ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၅)Unicode

ယန်ယူမီ ဝမ်ရိပေါ် ​၏ အပေါ် ကုတ်အင်္ကျီလေးများကို အဝတ်လျှော်စက်ထဲထည့်ဖို့ တစ်ထည်ခြင်းရွေးထုတ်နေသည်။

မောင်က အရာရာမှာပြောစရာမရှိပြည့်စုံပေမယ့် ဆေးလိပ်သောက်တတ်တဲ့ အကျင့်လေးရှိတော့ တစ်ခါတစ်လေ မီးခြစ်လေးကို ထည့်ထားတတ်သည်။ မတော်လို့ရောလျှော်မိရင် အင်္ကျီတွေ ပျက်စီးမည်သာ။ ပြီးတော့ မောင်ကတွေ့ကရာ အင်္ကျီတွေကိုလည်း မဝတ်တတ်။ brand တစ်ခုတည်း က အင်္ကျီကိုသာ စွဲစွဲမြဲမြဲ ဝတ်တတ်သည်။

ယန်ယူမီ ဘာရယ်မဟုတ် သူတို့အိပ်ရာဘေး စားပွဲပေါ်က နှင်းဆီနီလေးကို ကြည့်ပြီး မျက်မှောင်ကျုံ့မိပြန်သည်။ မနက်တုန်းကမှ အဆူးတွေပဲကျန်ခဲ့တဲ့ ရိုးတံကို လွှင့်ပစ်ပြီးတာ။သူ့ရဲ့လက်ကိုတောင် စူးမိသွားသေးတယ်။အခုတော့ နောက်ထပ်တစ်ပွင့်ကထပ်ရောက်လို့နေသည်။ ဒီတစ်ခါလည်း မောင်ယူလာပြန်တာလား။

မဟုတ်မှလွဲရော မောင်တစ်ယောက်.....။

ရုတ်တရက်ပေါ်လာတဲ့ အတွေးဆိုးကို ခါထုတ်လိုက်သည်။ မိန်းမတွေဆိုတာ စိတ်မလုံခြုံမှု ဖြစ်တတ်တဲ့သူမျိုးတဲ့။ အထူးသဖြင့် ကိုယ်လက်ထပ်ထားတဲ့ သူက ကိုယ့်ကိုချစ်လို့ယူထားတာမဟုတ်တော့ ပိုဆိုးသည်။ အဲ့ဒိတော့ မောင်နဲ့ မိသားစုဘဝကိုဖန်တီးဖို့ဆိုတာက သူ့အတွက် အရမ်းကိုခက်ခဲလွန်းတဲ့ အရာဖြစ်သည်။ မောင်ကလည်း သူ့ကို စိတ်ဝင်စားကြောင်း တစ်ခါမှ ပြသခြင်းမရှိချေ။

ယန်ယူမီ ဝမ်အိမ်တော်ကြီးရဲ့ အပေါ်ဆုံး အထပ်ကို တက်လာပြီးတော့ အခန်းတစ်ခုရှေ့မှာ ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။ အထဲက အသက်ကြီးဟန်ရတဲ့ သူ​၏အသံတစ်ခုက တုံ့ပြန်လာသည်။

"ဝင်လာခဲ့....."

"ဘွားဘွား...."

ယန်ယူမီ အခန်းထဲသို့ရောက်သည်နှင့် ဝမ်အိမ်တော်ရဲ့ အသက်အကြီးဆုံးဖြစ်တဲ့ ဝမ်ဘွား ကိုသွား၍ဖက်လိုက်သည်။ ဝမ်ဘွားက သူ့ကို ချစ်တယ်လေ။ သူ့မြေးအရင်းဖြစ်တဲ့မောင့်လောက်တော့ သူ့ကိုမချစ်ပေမယ့် သူ့မြေးနည်းတူတော့ချစ်သည်။ ဒါ့ကြောင့် ဒီအိမ်တော်ထဲမှာ ဘွားဘွားကသာ သူ့ရဲ့ အားကိုးရာ။

"ပြောပါဦး မြေးမလေး....ဘာဖြစ်လို့လဲ...."

"ဘွားဘွားကို ပူဆာစရာရှိလို့....."

"ပြော ဘာပူဆာဖို့လဲ...."

"ဘာမှ မဟုတ်ပါဘူး ဘွားဘွားရယ် ယူမီ လေ မောင့်ကို နေ့တိုင်း နေ့လည်စာ သွားပို့ပေးချင်လို့....."

"ဪဘာများလဲလို့ ကိုယ့် ယောကျာ်းကိုယ် ထမင်းပို့ပေးတာကိုကွယ် ဘွားဘွားကို လာပြောရသေးတယ်...."

"ဟုတ်ဘူးလေ ဘွားဘွားရယ်.....ဘွားသိတဲ့ အတိုင်းပဲ မောင် က ယူမီကို ရှုပ်တယ်ထင်မှာစိုးလို့ပါ....."

"ငါ့မြေးမလေး ဘာမှ စိတ်မပူနဲ့ ပြီးရင် ရိပေါ်ကို အပေါ် ပို့လိုက် ဘွားဘွား ပြောလိုက်မယ်....."
"ဟုတ်ကဲ့.....ချစ်တယ် ဘွားဘွား.....မွ..."

ယန်ယူမီ သူလိုချင်တဲ့ အရာကို ရအောင်လုပ်နိုင်ခဲ့တာကြောင့် မျက်နှာပေါ်က အပြုံးတွေက မဖုံးနိုင်။ အခုဆိုသူ မောင့်ဆီကို နေ့တိုင်း ထမင်းပို့ပြီး မောင်က အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်ဖြစ်တယ်ဆိုတာ လူတွေကိုပြရမယ်။ အခုခေတ်ကလူတွေက အိမ်ထောင်ရှိတယ် ဆိုတာတောင် မဏ္ဍပ်တိုင်တက်မပြရင် ကြောင်တောင် လုယူချင်ကြတာ။ အေးပေါ့ မောင်က အစစအရာရာ ပြည့်စုံနေတဲ့လူတစ်ယောက်ဆိုတော့
သူတောင် အရယူထားခဲ့တာမဟုတ်လား။

ယန်ယူမီ သူ့အောက်ထပ်ဆင်းလာပြီး ဝမ်ရိပေါ်ကိုတွေတော့....

"မောင်.....မောင့်ဘွားဘွားက အခေါ်လွှတ်ခိုင်းလို့...."

"အင်း...."

ခေါင်းတစ်ချက်သာ ညိမ့်သွားတဲ့ မောင့်ကိုကြည့်ပြီး သူရင်မောရပြန်သည်။ သူတို့ဒီထက်ပိုပြီး နွေးထွေးကြရင် ကောင်းမယ်လို့တွေ့လိုက်မိပြန်ပါသည်။

"ဘွား...ခေါ်တယ်ဆို...."

"အေးကွယ်.....ဘွားမြေးချောလေး လာပါဦးကွယ်...."

ဝမ်ရိပေါ် အနားကပ်သွားတော့ ဝမ်ဘွားက ဝမ်ရိပေါ် ​၏ ခေါင်းလေးကို အသာသပ်ပေးနေသည်။
"မြေးလေး....."

"ပြောလေ ဘွား....."

"မြေးလေးက မြေးမလေး ယူမီကို နည်းနည်းလေး နွေးနွေးထွေးထွေးဆက်ဆံပေးပါကွယ်....သူက သူ့ရဲ့ အိမ်တော်ကို တောင်ပစ်ထားပြီး ဘွားတို့နဲ့ပဲ လာနေတာ.....အဲ့တာကြောင့် ဘွားတို့ဘက်က နွေးနွေးထွေးထွေး ဆက်ဆံပေးသင့်တယ်လေ မဟုတ်ဘူးလား...."

"......"

"မြေးမလေးက မနက်ဖြန်က စပြီးတော့ မြေးလေး ကို နေ့လည်စာ လာပို့ပေးလိမ့်မယ်.....အဲ့တာကို အသိအမှတ်လေးတော့ ပြုပေးလိုက်ပါနော်...."

"......"

"ပြီးတော့ နောက်တစ်ခုအနေနဲ့ မြေးလေးကို ပြောချင်တယ်....."
"ပြောပါ...."

"ဘွားက အသက်ကလည်းကြီးနေပြီ....အဲ့တော့ ဘွားမျက်လုံးတွေ မမှိတ်ခင် မြစ်လေးတွေ ချီချင်တယ်ကွဲ့.....ဘွားဆိုလိုတာ နားလည်တယ် မဟုတ်လား...."

"......"

"မြေးတို့က ချစ်လို့လက်ထပ်ထားတာ မဟုတ်ဘူးဆိုတာ အဘွားနားလည်ပါတယ်.....ဒါပေမယ့် ဘွားလည်း မြေးရဲ့ အဘိုးနဲ့ မိဘတွေ သဘောတူထားလို့ လက်ထပ်ခဲ့တာပဲ.....ကြာတော့ သံယောဇဉ်တွေဖြစ်ပြီး မြေးရဲ့အဖေတောင်ရလာခဲ့တာပဲ.....မြေးရဲ့အဖေနဲ့ အမေလည်း ဒီတိုင်းပဲလေ နောက်တော့ကြည့်ပါလား မြေးကိုရလာတာပဲ......"
"......"

"ဘွားပြောတာနားလည်လား....မြေးလေး...."

"အင်း....."

"အေးကွယ် အဲ့တာဆို မြေးလေးနားလိုက်ပါဦး.....တစ်နေ့လုံး ပင်ပန်းလာပြီ မဟုတ်လား....သွားနားတော့....."

ဝမ်ဘွားက ထွက်သွားတဲ့ ဝမ်ရိပေါ်ရဲ့ ကျောပြင်ကိုကြည့်ပြီး သက်ပြင်းတော့ချမိသည်။ သူ့မြေးက အရှေ့မှာသာ ခံမပြောတာ ပြီးရင် သူကြိုက်တာကိုပဲ လုပ်တာ။ မြေးက သူတို့ရဲ့ ပုံစံခွက်ထဲမှာ နေခဲ့ရလို့ ရိုင်းစိုင်းမှုမရှိဘဲ လိမ္မာပေမယ့် တချို့ကိစ္စတွေမှာတော့ တဇောက်ကန်းနိုင်သည်။ အဲ့တာဆိုရင်တော့ သူတို့လည်း ပြောလို့မနိုင်။
လောကကြီးမှာ ပြန်မပြော နားမထောင်လူစားတွေက အဆိုးဆုံးပဲ မဟုတ်လား။ သူ့မြေးက အဲ့လိုလူစားမျိုးသာ။

_____________   _____________

"ဟယ်လို....."

"......."

"ဟုတ်ပါတယ် ခင်ဗျ....."

"......."

"ကျေးဇူးတင်ပါတယ်.....ဟုတ်ကဲ့ပါ....."

ရှောင်းကျန့် ဖုန်းကိုပိတ်လိုက်ပြီး ပြုံးလိုက်မိသည်။ ဟိုတစ်ခါ အလုပ်လျှောက်ထားတာ သူ့ကိုပြန်ဆက်သွယ်ပြီလေ။ လျှောက်ထားခဲ့တာ ဌာနမှူးရာထူးပေမယ့် အခုတော့ သူ့ကို လက်ထောက်ဌာနမှူးအဖြစ်ခန့်အပ်သည်တဲ့လေ။
ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ဘာမှ မထူးပါ.....အဓိက ကတော့ ဝမ်လုပ်ငန်းစုရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်နိုင်ဖို့သာ အရေးကြီးသည်။ အခုတော့ နောက်တစ်ပတ်က စပြီးတော့ အလုပ်ဆင်းရတော့မည် ဖြစ်သည်။

"ရှောင်း....ပျော်စရာ ကိစ္စရှိလို့လား....."

"ဟုတ်တယ်ဦး....ကျွန်တော့်ကို ဝမ်ကုမ္ပဏီက အလုပ်ခန့်လိုက်ပြီ...."

​ရှောင်းကျန့် နှုတ်ခမ်းလေးတွေကွေးညွတ်ကာ သူ့အရှေ့က ယန်ချောင်မင်ကို ပြောလိုက်သည်။

"ဟာ....အရမ်းဝမ်းသာစရာ ကိစ္စပဲ.....လာ အပြင်သွားရအောင် ကိုယ် စားသောက်ဆိုင်တစ်ခုမှာ ဂုဏ်ပြုပေးမယ်....."
"ရပါတယ် ဦးရယ်.....ဦး နဲ့ အတူရှိနေရတာကို ကျေနပ်ရပါပြီ....."

"ရှောင်းစကားတတ်တာကိုတော့ ကိုယ်သိပါတယ်....လာပါ အခုတော့ ကိုယ် ဂုဏ်ပြုပေးချင်တယ်...."

"ကောင်းပါပြီ ဦး...."

ရှောင်းကျန့် သူ့ရဲ့ အပေါ် ကုတ်အင်္ကျီကိုဆွဲပြီး ယန်ချောင်မင်နဲ့ အတူ သူနေထိုင်ရာ ဟိုတယ်အခန်းထဲကထွက်လာခဲ့သည်။

သူဖြစ်နိုင်ရင် ယန်ချောင်မင်နဲ့ တွဲသွားတွဲလာ လုပ်တာကို လူသိပ်သိမခံချင်တော့ပေ။ သူ့ရဲ့ဦးတည်ချက်က နောက်တစ်ယောက်ကို ရည်ရွယ်ထားလို့နေပြီဖြစ်သည်။ ဒါပေမယ့်လည်း ယန်ချောင်မင်နဲ့က အပြတ်ဖြတ်လို့မရသေး.....သူ့မှာ လုပ်စရာတွေ အများကြီး ရှိသေးသည်။
"ရှောင်း စားလို့ မကောင်းဘူးလား ဘာတွေတွေးနေတာလဲ....."

"ဘာမှ မဟုတ်ပါဘူး.....နောက်အပတ် အလုပ်ဝင်မယ့် အကြောင်းတွေးနေတာ....ကျွန်တော်က သူများလက်အောက်မှာ အလုပ်မလုပ်ဖူးတော့ နည်းနည်း စိုးရိမ်မိလို့ပါ.....ပြီးတော့ ဝမ်သူဌေးလေးကလည်း နည်းနည်း မျက်နှာထားတင်းတယ်နော်......ဦး ကတော့သဘောကောင်းသလောက်.....ဦးရဲ့ သမက်လေးက တစ်မျိုးပဲ....."

"အဲ့ကောင်လေးက ရှောင်းကိုမှ မဟုတ်ပါဘူး.....လူတိုင်းအပေါ်ကို ဒီလိုပါပဲ.....ငယ်ငယ်လေးကတည်းက စီးပွားရေး လောကထဲ ဝင်လာတာဆိုတော့ ဒီလောက်တော့ရှိမှာပေါ့....."
"အင်း ဟုတ်မှာပါလေ.....ဒါနဲ့ ဦးရဲ့ သမီးတွေရော နေကောင်းရဲ့လား.....အကြီးမလေးရော...."

"ဆူးလီကတော့ ဒီအတိုင်းပါပဲ.....ယူမီကတော့ အပြင်တွေဘာတွေ ထွက်တာရှားတယ်.....သူ့ယောကျာ်းရဲ့ အဘွား အပြင်တွေဘာတွေသွားမှ လိုက်ပေးတာတွေပဲရှိတယ်....."

"ဪ အဲ့ဒိအဘွားက ယူမီ့ကို အရမ်းချစ်မှာပဲနော်...."

"အင်းဟုတ်တယ်..... တော်သေးတာပေါ့ နို့မို့ဆို အဲ့အိမ်ကြီးမှာ ယူမီလေးက ပျင်းနေမှာ......"

ရှောင်းကျန့်တစ်ခုခုကိုတွေးနေပြီး ခက်ရင်းနဲ့ အသားတစ်တုံးကို ထိုးယူလိုက်သည်​။ ထို့နောက် ယန်ချောင်မင်ရဲ့ ပါးစပ်ရှေ့သို့ တိုးပေးလိုက်ပြီး.....
"ဦးအတွက်....."

"စားလို့ကောင်းလွန်းတယ်......ရှောင်းခွံ့ကျွေးလို့လားတော့မသိဘူး......"

​ရှောင်းကျန့်​၏ အပြုအမူတွေကြောင့် ယန်ချောင်မင် တစ်ယောက် နွေဦး သစ်ရွက်တွေလို မြေပေါ်သို့တဖြုတ်ဖြုတ်ကြွေသည်။ နွေဦး သစ်ရွက်တွေက မြေပေါ်ခစားပေမယ့် ယန်ချောင်မင်ကတော့ ရှောင်းကျန့်​၏ ရှေ့မှောက်တွင် ရုန်းထွက်လို့မရအောင် ခစားမိနေသည်။

ရှောင်းကျန့် ဝိုင်တစ်ငုံသောက်လိုက်ပြီး လက်ကိုင်ပုဝါနှင့် နှုတ်ခမ်းများကို သုတ်လိုက်သည်။ထို့နောက် သူ့ရဲ့ ကိုယ်ကိုယန်ချောင်မင်ရှိရာ စားပွဲတစ်ဖက်သို့ကိုင်းလိုက်ကာ နှုတ်ခမ်းချင်းဖိကပ်လိုက်သည်။ သူ့အတွက်တော့ ဒီလို အရာတွေက အထိအတွေ့သပ်သပ်ကလွဲလို့ ဘာမှမပို။ ခံစားချက်ဆိုတာကရော ဘာလဲ​။ ရင်ခုန်ဖို့ဆိုတာတော့ ဝေးသေးတယ်။ ရှောင်းကျန့် ယန်ချောင်မင်ကို အတန်ကြာနမ်းရှိုက်ပြီးတော့မှ သူ့နေရာသူပြန်ထိုင်လိုက်သည်။
"ဦး.....ကျွန်တော်တို့ နှစ်ယောက်တွေ့တဲ့ အချိန်တွေကို သတ်မှတ်ရအောင်.....တစ်ပတ်မှာ တနင်္လာ အင်္ဂါ နှစ်ရက်ဆို အဆင်ပြေလား......"

"ဘာလို့လည်း ရှောင်း....ရုတ်တရက်ကြီးပါလား....ကိုယ်တို့ နေ့တိုင်းတွေ့နေကြကို....."

"အခုက ကျွန်တော်က အလုပ်ဝင်ရတော့မှာ ဆိုတော့ သိပ်မအားလောက်တော့ဘူး.....အဲ့တာကြောင့်ပါ...."

"အဲ့တာ တစ်ခုတည်း ကြောင့်ပဲလား ရှောင်း....."

​ယန်ချောင်မင် ရှောင်ကျန်းရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီးမေးလိုက်သည်။
"ဘာအတွက်ကြောင့်ရှိရဦးမှာလဲ ဦးရဲ့....."

ရှောင်းရဲ့ မျက်နှာကို ကြည့်ရတာ အေးဆေးပြီးတည်ငြိမ်လွန်းသည်။ ဒီတစ်ညနေလုံး သူ့အပေါ် ကြင်ကြင်နာနာ ပြုမူနေတာက ဒါကြောင့်ပေါ့။

"ဘာလဲ ဦးက ကျွန်တော့်ကို မယုံလို့လား.....နောက်တစ်ယောက်ထားမှာ စိုးလို့လား....."

"မဟုတ်ပါဘူး ရှောင်း....ဒါဆိုလည်း ရှောင်းသဘောပါ.....ကိုယ်တို့ တစ်ပတ်နှစ်ရက်တွေ့ကြတာပေါ့....."

"ကျေးဇူးပဲ ဦး....."

သူ့ကို သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးပြလာတဲ့ ရှောင်းက ကလေးတစ်ယောက်နဲ့တူပေမယ့် ကလေးတစ်ယောက်လိုတော့သွားပြီး ထိန်းချုပ်လို့မရဘူး။ သူလုပ်ချင်ရာတွေ သူလုပ်မှာပဲ။ ဒါလေးတွေကို လက်မခံနိုင်လို့ သူရှောင်းကို အဆက်ဖြတ်မိမယ်ဆိုရင်လည်း ရှောင်းကတော့ ဂရုစိုက်မှာ မဟုတ်။
ရှောင်းကို တစ်ရာရာခိုင်နှုန်း ယုံလားလို့မေးရင်တော့......သူမယုံဘူး။

မယုံသော်လည်း မရုန်းနိုင်ဘူး......ဒါ့ကြောင့်လည်း ဒိအပြုံးမှာသူရှုံးတယ်.....။

_________ ___________

AN: ဤတွင် နိဒါန်း ဆုံး​၏။