ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၇)Unicode

ပေကျင်းလမ်းမထက်မှာ ကားရောင်စုံတွေ များစွာထဲမှ ကားလေးတစ်စီးလည်း မနှေးမမြန်နှုန်းလေးနဲ့ရွေ့လျားလို့နေသည်။

ကားပေါ်တွင် အင်္ကျီပေါ်မှာ ဝိုင်တွေ စွန်းထင်းသွားတဲ့ လူရယ်....lover seat မှာ ထိုင်ပြီးစီးနင်းလာတဲ့ သူရယ်။ နှစ်ယောက်စလုံးက တူညီမှုတစ်ခုတော့ ရှိတယ်။ ဝိုင်စွန်းသွားတဲ့ အင်္ကျီ နှင့်ထပ်တူညီတဲ့ brand ရောင်းတဲ့ ဆိုင်တွေကို ဖြတ်ကျော်လာခဲ့ပေမယ့် လျစ်လျူရှုခဲ့ကြတယ်။

"ရောက်ပြီ မောင်....အရှေ့က ဝန်းထဲမှာရပ်လိုက်...."

သူတို့ထွက်လာတဲ့ စားသောက်ဆိုင်ကနေ မိနစ်သုံးဆယ်စာလောက် မောင်းလာခဲ့ပြီးနောက် ရှောင်းကျန့်နေထိုင်ရာ condo ရှေ့သို့ရောက်လာသည်။ ဝမ်ရိပေါ်လည်း ကားကို ကားပါကင်တွင် ရပ်ထားပြီးနောက် ရှောင်းကျန့် ဦးဆောင်ရာသို့လိုက်လာခဲ့သည်။

ဓာတ်လှေကားထဲသို့ရောက်လာတဲ့ အခါ ရှောင်းကျန့်က နံပါတ် ၃၀ ကိုနှိပ်လိုက်သည်။ သူနေထိုင်ရာ condo ​၏ အပေါ်ဆုံးအထပ်။

"တင်းတောင်...."

ဓာတ်လှေကား တံခါးပွင့်သွားတဲ့ အခါ နှစ်ယောက်သား အပြင်သို့ထွက်လာသည်။ ညာဘက်ချိုးလိုက်တဲ့အခါမှာတော့ ရှောင်းကျန့်​၏ အခန်းရှေ့သို့ရောက်လာခဲ့သည်။ အခန်းရှေ့မှာ ရှောင်းကျန့် နံပါတ် တစ်စုံတစ်ရာကို နှိပ်လို့နေပြီး နံပါတ်လေးတွေ အားလုံးနှိပ်ပြီးသွားတာနဲ့ ပွင့်သွားတဲ့တံခါးလေး။ အိမ်ထဲမဝင်ခင် ရှောင်းကျန့် ဝမ်ရိပေါ် ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကိုယ့် တိုက်ခန်းရဲ့ password လေးမှတ်ထားလိုက်....လာချင်ရင် အချိန်မရွေးလာလို့ရတာပေါ့....520805....."

မည်သည့်တုံ့ပြန်မှုမှ မပေးဘဲနဲ့ ဝမ်ရိပေါ် ​ရှောင်းကျန့်​၏ တိုက်ခန်းအတွင်းသို့ ဝင်လာလိုက်သည်။ အပေါ်ဆုံးတိုက်ခန်းဖြစ်တာကြောင့် အနီရောင် ခန်းစီးစတွေတွေ လွတ်နေတဲ့ ပြတင်းမှန်တွေကနေ မြို့ထဲက အလှအပတွေကို ခြုံငုံပြီးမြင်ရသည်။

ဝမ်ရိပေါ် ပတ်ဝန်းကျင်က အလှတွေကို ခံစားနေရင်း ဧည့်ခန်းမအတွင်း လှည့်လိုက်တဲ့အခါ အပေါ်အင်္ကျီကို ဘာမှမဖြစ်သလိုချွတ်ပြီး အိပ်ခန်းဘက်ထဲဝင်သွားတဲ့ ရှောင်းကျန့်ကြောင့် နားရွက်ဖျားတို့က မစေခိုင်းပါပဲ သွေးရောင်လွှမ်းနီသွားရသည်။ ရှောင်းကျန့်က အိပ်ခန်းထဲ မဝင်ခင် မထိတထိ ပြောသွားသေးတယ်.....

"ဟက်....ယောကျာ်းလေးအချင်းချင်းပဲ....ဘာဖြစ်လို့လဲမောင်....ခဏစောင့်နေနော် မောင့်အတွက် အင်္ကျီယူလာပေးမယ်....."

သူဒီလူရဲ့ ဒီလိုအပြောတွေကို မခံနိုင်တာ။ ပြန်ချေပပြီးပြောဖို့ကြတော့ သူ့ကိုယ်သူပြန်ပြီးမေးခွန်းထုတ်နေမိလိုက်တယ်။ သူကရော ဘာလို့ ဒီလူရဲ့ အိမ်ဧည့်ခန်းထဲ အထိတောင်ရောက်လို့နေရတာလဲ။

ရှောင်းကျန့် အိပ်ခန်းထဲကိုရောက်ပြီးနောက် တံခါးကို အလုံချက်ချလိုက်သည်။ ထို့နောက် အဝတ်အစား ဗီဒိုရှိရာသို့လျှောက်သွားလိုက်ပြီး အတွင်းမှ အင်္ကျီများကို ဝေ့ဝိုက်ပြီးကြည့်လိုက်သည်။ တော်တော်ကြာရှာဖွေပြီးမှ ဝမ်ရိပေါ်​၏ ကိုယ်ပေါ်မှာ အနည်းငယ်ကြည့်ကောင်းဟန်ဖြစ်စေမယ့် အင်္ကျီတစ်ထည်ကို ဆွဲယူလိုက်သည်။အင်္ကျီလေးက သူဝတ်နေကြအတိုင်း အနီရောင်လေးပေမယ့် ဒါလေးကတော့ လည်ပင်း ကြယ်သီးတွေအပြည့်တော့ပါသည်။
အစကတော့ ရှောင်းကျန့် အနေနဲ့ အင်္ကျီလေးကိုယူပြီး ဒီတိုင်းလေးပဲအခန်းထဲက ထွက်သွားမည်သာ။ သို့သော်တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်ပြီးမှ အတွေးတစ်ခုပေါက်သွား၍ သူ​၏ ရေမွှေးများစုစည်းထားတဲ့ စင်ကြီးဆီသို့လျှောက်သွားလိုက်သည်။

ထို့နောက် သူအမြဲတမ်းသုံးနေကြ နှင်းဆီနီ အဆီအနှစ်နှင့်ပြုလုပ်ထားတဲ့ ရေမွှေးပြင်းရှရှပုလင်းကို ယူကာ သူကိုင်ဆောင်ထားတဲ့ အင်္ကျီပေါ်မှာ နှစ်ချက်သုံးချက် စွတ်ဖြန်းလိုက်သည်။ အခုဆို အင်္ကျီလေးက သူ့ရဲ့ ကိုယ်သင်းရနံ့အတိုင်း တစ်ထေရာတည်းသာ။ ရှောင်းကျန့် ဘာရယ်မဟုတ်ကျေနပ်စွာပြုံးမိလိုက်သည်။
"ဆောရီးမောင်.....စောင့်လိုက်ရတာ ကြာသွားပြီလား....."

"ရပါတယ်...."

"ရော့....ဒီဟာလေးဝတ်ထားလိုက်....."

ဝမ်ရိပေါ် ရှောင်းကျန့်ကမ်းပေးလာတဲ့ အင်္ကျီလေးကို လှမ်းယူလိုက်သည်။

"မောင် ဝတ်ထားတာလေး ချွတ်လိုက် ကိုယ်တစ်ခုခု ကြံဖန်ပေးမယ် အစွန်းချွတ်ဆေးလေးဘာလေးတွေရှိမလားတော့မသိဘူး....."

​ရှောင်းကျန့်စကားပြောနေတာတောင်မဆုံးသေး ဝမ်ရိပေါ် သူ​၏ကိုယ်ပေါ်မှ အင်္ကျီကို ချွတ်လိုက်တာဖြစ်၍ ရှောင်းကျန့် မျက်နှာကို မသိမသာ လွှဲမိသည်။ ထိုအခြင်းအရာကို ဝမ်ရိပေါ် ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ကာ.....
"ခင်ဗျားပြောသလို ယောကျာ်းလေး အချင်းချင်းပဲလေ.....မျက်နှာလွှဲသွားစရာမလိုဘူးမလား....."

​သူ​၏ အပြောကြောင့် ရှောင်းကျန့် ဆိုတဲ့လူ အံကြိတ်လိုက်သည်ကို အမိဖမ်းလိုက်နိုင်တာမလို့ကျေနပ်မိလိုက်သည်။ ဒီလူ သူပြန်ထိတော့ တော်တော်ဆတ်ဆတ်ထိမခံ ဖြစ်တတ်တာပင်။

"မောင်.....ဘာသောက်မလဲ ကိုယ့်မှာတော့ ဝိုင်ပဲရှိတယ်....."

ရှောင်းကျန့် စကားလမ်းကြောင်းလွှဲလိုက်ကာ စားသောက်ခန်းထဲက ဝိုင်ပုလင်းတစ်ခုနှင့် ခွက်လေးနှစ်ခုကို ယူလာခဲ့သည်။
ထို့နောက် ဝမ်ရိပေါ်​၏ ဝိုင်စွန်းနေတဲ့အင်္ကျီလေးကိုကိုင်ကာ အဝတ်လျော်စက်ရှိရာသို့လျှောက်သွားပြီး  ဆပ်ပြာမှုန့်တွေရော၍ထည့်လျှော်လိုက်သည်။ ဘေးနားကထောင်ထားတဲ့ အစွန်းချွတ်ဆေးပုလင်းလေးကိုတော့ အမှိုက်ပုံးထဲ အသာအယာထည့်လိုက်သည်။

စွန်းထေးနေတဲ့ အင်္ကျီအဖြူတစ်ထည်ကို ရိုးရိုးဆပ်ပြာမှုန့်နဲ့ပဲ ရောလျှော်ရင် အရောင်တွေပိုပြန့်သွားတတ်မှန်း အဝတ်အစား ဒီဇိုင်နာတစ်ယောက်အနေနဲ့ ပိုသိလိမ့်မည်ထင်သည်။
ရှောင်းကျန့် ဝမ်ရိပေါ်ရှိရာသို့ပြန်လာထိုင်လိုက်ကာ....

"ကိုယ် မောင့်အင်္ကျီလေးလျှော်ထားပေးတယ်နော် ခဏလောက်စောင့်လိုက်ပါဦး.....စောင့်နေရင်း ကိုယ်တို့ အကြောင်းလေးတွေပြောကြမလား....."

ဝမ်ရိပေါ်က ပါးစပ်ကနေမပြောပေမယ့် မေးဆတ်ပြလိုက်သည်။

"မောင့်ရဲ့ ဇနီးက ချောလား....."

"သူ့ဟာနဲ့သူတော့ရှိပါတယ်....."

"အဲ့တာဆို မောင့် ဇနီးရဲ့ မျက်နှာမှာ ဘယ်အစိတ်အပိုင်းကို မောင်အကြိုက်ဆုံးလဲ....."

ရှောင်းကျန့်​၏ အမေးကို ဝမ်ရိပေါ် မဖြေနိုင်ဘဲ နှုတ်ဆိတ်နေမိသည်။ တစ်ခါမှ မည်သူ့မျက်နှာကို စေ့စေ့စပ်စပ်မကြည့်ဖူးခဲ့တဲ့လူတစ်ယောက်အဖို့ ဒီလိုမေးခွန်းမျိုးက ခက်ခဲလွန်းသည်။
"မဖြေနိုင်ဘူး.....မောင်သိလား....မောင် မောင်ရဲ့ဇနီးကို မချစ်ဘူးဆ်ိုတာ...."

"အဲ့တာ ကျွန်တော့်ကိစ္စပါ....."

"အဲ့တာဆို ကိုယ်မေးမယ်.....ကိုယ့်ရဲ့ မျက်နှာ မှာ ဘယ်အစိတ်အပိုင်းက အလှဆုံးလို့ထင်လဲ....."

ဝမ်ရိပေါ်​၏ အကြည့်များ ရှောင်းကျန့်​၏ နှုတ်ခမ်းများပေါ်သို့ ရောက်လို့သွားသည်။ ရှောင်းကျန့် က မျက်ခုံးပင့်ကာ ပြုံးလိုက်ကာမှ သူ​၏ အကြည့်များကို လွှဲလိုက်သည်။ ရှောင်းကျန့်​၏ အမူအရာက အောင်နိုင်သူတစ်ယောက်လိုသာ။
"ကိုယ်ဒီတိုင်းလေးပဲတွေးမိတာပါ....မောင်တို့လို လူ့ချမ်းသာ အသိုင်းအဝိုင်းကလူတွေမှာ အချစ်မရှိတဲ့ အိမ်ထောင်ရေးမျိုးကို သိပ်ထူထောင်ကြတယ်နော်....."

​ရှောင်းကျန့်​၏ စကားကို ဝမ်ရိပေါ် အသာနားထောင်ရင်း ဝိုင်ကိုသာဆက်သောက်လိုက်သည်။

"တကယ်လို့ပေါ့နော်မောင်....တစ်ချိန်မှာ မောင်တကယ်ချစ်ရမယ့်သူပေါ်လာတယ်ဆိုပါတော့.....အဲ့တာဆို မောင်ဘယ်လိုလုပ်မှာလဲ....."

သွေးတိုးစမ်းကာမေးလိုက်တဲ့ စကားတစ်ခွန်းကို ဝမ်ရိပေါ် ခပ်ဟဟရယ်သည်။
"အဲ့တာမျိုးတွေက ဘယ်တော့မှ မဖြစ်လာနိုင်တဲ့ အရာတွေ.....ပြီးတော့ အချစ်ဆိုတဲ့ အရာကလည်း တကယ်မရှိဘူးလို့ထင်မိတယ်...."

"ဒါကမောင် ထင်တဲ့ အရာတွေလေ.....မဖြစ်လာနိုင်ဘူးဆိုတာတွေက မောင်ထင်နေတဲ့ အရာတွေပဲလေ...တကယ်သာဖြစ်လာကြည့် မောင်တွေးချိန်တောင်ရှိလိုက်မှာမဟုတ်ဘူး...."

"ကျွန်တော့်ကို ဒီလိုတွေမေးနေတဲ့ ခင်ဗျားကရော အချစ်ဆိုတဲ့ အရာတွေကိုယုံလို့လား....."

"ကိုယ် မယုံဘူး....."

ဝမ်ရိပေါ် နားမလည်နိုင်စွာ မျက်မှောင်ကျုံ့မိသည်။ ထိုသူကိုယ်တိုင်က အချစ်ဆိုတာကို မယုံဘဲ ဘာကြောင့် သူ့ကို သွေးတိုးစမ်းတဲ့မေးခွန်းတွေလာမေးနေတယ်ဆိုတာ ကိုနားမလည်။ ဝမ်ရိပေါ် တွေးနေရင်း ရှောင်းကျန့်က ထပ်ပြောလာသည်။
"ကိုယ်က အချစ်ဆိုတဲ့အရာကို မယုံပေမယ့်.....ကိုယ်တကယ်သာချစ်တတ်လာကြည့် မရရအောင်ကိုယူမှာ....."

ရှောင်းကျန့် အဖြေကြောင့် ဝမ်ရိပေါ် မျက်ခုံးပင့်သွားရသည်။ ဒီလူဟာ မလွယ်တဲ့လူ။

"ဒါကြောင့် မောင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ ဆ်ိုတာကိုယ်သိချင်တယ်......"

"အဲ့တာတော့ ကျွန်တော်လည်း သိချင်တယ်...."

ဧည့်ခန်းထဲတွင် တိတ်ဆိတ်နေကြစဉ် အိမ်အနောက်ဘက်ဆီမှ အဝတ်လျော်စက်က အချက်ပေးလာသည်။ရှောင်းကျန့် အိမ်နောက်ဘက်ဆီသို့လျှောက်သွားပြီး အဝတ်လျော်စက် ထဲက အင်္ကျီကိုထုတ်လိုက်ကာ ထိတ်ပြာသောအမူအရာဖြင့် အိမ်ရှေ့သို့ပြေးထွက်လာသည်။
"မောင်....ဘယ်လိုလုပ်မလဲ....ကိုယ်တောင်းပန်ပါတယ်....ကိုယ်လုပ်လိုက်မှ မောင့်ရဲ့ အင်္ကျီလေးပိုပြီးစွန်းသွားပြီ....."

"ရတယ်ထားလိုက်....."

"ဒါဆိုရင် ဒီနေ့တော့ ကိုယ့်ရဲ့ အင်္ကျီကိုပဲ ဝတ်လက်စနဲ့ ဝတ်သွားလိုက်ပါနော်.....နောက်နေ့ မောင့်ကို ကိုယ် အလျော်ပြန်ပေးပါမယ်....."

"ထားလိုက်တော့ ကျွန်တော် ပြန်တော့မယ်.....အင်္ကျီငှားလိုက်တဲ့ အတွက်ကျေးဇူး....."

"အင်းပါမောင်.....ကိုယ် အင်္ကျီလေးကို ဆက်ဆက်ပြန်ပေးမှာပါ......"
​ဝမ်ရိပေါ်ကို ရှောင်းကျန့် တံခါးအဝထိ ပြန်လိုက်ပို့ပေးလိုက်သည်။

"မောင်.....မောင် အချိန်တိုင်း ဒီအိမ်လေးဆီကို လာလို့ရတယ်နော်.....မောင့်အတွက်ဆို ကိုယ်တံခါးဖွင့်ထားတယ်ဆိုတာထက် မောင်ကိုယ်တိုင်ကြိုက်တဲ့ အချိန်ဖွင့်ပြီးလာလို့ရတယ်......"

​သူ့တိုက်ခန်းရှေ့က တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ ဝမ်ရိပေါ်​၏ ကျောပြင်ကိုရှောင်းကျန့် ကြည့်ရင်း ခပ်ရေးရေးလေးတော့ ပြုံးလိုက်သည်။ သူငှားလိုက်တဲ့ အင်္ကျီလေးကနေ ကျန်ရစ်နေသေးတဲ့ နှင်းဆီနီ ရနံ့တချို့က တိုက်ခန်းအတွင်းမှာ အခုထက်ထိ စွဲထင်လို့ကျန်နေခဲ့သေးသည် မဟုတ်လား။
မောင်သိလား.....နှင်းဆီနီလေး ရနံ့ပြင်းတယ်တဲ့။

ပန်းမကြိုက်တတ်တဲ့မောင့်ကို နှင်းဆီပန်းလေးတွေချစ်တတ်လာအောင် ကိုယ်သင်ပေးဦးမယ်....။

နှင်းဆီပန်းလေးတွေထဲက အနီရောင်လေး ကိုမှ ချစ်တတ်လာအောင်လေ....။

မောင်တစ်ယောက်သာ နှင်းဆီနီလေးကို ချစ်တတ်လာကြည့် .....မောင့်ဇနီးချောလေးရယ်.....မောင့်ယောက္ခမကြီးရယ်က မောင့်အစား နှင်းဆီဆူးဒဏ် ခံပေးလိမ့်မယ်....။

တစ်ခုပဲ အားတော့နာပါရဲ့.....ကိုယ်တိုင် ဆူးမထိမိအောင်တော့ သတိထားပေါ့....မောင်ရယ်....။
___________ ____________

"ပါး....နေကောင်းလား...."

သူ့သမီးကြီး ယန်ယူမီရှိရာ ဝမ်အိမ်တော်ကြီးကို ယန်ချောင်မင် လာလည်ခြင်းဖြစ်သည်။ အမြဲတမ်းတော့ မလာတတ်ပေမယ့် တစ်လတစ်ခါလောက်တော့ ခမည်းခမက်တွေနဲ့တွေ့ရင်း သူ့သမီး​၏ အခြေအနေကိုပါ လာကြည့်ခြင်းဖြစ်သည်။

ဝမ်အိမ်တော်က လူကြီးများကလည်း အလိုက်သိစွာ သားအဖနှစ်ယောက်ပြောဆိုလို့ရအောင် ဧည့်ခန်းထဲမှာ လွတ်လွတ်လပ်လပ် နေစေသည်။

"နေကောင်းပါတယ်.....သမီးရဲ့ အမျိုးသားရော....."
"မောင် ဒီနေ့နောက်ကျနေတာ.....ခါတိုင်းဆိုဒီအချိန်ပြန်ရောက်နေပြီ....."

"သမီးတို့ရဲ့ အခြေအနေ....."

"ဒီတိုင်းပဲလေ.....ပါးလည်း မောင့် အကြောင်းသိတာပဲ....."

"သူကတော်တော်ငယ်သေးလို့ပါ သမီးကပဲ စိတ်ရှည်လိုက် ဟုတ်ပြီလား....."

"အင်းပါ.....ယူမီ တစ်ခါမှ မောင့်ကို စိတ်မငြိုငြင်ဖူးပါဘူး......"

"သမီးကြီး ပျင်းရင် ပါးတို့ဆီ လာလည်ပါလား....."

"နေပါစေတော့.....ဒီအိမ်ကြီးမှာ ယူမီ မရှိရင် မောင့်အဘွားတစ်ယောက်တည်းလေ.....မောင့်အဖေကလည်း အမြဲတမ်းလိိုလို ခရီးထွက်နေတော့....."
"ကောင်းပါပြီ.....သမီးသဘောပဲ ဟုတ်ပြီလား.....ဒါနဲ့ သမီးတို့ ညီအစ်မနှစ်ယောက်ကို ပါးမိတ်ဆက်ပေးစရာလူတစ်ယောက်ရှိတယ်......"

သူ့အဖေရဲ့ စကားအသွားအလာကို ယန်ယူမီရိပ်မိပါသည်။

"ပါးရဲ့ ကောင်လေးနဲ့လား....."

"အင်းဟုတ်တယ် သမီး.....သမီးတို့ကို ရှောင်းနဲ့တစ်ခါ လောက်မိတ်ဆက်ပေးချင်တယ်....."

"ပါးဒီတစ်ယောက်ကိုတော့ အလေးအနက်ထားတဲ့ပုံပဲနော်.....ယူမီတို့ရဲ့ မားကိုတောင် အဲ့လောက် မသဲပြဖူးဘူး....."

ယန်ချောင်မင် ခေတ္တမျှတိတ်ဆိတ်သွားပေမယ့်.....
"ရှောင်းကိုတော့ ပါးတစ်သက်စာ အတွက် အတည်လက်တွဲချင်တာ......"

"ဟိုဘက်ကရော ပါးလိုပဲသဘောရှိတာလား....."

ဒီတစ်ခါတော့ ယန်ချောင်မင်ပြန်ဖြေဖို့ နှုတ်ဆိတ်နေမိပြန်တယ်။

"ရှိအောင် လုပ်ရမှာပေါ့....."

သူ့အဖေဆီကမသေချာတဲ့ အဖြေထွက်ပေါ်လာတာကြောင့် ယန်ယူမီ သက်ပြင်းကိုချပြီး....

"ပါး....ဟိုဘက်က ပါးကို ကစားနေတာဆိုရင်ရော....."

"အဲ့တာတော့ မဟုတ်ဘူး....သူ့ပတ်ဝန်းကျင်မှာ သူကစားချင်ရင် သူနဲ့ ရွယ်တူတွေ ငယ်ရွယ်သူတွေမှ အများကြီး....ပြီးတော့ ရှောင်းက ပါးဝယ်ပေးတဲ့ ပစ္စည်းတွေကို တစ်ခုမှယူတာမဟုတ်ဘူး....."
"အင်းပါ.....ပါးသေချာရင်ပြီးတာပဲ....."

ဝမ်အိမ်တော်​၏ ဧည့်ခန်းအတွင်းသားအဖနှစ်ယောက် စကားကောင်းနေကြရင်း အိမ်ထဲသို့ဝင်လာတဲ့ ဝမ်ရိပေါ်ကို ယန်ယူမီတွေ့လိုက်တာကြောင့် ချက်ချင်းထသွားလိုက်သည်။

"မောင်.....ရောက်ပြီလား....."

တကယ်ဆို ဝမ်ရိပေါ်အပြန်လာကို ယန်ယူမီ မသိလိုက်ခင်ကတည်းက ယန်ချောင်မင်​က သတိထားမိသည်။ ခြေသံတွေကို တစ်စွန်းတစ်စ ကြားလိုက်ရ၍လားဆိုတော့ မဟုတ်။

ကျောပေးထားတဲ့သူ့ကိုတောင် ချက်ချင်းခေါင်းလှည့်လာနိုင်စေတဲ့ စူးရှရှ နှင်းဆီရနံ့ တစ်ခုက သူ့ရဲ့ အနံ့အာရုံ ထဲ မဖိတ်ခေါ်ပါလျက်တိုးဝင်လာခြင်းကြောင့်ပင်ဖြစ်သည်။
သူအလွတ်ရနေတဲ့ ရနံ့လိုမျိုး.....။