြင်းဖြစ်​၏။ သူ့ကားရှိရာသို့လျှောက်လာပြီး ကားအတွင်းသို့ဝင်ကာ ကားစက်ကိုစနှိုးတော့သည်။ ဘေးခုံတွင်တော့ တစ်စုံတစ်ခုကို တင်ထားလိုက်သည်။ သူ့ရဲ့ကားဘီးလေးစလှိမ့်လာသည်နှင့် ကားပါကင်​၏ အဝတစ်နေရာသို့ရောက်တော့ သူ့မျက်လုံးထဲကို မြင်ကွင်းတစ်ခုက မမြင်ချင်ပါလျက် ညိလာခဲ့သည်။
သူ့ကားသွားရာ မျက်နှာချင်းဆိုင်ထားတဲ့နေရာမှာ လူနှစ်ယောက် သည်းကြီး မည်းကြီး နမ်းရှိုက်နေတဲ့မြင်ကွင်းကထင်ထင်ရှားရှား။ နမ်းရှိုက်နေတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က သူနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတာကြောင့် ဘယ်သူလဲဆိုတာ ကွက်ကွက်ကွင်းကွင်းကို မြင်ရသည်။ သို့သော် မည်သူနှင့်နမ်းရှိုက်နေတာကိုတော့ မသိရ ။

နဂိုကတည်းက အပေါ်ကြယ်သီး သုံးလုံးကို အမြဲဖြုတ်ဝတ်လေ့ရှိတဲ့သူက အခုတော့ ကားပါကင်မီးရောင်အောက်မှာ ပုခုံးသားတွေတောင် တစ်စွန်းတစ်စမြင်နေရသည်။ ဖြစ်နေလိုက်တာ....ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီးကိုတောင် မေ့လျော့နေတဲ့ပုံ။
ဝမ်ရိပေါ် ထိုမြင်ကွင်းကို မြင်လိုက်ရပြီးတော့ သူ​၏ ကားကို အလွန်မြန်သော အရှိန်နှုန်းဖြင့် မောင်းထွက်လာသည်။ စိတ်ထဲမှာ အနည်းငယ် မွန်းကြပ်နေတာကြောင့် လည်ပင်းက နက်ခ်တိုင်ကို ဖြေလျော့လိုက်ကာ ကားမှန်များကိုပါအောက်ဆုံးထိချပြီး ပြင်ပလေများကို ဝင်စေလိုက်သည်။ မြန်လွန်းတဲ့ ကားအရှိန်ကြောင့် ဝင်လာတဲ့ လေညင်းတို့ကလည်း ပို၍ပြင်းထန်နေကာ သူ့ရဲ့စိတ်ကို ခလုတ်တိုက်နေသည့်ပုံ.....။
ဝမ်ရိပေါ် မျက်ခုံးများကိုတွန့်ချိုး၍ သူ့ဘေးကခုံမှာ တင်ထားတဲ့ အရာလေးကို ယူပြီး ကားပြတင်းကနေတစ်ခါတည်းပစ်ထုတ်လိုက်သည်။

လမ်းမကြီးထက်မှာ ရွေ့လျားနေကြတဲ့ ကားရောင်စုံများ​၏ ဘီးများအောက်တွင် လေနှင့်အတူမျှောပါနေတဲ့.....

စက္ကူအိတ်လှလှလေးရယ်....ထိုအထဲက လွင့်ထွက်လာတဲ့ အင်္ကျီအဖြူလေးရယ်က သပ်သပ်ဆီသာ.....။