ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

နှင်းဆီနီပျိုးနည်းနှင့်ရလာဒ်

နှင်းဆီနီ ပျိုးနည်းလေး အကြောင်းပြောပြချင်တယ်....။

လှလှပပတင်စားပြီး ပြောရရင်တော့ နှလုံးသားပေါ်မှာ နှင်းဆီနီပျိုးနည်းပေါ့။

အရင်ဆုံး အနှစ်နှစ်အလလ သေချာရွေးချယ်ထားတဲ့ မျိုးစေ့လေးတွေကို အညှောင့်ထွက်လာအောင်လုပ်မယ်.....။

မျိုးစေ့လေးတွေကနေ အညှောင့်လေးပေါက်လာရင် နှလုံးသားကို လက်လေးနဲ့ သွားဖောက်ပြီး နှင်းဆီ ပျိုးပင်ပေါက်လေးတွေအတွက် နေရာ သွားလုပ်ပေးမယ်.....။

ပျိုးပင်လေးတွေက ငယ်သေးတာကြောင့် နောက်ဆုံးမှာ ဘယ်အရောင်ပွင့်မယ်မှန်းသိသေးမှာတော့ မဟုတ်ဘူး....။

ဒီလိုနဲ့ ပျိုးပင်လေးတွေကို ...ပေါင်းသင်မယ်....အရွက်လေးတွေနဲ့ ရှုပ်လာရင် ဖြတ်သင့်တာလေးတွေဖြတ်  ပိုးကောင်လေးတွေကျလာရင် မောင်းထုတ်သင့်ရင် မောင်းထုတ်ရသေးတယ်.....။

ဒါပေမယ့် ထူးခြားတာ က ရေလောင်းစရာမလိုဘူး.....နှလုံးသားပေါ်မှာ ပျိုးတဲ့ အတွက်ကြောင့်

နှလုံးသွေးနဲ့ ရှင်သန်မှာ.....။

ဒါဆို ရလာတဲ့ ပန်းလေးရဲ့ အရောင်ကို ခန့်မှန်းလို့ရနေပြီ.....။

နှလုံးသွေးနဲ့ ပျိုးတဲ့ နှင်းဆီလေးကလည်း သွေးအရောင်အတိုင်း နီစွေးစွေးလေးပါတဲ့.....။

နှင်းဆီနီလေးကတော့ သူအမြစ်တွယ်ထားတဲ့ နှလုံးသားမှာ....သူစိတ်တိုင်းကျ ရှင်သန်မယ်....ရသမျှ အသွေးအသားတွေကို ကျေနပ်တဲ့ထိ ဆုပ်ယူမယ်.....။

နှလုံးသားပိုင်ရှင်က သူ့နှလုံးသားထဲမှာ နှင်းဆီနီလေးပွင့်နေတာ ဘယ်တော့မှ သိလဲ.....။

နှင်းဆီရိုးတံက ဆူးတွေ နှလုံးသားအပြင်ဘက်ထိ စူးစိုက်ထွက်လာမှပဲသိတယ်.....။

သူသိလိုက်တဲ့ အချိန်မှာ နှင်းဆီနီ လေးကိုဆွဲနှုတ်

ဖို့တွေးလိုက်ပေမယ့်.....နှလုံးသား တစ်ခုလုံးမှာ

အမြစ်တွေတွယ်နေတော့......။

ပိုဆိုးတာက နှင်းဆီနီလေး ရွေးလိုက်တဲ့ နှလုံးသားက ဘယ်ပန်း ဘယ်အပင်မှ မပျိုးဘူးသေးတဲ့ အသစ်စက်စက် နှလုံးသား မြေရိုင်းလေး ဖြစ်နေခဲ့တယ်.....။

အို....နှင်းဆီနီ လေးဟာ သိပ်တော်တယ်.....

.

.

.

.

.

လို့ လူတွေတွေးကောင်း တွေးနေမိလိမ့်မယ်....။

အဲ့လိုတွေးမိရင်တော့ အမှားကြီးမှားခဲ့ပြီထင်တယ်....။

အားလုံးမေ့နေခဲ့တာ တစ်ခုရှိတယ်....။

နှင်းဆီနီလေး ဘာကြောင့် ရှင်သန်နေလဲ.....နှလုံးသွေးတွေကြောင့် ရှင်သန်နေတယ် ဆိုတဲ့ အချက်လေးကို အားလုံးမေ့သွားခဲ့တယ်.....။
နှလုံးသွေးကြောတွေက နှင်းဆီနီလေးရဲ့ အဓိက ရေသောက်မြစ်ဖြစ်တယ် ဆိုတဲ့ အချက်လေးကို သတိပြန်ရလိုက်တဲ့ အခါ ဘယ်အခြေအနေထိ ရောက်နေပြီလဲ ဆိုတာ ရိပ်မိလာတယ်.....။

အပြန်အလှန် တစ်ဖက်နဲ့ တစ်ဖက်လိုအပ်နေတဲ့ အနေအထားမှာ နှင်းဆီနီလေးလဲ သူအမြစ်တွယ်နေတဲ့ နှလုံးသားပိုင်ရှင်ဆီကနေ ရုန်းထွက်လို့ မရနိုင်တော့ပါဘူး....။

ဘယ်လိုလဲ နှင်းဆီနီလေး....ကိုယ်တိုင်ပျိုးတဲ့ ရလာဒ်ကို ကျေနပ်ရဲ့လား ။

ဟုတ်တာပေါ့.....သင်ကိုယ်တိုင်ပါ ညိတွယ်မိသွားမယ်လို့ ဘယ်ထင်ခဲ့ပါမလဲ....။
________ __________

AN: ဘယ်သူ့ဘက်က အရင်ဆုံး ခံစားချက်တွေရှိခဲ့တာလဲတော့ မသိပေမယ့် ပိုရင့်ကျက်တဲ့သူက အရင်သိသွားတယ်လို့ ထင်မိပါတယ်။

စာရေးသူ​၏ အထင်အမြင်သပ်သပ်သာ......။

လွတ်လပ်စွာ ကွဲလွဲနိုင်ခွင့်ရှိပါတယ် ❤️❤️