ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၃) Unicode

ဝမ်လုပ်ငန်းစုရဲ့ brand အသစ် မိတ်ဆက်ပွဲမှာ နာမည်ကြီး မီဒီယာ သမားများကလည်း ရောက်ရှိနေကြသည်။ တွဲဖက် စီးပွားရေး လုပ်ငန်းရှင်တွေ ရှယ်ယာရှင်တွေ brand ambassador တွေဖြစ်တဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားမင်းသမီးတွေက လည်း အသီးသီးတက်ရောက်လာကြသည်။ ဒီလို အဝတ်အစား brand မိတ်ဆက်ပွဲတွေမှာ ဆို ဒီဇိုင်နာတွေ က မပါမဖြစ်တက်ရောက်ကြရသည်သာ......။

"ရှောင်းကျန့်....ငါဒီမှာ....."

ဟိုတယ် ခန်းမထဲကို ဝင်လာတဲ့ ရှောင်းကျန့်ဆီသို့ ချားလ်စ်လျှောက်သွားလိုက်သည်။

"Wow ရှောင်းကျန့်...."

ဆွဲဆောင်မှုပြင်းလွန်းသော ရှောင်းကျန့်​၏ အပြင်အဆင်ကြောင့် ချားလ်စ် တောင် အံဩမင်သက်မိသည်။

"သူငယ်ချင်း အချင်းချင်းကို လာပြီး မြှောက်မနေနဲ့....."

"တကယ် မိုက်လို့ မိုက်တယ်ပြောတာ.....ဒီပွဲမှာတော့ မင်းကို ပစ်ကြွေကျမယ့် ဘဲဲကြီးတွေ တော်တော်များလိမ့်မယ်......ဟား....ဟား....ဟား....."

ချားလ်စ် ရဲ့ စကားကြောင့် ရှောင်းကျန့် ပုခုံးတစ်ဖက်ပင့်ပြလိုက်ကာ.....

"မတတ်နိုင်ဘူး.....အဲ့တာကတော့ သူတို့အကြောင်းနဲ့ သူတို့ကံပဲ.....ငါဘာမှ လုပ်နေတာလဲ မဟုတ်ဘူး....."

"ဟုတ်ပါပြီ.....ဟား....ဟား....လာ ဟိုဘက်သွားရအောင် အဲ့တာ မနှစ်တုန်းက မင်း ဒီဇိုင်းဆွဲပေးထားတဲ့ ကုမ္ပဏီ......"

"အင်း....."

ချားလ်စ် ခေါ်ရာနောက် ရှောင်းကျန့် လိုက်သွားကာ သူဌေးတစ်ချို့နဲ့ လက်ခံတွေ့ဆုံနေသည်။ သူဒီလိုတွေ ပြင်ဆင် ဝတ်စား လာသော်လည်း သူ့ကို မရိုးသားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာကိုတော့ မနှစ်မြို့ အနေကျဉ်းကျပ်မိသည်။

သူ့အရှေ့တည့်တည့်မှာ စကားပြောနေတဲ့ သူဌေးကလည်း အငယ်အနှောင်းလို မိန်းမမျိုးကို လက်မှာတွဲထားတာတောင် မျက်လုံးတွေက သူ့ဆီကနေမခွာ.....။ သူဒီလိုတွေကို မုန်းတီးပေမယ့် ဒါ သူကျေကျေနပ်နပ်ကြီး ရွေးကာလျှောက်နေတဲ့ လမ်းဖြစ်သည်။

ခန်းမထဲက လူတွေ သက်ဆိုင်ရာကိုယ့်မိတ်နဲ့ကိုယ် စကားအသီးသီးကောင်းနေရင်းမှ ခန်းမ စင်မြင့်ထက်မှ ကြေညာသံတစ်ခုထွက်လာသည်။

"အားလုံးပဲ ခဏ ငြိမ်သက်ပေးကြပါခင်ဗျာ.....ကျွန်တော် ကြေညာသံ အဆုံးမှာ ဝမ်လုပ်ငန်းစုကြီး ကိုယ်စား CEO ဝမ်က ကျေးဇူးတင်ကြောင်းလေးပြောကြားပေးမှာ ဖြစ်ပါတယ်....ကြိုဆိုလိုက်ပါဦး...."

အားလုံးရဲ့ ကြိုဆို လက်ခုပ်သံ အဆုံးမှာ စင်မြင့်ပေါ်သို့ လူငယ်တစ်ယောက် တက်လာသည်။ CEO လို့ မထင်မှတ်လောက်အောင် ရာထူးနဲ့ အသက်အရွယ်က သိပ်တော့ လိုက်ဖက်မှု မရှိသည်ဟု ထင်ရပေမယ့် တည်ငြိမ်ရင့်ကျက်လွန်းတဲ့ မျက်နှာ ထားကြောင့် လက်ခံနိုင်ကြသည်။ တည်ငြိမ်တာထက် မျက်နှာထားက တင်းပြီး အေးစက်လွန်းတာ....။
စင်ပေါ်မှာ ရှယ်ယာဝင်တွေနဲ့ ကြွလာတဲ့ ဧည့်သည်တွေကို ကျေးဇူးတင်ကြောင်းပြောသွားတာလည်းအပိုအလိုကို မရှိ တိကျပြတ်သားသော စကားလုံးတွေနဲ့ပဲပြောသွားတာဖြစ်သည်။

ရှောင်းကျန့် စင်မြင့်ထက်က CEO ကောင်လေးကို ဝိုင်ခွက်ကိုင်ရင်း မျက်လုံးများမှေးကျဉ်းကာ ဘောင်ခတ်၍ကြည့်လို့နေသည်။ ဆံပင်ကိုတိုကပ်ကပ်ညှပ်ထားပြီး တိပတဲ့ မျက်လုံးမျက်ခုံး နှာတံတွေကြောင့် အတော်ကြည့်ကောင်းတဲ့ မျက်နှာမျိုးဖြစ်သည်။ ရှည်လျားတဲ့ အရပ်က ဝတ်ထားတဲ့ အနက်ရောင် suit ကြောင့် ပို၍သိသာနေသည်။
ဥစ္စာပေါတယ်....ရုပ်ချောတယ်.....မျိုးရိုးမြင့်ထဲက ဇနီးလည်း ရှိတယ်....ဘာလိုသေးလဲ.....။ အင်း....ဘာမှမလို ပြည့်စုံနေတဲ့ ဘဝမှာ ရှောင်းကျန့်ဆိုတဲ့ သူ့ကို လိုအပ်နေတာမျိုး ဖြစ်အောင်လုပ်ကြည့်ရမလား....။

ထိုကောင်လေး ကျေးဇူးတင်စကားပြောအပြီး စင်အောက်ကို ဆင်းလိုက်သည့်အခိုက် ရှောင်းကျန့်လက်ထဲက လက်ကျန်ဝိုင်ကို တစ်လက်စတည်းမော့လိုက်ကာ ခွက်ကို နီးစပ်ရာတွင် ချထားလိုက်သည်။ ဝိုင်တွေစိုစွတ်နေတဲ့ နှုတ်ခမ်းတွေ ကို မသုတ်လိုက်မိ....။ ထို့နောက် အနီးဆုံး စားပွဲဝိုင်းမှာ အလှထိုးထားတဲ့ နှင်းဆီနီတစ်ပွင့်ကို ဆွဲယူလိုက်ပြီး ထိုကောင်လေး ရှိရာသို့ ကြားထဲမှာ တစ်ချက်မရပ် တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
CEO ဝမ် ရှိရာတွင် ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများ စုဝေးနေကြသည်။ ထို လုပ်ငန်းရှင်များအားလုံးက တစုတဝေး စကားပြောနေကြရင်းမှ အားလုံး​၏ မျက်လုံးများသည် သူတို့ကို ကျော်ဖြတ်ပြီး CEOဝမ် ရှိရာသို့ လျှောက်သွားသော ရှောင်းကျန့်​၏ မျက်နှာပေါ်တွင်သာဖြစ်သည်။

ရှောင်းကျန့် သူ့ကိုကြည့်နေတဲ့ မျက်လုံးတွေကို လျစ်လျူရှုပြီး ဟိုကောင်လေး​၏ အရှေ့တွင်တည့်တည့်ရပ်ကာ လက်ထဲက နှင်းဆီနီကို ကမ်းလိုက်သည်။ ချိုမြိန်တာထက် ဆွဲအား ပြင်းသော အပြုံးနောက်မှာ ကပ်ပါသွားတာ ပြင်းရှရှ စကားလုံးတချို့.....
"မောင့် အတွက်....."

အရှေ့က လူကို မျက်မှောင်ကျုံ့ပြီး ထူးဆန်းစွာကြည့်နေမိ​၏။ ရုတ်တရက်မို့ မင်သက်မိတာလည်းပါမည်....။

အနီရောင်တောက်တောက် ပိုးသား ရှပ်အင်္ကျီပျော့ပျော့ကို ဖြူဖျော့နေတဲ့ ပုခုံးသားတစ်ဖက် သိသိသာသာကြီးပေါ်လွင်နေအောင် ဝတ်ဆင်ထားတဲ့ သူက "မောင်" ဆိုတဲ့ နာမ်စားသုံးပြီး နှင်းဆီပန်းနီနီကို သူ့လက်ထဲသို့ လာရောက်ကမ်းပေးနေသည်။

ထိုလူရဲ့ မျက်တောင်ခပ်စိတ်စိတ်နဲ့ မျက်လုံးတောက်တောက် တွေက ကြာတွေပါသလို ပြောလာတဲ့ စကားလုံးတွေက အခုမှ စတွေ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ နည်းနည်း တစ်မျိုးတော့ ဖြစ်နေသည်။
အချိုးကျလွန်းတဲ့ မျက်နှာမှာ အထူးခြားဆုံးနဲ့ အထင်ပေါ်ဆုံးက ထိုလူရဲ့ နှုတ်ခမ်းတွေ.....။ ဆေးဆိုးထားတာလား ဆေးမဆိုးထားတာလား လို့ ဝေခွဲမရနိုင်အောင် နီဆွေးလွန်းသည်။ သူလက်ရှိကိုင်ထားတဲ့ ဝိုင်ခွက်ထဲက ဝိုင်တွေထက်ပို နီလို့နေသည်။ အခုထက်ထိ ထိုလူသူ့ကို ကမ်းပေးပေမယ့် မယူရသေးတဲ့ နှင်းဆီနီရဲ့ အရောင်နဲ့ ထိုလူရဲ့ နှုတ်ခမ်းပါးတွေက ထပ်တူညီ မတိမ်းမယိမ်းဖြစ်လို့နေသည်။

"မောင်....ယူလေ...."
သူဘယ်လောက်တောင် ထိုလူရဲ့ သွင်ပြင်ကို သတိလက်လွတ် ခွဲခြမ်းစိတ်ဖြာမိသွားသည်မသိ ဝိုင်နဲ့ဆတူရောနေတဲ့ ခပ်ရှရှ အသံကို ကြားမှ သတိဝင်လာသည်။

"ခင်ဗျားကို ကျွန်တော်သိလား....."

"ဟင့်အင်း...."

"မောင်လို့ ခေါ်စရာ အကြောင်းရှိလို့လား...."

"မခေါ်ရမယ့် အကြောင်းရော ရှိလို့လား ....ကိုယ်က ကိုယ့်ထက်ငယ်တဲ့ သူတွေဆို မောင်လို့ပဲ ခေါ်တတ်တာ မောင်ရဲ့......"

သူ့ကို ရဲတင်းစွာဝင်ရောနေတဲ့ အရှေ့က လူကို ကြည့်ပြီး ပြန်ချေပချင်သော်လည်း ထိုလူက စကားတတ်လွန်းသည်။ ခါတိုင်းဆို သူဒီလို လူတွေကို အဖက်လုပ်ပြီး စကားပြန်ပြောဖို့နေနေသာ အကြည့်နဲ့တောင် အသိမှတ်ပြန်မပြုတတ်ပေမယ့် သူ့အရှေ့က လူက သူ့ရဲ့ စကားလုံးတွေကို တုံပြန့်လာအောင် လုပ်နိုင်စွမ်းရှိနေသည်။ဒီလူရဲ့ နှုတ်ခမ်းတွေလှသလို ပြောလာတဲ့ စကားလုံးတွေကလည်း ကဗျာတွေစီကုံးနေသလိုပင်....။
"မောင်.....ယူလေ....ကိုယ်ကိုင်ထားရတာ ကြာလွန်းတော့ လူတွေတောင် ကြည့်နေပြီ....."

ဘေးနားက လူတွေက သူတို့ကို ကြည့်နေ၍ လူတွေရဲ့ စိတ်ဝင်စားမှုကို မခံချင်တာကြောင့် အရှေ့က လူရဲ့ လက်ထဲက နှင်းဆီပန်းနီကို ယူလိုက်မိသည်။

"ကျစ်...."

ပန်းလေးကို သေချာမကြည့်ဘဲ ယူလိုက်မိတာမလို့ရိုးတံက အစူးလေးကို ကိုင်မိပြီး ဆူးလို့သွားသည်။

ဆူးထိသွားတဲ့ သူ့လက်ချောင်းထိပ်က သွေးစလေးကို ထိုလူက ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေကို နူးညံ့စွာ စိုက်ကြည့်ကာ လေသံတိုးတိုးလေးနဲ့ အနားကပ်ပြောသွားသေးသည်။
"ပွင့်လွှာလေးတွေရဲ့ အလှကို ပဲ မကြည့်နဲ့လေ.....ရိုးတံမှာ ဆူးတွေရှိတာကိုလည်း သတိထားဦးမှပေါ့

မောင်ရယ်....."ဤအရာကို နှင်းဆီနီ ဟုခေါ်သည် - အပိုင်း(၃) Unicode

__________ _____________

ဝမ်ရိပေါ် brand အသစ် မိတ်ဆက်ပွဲပြီးတော့ ကုမ္ပဏီမပြန်တော့ဘဲ အိမ်ကို တန်းပြန်လိုက်သည်။ သူအိမ်ပြန်ရောက်တော့ အိမ်က အလုပ်သမားတစ်ယောက်က သူ့ရဲ့ လက်ဆွဲအိတ်ကို သယ်ပေးဖို့ပြင်လိုက်စဉ် ယန်ယူမီက ကြားထဲမှ ဖြတ်ယူလိုက်သည်။
"မောင်....ယူမီ သယ်ပေးပါရစေ....."

ဝမ်ရိပေါ် ရှည်ရှည် ဝေးဝေး မပြောနေတော့ဘဲ ယန်ယူမီ​၏ လက်ထဲသို့ လက်ကိုင်အိတ်ပေးကာ သူတို့ရဲ့ အိပ်ခန်းထဲသို့ ဝင်လာသည်။ ယန်ယူမီကလည်း သူ​၏ နောက် မှ ကပ်လျက် လိုက်ပါလာသည်။

"မောင်....ဗိုက်ဆာ ပြီလား....ရေ အရင်ချိုးလိုက်လေ....ယူမီ အဒေါ်ကြီးကို ပြင်ခိုင်းလိုက်မယ်....."

"အင်း...."

ဝမ်ရိပေါ် က အင်းတစ်လုံးတည်းကိုသာ ပြောလိုက်တာကြောင့် ယန်ယူမီက အလိုက်တသိ ညစာပြင်ဖို့ အပြင်ထွက်သွားသည်။
ဝမ်ရိပေါ်ရေချိုးတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ ထိုစဉ် ကုတ်အင်္ကျီ အတွင်းအိတ်ကပ်ထဲက ထွက်လာတဲ့ နှင်းဆီနီလေး တစ်ပွင့်....။

ကြမ်းပြင်ပေါ် ပြုတ်ကျလို့သွားပေမယ့် ဝမ်ရိပေါ် ချက်ချင်းကောက်ယူပြီးနောက် သူ့အိပ်ရာဘေးက စားပွဲနားတွင် အမှတ်တမဲ့ တင်ထားလိုက်သည်။ အမှတ်တမဲ့ တင်ထားသည် ဆိုသော်ငြားလည်း ပန်းပွင့်လေးကို သူစေ့စေ့စပ်စပ်ကြည့်ရင်း ဒီနှင်းဆီလို နီဆွေးတဲ့ တစ်စုံတစ်ရာကို ပြန်မြင်ယောင် မိပြီး မသိစိတ်​၏ခိုင်းစေချက်အရ မျက်နှာမှာတခြမ်းစောင်း အပြုံးလေးတစ်ခု ဖြစ်ပေါ်လို့သွားသည်။
ယန်ယူမီ အပြင်က အလုပ်သမားတွေကို ညစာပြင်ထားခိုင်းလိုက်ပြီး ဝမ်ရိပေါ် ရေချိုးပြီးရင် ဝတ်ဖို့ အဝတ်အစားထုတ်ပေးရန် အခန်းထဲကို ဝင်လာသည်။ ဒီအိမ်ကြီးမှာ အစေခံတွေ အများအပြားရှိသော်လည်း ယန်ယူမီ အနေနဲ့ သူ့ယောကျာ်းနဲ့ ပတ်သက်သမျှကို သူ့လက်သူ့ခြေနဲ့ လုပ်ပေးချင်သည်။ သူချစ်တဲ့ မောင်က အသိမှတ်ပြုလား မပြုလားတော့ မသိသော်လည်း သူတို့ လက်ထပ်လိုက်တဲ့နေ့က စပြီး သူကြိုးစားခဲ့သည်။
သူနဲ့မောင်က လူကြီးချင်း သဘောတူလို့ ယူခဲ့တာပေမယ့် သူက သူ့ထက်နှစ်နှစ်ငယ်တဲ့ မောင်ကို မြင်မြင်းချင်းချစ်မိခဲ့သည်။ သူတို့ လက်ထပ်တဲ့ အချိန်တုန်းက မောင်က ၂၁ နှစ်ပဲရှိသေးတာ ဒါပေမယ့် အရမ်းကို လူကြီးဆန်ပြီး အေးစက်စက်ဆန်သည်။

အဲ့ဒိတုန်းကတော့ ငယ်သေးလို့ ထင်ခဲ့တာ အခု အိမ်ထောင် သက်တမ်း သုံးနှစ်ခွဲကျော်လာတဲ့ အထိ ဒီ အတိုင်းသာ ဖြစ်သည်။ မောင်က သူ့ကို မချစ်မှန်းလည်း သူသိသည်။ မောင့်မှာက သူ့လိုပဲ အမေ မရှိတော့ဘူး....မောင့်ရဲ့အဖေကလည်း စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့အတွက် ဆက်ဆံရေးတွေက ခပ်တန်းတန်းပဲ.....။
ဒီလို အေးစက်စက် ဖြစ်နေတဲ့ အိမ်ကြီးထဲမှာ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံတာဆိုလို့ မောင့်ရဲ့ အဖွားပဲ ရှိတယ်....။ မောင့်ရဲ့ အဖွားက သူ့ကို တော်တော်လေးချစ်ပေးတယ်....မျိုးရိုးဂုဏ်ကြောင့်လည်း ပါမယ်ထင်ပါသည်။

မောင်တို့ရဲ့ အသိုင်းအဝိုင်းက ပိုက်ဆံ အရမ်းချမ်းသာတော့ မျိုးရိုးဂုဏ်လိုချင်တာကြောင့် မျိုးရိုးမြင့်ဖြစ်တဲ့ သူတို့ ယန်မျိုးရိုးနဲ့ လက်ထပ်မယ့်ကိစ္စကမ်းလှမ်းခဲ့သည်။
သူတို့ ယန်မျိုးရိုးကလည်း မျိုးရိုးသာ မြင့်ပေမယ့် ငွေကြေးက အဲ့လောက်ထိ ကြွယ်ဝတဲ့ သူတွေတော့ မဟုတ်ခဲ့ဘူး.....။ အပြင်ပိုင်းကကြည့်ရင် သူတို့မျိုးရိုးက အပြစ်ပြောစရာ မရှိအောင် ကြီးမြတ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း အတွင်းကျကျ ကိစ္စတွေကို မိသားစု ဝင် အချင်းချင်းပဲ သိသည်။

သူက ယန်မျိုးရိုးရဲ့ သမီးကြီး တစ်ယောက်ဖြစ်ပြီးတော့ သူ့မှာ ညီမလေးတစ်ယောက်လည်းရှိသေးသည်။ သူ့တို့မှာ အမေမရှိတော့တာ ငယ်ငယ်တုန်းကတည်းက.....အမေမရှိတော့ပေမယ့် ဖခင်မေတ္တာကို ပြည့်ပြည့်ဝဝလည်း ခံစားခဲ့ရတာ မဟုတ်ပေ....။
သူရဲ့ အဖေဖြစ်တဲ့ ယန်ချောင်မင်က လွန်ခဲ့တဲ့ တစ်နှစ်လောက်က ထိတော်တော်ကို ပွေရှုပ်ခဲ့တာ....။ ကြီးငယ်ပျို အို ဘယ်သူမှ မချန်အောင် ပွေရှုပ်လွန်းသူဖြစ်သည်။ သူ့အမေ အသက်ရှိခဲ့စဉ်ကဆိုလည်း အဲ့ဒိကိစ္စတွေကြောင့် စိတ်ညစ်ခဲ့ရတယ်.....။

သူ့ရဲ့ ညီမ ရှင်းလီ ကလည်း သူ့အဖေရဲ့ လမ်းစဉ်ကို လိုက်သည်။ ဒါပေမယ့် သူ့ရဲ့ အဖေ ခြေမရှုပ်တော့တာ တစ်နှစ်လောက်တော့ရှိပြီ....။ သူတို့နဲ့ ရွယ်တူ မဟုတ်ရင်တောင် နည်းနည်းပဲ ကြီးပုံရမယ့် ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်လို့ကြားလိုက်သေးတယ်...။တစ်ခါမှလည်း မမြင်ဘူးသေးဘူး....။သူ့ရဲ့ အဖေက အဲ့ဒိတစ်ယောက်ကိုတော့ တော်တော်စွဲနေတဲ့ပုံ.....အဲ့ဒိတစ်ယောက်နဲ့ စတွဲကတည်းက တခြားရှုပ်ရှုပ်ရှက်ရှက်တွေ ထပ်မကြားရတော့တာ......။
သူ့အဖေနဲ့ ညီမက ပွေရှုပ်လွန်းတယ်ဆိုရင်...သူကတော့ မောင်တစ်ယောက်တည်းကိုသာ ချစ်တာ....။ ဒါပေမယ့် အမှန်တိုင်းပြောရရင်တော့ မောင့်အရင်မှာ လူတစ်ယောက်နဲ့တော့ တွဲခဲ့ဖူးသေးတယ်.....။ချစ်တယ်လို့်တော့ မဟုတ်ပါဘူး....ဒီတိုင်း အပျင်းပြေတွဲခဲ့ပေမယ့် အဲ့ဒိလူက သူ့ကိုတော်တော်ကြိုက်ခဲ့တာ...။

သူလမ်းခွဲခဲ့တုန်းကဆိုရင်လည်း အမြဲတမ်း အနောက်ကို တကောက်ကောက် ထပ်လိုက်သေးသည်။ နောက်ဆုံး သူတို့ ယန်အိမ်က လူကြီးတွေကို ပါခေါ်ပြီး သွားပြောဆိုလိုက်တော့မှ သူ့နောက်ကို ဆက်မလိုက်တော့တာ ဖြစ်သည်။ အဲ့လိုပါပဲ အဆင့်တန်းနိမ့်တဲ့ သူတွေနဲ့ သွားပတ်သက်ခဲ့တော့ ဘာမှ ကောင်းတာမဟုတ်ဘူး......။
အခုသူချစ်ရတဲ့ မောင်က အဆင့်တန်းလဲရှိသည် ရုပ်ရည်လည်းချောသည် မျိုးရိုးလည်းသန့်သည်.....ကုန်ကုန်ပြောရရင်တော့ အရာရာမှာ ပြည့်စုံလွန်းသည်။ ဒါပေမယ့် တစ်ခါတစ်လေ တွေးမိတာ မောင့်ဆီမှာ ချစ်တတ်တဲ့ နှလုံးသားမရှိဘူးထင်တယ်.....။

ပြောရရင် သူတို့ လက်ထပ်ပြီးကတည်းက ကုတင်တစ်ခုတည်းမှာသာ အတူတူ အိပ်ပေမယ့် အခုချိန်ထိ လင်မယား အရာ မမြောက်သေးဘူး.....။မောင့်ရဲ့ ခေါင်းထဲမှာ စီးပွားရေး ဆန်ဆန် အတွေးအခေါ်တွေသာရှိတယ်....။ အဲ့တာကလည်း သူမအတွက် တစ်မျိုးကောင်းခြင်းပဲ.....မောင်က သူ့ကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ မချစ်တတ်တာ.....။ အဲ့တာကြောင့် သူ့မှာ သဝန်တိုရတာတွေ ဘာတွေလည်း မရှိဘူး......။
ယန်ယူမီ တစ်ယောက်တည်း တွေးတော နေရင်းမှ ဝမ်ရိပေါ် အတွက် ရွေးထားပေးတဲ့ အဝတ်လေးတွေကို ကုတင်ပေါ် လှမ်းတင်လိုက်ရင်း ကုတင်ဘေး စားပွဲခုံလေးပေါ်မှ နှင်းဆီပန်း အနီလေး တစ်ပွင့်ကို သတိထားမိသည်။

သာမန်ကြည့်လိုက်ရင် ပန်းအနီလေး တစ်ပွင့်က ဘာမှ မဟုတ်ပေမယ့် သူ့အတွက်တော့ နည်းနည်းထူးခြားနေသည်။ ဒီပန်းလေးက သူမှားပြီးတင်ထားတာလည်း မဟုတ် အိမ်သန့်ရှင်းရေး အလုပ်သမားတွေကို သူတို့အခန်းထဲ အဝင်မခံတာကြောင့် အလုပ်သမားတွေ တင်ထားခဲ့တာလည်း မဟုတ်......။
အဲ့တာဆိုရင် ကျန်တဲ့သူက မောင်တစ်ယောက်ပဲရှိတယ်.....။ အဲ့တာက ပိုလို့တောင် မဖြစ်နိုင်သေး......။ ဘာလို့ဆို မောင်က ပန်းတွေရဲ့ အနံ့ကို လုံးဝမကြိုက်ဘူး....။ သူတို့စစယူပြီးချင်းတုန်းက သူ့အနေနဲ့ အိပ်ခန်းလေးထဲမှာ အလှပန်းအိုးလေးထည့်ချင်တာကို မောင်က မနှစ်သက်ကြောင်းပြသခဲ့သည်။

"ချောက်....."

ရေချိုးခန်းရဲ့ တံခါးလေးပွင့်လာပြီး ဝမ်ရိပေါ် ထွက်လာခဲ့သည်။

"မောင်....မြန်မြန် ခြောက်အောင်သုတ်လိုက် အအေးမိနေဦးမယ် .....ယူမီ အင်္ကျီထုတ်ထားပေးတယ်...."
"အင်း....ကျေးဇူး....."

အေးစက်စက်နိုင်တဲ့ မောင်က တစ်ခါတစ်လေ ဒီလို ကျေးဇူးဆိုတဲ့ စကားလေးတစ်ခွန်းပြောတတ်ပါသေးသည်။ ဒီစကားလေးကြောင့် သူကြည်နူးရပေမယ့် လောလောဆယ် သူ့ရဲ့ စိတ်ထဲ ဘဝင်မကျတာလေး တစ်ခုမေးကြည့်ချင်သေးသည်။

"မောင်...."

"......"

"ယူမီ မေးစရာလေးရှိလို့ ....."

"အင်း....."

"ကုတင်ဘေး စားပွဲပေါ်က နှင်းဆီပန်းလေးက မောင့်ရဲ့ဟာလား....."

"ဟုတ်တယ်....."

"ဟင်....ယူမီ လွှတ်ပစ်ပေးရမလား....နှင်းဆီပန်းက အနံ့စူးတော့ မောင်အနံ့မခံနိုင်မှာစိုးလို့....."
"မလုပ်နဲ့ .....ဒီတိုင်းပဲထားထား....."

သူ့ကိုအေးအေးလူလူ ဖြေကာ အခန်းပြင်ထွက်သွားတဲ့ မောင့်ရဲ့ ကျောပြင်ကို ကြည့်ပြီး သူ့ရဲ့ အတွေးတွေ ကို နယ်ချဲ့ခဲ့မိသည်။ မောင်က ပန်းမကြိုက်ဘူးလေ....။

____________ _______________

ဝမ်ရိပေါ် အိပ်ရာပေါ်မှာ အိပ်ဖို့ကြိုးစားနေရင်း ဘေးနားရှိ စားပွဲခုံမှ နှင်းဆီပန်းနံ့စူးစူးကြောင့် အိပ်လို့မရဖြစ်ရသည်။ ဒီအချိန်မှာ သူလုပ်ရမှာ တစ်ခုပဲရှိတယ်....အဲ့ဒိနှင်းဆီပန်းကို အမှိုက်ပုံးထဲ သွားကောက်ထည့်လိုက်ယုံပါဘဲ......။ ဒါပေမယ့် သူမလုပ်နိုင်ဘူး......။ သူ့ရဲ့ စိတ်တွေ...ဆုံးဖြတ်ချက်တွေကို တစ်စုံတစ်ရာက ဆွဲငင်ထားတဲ့ ပုံစံမျိုး.....။
ကုတင်ပေါ်မှာ ဝမ်ရိပေါ် ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့ ဖြစ်နေတာကြောင့် ယန်ယူမီ မေးလိုက်သည်။

"မောင်.....အိပ်လို့မပျော်ဘူးလား....."

"ဘာမှ မဖြစ်ဘူး...."

"အင်း....အဲ့တာဆို Good Night နော်....မောင်...."

ဝမ်ရိပေါ် သူဘာလို့ အိပ်မပျော်နိုင်တာလည်းမသိပေမယ့် တစ်စုံတစ်ခုကိုတော့ တိတိကျကျ သတိထားမိတယ်....။

သုံးနှစ်ခွဲကျော် ကာလပတ်လုံး အခေါ်ခံလာရတဲ့ "မောင်" ဆိုတဲ့ အခေါ်အဝေါ်နဲ့ ဒီနေ့နေ့လည်မှ ကြားခဲ့ရတဲ့ "မောင်" ဆိုတဲ့ အခေါ်အဝေါ် နှစ်ခုကြားက ခြားနားချက်က.....