ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၂)Unicode

ရှောင်းကျန့် ဘေကျင်း လေဆိပ်ကြီး​၏အပြင်ကို ထွက်လာကာ တရုတ်ပြည်ရဲ့ လေကို တဝရှူသွင်းလိုက်သည်။ ကိုယ့်မြေကိုယ်ရေ ရဲ့ ရနံ့က ဘာနဲ့မှတော့ မလဲနိုင်။ ပင်လယ်ဘယ်လောက်ကြီးကြီး ရေအိုင်ငယ်လေးကိုပဲ မြတ်နိုးတတ်တဲ့သဘောပါပဲ။

ရှောင်းကျန့် က အတွင်းမှ အနီရောင် ရှပ်အင်္ကျီကို အပေါ်ဆုံး ကြယ်သီးသုံးလုံးဖြုတ်ကာ ဝတ်ဆင်ထားပြီး အပေါ်မှ အနီရောင် long coat ကို ထပ်ဝတ်ထားသည်။ အောက်ပိုင်းတွင်တော့ jean အနက်ရောင် အရှည်ကို ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်။ အပြင်အဆင်တွေက ရိုးရှင်းပေမယ့် ဒီဇိုင်နာ တစ်ယောက်ဖြစ်တာကြောင့် စတိုင်တော့ ကျသည်။

တစ်ကိုယ်လုံး အနီရောင်တွေ ဆင်မြန်းထားတဲ့ လူကို လူတွေက ပေါ်တင်ကြည့်လိုက် မသိမသာ ခိုးကြည့်လိုက်နှင့်ပင်....။ အကြောင်းမူကား အဝတ်အစားတွေကြောင့် မဟုတ် အနီရောင်အဝတ်အစားတွေနဲ့အပြိုင် ဆေးမကူဘဲ နီဆွေးနေသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ လူရဲ့ အလှကို မင်သက်မိကြခြင်းဖြစ်သည်။

ရှောင်းကျန့် သူ​၏ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို နှိုက်ယူလိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါ်လိုက်သည်။

"အေး...ချားလ်စ် ငါပြန်ရောက်ပြီ...."

"......."

"မလိုဘူး.....လာမကြိုနဲ့....ငါ့မှာ ဘာအထုတ်မှ မပါဘူး....ပြီးတော့ လုပ်စရာလေးတွေလည်းရှိတယ်...."

"......"

"အေးပါ ကြားတစ်ရက်မှာ လာတွေ့မယ်...."

ရှောင်းကျန့် ဖုန်းချပြီး ပြုံးလိုက်မိသည်။ တရုတ်မြေပေါ်မှာ သူ့အတွက် ခင်စရာ ဘယ်သူမှ မရှိ တော့ဘူးလို့ ထင်မှတ်ထားခဲ့တာ....။ အမေရိကမှာ ကျောင်းတက်ရင်း ချားလ်စ် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့သည်။ ကျောင်းပြီးတော့ ချားလ်စ် က ဘေကျင်းမှာ အခြေပြန်ချပေမယ့် သူကတော့ အမေရိကမှာပဲ ဆက်ပြီး အခြေချခဲ့ပြီး ဖက်ရှင်ဒီဇိုင်းလောကမှာ နေရာတစ်ခုယူလာနိုင်ခဲ့သည်။

ရှောင်းကျန့် တွေ့တဲ့ အငှားကားတစ်ခုကို တားလိုက်သည်။

" xxxx ကိုမောင်းပေးပါ ဦးလေး....ပြီးရင် ပန်းစည်းဆိုင်လေးတစ်ခုမှာ ရပ်ပေးပါနော်....."

​အငှားကားလေးက ဘေကျင်းမြို့ထဲမှာ တစ်နာရီကျော်လောက်မောင်းလာပြီးသောအခါ လူတို့ ထာဝစဉ်အိပ်စက်ရာ နေရာတစ်ခုသို့ရောက်လာသည်။ ရှောင်းကျန့် နေရာတစ်ခုထိသို့ လျှောက်လာပြီး မြေပုံမို့မို့လေး ရှေ့မှာ ရပ်လိုက်သည်။

​မြက်ရိုင်းလေးတွေ ပေါက်နေတဲ့မြေပုံမို့မို့လေးရဲ့ ထိပ်မှာ ကျောက်တိုင်လေးတစ်ခုက လည်း ထင်ထင်ရှားရှား....။
ရှောင်းလီချန်း

အသက်- ၃၀ နှစ်

ငြိမ်းချမ်းစွာ အိပ်ပျော်နေသည်

"ကော မတွေ့တာတော်တော်ကြာပြီနော်...ကြားထဲမှာ မလာနိုင်တာ ခွင့်လွှတ်ပေးပါ....."

ရှောင်းကျန့် သူလမ်းမှာ ဝယ်လာတဲ့ ပန်းစည်းလေးကို မြေပုံလေးပေါ်မှာ တင်ပေးလိုက်သည်။ ပန်းစည်းလေးထဲမှာ နှင်းဆီနီ များ အပွင့်သုံးဆယ်ခန့်ပါသည်။

"ကော ကျွန်တော်တို့ အသက်တောင် တူသွားပြီ.....နောက်နှစ်ဆို ကျွန်တော်က ကောထက် ပိုတောင် အသက်ကြီးသွားတော့မှာ....."
ရှောင်းကျန့် သူ့အစ်ကိုရဲ့ မြေပုံလေးရှေ့မှာပဲ ထိုင်ချလိုက်ပြီး တစ်ယောက်တည်း စကားတွေပြောလို့နေသည်။ ထို့နောက် ပန်းစည်းလေးထဲက နှင်းဆီပန်းနီလေးတစ်ပွင့်ကို ကောက်ယူကာ ပွင့်ဖတ်လေးများကို ခြွေလို့နေသည်။

"ကော.....ကော ကျွန်တော့်ကို ပြောပြဖူးတဲ့ ပန်းလေးတွေအားလုံးထဲမှာ ကျွန်တော့် ခေါင်းထဲ စွဲနေမိတာက ဒီနှင်းဆီပန်းနီလေးတွေ အကြောင်းပဲ.....ကောက ပန်းတွေအကြောင်းကို ကျွန်တော့်ထက် ပိုနားလည်မှာပေါ့....ဒါပေမယ့် ကျွန်တော် သိသလောက် နှင်းဆီပန်းနီလေးတွေရဲ့ အကြောင်း ကောကို ပြောပြမယ်......"
နှင်းဆီတွေ အားလုံးထဲမှာ နှင်းဆီနီလေးဆိုတာ အရောင်အတောက်ဆုံးနဲ့ အပေါ်လွင်ဆုံးတဲ့.....။ သူ့မှာ ရှိတဲ့ ရနံ့တွေကို အသာထားဦး.....သူ့ရဲ့ အရောင်အဆင်းနဲ့ တင် ပျား ပိတုန်းတွေက လာကပ်ကြတာ.....။ အမြင်အာရုံနဲ့ လာကပ်ကြတဲ့ သူတွေက အနီးရောက်လာတဲ့ အခါ သူ့ရဲ့ပြင်းရှရှ ရနံ့မှာ တွယ်ညိတတ်ကြတယ်....။

နှင်းဆီနီလေးဆိုတာ လမ်းဘေးမှာ လမ်းဘေးပန်းတွေနဲ့ အတူယှဉ်ပြီး ပွင့်နေတာတောင် သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် ဘယ်လောက်ပဲ နိမ့်ကျကျ ပန်လိုသူတွေ ခြူလိုသူတွေက ပေါများလွန်းတယ်.....။ ဒါပေမယ့် နှင်းဆီနီလေးကို တပ်မက်ကြတဲ့ လူတွေမသိတာရှိတယ် ကောရဲ့.....။
ရှောင်းကျန့် လက်ထဲက နှင်းဆီပန်းလေးရဲ့ ပွင့်ဖတ်တွေကို အားလုံးခြွေပြီးနောက် ဆူးတွေပဲ ကျန်ရစ်တဲ့ ရိုးတံလေးကို ဆက်ကိုင်ထားသည်။

နှင်းဆီနီ လေးကို အရောင်အဆင်းတွေ ရနံ့တွေ ဖယ်လိုက်ပြီးရင် ဆူးတွေပဲ ကျန်ခဲ့တယ်ဆိုတာတော့ လူတွေက သတိမထားမိကြဘူး.....။ အဲ့လိုပဲ....ကျွန်တော်ကလည်း သက်ရှိ နှင်းဆီနီ လေးတစ်ပွင့်ပေါ့။ ကျွန်တော့်မှာ မျိုးရိုး နောက်ခံကောင်းကောင်းတွေမရှိပေမယ့် မာမားနဲ့တူတဲ့ အလှတရားတွေနဲ့ ကော ထောက်ပံ့ပေးခဲ့တဲ့ အရာတွေနဲ့ ရလာတဲ့ ပညာအရည်အချင်းတွေရှိတယ်....။
ငယ်ငယ်တုန်းက ကောက ပါပါးနဲ့တူတော့ အားလုံးက ခန့်ချောတယ်လို့ပြောပြီး ကျွန်တော့်ကို တော့ မာမားနဲ့တူလို့ လှတယ်တဲ့....။အဲ့ဒိတုန်းက ယောကျာ်းလေးတစ်ယောက်ကို လှတယ်ဆိုပြီး ပြောလို့ စိတ်တောင်ဆိုးခဲ့သေးတယ်....။ အခုတော့ အရည်အချင်းထက်စာရင် ကျွန်တော့်နားကို လာကပ်တဲ့ သူတွေက အလှကြောင့် ကပ်တာပိုများတာကြောင့် မာမားဆီက ရလာတဲ့ အလှတွေကို ဂုဏ်ယူမိတယ်.....။

ဒါပေမယ့်ကောသိလား.....ကောရဲ့ ညီလေးက နည်းနည်းတော့ဆိုးတယ်.....ကျွန်တော့်မှာ နှင်းဆီနီလေးတွေနဲ့ မတူတဲ့အရာတစ်ခုရှိတယ်......။ နှင်းဆီနီလေးတွေကို လူတွေက နမ်းရှိုက်ပြီးတာနဲ့ နင်းခြေသွားတတ်ပေမယ့် ကျွန်တော်နဲ့ ပတ်သက်မိတဲ့ လူတွေက ရုန်းမထွက်နိုင်ကြတော့ဘူး.....။စိတ်ချပါ.....ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်တော့ ကျွန်တော် မလုပ်ပါဘူး.....နှင်းဆီနီလေးလိုပေါ့.....လှသလောက် ကာကွယ်ဖို့ ဆူးတွေရှိတယ်လေ......။
ရှောင်းကျန့် ထိုင်နေရာမှ ထလိုက်ပြီး သူ့ရဲ့ long coat ပေါ်မှာ ကပ်နေတဲ့ မြက်ပင်လေးတွေကို ဖယ်ရှားလို့နေသည်။ ထိုစဉ် ဖုန်းဝင်လာသည်.....

"ဟယ်လို....."

"......."

"အင်း....အဲ့မှာပဲ လာစောင့်နေပါ...."

"......"

"အင်းပါ....."

တစ်ဖက်က တောင်းဆိုတာကြောင့် ရှောင်းကျန့် ဖုန်းမချခင် ဖုန်း screen လေးကို အသံလေးထွက်ပြီးအနမ်းတစ်ချက်ပေးလိုက်သည်။

____________  ______________

ဘေကျင်းမြို့ရဲ့ ညနေမြို့ပြ ဆည်းဆာလေးကို ရှောင်းကျန့် တစ်မေ့တစ်မော ကြည့်မိနေသည်။ သူ့အစ်ကိုနဲ့ ငယ်ငယ်လေးတုန်းက ပြေးလွှားနေတဲ့ ပုံရိပ်လေးတွေကို အောက်မေ့နေရင်း သူ့အနားသို့ ထိုးဆိုက်လာတဲ့ ကားအနက်ရောင် တစ်စီးကြောင့် အတွေးဆတွေကို ဖြတ်လိုက်သည်။
ရှောင်းကျန့် ကားလေးရဲ့ အနီးကို သွားလိုက်ပြီး အနောက်ခန်းတံခါးကို ဖွင့်ကာ နေရာယူလိုက်လျှင်ပဲ ကားအနောက်ခန်းမှာ စောင့်နေတဲ့ အသက်ငါးဆယ် ဝန်းကျင် လူတစ်ယောက်က ရှောင်းကျန့်​၏ တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်သည်။

"လွမ်းနေရတာ.....ရှောင်း....ရှောင်းရော ကိုယ့်ကို သတိရောရရဲ့လား......"

"အင်း.....သတိရတာပေါ့ ဦးရယ်...."

"ဟင်း.....အတတ်လေး....."

"ဦး....ကျွန်တော့်ကို ခဏလောက်လွှတ်ပေးပါလား....အရှေ့မှာ ဒရိုင်ဘာကြီးလည်း ရှိတယ်လေ....."
"ရှောင်းက လူရှိမှ မဟုတ်ပါဘူး.....နှစ်ယောက်တည်းရှိလည်း ကိုယ့်ကို သိပ်အကပ်ခံတာလည်း မဟုတ်ဘဲနဲ့....အင်းပါ....ရှောင်းသဘော...."

ယန်ချောင်မင် ရှောင်းကျန့် ကို ဖက်ထားတာ မလွှတ်ပေးချင်ပေမယ့်လည်း လွှတ်ပေးလိုက်သည်။ ထို့နောက် ရှောင်းကျန့် မျက်နှာလေးကို ကြည့်ကာ....

"ရှောင်း က ကိုယ့်အိမ်မှာ လိုက်နေပါဆို ......"

"မဟုတ်ပါဘူး ဦးကလည်း....ဦးရဲ့ အိမ်မှာ လိုက်နေရင် ကျွန်တော်တို့တွေ့ရတာ မလွတ်မလပ်ဖြစ်မှာစိုးလို့....အခုကျွန်တော် နေမှာက ဟိုတယ်မှာ ဆိုတော့ ဦး အချိန်မရွေး လွတ်လွတ်လပ်လပ် လာလို့ရတာပေါ့....."
"ဟုတ်ပါပြီ .....ရှောင်းပြောတာနော်.....ကိုယ်က အချိန်မရွေးလာမှာ......"

ယန်ချောင်မင်ရဲ့တောင်းဆိုမှုကို ရှောင်းကျန် ကြာပါပါ တစ်ချက်သာ ပြုံးပြရင်း ခေါင်းငြိမ့်လိုက်သည်။

ကားအနက်လေး အတန်ကြာအောင် ဘီးလှိမ့်လာပြီးနောက် ရှောင်းကျန့် အတွက် ယန်ချောင်မင် စီစဉ်ထားပေးတဲ့ ကြယ်ငါးပွင့် ဟိုတယ်ရှေ့သို့ရောက်လာသည်။

"ဦး အဲ့တာဆို မနက်ဖြန်မှတွေ့မယ်လေနော်....."

"ရှောင်းကလည်း ကိုယ့်ကို အထဲတောင် မခေါ်တော့ဘူးလား.....ကိုယ်နောက်ဆို ခဏခဏ လာဖြစ်မှာဆိုတော့ အဝင်အထွက် ရင်းနှီးအောင် လိုက်ကြည့်ပါရစေ....."
ရှောင်းကျန့် ငြင်းတော့ မငြင်း မိလိုက်.....။

အခုတော့ ယန်ချောင်မင်နဲ့ ရှောင်းကျန့် သူနေထိုင်ရမယ့် ဟိုတယ်ခန်းလေးရှေ့သို့ရောက်လာပြီး အထဲတောင် ရောက်လို့လာပြီ ဖြစ်သည်။ ရှောင်းကျန့် ခရီးပန်းလာတာ မို့ သူ့ရဲ့ long coat ကို ချွတ်လိုက်ပြီး ဆိုဖာပေါ်ခေါက်တင်လိုက်ကာ ခွင့်တောင်းပြီး သန့်စင်ခန်းထဲသို့ ဝင်လိုက်သည်။

ရှောင်းကျန့် သန့်စင်ခန်းထဲဝင်ပြီး သူ့ဖြုတ်ဝတ်ထားတဲ့ ရှပ်အင်္ကျီရဲ့ အပေါ်ဆုံးကြယ်သီး သုံးလုံးကို ပြန်လည် တပ်ဆင်လိုက်သည်။ လူလယ်ကောင်မှာသာ သူ ရင်ဘတ်ကြယ်သီးတွေ အမြဲ ဖြုတ်ပြီး ဝတ်တတ်ပေမယ့် ဒီလို လူတွေ မမြင်ကွယ်ရာ နှစ်ယောက်တည်း ရှိတဲ့ အနေအထားတွေဆို လည်တိုင်တစ်ဆုံး ကြယ်သီးများကို တပ်ဆင်ပြီး ဝတ်လေ့ရှိသည်။ ထို့နောက် သူ့ရဲ့ မျက်နှာကို ရေနဲ့ သပ်လိုက်တော့ အရိုင်းဆန်ပြီး တစ်မျိုး ကြည့်ကောင်းနေသည်။
ရှောင်းကျန့် သန့်စင်ခန်းထဲမှ ထွက်လာပြီးနောက် ဆိုဖာတွေဆီကို လျှောက်လာသည်။ စားပွဲပေါ်ကို ကြည့်လိုက်တော့ ယန်ချောင်မင်က ဘယ်ကတည်း ဝိုင်တွေ မှာထားသည်မသိ.....။ သူ့ဘက်ကို လည်း ဝိုင်ခွက်ကို လှမ်း၍ပေးသည်။

"ရော့....ရှောင်း အကြိုက်...."

"ကျေးဇူး....ဦး...."

ရှောင်းကျန့် က ယန်ချောင်မင် ကမ်းပေးတဲ့ ဝိုင်လေးကို သောက်လိုက်ပြီး နှုတ်ခမ်းလေးကို သပ်လိုက်တဲ့အခါယန်ချောင်မင် သောက်လက်စ ဝိုင်ကိုတောင်ရပ်ထားပြီး နှုတ်ခမ်းလေးတွေကို သာ စိုက်ကြည့်လို့နေမိသည်။
"ဦး ဒီအတောအတွင်း အဆင်ပြေရဲ့လား.....ကျွန်တော်ရှိတဲ့ အမေရိက ကို လာမလည်တာ သုံးလတောင်ရှိနေခဲ့ပြီ...."

"ကိုယ့်ရဲ့ ရှောင်းရယ် စိတ်မကွပ်ပါနဲ့ သားသမီးရေးလေးတွေရှိလို့ပါ.....အဲ့တာကြောင့် ကိုယ့်ရဲ့ အိမ်လိုက်နေပါလို့ပြောတာလေ.....ကိုယ်တို့နေ့တိုင်းတွေ့လို့ရတာပေါ့....."

"ဟင်း....မနေချင်ပါဘူး....ဦးရဲ့ သမီးနှစ်ယောက်ကို အားနာမိတယ်....."

"အဲ့တာ တော့ စိတ်မပူပါနဲ့ ကိုယ်က အခု သမီးငယ် ဆူးလီ နဲ့ပဲနေတာ သူကလည်း အဖေတူ သမီးဆိုတော့ အိမ်ကို မကပ်ဘူး.....ပြီးတော့ သမီး အကြီးလေး ယူမီကတော့ သူ့ရဲ့ ခင်ပွန်းနဲ့ပဲနေတာ....."
​ယူမီဆိုတဲ့ နာမည်ကြားလိုက်တဲ့ အခါ ရှောင်းကျန့် ဝိုင်ခွက်ကိုင်ထားတဲ့ သူ့ရဲ့ လက်များကို မသိမသာ တင်းတင်းဆုပ်မိလို့သွားသည်။

"ဦးရဲ့ သမီးအကြီးလေးကို သူ့ယောကျာ်း အရမ်းချစ်မှာပဲနော်....."

"သူ့ယောကျာ်းကတော့ သူ့ကို ချစ်မချစ်တော့ မသိဘူး သူကတော့ သူ့ယောကျာ်းကို ချစ်လိုက်တာမှ.....သူ့ယောကျာ်းက သူ့ထက်ပိုငယ်ပြီးတော့ တော်တော်လေးကို အေးတိအေးစက်နိုင်တယ်......"

"ဪ...."

"ဒါတွေထားပါတော့ ရှောင်း....ကိုယ်တို့တွေ့တုန်း ကိုယ်တို့ အကြောင်းပဲ ပြောကြတာပေါ့....."
"အင်း ဟုတ်ပါပြီ....ဒါနဲ့ ဆေးလိပ်တွေ မသောက်ပါနဲ့လား.....ဦးရဲ့ ကျန်းမာရေးကို ကျွန်တော် စိုးရိမ်တယ်လေ....."

ရှောင်းကျန့် ဆေးလိပ်မီးညှိနေတဲ့ ယန်ချောင်မင်ရဲ့ လက်တွေကို သူ့ရဲ့ လက်သွယ်လေးများနဲ့ တားလိုက်သည်။ ယန်ချောင်မင်က သူ့ကို လာတားတဲ့သူရဲ့ လက်လေးတွေကို ပြန်ဆုပ်ကိုင်လိုက်ပြီး ဝိုင်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ ရှောင်းကျန့်ကို ကြည့်လိုက်သည်။

"ကိုယ့်ကို ဆေးလိပ်သောက်ခွင့် မပေးရင် ရှောင်းက တစ်ခုတော့ ပြန်ပေးရမယ်....."
"ပြောကြည့်လေ ဦး....."

"ဆေးလိပ်တွေအစား ရှောင်းရဲ့ နှုတ်ခမ်းတွေမှာ ယစ်မူးခွင့်ပြု......"

"အင်း...."

ရှောင်းကျန့်က ညင်သာစွာ ခေါင်းငြိမ့်ပြလိုက်တဲ့ အခါ ယန်ချောင်မင်က သူ့ရဲ့အနားထိတိုးကပ်လာပြီးတော့ ရှောင်းကျန့်​၏ နှုတ်ခမ်းနီနီတွေကို တပ်မက်စွာ နမ်း

ရှိုက်လို့နေသည်။ အနမ်းတွေ နက်ရှိုင်းလာတဲ့ အခါ သူ့ရဲ့ လက်တွေက ရှောင်းကျန့်​၏ အင်္ကျီလည်ပင်းက ကြယ်သီးလေးတွေကို မသိမသာ လှမ်းလို့နေသည်။ သို့သော် ရှောင်းကျန့်က သူ​၏ လက်များကို တားမြစ်လိုက်ပြီး နမ်းနေရာမှာ ခွာလိုက်သည်။
"ဦး.....အိမ်ပြန်နောက်ကျဦးမယ်လေ.....ပြန်တော့ပါလား.....ကျွန်တော်လည်း မနက်ဖြန်ပွဲ တစ်ခုတက်ရဦးမှာ ဆိုတော့......"

"အင်း.....ကိုယ် ခဏလေးနေပြီးမှ ပြန်မယ်လေ ဟုတ်ပြီလား......"

ယန်ချောင်မင် ဝိုင်ခွက်ကို ပြန်ကိုင်လိုက်ပြီးတော့ သူနမ်းခဲ့တဲ့ နှုတ်ခမ်းလေးကို မဝနိုင်သေးစွာ အကြည့်တစ်ချက် မလွှဲဘဲ ကြည့်လို့နေမိသည်။

သူ့ရဲ့ ရှောင်းက အရမ်းလှတယ်.....လှသလို ဆူးတွေလည်း အရမ်းများတယ်.....။ ရှောင်းရဲ့ နှုတ်ခမ်းရဲရဲတွေကို ဘယ်နှစ်ယောက် ရှိုက်ခဲ့ဖူးတယ်ဆိုတာ သူမသိပေမယ့် ရှောင်းရဲ့ ခန္ဓာကိုယ်လေးကို ဘယ်သူ့မှ မထိရသေးဘူးဆိုတာ သူအတပ်သိသည်။ ရှောင်းရဲ့ ခန္ဓာကိုယ်က အခုထက်ထိ ဖြူစင်သေးတယ်...။သူလည်း လူပေါင်းစုံနဲ့ တွဲခဲ့ဖူးတာကြောင့် ဘယ်သူက ဘာဆိုတာ ခွဲခြားတတ်သည်။
ရှောင်းရဲ့ အပြင်ပန်း ပုံလေးက လွယ်သယောင်ယောင်နဲ့ တကယ်တန်းကြတော့ သူ့အတွက် အရမ်းခက်ခဲတဲ့ အရာဖြစ်သည်။ ရှောင်းရဲ့ ဘေးမှာ ကြီးကြီး ငယ်ငယ် ပျိုပျို အိုအို တွေ အများအပြား ရှိပေမယ့် ရှောင်းက အဲ့ဒိလူတွေကြားထဲမှာ သူ့လို အသက်ငါးဆယ်အရွယ် မုဆိုးဖိုတစ်ယောက်ကို အခွင့်အရေးပေးခဲ့သည်။ ရှောင်းက အသက်သုံးဆယ်ပဲ ရှိသေးတာ...သူ့ရဲ့ သမီးကြီး ယူမီထက်စာရင် လေးနှစ်လောက်ပဲ ကြီးတာဖြစ်သည်။
ရှောင်းက သူ့ဘဝတစ်လျှောက်တွဲလာတဲ့ လူတွေနဲ့ မတူ တကယ်ကို ထူးခြားတာ....။သူအမေရိကကို အလည်သွားရင်း မိတ်ဆွေတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ရှောင်းနဲ့ ပတ်သက်လာတာ တစ်နှစ်လောက်ရှိပေမယ့် နှုတ်ခမ်းချင်း အနမ်းပေးတာက လွဲလို့ ဘာမှ မဖြစ်ကြသေး....။ အိပ်ရာပေါ် ရောက်ဖို့မပြောနဲ့ ရှောင်းက လည်တိုင်လေးတွေ နမ်းဖို့တောင် ခွင့်မပြုဘူး......။

အဲ့တာကြောင့်ပဲ ထင်တယ် ခက်ခဲလွန်းတဲ့ အရာတွေဆို လူတွေက ပိုလိုချင်တယ်.....။ သူ ရှောင်းကို ချစ်တယ် ဆိုတာထက် ရှောင်း နဲ့ ပတ်သက်နေရတာကိုပဲ စွဲလန်းနေမိတယ်။ သူ့ကို ချွဲနွဲ့ခြင်းတွေ မရှိဘဲ ရိုးရိုးတန်းတန်း ပြောတဲ့ စကားသံလေးတွေမှာ ပဲ ပစ်ကြွေမိတာ....။အမှန်တိုင်းပြောရရင် ရှောင်းနဲ့ ပတ်သက်မိနေတဲ့ တစ်နှစ်တာ အတွင်းမှာ ဘယ်သူနဲ့မှ ထပ်ပြီး မတွဲဖြစ်တော့တာပင်.....။
"ရှောင်း ကိုယ်ပြန်တော့မယ်....."

"အင်း.....ကျွန်တော် တံခါးဝထိ လိုက်ပို့ခွင့်ပြုပါ....."

ယန်ချောင်မင်နဲ့ ရှောင်းကျန့် တံခါးဝကို ရောက်လာတဲ့ အခါ ယန်ချောင်မင်က ရှောင်းကျန့်ဘက်သို့ လှည့်ကာ တောင်းဆိုသည်။

"ရှောင်း....ကိုယ့်ကို တံခါး password လေးပေးထားပါလား......ကိုယ်အချိန်တိုင်းဝင်လာလို့ရအောင်....."

"ဟင်း....ဦးကလည်း.....တစ်ခါတစ်လေကျရင် ကျွန်တော်က ရုပ်ဆိုးဆိုးနေတတ်တာ.....အဲ့တာကြောင့် ဦးလာတဲ့ အခါကျရင် ကျွန်တော်ရဲ့ ရုပ်ဆိုးတာတွေ မပြချင်လို့ ပြင်ဆင်ရမယ်လေ.....အဲ့တာကြောင့် မပေးပါရစေနဲ့နော်....."
ယန်ချောင်မင် ပြုံးလိုက်ပြီး ခေါင်းအသာခါရမ်းလိုက်သည်။

"ရှောင်းက စကားတတ်လွန်းတယ်.....အဲ့ဒိအစား မပြန်ခင်လေး ကိုယ့်ကိုနမ်း....."

"ပြန်ပါတော့ ဦးရယ်.....ကျွန်တော်က မနက်ဖြန်ပွဲသွားဖို့ အစောကြီးထရဦးမှာ.....ဦးကို နမ်းလိုက်လို့ ရပ်တန့်လို့မရဖြစ်ပြီး အရှိန်တွေလွန်ကုန်မှာစိုးလို့.....ပြန်တော့နော်....."

သူ့ကို အနုနည်းနဲ့ ရှောင်ကွင်းပြီး နှင်နေတဲ့ ရှောင်းကျန့်ကြောင့် ယန်ချောင်မင် ဘယ်လိုမှ မတတ်နိုင်...။ တော်လွန်းတယ် ရှောင်း.....။
"ဟုတ်ပြီ....ကိုယ်ပြန်ပြီ ရှောင်း.....Good Night "

"Good Night ပါ ဦး....."

ခုနက အပြုံးချိုချိုလေးများသည် ရုတ်တရက် ကွယ်ပျောက်သွားရသည်။

ယန်ချောင်မင် ပြန်သွားသည် နှင့် ရှောင်းကျန့် ဟိုတယ်အခန်းတံခါးကို ပိတ်လိုက်ပြီး သန့်စင်ခန်း ဆီသို့ဝင်လာသည်။ ထို့နောက် ဘေစင်မှ ရေပိုက်ကို ဖွင့်ကာ ယန်ချောင်မင် နမ်းရှိုက်သွားတဲ့ နှုတ်ခမ်းများကို နီရဲ လာသည်အထိ ​ရေနဲ့ ဆေးကြောလို့နေသည်။ ပြီးနောက် အပေါ် အင်္ကျီကို ချွတ်လိုက်ပြီး ထိတွေ့ခံလိုက်ရသည့် အပေါ်ပိုင်းခန္ဓာကို ရေစိုဝတ်နဲ့ အသားလေးများရဲတွက်လာသည် အထိ တိုက်လို့နေသည်။
သူရွံတယ်.....။ ယန်မျိုးရိုးက လူတွေကို သူရွံတယ်.....။ ယန်ချောင်မင်ရဲ့ အထိအတွေ့တွေကို ရွံမုန်းတယ်.....။ သူ့ရဲ့ သမီးအကြီး ယူမီကြောင့် လီချန်းကောရဲ့ ဘဝကြီး စုတ်ပြတ်သပ်သွားခဲ့ပြီး လောကကြီးကို နှုတ်ဆက်သွားရတာ။

လီချန်းကော က သူ့ကို မပြောခဲ့ပေမယ့် လီချန်းကော ဆုံးသွားတဲ့ အချိန်မှာ မျက်နှာချင်းဆိုင်တိုက်ခန်းက အိမ်နီးချင်းတွေက သူ့ကို လာပြီးပြောတယ်.....။ ယန်မျိုးရိုးက လူကြီးတွေက အိမ်အထိလာပြီး လီချန်းကောကို ချိုးချိုးမြစ်မြစ်ပြောခဲ့တယ်တဲ့ .....။ အထူးသဖြင့် ယန်ချောင်မင်ဆိုတဲ့ လူက သူ့သမီးနဲ့ မပတ်သက်ဖို့ လက်တွေပါတဲ့ အထိတောင် ပြောဆိုခဲ့တယ်တဲ့......။
အခုတော့ ရယ်ရတယ်.....။ သူ့သမီးနဲ့ မပတ်သက်ဖို့ လီချန်းကောကို မတူမတန်သလို ဖဲ့ပြီးပြောခဲ့တဲ့ ပါးစပ်နဲ့ သူ့ရဲ့ နှုတ်ခမ်းတွေကို မက်မက်မောမော နမ်းရှိုက်နေလိုက်တာ.....။ အေးပေါ့ သူတပ်မက်နေတဲ့ နှုတ်ခမ်းပိုင်ရှင်က သူချိုးနှိမ်ခဲ့တဲ့ လူရဲ့ ညီတစ်ယောက်ဖြစ်မှန်းသူမှ မသိတာ......။

သူတို့ ညီအစ်ကို ကို သေခွဲခွဲ ခဲ့တဲ့ ယန်မျိုးရိုးက လူတွေက တကယ်ကို သူတို့ ဘာမှ မလုပ်ခဲ့တဲ့ အတိုင်း ဝမ်လုပ်ငန်း အသိုင်းအဝိုင်းရဲ့ ခမည်းခမက်တွေ အဖြစ် အရှက်မရှိရပ်တည်နေကြသေးတာ.....။
တကယ်ဆို ယန်ချောင်မင်က သူ့ရဲ့ ပစ်မှတ်မဟုတ်ဘူး......။ သူစိတ်ဝင်စားတာ သူ့အစ်ကိုရဲ့ ဘဝကို ဖျက်သွားတဲ့ ယန်ချောင်မင်​​၏ သမီးကြီး ယန်ယူမီ ရဲ့ အိမ်ထောင်ရေး......။

သိရသလောက်တော့ ယန်ယူမီရဲ့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာတဲ့.....။ လက်ထပ်ထားကြတာ တော်တော်ကြာပြီ.....အခုထက်ထိ ကလေး မရသေးတာ ကြည့်ရင်သိနိုင်တာပဲ....။ အဲ့လို အေးစက်စက်ဖြစ်နေတဲ့အိမ်ထောင်ရေးကို သူက အသည်း တအေးအေးလေးနဲ့ ဝင်ပြီး နှောင့်ချင်တာ......။
မကြာပါဘူး....လူတွေက သူ့အရှေ့မှာ လီချန်းကော ဖြစ်ခဲ့သလိုပဲ အချစ်ကြောင့် ဒူးထောက်

ရူးသွပ်ပြကြဦးမှာ......။