ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂၀)နှစ်ပတ်လည် Unicode

ဒီနေ့က နှစ်ပတ်လည်နေ့တဲ့။

ဝမ်ရိပေါ် နဲ့ ယန်ယူမီ​၏ လေးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့....။

တစ်နည်းအားဖြင့်.....

ရှောင်းကျန့်​၏ အစ်ကို လီချန်း​ ဆုံးသွားတာလေးနှစ်ပည့်တဲ့နေ့။

ဘယ်အရာမဆို တစ်နှစ်ကို ပြန်လည်လာရင် နှစ်ပတ်လည်လို့ သတ်မှတ်လိုက်ခြင်းသာ။

ဒါ့ကြောင့် နှစ်ပတ်လည် ဆိုတိုင်းပျော်စရာတွေနဲ့ပဲ ပြည့်နှက်နေတာတော့မဟုတ်။

ပျော်ရွှင်မှုတွေ တစ်ပတ်ပြန်လည်လာသလို ကျက်သွားတဲ့အနာတွေက ပိုရင်းပြီး တဆစ်ဆစ်ပြန်ကိုက်ခဲလာတတ်သည်။

_________ ____________

ဝမ်ရိပေါ် သူ​၏ ရုံးခန်းထဲမှာ ထိုင်နေရင်း လက်ထဲက ခွင့်တိုင်စာကို ကြည့်နေမိသည်။ အလုပ်ချိန်ကို တစ်မိနစ်တောင် နောက်မကျတတ်တဲ့ သူက မနေ့ကတည်းက သုံးရက်စာ ခွင့်တိုင်သွားတာကြောင့် စိတ်ထဲ တစ်မျိုးတော့ ဖြစ်ရသည်။ ဒီလိုခံစားမှုကို စိတ်ပူခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ် ထင်သည်။ အဲ့တာဆိုလည်း သူစိတ်ပူနေတယ်ပဲ ထားပါတော့။ သွေးမတော် သားမစပ် သူစိမ်းတစ်ယောက်ကိုပေါ့။ သွေးမတော်သားမစပ်ပေမယ့် သူတို့နှုတ်ခမ်းတွေကတော့ အကြိမ်ကြိမ်ပတ်သက်ဖူးတယ်မဟုတ်လား။

ဒီနေ့သူ့ရဲ့ အလုပ်တွေကိုစောစော အစသတ်ရမှာ။

သူ့မင်္ဂလာဦးလေးနှစ်ပြည့် နှစ်ပတ်လည် ဖြစ်တော့ သူ့ရဲ့ အဘွားက စားသောက်ဆိုင်တစ်ခုမှာ ပြင်ဆင်ထားပေးသည်။ဒီလို အရာတွေကို သူစိတ်ရှုပ်ပေမယ့် သူ့အဘွားကိုယ်တိုင်လုပ်ပေးထားတော့ ငြင်းတော့ မငြင်းချင်။

ဝမ်ရိပေါ် သူ့အိမ်ကိုရောက်လာတော့ ရေမိုးချိုးပြင်ဆင်ပြီး ဧည့်ခန်းထဲမှာ ယန်ယူမီကို ထိုင်စောင့်နေသည်။ ယန်ယူမီကတော့ ဒီနေ့အတွက် အစွမ်းကုန် ပြင်ဆင်နေ​၏။ကိုယ်လုံးပေါ် အနီရောင် dress ကိုညှို့အားပြင်းပြင်း အပြင်အဆင်များနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ သာမန်ထက်နီရဲစွာ ခြယ်ထားတဲ့ နှုတ်ခမ်း တစ်စုံကလည်း ရဲရဲတောက်နေလျက်။

ဒီနေ့မှာ သူမောင့်ကို ချည်မယ့် နှောင်ကြိုးတစ်ချောင်းကို ရအောင်ယူမည်ဖြစ်သည်။ သူ့ကို ဝမ်ဘွားဘွားကပြောထားတယ်....အိမ်ထောင်ဦးစီးတွေမရုန်းနိုင်တဲ့ နှောင်ကြိုးက ရင်သွေးရတနာတဲ့။ ကိုယ့်ရဲ့ ရင်သွေးကို မွေးထားပေးတဲ့ မိန်းမဆိုရင် ဘယ်ယောကျာ်းမှ ပစ်ပယ်မသွားနိုင်ဘူးတဲ့။

ဒါကြောင့်လည်း သူဒီနေ့ မောင့်ကို တစ်ဘဝစာ ပိုင်ဆိုင်ရဖို့ အစွမ်းကုန်ပြင်နေရတာဖြစ်သည်။ဝမ်ဘွားဘွားကလည်း သူ့တို့နှစ်ယောက်အတွက် ဟိုတယ်တစ်ခုက စားသောက်ဆိုင် တစ်ခုမှာစီစဉ်ပေးထားသည်။ ပြီးတော့ ဒီနေ့အဖို့ သူ့ရဲ့ပန်းတိုင်ဖြစ်တဲ့ ဟိုတယ်က VIP အခန်းကြီးတစ်ခု။
တစ်ကိုယ်လုံးရဲပတောင်းခတ်နေတဲ့ အပြင်အဆင်တွေနှင့် ယန်ယူမီ အခန်းပြင်သို့ထွက်လာသည်။

"မောင်....ယူမီ ပြီးပြီ.....စောင့်နေရတာ အရမ်းကြာသွားလား...."

ဝမ်ရိပေါ် လက်ထဲက ဖုန်းကိုတကြည့်ကြည့်လုပ်နေရင်းမှ ယန်ယူမီရဲ့ အသံကြောင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ.....

"အင်း....ပြီးရင် သွားမယ်....."

ဝမ်ရိပေါ်​၏ တုံ့ပြန်မှုကြောင့် ယန်ယူမီ အနည်းငယ်တော့ မကျေနပ်ဖြစ်မိသည်။ သူဝတ်စားပြင်ဆင်ထားတာ မောင့်အတွက်ပဲ မဟုတ်လား။ အခုတော့ မောင်က ခေါင်းဆတ်ပြတာကလွဲလို့ တစ်ချက်တောင်ငဲ့မကြည့်။ ရတယ်မောင်....ယူမီ့မှာ မောင့်ရဲ့ စိတ်ကို ဖမ်းစားဖို့ တစ်ညလုံးအချိန်ရှိတယ်။မိန်းမမာယာဆိုတာ မောင်တို့လို ပုထုစဉ်တွေမပြောနဲ့ သူတော်စင်တွေတောင် ဈာန်လျောရတတ်တယ်တဲ့​....မောင်။
ယန်ယူမီက မိန်းမသားဖြစ်တာကြောင့် ဦးစားပေးသသည့်အနေဖြင့် ဝမ်ရိပေါ် ကားတံခါးကို ဖွင့်ပေးလိုက်သည်။ အခုမှ ယန်ယူမီရဲ့ အပြင်အဆင်ကို ဝမ်ရိပေါ် သတိထားမိကာ ငေးကနဲ...။ သူ့မျက်လုံးတွေကို ဖမ်းစားသွားတာက အနီရောင် ဆိုတဲ့အရာပင်ဖြစ်ပြီး တစ်ဆက်တည်းမှာ အနီရောင်ပဲ ဝတ်တတ်တဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်တချို့က အတွေးထဲ ဖြတ်ပြေးသွားရသည်။

ဝမ်ရိပေါ် စိုက်ကြည့်နေတာ အတော်ကြာတာကြောင့် ယန်ယူမီက သဘောတကျပြုံးမိကာ အနည်းငယ်ကျေနပ်သွားမိတယ်။ ထို့နောက် ပျားရည်လောင်းထားသောအသံဖြင့်.....
"ဘာလို့လဲမောင်.....ယူမီ ဝတ်ထားတာ အဆင်မပြေလို့လား....."

"ပြေပါတယ်...."

"မောင်က အရမ်းစိုက်ကြည့်နေလို့ ယူမီ ဝတ်ထားတာ အဆင်မပြေလို့လားပေါ့...."

"ဆောရီး....."

"မောင်ရယ်.....ကိုယ့်ဇနီးကို ကိုယ်ကြည့်တာပဲ တောင်းပန်နေစရာမလိုပါဘူး.....ယူမီက မောင့်ရဲ့ အပိုင်လေ.....အဲ့တော့ မောင့်မှာ စိတ်ကြိုက်ခြယ်လှယ်ပိုင်ခွင့်ရှိတယ်.....ဟုတ်ပြီလား...."

ယန်ယူမီက ကားအရှေ့ခန်းက အတွင်းရေးမှူး ဂျက်ကိုတောင် အာရုံမထားဘဲ ရဲရဲတင်းတင်းစကားတွေဆိုလာသည်။ ထို့နောက် သူ​၏ ကိုယ်ကို ဝမ်ရိပေါ် အနီးသို့ တဖြည်းဖြည်းနီးကပ်လာကာ ဝမ်ရိပေါ် ​၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်လျှင်ပဲ ဝမ်ရိပေါ်က သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူပြီးကြည့်လိုက်တာကြောင့် ရှေ့တိုးမယ့် လက်ကို ရုတ်သိမ်းလိုက်သည်။ ရပါတယ် မောင်.....ဖြည်းဖြည်းပေါ့။
အခုတော့ ယန်ယူမီနဲ့ ဝမ်ရိပေါ် အခမ်းနားဆုံးဟိုတယ်ရဲ့ အောက်ဆုံးထပ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုထဲသို့လျှောက်လှမ်းလာသည်။ စားသောက်ဆိုင်ထဲက အမျိုးသမီးတွေရဲ့ အကြည့်တွေက ဝမ်ရိပေါ်  အပေါ်မှာ ကျရောက်နေသည်ဆိုရင် အမျိုးသားတချို့ရဲ့ မျက်လုံးတွေက ယန်ယူမီရဲ့ အပေါ်တွင် ကျရောက်နေသည်။ ဝမ်လုပ်ငန်းစုက ဆက်ခံသူနဲ့ ယန်အိမ်တော်က သမီးကြီးတို့ အတူတူတွဲဝင်လာကြောင့် အားကျကြသည့် မျက်ဝန်းများမဟုတ်လား။
သူတို့ အတွက် booking လုပ်ထားတဲ့ စားပွဲရောက်တော့ ထိုင်လိုက်သည်နှင့် အစားအသောက်များက ရောက်နှင့်ပြီးသားလည်းဖြစ်ပေသည်။ VIP တွေအတွက် သီးသန့်စားပွဲဝိုင်းဖြစ်လို့ ဝန်ဆောင်မှုကလည်း အထူးပြောစရာမလို။ ယန်ယူမီက လည်ဟိုက်နေသော ဝတ်စုံကို လက်တစ်ဖက်နဲ့ အသာထိန်းရင်း ဝမ်ရိပေါ်​၏ ဖန်ခွက်ထဲသို့ ဝိုင်အချို့ငှဲ့ပေးလိုက်သည်။

"မောင့်အတွက်....."

"ကျေးဇူး....."

ဝမ်ရိပေါ်က ယန်ယူမီ ငှဲ့ပေးတဲ့ ဝိုင်တစ်ခွက်ကို အသိမှတ်ပြုသောက်လိုက်ရင်း ခရင်းနှင့် အသားတချို့ကို ယူကာအနည်းငယ်စားလို့နေသည်။ ယန်ယူမီကတော့ ဝမ်ရိပေါ်ကို အရိပ်တကြည့်ကြည့်နှင့်သာ။ လည်ဟိုက်ဝတ်ထားတာကြောင့် စားသောက်ဆိုင်က အအေးရှိန်နှင့် အပေါ်ပိုင်းအနည်းငယ် ချမ်းလို့နေသည်။ ဒီအချိန်မှာ သူမျှော်လင့်နေတာ မောင့်ရဲ့ အပေါ် ကုတ်အင်္ကျီလေးသာ။ ယန်ယူမီ သူ​၏ လက်မောင်းနှစ်ဖက်ကို ချမ်းနေသည့်ပုံ ဖြင့် အနည်းငယ် ကျုံ့ထားလိုက်သည်။
"မောင်.....ယူမီ နည်းနည်း ချမ်းလာပြီ...."

"အင်း....စားပွဲထိုးတစ်ယောက်ကိုခေါ်ပြီး aircon လျော့ခိုင်းလိုက်......"

ဝိုင်သောက်လက်စမပြတ်ဘဲ ပြန်ဖြေလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ယန်ယူမီ သူ့ရဲ့ လက်သည်းများနှင့် စားပွဲခုံကို အကြောင်းမဲ့ ကုပ်ခြစ်လို့နေသည်။ သူမေ့သွားတယ်....စားသောက်ဆိုင်အခန်းထဲက အအေးဓာတ်ထက် သူနဲ့မောင့်ရဲ့ ဆက်ဆံရေးက ပိုအေးစက်တယ် မဟုတ်လား။

ဝမ်ရိပေါ်က စားလက်စကို အစသတ်ပြီး နေရာမှထလိုက်သည်။
"မောင်.....ဘယ်သွားမလို့လဲ....."

"သန့်စင်ခန်း ခဏ...."

"ပြီးရင် ယူမီတို့အတွက် သီးသန့်လုပ်ထားတဲ့ အစီအစဉ်လေး လာလိမ့်မယ် မောင်....ယူမီစောင့်နေမယ်နော်....."

ဝမ်ရိပေါ် ခေါင်းတစ်ချက်ညိမ့်ပြပြီး သန့်စင်ခန်းဘက်သို့ထွက်လာသည်။ လက်ထဲမှာတော့ ဖုန်းကို ယူလာဖို့မမေ့ခဲ့ပါ။ သန့်စင်ခန်းထဲသို့ရောက်သည်နှင့် သူတစ်စုံတစ်ယောက်ကို စာပို့လိုက်သည်။ အရင်ဆိုချက်ချင်း မထိတထိစာသားတွေနဲ့ ချက်ချင်းပြန်စာ လာတတ်ပေမယ့် အခုတော့ ဆယ့်ငါးမိနစ်တိုင်အောင် ဘာမှ မထူးခြားလာသေး။ ဝမ်ရိပေါ် နောက်ထပ် စာတစ်ကြောင်းထပ်ပို့လိုက်သည်။
"ရှောင်းကျန့် ခင်ဗျားအဆင်ပြေရဲ့လား...."

သန့်စင်ခန်းမှန်ရှေ့မှာ ဝမ်ရိပေါ် အတော်ကြာအောင် ရပ်နေမိသည်။ အတန်ကြာအောင် ပြန်စာ မလာတာကြောင့် ဖုန်းခေါ်ဖို့ပြင်လိုက်စဉ် သူ့ထက်အရင်ဝင်လာတဲ့ အဝင် call ကြောင့် ချက်ချင်းဖြေလိုက်သည်။

"ရှောင်းကျန့် ခင်ဗျား....ဘာလို့...."

အခုမှ ဖုန်းပြန်ခေါ် တာမလို့ ဝမ်ရိပေါ် ဒေါသအနည်းငယ်စွတ်တဲ့ အသံနဲ့ပြောဖို့လုပ်လိုက်ပေမယ့် တစ်ဖက်က ပြန်ကြားတဲ့ အသံကြောင့် ရင်ထိတ်သွားရကာ.....
"ရှောင်းကျန့် ခင်ဗျား အဆင်ပြေရဲ့လား....."

"မောင်~ကိုယ် အရမ်းကြောက်တယ်....."

ရှောင်းကျန့်ရဲ့အသံက တုန်ရီပြီး ရှိုက်သံတွေ ရောထွေးလို့နေသည်။

"ရှောင်းကျန့်.....ခင်ဗျား အခုဘယ်မှာလဲ...."

ဖုန်းထဲမှ ရေကျသံတွေနဲ့ ရှိုက်သံတွေပဲကြားနေရတာကြောင့် ဝမ်ရိပေါ် အနည်းငယ်ပြာသွားရသည်။

"ရှောင်းကျန့်.....ခင်ဗျား အခုဘယ်မှာလဲလို့....."

စိတ်ပူခြင်းနဲ့ ဒေါသထွက်ခြင်းက တပြိုင်တည်း ဖြစ်ပေါ်တတ်လားဆိုတာ မသေချာပေမယ့် စိတ်ပူခြင်းကြောင့် လှမ်းမေးလိုက်တဲ့ အသံက သာမန်ထက်တော့ ကျယ်လို့နေသည်။
"ကိုယ်က အိမ်မှာပါ~မောင်..."

ရုတ်တရက်ကြီး ဖုန်းကျသွားတာကြောင့် ဝမ်ရိပေါ် တစ်စက္ကန့်တောင် စောင့်ဆိုင်းမနေတော့ဘဲ သန့်စင်ခန်းထဲမှ ပြေးထွက်လာသည်။ ထို့နောက် သူ့အတွင်းရေးမှူး ဂျက်ကို ဖုန်းခေါ်လိုက်ကာ သူလက်ရှိရောက်နေရာ ဟိုတယ်စားသောက်ဆိုင်အရှေ့မှာ ကားကို လာထားခိုင်းလိုက်သည်​။ ကားရောက်လာသည်နှင့် သူကိုယ်တိုင် နေရာတစ်ခုဆီသို့ သတ်မှတ်နှုန်းထက်ပိုကာ တရှိန်ထိုးမောင်းထွက်လာခဲ့သည်။
ဝမ်ရိပေါ် ကားမောင်းလာရင်း ဖုန်းကိုတောက်လျှောက်ခေါ်ခဲ့ပေမယ့် တစ်ဖက်က ပြန်လည်ဖြေဆိုခြင်းမရှိပေ။ သူကတခြားတစ်ဖက်ကို စိတ်အပူကြီး ပူနေတဲ့ အချိန်မှာ တစ်ခါတစ်ရံ ခြားဖြတ်ဝင်လာတဲ့ ယန်ယူမီ ရဲ့ အဝင် call တွေကြောင့် ဒေါသထွက်မိသည်။

"ဆောရီး.....အရေးကြီး ကိစ္စတစ်ခုပေါ်လာလို့.....ထပ်မဆက်နဲ့တော့....."

ဝမ်ရိပေါ်​၏ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တဲ့ ခပ်ဆတ်ဆတ်အသံက နောက်တစ်ကြိမ်ခေါ်ဆိုဖို့ကြိုးစားနေတဲ့ ယန်ယူမီ​၏ လက်များကို ယတိပြတ်ရပ်တန့်သွားစေသည်။
ဒေါသလား ဝမ်နည်းမှုကြောင့်လားဝေခွဲမရနိုင်စွာ ယန်ယူမီ​၏ လက်များတဆတ်ဆတ်တုန်ပြီး လူတွေကြည့်နေသည့်ကြားက မျက်ရည်များကျလို့နေသည်။ လူတွေဘာကြောင့် ကြည့်နေလဲ.....လူသိရှင်ကြား မင်္ဂလာပွဲလုပ်ထားတဲ့ ယန်အိမ်တော်က သမီးကြီးက ခင်ပွန်းမရှိဘဲ တစ်ယောက်တည်း နှစ်ပတ်လည်နေ့ကို ဖြတ်သန်းနေရတယ်ဆိုတာကို စိတ်ဝင်စားကြလို့ပင်။

ဘယ်လောက်တောင်များ အရေးကြီးနေရတာလဲ မောင်။ ယူမီတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် မှာတောင် တစ်ခွန်းမှမပြောဘဲ ထထွက်သွားရအောင် ဘယ်လောက်များအရေးကြီးနေလို့လဲ။ ယူမီသာ ဖုန်းမခေါ်ခဲ့ရင် မောင်ထွက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ယူမီတို့ ထိုင်တဲ့စားပွဲဆီကို သယ်ယူခံလာရတဲ့ မင်္ဂလာ ကိတ်မုန့်ကို ယူမီတစ်ယောက်တည်းကြည့်ပြီး ဘာလုပ်နေရမှာလဲ။ ချစ်လို့ယူထားတာ မဟုတ်ပေမယ့် အလေးတော့ထားသင့်တယ်မလား မောင်။
တစ်ခုတော့ထူးဆန်းတယ်.....အရာရာမှာ အေးစက်စက်နိုင်တတ်လွန်းတဲ့ မောင့်ရဲ့အသံက ဖုန်းထဲမှာတောင် ထိတ်ပြာနေတာသိသာလွန်းတယ်။ ဒီတိုင်းဆို ဒီကိစ္စက မောင့်အတွက်အရမ်းကို အရေးပါလွန်းတယ်ထင်တယ်နော်။

_________ ___________

ဝမ်ရိပေါ် ​ရှောင်းကျန့်​၏ condo ရှေ့ရောက်တဲ့အခါ ကားကို ကားပါကင်မှာတောင် မရပ်နိုင်တော့ဘဲ condo အတွင်းသို့ပြေးဝင်လာခဲ့သည်။ သူ့ရဲ့စိတ်ကိုသူတောင်အံ့ဩမိတယ်။ လူတစ်ယောက်အတွက် ဒီလောက်တောင် စိတ်ပူပေးနိုင်ခဲ့မယ်မှန်း သိကိုမသိခဲ့တာ။
ဝမ်ရိပေါ် တိုက်ခန်း တံခါး ဘဲလ်ကို အဆက်မပြတ်တီးနေရင်း တစ်ဖက်လက်ကလည်း ဖုန်းနံပါတ်တစ်ခုတည်းကိုပဲထပ်ခါထပ်ခါနှိပ်နေသည်။ အထဲမှ မတုံ့ပြန်လာသည့်အဆုံး ဝမ်ရိပေါ် စိတ်လျော့ကာ အလွတ်ရနေပြီးသားဖြစ်တဲ့ တံခါးလျှို့ဝှက်နံပါတ်ကိုသာ မတုံ့မဆိုင်းရိုက်နှိပ်လိုက်သည်။ အမြဲတမ်းလာရောက်ဖူးတဲ့ နေရာတစ်ခုက သူ့အတွက်တော့ အသားကျနေပြီမဟုတ်လား။

တိုက်ခန်းတံခါးလေးပွင့်သွားသည်နှင့် ဝမ်ရိပေါ် ဧည့်ခန်းထဲမှာ​ရော ထမင်းစားခန်းပါမကျန် ရှောင်းကျန့်ကို လိုက်ရှာလို့နေသည်။
"ရှောင်းကျန့်....."

ကိုယ့်အပူနဲ့ ကိုယ်မိနေတာကြောင့် သူ့စိတ်ကိုငြိမ်ငြိမ်ထားလိုက်သည့်အခါမှ အိပ်ခန်းနဲ့တွဲထားတဲ့ ရေချိုးခန်းဆီမှ ရေကျသံများကို ကြားလိုက်ရသည်။ ဒါခုနတုန်းက ဖုန်းထဲက ကြားခဲ့ရတဲ့ ရေသံတွေပင်။ ဝမ်ရိပေါ် ဧည့်ခန်းမှာအချိန်မဖြုန်းတော့ဘဲ ရေချိုးခန်းဘက်သို့ အပြေးတစ်ပိုင်းပြေးလာလိုက်သည်။

"ရှောင်းကျန့် ခင်ဗျားအထဲမှာလား....."

ဝမ်ရိပေါ် ရေချိုးခန်းတံခါးကို တဒုန်းဒုန်းနှင့် ထုလို့နေသည်။ သို့သော်လည်း အထဲမှ တုံ့ပြန်လာသံမကြား....။
"ရှောင်းကျန့် လာဖွင့်နော်....ရှောင်းကျန့်....."

"ဒုန်း....ဒုန်း....ဒုန်း....."

"ဝုန်း...."

ဝမ်ရိပေါ် အထဲက တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရေချိုးခန်းတံခါးကို ခြေထောက်နှင့် အားပြင်းစွာတစ်ချက်ကန်လိုက်သည့်အခါ တံခါးလက်ကိုင်အပြင် တံခါးပါ ​ရေချိုးခန်းအတွင်းသို့ ပြိုလဲသွား​၏။

ရေချိုးခန်းတံခါး ပွင့်သွားသည်နှင့် ဝမ်ရိပေါ် မြင်လိုက်ရတဲ့ မြင်ကွင်းကသူ့တစ်ကိုယ်လုံးကို ထူပူသွားစေသည်။

ရေချိုးခန်းထောင့်မှာ ရေအေးတွေ အဆုံးအစွန်ထိ ဖွင့်ထားတဲ့ ရေပန်းအောက် ဖုန်းကိုကိုင်ထားပြီး ငုတ်တုတ်ထိုင်ကာ တစ်ကိုယ်လုံးရေတွေစိုရွှဲနေတဲ့ လူကိုတွေ့ရ​၏။ ထိုလူ​၏ မကမ်းမလှမ်းနေရာမှာ ဓားတစ်ချောင်း။
"မောင်...."

တုန်တုန်ရီရီ အသံနဲ့ခေါ်ကာမော့ကြည့်လိုက်တဲ့ ထိုလူရဲ့ မျက်လုံးတွေက နီရဲလို့နေသည်။ မျက်နှာ တစ်ပြင်လုံးရေတွေစိုနေပေမယ့် ရေစက်တွေကြားက မျက်ရည်တွေကို သူမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

"တောက်...."

ဝမ်ရိပေါ်  ရှောင်းကျန့်ကို ကြည့်ပြီး နားထင်နှစ်ဖက်ကို လက်နဲ့ဖိလိုက်ကာ တောက်ခေါက်မိလိုက်သည်အထိ ဒေါသထွက်ရသည်။ဘယ်လိုပဲ စိတ်ညစ်စရာတွေရှိရှိ ဒီလို ကလေးကလားလုပ်ရပ်တွေ မလုပ်သင့်ဘူးမလား ရှောင်းကျန့်။ ခင်ဗျားအသက် ၃၀ ပြည့်နေပြီမလား မိုက်ရူးရဲ ဆယ်ကျော်သက်တစ်ယောက်လို စိတ်ညစ်စရာရှိရင် ရေပန်းအောက်မှာ ထိုင်နေရမယ့် အရွယ်မဟုတ်တော့ဘူး။ အပြင်ဘက်မှာ ရာသီဥတု ဒီလောက်ထိအေးခဲနေတာကို။ပြီးတော့ အရှေ့က ဓားတစ်ချောင်းက ဘာအဓိပ္ပာယ်လဲ။
ဆေးမကူတာတောင် နီဆွေးနေတတ်တဲ့ နှုတ်ခမ်းတွေက ပြာနှမ်းကာ ခရမ်းရောင်တောင်သမ်းလုနေပြီ။ တစ်စက်စက်တုန်နေပုံက ဘယ်လောက်တောင် ချမ်းနေမှန်းသိသာသည်။ ဒီတိုင်းဆိုသူ့ကို ဖုန်းမခေါ်ခင်ကတည်းက ဒီရေပန်းအောက်မှာထိုင်နေတာဖြစ်မည်။ ဖုန်းရတာနဲ့ ချက်ချင်းပြေးလာတာတောင် အချိန်က ၄၅ မိနစ်လောက်ကြာသည်။

ရှောင်းကျန့်ဆီသို့ ဝမ်ရိပေါ် ခပ်သုတ်သုတ်လျှောက်သွားလိုက်ကာ ရေပန်းကို အရင်ဆုံးပိတ်လိုက်​၏။ ထို့နောက် လက်ကောက်ဝတ်နေရာတွေကို စိုးရိမ်တကြီး စစ်ဆေးလို့နေသည်​။ တော်သေး၍ အထိအခိုက်တစ်နေရာမှ မရှိနေ။ တွဲထူဖို့ လက်မောင်းတစ်ဖက်ကို လှမ်းကိုင်လိုက်တော့.....ကျစ်....အထိအတွေ့က ရေခဲတုံးလို အေးစက်နေတာပင်။
ဝမ်ရိပေါ် သူဝတ်ထားတဲ့အပေါ် အင်္ကျီကုတ်ကို ချက်ချင်း ချွတ်လိုက်ပြီး နှုတ်ခမ်းတွေပြာနှမ်းနေတဲ့အထိ ချမ်းနေတဲ့ ရှောင်းကျန့်​၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ရှောင်းကျန့်က ဝမ်ရိပေါ်ကိုမော့ကြည့်လိုက်ပြီး.....

"ကိုယ့်ဆီကို ဘာလို့အပြေးတစ်ပိုင်းရောက်လာရတာလဲမောင်ရယ်.....မောင့်ကို အလုပ်ရှုပ်စေမိပြီ......"

"ကျွန်တော်သာ မရောက်လာရင် ခင်ဗျား ဘယ်လောက်ထိဆက်ထိုင် နေဦးမှာလဲ....."
ရေချိုးခန်းလေးက မကျဉ်းသော်လည်း ဒေါသသံကြောင့် ဟိန်းထွက်သွားရသည်။ ရှောင်းကျန့်ကို ဝမ်ရိပေါ် ထူလိုက်ပေမယ့် ရှောင်းကျန့်ကအအေးမိပြီး ထုံကျဉ်နေတဲ့ခြေထောက်တွေကြောင့် နေရာမှ ထလို့မရဖြစ်လို့နေသည်။ ကြိုးစားပြီးထလည်း ဘယ်လိုမှ မရ။

"ရှောင်းကျန့်ရာ....."

ဝမ်ရိပေါ်လည်း ဒီတိုင်းစိတ်မရှည်တော့တာကြောင့် ရှောင်းကျန့်ကို တစ်ခါတည်းပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲကထွက်လိုက်သည်။
"တောင်းပန်ပါတယ် ကိုယ့်ကြောင့် မောင်ပင်ပန်းရပြီ...."

"ကျစ်...."

ဝမ်ရိပေါ် က ဒေါသရိပ်တွေထင်းနေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တာကြောင့် ရှောင်းကျန့် ဝမ်ရိပေါ်​၏ ရင်ခွင်ထဲမှာ မျက်လွှာကို ချလိုက်ပြီး ကြားလေမရှိအောင် ဖက်တွယ်ထားလိုက်သည်။ ပြတင်းတံခါးတွေအလုံပိတ်ထားတဲ့ တိုက်ခန်းမှာ ကြားလေမရှိတာ အဆန်းတော့ မဟုတ်။ ဆန်းတာက ပွေ့ထားတဲ့ရင်ခွင်ဆီက ခံစားနေရတဲ့ အပူလှိုင်းတွေက ဘယ်ပြတင်းတံခါးဆီက ဝင်ရောက်လာတာလဲ။
​ရေချိုးခန်းမှ ထွက်လာပြီးနောက် ဝမ်ရိပေါ် ရှောင်းကျန့်ကို အိပ်ခန်းကြီးရှိ ကုတင်ပေါ်တွင်တင်ပေးလိုက်သည်။ နှစ်ယောက်အိပ်ကုတင်လို့မပြောနိုင်ပေမယ့် တစ်ယောက်တည်း အတွက်တော့ အတော်ကိုကျယ်ဝန်းသည်သာ။ ပြောင်လက်နေတဲ့ ကြက်သွေးရောင်ဖဲမွေ့ရာပေါ်မှာ ရှောင်းကျန့်က ရေစိုနေတဲ့ ရှပ်အင်္ကျီအနီရောင်နဲ့ဖြစ်နေ၍ ရုတ်တရက်ကြည့်လိုက်ပါက နှင်းငွေ့လေးတွေရိုက်နေတဲ့ နှင်းဆီနီလေးတစ်ပွင့်လို။
ဝမ်ရိပေါ် ရှောင်းကျန့်ကို မွေ့ယာပေါ်တင်ကာ စူးနစ်စွာတစ်ချက်စိုက်ကြည့်ပြီးနောက် ရေစိုနေသော အင်္ကျီများကို လဲပေးဖို့ပြင်လိုက်သည်​။ ထို့ကြောင့် အခန်းတစ်ဝိုက်ကို လှည့်လည် ကြည့်ပြီး အဝတ်အစားဗီဒိုကို လိုက်ရှာနေသည်။

ဒါ ဝမ်ရိပေါ် ပထမဦးဆုံး ရှောင်းကျန့်ရဲ့ အိပ်ခန်းထဲကိုရောက်ဖူးတာ။ အခန်းရဲ့ အပြင်အဆင်တွေမှာ အနီရောင်ကလွဲလို့ ဘာအရောင်မှ ဝင်စွတ်ဖက်နေခြင်းမရှိ။ အခန်းနံရံတွေက အစ အနီရောင်ဘက်ကို လုနေတာဖြစ်သည်။ အခန်းထောင့်မှာ ထောင်ထားတဲ့ ကိုယ်လုံးပေါ် မှန်ကြီးကိုက အနီရောင်ဘောင်တွေနဲ့ ကွပ်ထားခြင်းဖြစ်သည်။
အခန်းအတွင်းသို့ ခဏတာ ဝေ့ဝိုက်ကြည့်လိုက်ပြီး ဝမ်ရိပေါ် ကျွန်းဗီဒိုကြီး ရှိရာသို့လျှောက်လာကာ တံခါးကိုဖွင့်လိုက်သည်။ အထဲက အဝတ်တွေကို ကြည့်လိုက်တဲ့အခါ အရောင်တွေကြောင့် သူ့မျက်စိတွေတောင် ကျိန်းမိသွားသည်။ ဗီဒိုတစ်ခုလုံးက အနီရောင် အင်္ကျီတွေနဲ့ပဲ ပြည့်နှက်လို့နေတာဖြစ်​၏။ဝမ်ရိပေါ် ရှောင်းကျန့်အတွက် နွေးထွေးစေမည့် အဝတ်ကိုလိုက်ရှာနေပေမယ့် အင်္ကျီတွေ အကုန်လုံးက အပေါ်ကြယ်သီး မရှိတာချည်း.....ရှိပြန်တော့လည်း ရင်ဘတ်ကိုလုံအောင် မဖုံးပေးနိုင်တဲ့ အင်္ကျီတွေသာဖြစ်သည်။
"ခင်ဗျားမှာ ဒီအင်္ကျီတွေကလွဲပြီး ဘာမှ မရှိတော့ဘူးလား....."

ရှောင်းကျန့်ကို လှမ်းမေးလိုက်သော်လည်း တုံ့ပြန်သံမကြားရတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အနည်းငယ် အိပ်ချင်နေပုံရတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း သူတွေ့ရာ ခပ်ထူထူ အဝတ်အစားတွေသာ ဆွဲယူလာလိုက်သည်။ ထို့နောက် ရှောင်းကျန့်ရှိရာ ကုတင် ထက်သို့သွားကာ.....

"ရှောင်းကျန့်......"

"ဟင်....မောင်...."

"ခဏထ.....အဝတ်စိုတွေလဲလိုက်ဦး....."
"အင်း...."

ရှောင်းကျန့်က အိပ်နေရာမှ ကုန်းရုန်းထလိုက်ပြီး အပေါ်အင်္ကျီတွေကို ကောက်ချွတ်နေတာကြောင့် ဝမ်ရိပေါ် အခန်းတစ်နေရာသို့အကြည့်လွှဲထားလိုက်သည်။ ဒါတောင်အခန်းထောင့်မှာရှိတဲ့ မှန်ပေါ်မှာ ထင်ဟပ်သွားတဲ့ ပုံရိပ်တချို့က မျက်လုံးထောင့်မှာ ညိလို့သွားသေးသည်။ ဒါမျိုးခဏခဏ ကြုံဖူးပေမယ့် သူ့အတွက်ကျင့်သားမရသေး။

အဝတ်အစားတွေ ရေစိုနေ၍ထင်သည် တော်တော်နဲ့လဲလို့မပြီး။ ဝမ်ရိပေါ်ကတော့ အခန်းနံရံကိုသာ စိုက်ကြည့်လို့နေပြီး မြန်ဆန်လွန်းနေတဲ့ ရင်ဘတ်ထဲက တစ်စုံတစ်ရာကြောင့် မသိမသာ အသက်ကိုလုပြီးရှိုက်သွင်းနေရသည်။ ရှောင်းကျန့် ရေစိုဝတ်တွေ အကုန်လဲပြီးသွားလောက်တဲ့ အခါမှ ဝမ်ရိပေါ် ရှောင်းကျန့်ရှိရာဘက်သို့ မျက်နှာ လှည့်လာသည်။ ပြီးနောက် ရှောင်းကျန့်ကို အိပ်ရာထက်မှာအသာအယာလှဲစေလိုက်ပြီး အနီရောင် ကတ္တီပါစောင်ကို ခေါင်းလေးဖော်ရုံလောက်သာ လုံခြုံစွာ လွှမ်းပေးထားလိုက်သည်။
"အပူတစ်ခုခု သောက်မလား....."

"မသောက်တော့ဘူးမောင်....."

ဝမ်ရိပေါ် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ခင်ဗျားမှာ စိတ်ညစ်စရာတွေရှိနေတာလား...."

"......."

"မပြောချင်လည်း ရတယ်.....ဒါပေမယ့် ဘယ်လောက်ပဲ စိတ်ညစ်စရာတွေရှိရှိ ဘာလို့ မဟုတ်တာတွေ လျှောက်လုပ်ရတာလဲ.....ခွင့်ကို သုံးရက်တောင် ယူသွားပြီး ကြားထဲမှာ ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး.....စာလေးတစ်ကြောင်းဖြစ်ဖြစ်တော့ ပို့ထားရမှာပေါ့....."

"ဆောရီးပါ မောင့်ကို အလုပ်ရှုပ်သွားစေမိပြီ....မောင်က ကိုယ့်ကို စိတ်ပူခဲ့တာလားဟင်....."
မျက်ရည်တွေ ဝဲနေတဲ့ မျက်ဝန်းတွေနဲ့ ရှောင်းကျန့်ဆိုလာသည်။ ဝမ်ရိပေါ်က မကြာခင်ငွေ့ရည်ဖွဲ့စိုစွတ်လာတော့မည့် ရှောင်းကျန့်​၏ မျက်တောင်စိပ်စိပ်လေးတွေပေါ်ကို လက်လေးနဲ့ အသာထိလိုက်သည်။ စီးလာတော့မယ့် မျက်ရည်လေးတွေကို ထိန်းပေးလို့ ရလိုရငြား....။

"အခုမောင် ဘယ်ကလှည့်လာတာလဲဟင်.....အိမ်ကနေတကူးတကကြီး ထွက်လာတာလား....."

"မဟုတ်ဘူး.....ဒီနေ့က ကျွန်တော့်ရဲ့ အိမ်ထောင်သက် လေးနှစ်ပြည့်ဆိုလို့ ဘွားဘွားက dinner စီစဉ်ပေးထားတာ....."
"အာ....မောင်ရယ်....ကိုယ့်ကြောင့်....ဘယ်လိုလုပ်ရမလဲ မောင့်ဇနီးကို ဘယ်လိုလုပ်မလဲ....."

"အဲ့တာ ခင်ဗျား လိုက်ပူပေးရမယ့် ကိစ္စမဟုတ်ဘူး....အခုခင်ဗျားခေါင်းထဲမှာ ထည့်ထားရမယ့် ကိစ္စက ဘာတွေပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါတွေ မလုပ်ဖို့...."

"အင်းပါ မောင်....တောင်းပန်ပါတယ်....ကိုယ်နောက်ထပ် မောင့်ကို စိတ်ပူစေမယ့် လုပ်ရပ်တွေကို ထပ်မလုပ်တော့ပါဘူး......"

"ကျွန်တော်က ခင်ဗျားဆီက တောင်းပန်စကားတွေလိုချင်နေတာ မဟုတ်ဘူး....."
ဝမ်ရိပေါ် ရဲ့စကားမှာ ဂရုဏာ ဒေါသသံတွေရော နေတာကြောင့် ရှောင်းကျန့်က စောင်ပုံထဲက သူ့ရဲ့လက်တစ်ဖက်ကို ထုတ်လိုက်ပြီး ဝမ်ရိပေါ် လက်ဖမိုးပေါ်သို့ အုပ်ပြီးကိုင်လိုက်သည်။အေးစက်စက် လက်တစ်ဖက်က ဝမ်ရိပေါ် အတွက် ပူလောင်မှုကို ပေးစွမ်းနေသလို။

"မောင်....."

တိုးလျလျခေါ်လာတဲ့ လူရဲ့ မျက်ဝန်းတွေကို ဝမ်ရိပေါ် အကြည့်တစ်ချက်မလွှဲဘဲ စိုက်ကြည့်နေသည်။

"မောင်.....ကိုယ့်ရဲ့ တောင်းပန်စကားတွေ မလိုချင်ရင် ဘာလိုချင်လည်း ဟင်...."
စကားတွေရဲ့ အဓိပ္ပာယ်ကို ဝမ်ရိပေါ် ရှည်ရှည်ဝေးဝေး မတွေးတော့ဘဲ ရှောင်းကျန့်​၏ မျက်နှာ အနီးသို့တိုးကပ်သွားကာ အနီရောင် ပြန်သမ်းလာတဲ့ နှုတ်ခမ်းပါးတွေကို တပ်မက်စွာ နမ်းရှိုက်လိုက်သည်။ အခုနကမှ သွေးရောင်လေးတွေ လွှမ်းလာတဲ့ နှုတ်ခမ်းတစ်စုံက အခုတော့ သွေးမရှိတော့လောက်အောင် ဖြူလျော့သွားသည် အထိ ရှိုက်သုံးခြင်းခံနေရသည်။ စိတ်ကျေနပ်သွားသယောင်ရှိသွားတဲ့အခါမှာတော့ အပြန်အလှန် နက်ရှိုင်းနေတဲ့ အနမ်းတွေကနေ ခွာလိုက်သည်။
ဝမ်ရိပေါ် အသက်ကို ပုံမှန်ပြန်ရှိုက်သွင်းလိုက်ပြီးမှ....

"ကျွန်တော် ပြန်တော့မယ် ရှောင်းကျန့်....နွေးနွေးထွေးထွေးနေပြီး အိပ်လိုက်ပါ.....ခင်ဗျား အလုပ်ပြန်လာမှပဲတွေ့ကြတာပေါ့......"

ဝမ်ရိပေါ် ကုတင်ဘေးမှ လှည့်ထွက်မည်အလုပ် ကျောပြင်ဘက်ကို ရစ်သိုင်းလာတဲ့ လက်တစ်စုံကြောင့် တုံ့ဆိုင်းသွားရ​၏။

"မောင်....."

နားရွက်ဖျားတွေဆီကို ဖြတ်တိုက်သွားတဲ့ လေညင်းတချို့က ဦးနှောက်ရဲ့ မဖြူစင်သော အတွေးတချို့ကို ခလုတ်တိုက်သွားသည်။ အားမပါသော်လည်း ထပ်ပြီးပေါ်ထွက်လာတဲ့ ရှတတ အသံတွေက.....
"မောင်....မပြန်လို့ရလား......"

"......"

"ကိုယ်နဲ့ ဒီတစ်ည အတူရှိပေးပါလားဟင်......"

တားဆီးနေသူ​၏ အသံအောက်မှာ ဝမ်ရိပေါ်​ စိတ်အတွင်း အကုန်ကမောက်ကမ ဖြစ်လို့နေသည်။ စိတ်အလိုကို ထိန်းချုပ်ထားသည့်အနေနဲ့ စိတ်ထဲက ရွတ်နေတဲ့ သုညအလီတောင် အဖြေတွေမှားလို့ အစက ပြန်စနေရတာ အကြိမ်တစ်ရာမကတော့။ ဒါတွေမဖြစ်သင့်ဘူးဆိုသူသိသည်။ ဘာကြောင့်မဖြစ်သင့်လဲလို့ အဖြေရှာကြည့်တော့လည်း တိတိကျကျထွက်မလာ။

ဝမ်ရိပေါ် သူ့ခါးပေါ်က လက်တွေကို ဖယ်ယူဖို့ကြိုးစားလိုက်ပြီးမှ နောက်ထပ်စကားတစ်ခွန်းကြောင့် ကြိုးစားမှုကို ယတိပြတ်ရပ်တန့်လိုက်​၏။
"ကိုယ်လေ....မောင်....မောင့်ကို ချစ်မိနေပြီထင်တယ်....."

.

.

.

.

.

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ရင်ခုန်သံတွေက အတိုင်းသားကြားနေရသည့်အတိုင်း။ တစ်ယောက်တည်းဆီက လာတဲ့ ရင်ခုန်သံတွေလား နှစ်ဦးနှစ်ဖက်လုံးဆီက မျှမျှတတ ထွက်လာတဲ့ ရင်ခုန်သံတွေလားဆိုတာတော့ ကံယာကံရှင်တွေသာ သိလိမ့်မည်။

ရင်ခုန်သံတွေပဲရှိတော့တဲ့ အခန်းထဲမှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုရှိသည်။

မှန် ဆိုတဲ့အရာက ဟန်ဆောင်ထားတာတွေကို ထင်ဟပ်စေတဲ့ အရာတစ်ခုတဲ့။ ဒါဆိုရင် မှားတယ်လို့ထောက်ပြသင့်သည်။ ဘယ်လောက်ပဲ အစစ်အမှန်တွေထင်ဟပ်စေပါစေ....အကုန်လုံးကိုတော့ မပေါ်လွင်စေပါဘူး။
အခုဆို အခန်းထောင့်က ကိုယ်လုံးပေါ် မှန်ကြီးမှာ ပုံရိပ်တချို့ကထင်ဟပ်နေသည်။မတ်တပ်ရပ်နေတဲ့သူနဲ့ အနောက်ကသိုင်းဖက်ထားတဲ့သူရဲ့ပုံရိပ်လေးက ထင်ထင်ရှားရှား။ အံ့ဩဖို့ကောင်းလွန်းတာက အနောက်ကလူရဲ့ အဓိပ္ပာယ်ရှိရှိ အပြုံးစတချို့က တော့ မှန်ပေါ်မှာ ထင်ဟပ်လို့သွားခြင်းမရှိပေ....။

တစ်စုံတစ်ယောက်ရဲ့ ကျောပြင်နဲ့ ကွယ်ပြီး သူပြုံးလိုက်သည်လေ......။

မမေ့လိုက်နဲ့ ဒီနေ့က နှစ်ပတ်လည်နေ့.....။
နောက်နှစ် ဒီအချိန်ဆို.....

ဝမ်ရိပေါ်နဲ့ ယန်ယူမီတို့ လက်ထပ်ခဲ့တာ ငါးနှစ်မြောက်မည့်နေ့.....

ရှောင်းကျန့်​၏ အကို လီချန်းဆုံးတာ ငါးနှစ်မြောက်မည့်နေ့.....

ပြီးတော့.....ဒီ အနီရောင် အိပ်ခန်းလေးထဲမှာ ဖက်တွယ်ထားကြတဲ့ လူနှစ်ယောက်ရဲ့ ပထမဦးဆုံးည ဖြတ်သန်းခြင်း တစ်နှစ်ပြည့်မည့်နေ့......

ဪ...တိုက်ဆိုင်လွန်းလို့ တမင်တကာဖန်တီးထားသလားတောင် ထင်မှတ်ရတဲ့ ဒီနှစ်ပတ်လည်နေ့.....။ဤအရာကို နှင်းဆီနီ ဟုခေါ်သည် - အပိုင်း(၂၀)နှစ်ပတ်လည် Unicode