ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၁)Unicode

"လွှတ်...."

ဆေးရုံတစ်ခုရဲ့ အရေးပေါ် ခွဲစိတ်ခန်းရှေ့တစ်ခုတွင် ရှောင်းကျန့် မျက်ရည်များ စီးကျရင်း အော်ဟစ်သောင်းကျန်းနေတာကြောင့် နီးစပ်ရာသူနာပြုများနှင့်ဆရာဝန်များက ဆွဲ၍ထားရသည်။

"လွှတ်ပေးကြပါနော်.....ကျွန်တော့်ရဲ့ အစ်ကို က အထဲမှာလေ....."

"မရလို့ပါ....ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေကြိုးစား ပေးနေပါတယ်....."

ဆရာဝန်တစ်ယောက်က ရှောင်းကျန့်ကို ချုပ်ထားသည့်ကြားက နားချလို့နေသည်။ အတင်းအကြပ် လုပ်လို့မရတဲ့ အခါ ရှောင်းကျန့် ရုန်းကန်နေရာမှ စိတ်ကို လျော့ကာ သူ့ကို ချုပ်ထားတဲ့ ဆရာဝန်တွေ သူနာပြုတွေ​၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။

"တောင်းပန်ပါတယ်.....ခွဲခန်းထဲက မျက်နှာလေးပဲ တစ်ချက် ကြည့်ပါရစေ....ကျွန်တော့်အစ်ကိုရဲ့ မျက်နှာလေးကို ပဲ ကြည့်ချင်တာပါ....."

"မရလို့ပါခင်ဗျာ.....ခွဲခန်းထဲကို ဘယ်လူနာရှင်မှ ဝင်လို့မရလို့ပါ.....ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်....."

တောင်းပန်လို့လည်း မရ သောင်းကျန်းလို့လည်း မရတဲ့ အခါ ရှောင်းကျန့် ကြမ်းပြင်ပေါ်မှာသာ ထိုင်ချလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အရှေ့က နံရံတွေကို သာစိုက်ကြည့်လို့နေပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ ရင်ထဲမှာ ရှိသမျှ ဘာသာပေါင်းစုံက ဘုရားများကို ဆုတောင်းလို့နေသည်။

သာမန်ဆိုရင် သူ့ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ကြိမ်နှုန်း ၈၀ ရှိတယ်.....။ အခုတော့ သူ့ရဲ့ နှလုံးခုန်နှုန်းကို မိနစ်စက္ကန့်တွေက အမီလိုက်နေရတယ်.....။

အစိုးရိမ်လွန် ရင်တွေတုန်နေရင်း သူ ရှေ့က သွေးစက်တွေကို အဓိပ္ပာယ်မဲ့စွာ လိုက်ရေတွက် နေမိ​တယ်။တစ်စက် နှစ်စက်ကနေ စခဲ့တဲ့ သွေးစက်တွေက သူ့ရှေ့ကြမ်းပြင်စီကနေ ခွဲခန်းထိ တစ်လျှောက်.....။အချိန်တွေ ဘယ်လောက် ကုန်လွန်သွားပြီလည်း သူမသိဘူး....သူ့ရှေ့က နံရံမှာ နာရီမှ မရှိတာ....။

"ကျွီ....."

ရှောင်းကျန့် သွေးစက်တွေကို ရေတွက်နေရင်းမှ ခွဲခန်းရဲ့ တံခါးပွင့်သွားသံကြောင့် လှည့်ကြည့်လိုက်သည်။ ခွဲခန်းထဲက ထွက်လာတဲ့ ဆရာဝန်က သူ့အရှေ့ကို စုံရပ်ပြီး ခေါင်းကို ညင်သာ စွာခါရမ်းပြသည်။ အဲ့ဒိအမူအရာက စိုးရိမ်စရာ မရှိတော့ဘူးလို့ပြောတာ မဟုတ်လား.....။

"တောင်းပန်ပါတယ်......"

ဘာလို့ တောင်းပန်စကားတွေ လာပြောနေတာလဲ....။ သူတို့ သူ့အစ်ကို ကို ကယ်တင်ပေးနိုင်ခဲ့တယ် ဆိုရင် တောင်းပန်စရာ မလိုဘူးလေ.....။
"ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လူနာက သွေးထွက်လွန်ပြီး ဆုံးသွားပါပြီ....."

"ဟား.....ဟား....ဟား......"

ရှောင်းကျန့် သူ့ရှေ့မှာ လာပြောနေတဲ့ ဆရာဝန်ကို ကြည့်ပြီး အခြောက်တိုက် ရယ်မောလိုက်သည်။ ရယ်ရတယ်....။ ရှိုက်ကြီးတငင်ကို ရယ်ရတာ။ မျက်ရည်ကျလောက်အောင်ကို ရယ်ရတာ....။

မိုးရွာရင်း နေပူရင် လှပတဲ့သက်တန့်လေးဖြစ်တယ်။အခု သူငိုနေရင်း ရယ်နေတော့ ဘာဖြစ်မလဲ....။ အဖြေကရှင်းရှင်းလေး။ သူတစ်ကောင်ကြွက်ဖြစ်တော့မယ်။ ဒီလိုပါပဲလောကကြီးကတရားတယ်။
ဒီနေ့မနက် သူ့အစ်ကို အတွက် မနက်စာ သွားဝယ်ဖို့ အိမ်ကနေ ခဏလေးထွက်ခဲ့မိတာ.....။ သူအိပ်ပျော်နေတယ် ထင်ပြီး ခဏလေးပဲ ချန်ထားခဲ့မိတာ.....။အဲ့တာကို သူ့ရဲ့ အလစ်မှာ ဘယ်အချိန်ကတည်းက ခိုးထွက်သွားခဲ့တာလဲ......။

မနက်စာဝယ်ပြီး အပြန်လာမှာ သူ့အစ်ကိုဆီက ဖုန်းဝင်လာတယ်.....ပြန်ဖြေလိုက်တဲ့ အခါမှာ ပြန်ကြားရတာ က သူ့အစ်ကို အသံမဟုတ်ခဲ့ဘူး.....။ သူဖုန်းထဲမှာ တစ်ဖက်က အသံတွေ ကြားနေရတယ်.....ရဲကားအသံတွေ.....လူနာတင်ကား အသံတွေ ဆူညံလို့နေတယ်.....။ ပြီးတော့ သူ့အစ်ကိုရဲ့ ဖုန်းကို ကိုင်ထားတဲ့ လူကလည်း ပြောတယ်......ဒီဖုန်းပိုင်ရှင်က မူးပြီးတော့ လမ်းမပေါ်က ရပ်ထားတဲ့ ကုန်တင်ကားကြီးတစ်ခုကို ဝင်တိုက်မိခဲ့လို့ ဒဏ်ရာရပြီး နီးစပ်ရာဆေးရုံကို အရေးပေါ် လှမ်းတင်ခဲ့ရတယ်တဲ့......။
ဒီအဖြစ်အပျက်တွေ အားလုံးက အချိန်နှစ်နာရီဆိုတဲ့ အချိန်တိုလေးတွင်းမှာ ဖြစ်ပျက်သွားတာ.....။ ပြောရရင် သူ့ရဲ့ ကမ္ဘာကြီး တစ်ခုလုံးက နှစ်နာရီ အတွင်းမှာ အပြီးတိုင်ပျောက်သွားတာ.....။

ရှောင်းကျန့် သူ့အစ်ကိုရဲ့ သွေးခြင်းခြင်းနီတဲ့ မျက်နှာကို ခွဲခန်းကုတင်ပေါ်တွင်ဖျတ်ခနဲ တွေ့လိုက်ပြီးတော့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့ရတာ အေးစက်နေတဲ့ ရေခဲတိုက် ထောင့်တစ်နေရာ တွင်သာ......။

ရှောင်းကျန့် မျက်ရည်တွေရွှဲနေတဲ့ သူ့ရဲ့ မျက်နှာကို လက်နဲ့ တစ်ချက်ပွတ်သပ်လိုက်ပြီးတဲ့ အခါ မျက်နှာပြင်က ခုနကနှင့်မတူ တည်တင်းလို့သွားသည်။
ဟင့်အင်း.....သူမငိုချင်တော့ဘူး.....။ သူငိုနေလည်း လာနှစ်သိမ့်ပေးမယ့် သူမှ မရှိတာ.....။ သူ့ကို လာကြည့်မယ့် ဆွေမျိုးသားချင်းလား....။ ဟက်.....သူ့မိဘတွေ ဆုံးသွားပြီးကတည်းက လှည့်ကို မကြည့်ကြတော့တာ.....။

သူ့ရဲ့ အဖေက သူ ၁၅ နှစ်သားအရွယ်မှာ ရောဂါတစ်ခုနဲ့ ဆုံးခဲ့တယ်.....။ သူ့အမေကတော့ သူ့အဖေရဲ့ စိတ်ကြောင့်ပဲ သိပ်မကြာဘူး ထပ်ပြီး ဆုံးသွားခဲ့တယ်....။ မိဘတွေ မရှိတော့တဲ့ သူ့ရဲ့ ဘဝမှာ ဘယ်သူကျန်ခဲ့လဲ.....။ သူ့ထက် သုံးနှစ်ကြီးတဲ့သူ့ရဲ့ တစ်ဦးတည်းသော အစ်ကို လီချန်းကော သာကျန်ခဲ့တယ်....။
သူတို့မိဘတွေ ဆုံးတဲ့ အချိန်မှာ လီချန်းကောက တက္ကသိုလ်တောင် ဆက်မတက်ရသေးဘဲ ကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကို ထောက်ပံ့ပေးခဲ့တယ်.....။ လီချန်းကောမှာလည်း ဝါသနာတွေရှိခဲ့တာပေါ့....။ လီချန်းကောက စိုက်ပျိုးရေး မေဂျာကို ယူပြီးတော့

ပန်းပင်လေးတွေ ပျိုးထောင်ပေးတဲ့ ဥယျာဉ်ခြံမှူးကြီးလုပ်ချင်တာတဲ့...။

ညီအစ်ကို နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဘဝမှာ ပိုင်ဆိုင်တာ ဆိုလို့ သူတို့ မိဘတွေ ချန်ထားခဲ့ပေးတဲ့ အိမ်တစ်လုံးပဲ ကျန်ခဲ့တယ်.....။ တကယ်ဆို လီချန်းကော က သူ့ကို ငဲ့မကြည့်ဘဲ ပစ်ထားလို့ရတယ်....။ သူတို့နှစ်ယောက် မိဘပိုင် အိမ်ကို ရောင်းလိုက်ပြီးတဲ့ အခါမှာ ရလာတဲ့ ငွေပမာဏက တရုတ်ပြည်မှာ ကောင်းကောင်းမွန်မွန် လုပ်စားလို့ရပေမယ့် လီချန်းကော က သူ့ရဲ့ ဝါသနာကိုတောင် စွန့်လွှတ်ပြီးတော့ တစ်ဦးတည်းသော ညီလေးဖြစ်တဲ့ သူ့ကို အရာရာမှာဦးစားပေးခဲ့တယ်....။
လီချန်းကောက ရလာတဲ့ ငွေတွေနဲ့ တိုက်ခန်း အတော်အသင့်လေးတစ်ခုပြန်ဝယ်လိုက်ပြီးတော့ ကျန်တဲ့ ပိုက်ဆံတွေကို သူ့အတွက် နိုင်ငံခြားမှာ သူဝါသနာ ပါရာ ဒီဇိုင်းပညာကို သင်ဖို့ ပုံအော ထောက်ပံ့ပေးခဲ့တယ်.....။

လီချန်းကော က သူကိုယ်တိုင်သာ အထက်တန်းပညာရေး အဆင့်နဲ့ပဲ ရပ်နားခဲ့ပေမယ့် သူ့ကိုတော့ အမေရိက အထိ သွားတက်နိုင်အောင်စီစဉ်ပေးခဲ့တယ်.....။ အဲ့ဒိတုန်းက သူက လီချန်းကောကို အရမ်းအားနာ ခဲ့ပေမယ့် ကောက အပြုံးမပျက်ဘဲ ပြန်ဖြေခဲ့တယ်....။ ကောရဲ့ ညီလေး ကျော်ကြားတဲ့ ဒီဇိုင်နာကြီး ဖြစ်မှပဲ ကောကောကို တစ်ခါပြန်လုပ်ကျွေးပေါ့တဲ့.....။
သူအမေရိက ကို ရောက်သွားလည်း သူနဲ့ လီချန်းကောနဲ့က နေ့တိုင်း ဖုန်းပြောဖြစ်ကြသည်။ ဖုန်းပြောတိုင်း လီချန်းကောက သူ့ကို ပန်းလေးတွေ အကြောင်း​ပြောပြတယ်...နှင်းဆီ...စံပယ်...လာဗင်ဒါ....သစ်ခွ အမျိုးကိုစုံလို့....။သူပန်းတွေ အကြောင်းကို လုံးဝ စိတ်မဝင်စားဘူး....ဒါပေမယ့်လည်း လီချန်းကောပြောပြတာကြောင့် စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးခဲ့ပါတယ်.....။

တစ်ရက်ကြတော့ လီချန်းကော ပြောတဲ့ စကားထဲမှာ ပန်းပင်လေးတွေအစား ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေပါလာခဲ့တယ်.....။ ပြောပြီးတော့ မကြာပါဘူး သူ့ရဲ့ စိတ်ထင်တော့ အဲ့ဒိကောင်မလေးနဲ့ ချစ်သူတွေ ဖြစ်သွားကြတယ် ထင်ပါ့.....။
အဲ့ဒိနောက်ပိုင်းက စပြီးတော့ သူတို့ပြောတဲ့ စကားထဲမှာ သူ့ကောင်မလေး အကြောင်းက မပါမဖြစ်.....။ ပန်းပွင့်လေးတွေ အကြောင်းတောင်မကြားရတော့ဘူး....။ကောင်မလေးက သူ့ထက်တောင် ၄ နှစ်လောက်ငယ်တော့ လီချန်းကောနဲ့ဆို ၇နှစ်လောက်ပိုငယ်တယ်....။ အဲ့ဒိကောင်မလေး အကြောင်းပြောနေရရင် လီချန်းကောတို့များ ပြုံးရွှင်နေတာ.....။ သူလည်း သူ့အစ်ကို ပျော်နေခဲ့တော့ ပျော်ခဲ့ရတယ်......။

ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ်လလောက်မှာ လီချန်းကော ပြောင်းလဲလာတာ ကို သူသတိထားမိလာတယ်.....။ ဆေးလိပ်တောင် မသောက်တဲ့ သူ့ရဲ့ကောက သူနဲ့ ဖုန်းပြောတိုင်း အရက်ပုလင်း ကိုင်နေတာ တွေ့ရသည်။ ဘာဖြစ်လို့လဲဆိုတာ သူ့ကို မပြောပြပေမယ့် ဟိုကောင်မလေးနဲ့ ပတ်သက်နေတယ် ဆိုတာတော့ သူအတပ်သိသည်။
လီချန်းကောက တစ်ရက်ထက် တစ်ရက်ပိုပိန်လာပြီးတော့ အရက်ကို မသောက်ရမနေနိုင်စွာ စွဲလာခဲ့တယ်.....။ တစ်ခါတစ်လေဆို ဖုန်းပြောနေရင်းနဲ့တောင် ကောက်ခနဲ မူးပြီး အိပ်ပျော်သွားတတ်တယ်.....။ ဒါကြောင့် သူ လွန်ခဲ့တဲ့ တစ်လလောက်က ကျောင်းမှာ ခွင့်ရက်ရှည်တင်ပြီး လီချန်းကောရဲ့ ဘေးနားကို ပြန်လာခဲ့တာ.....။

သူပြန်ရောက်လာတော့ လီချန်းကော က တကယ့်အရက်သမားလုံးလုံးကို ဖြစ်နေခဲ့ပြီ.....။ သူအစားကျွေးလည်း မစားဘဲ အခန်းထဲမှာပဲ တစ်နေကုန် အိပ်ရာထဲ လိမ့်ပြီး လှဲနေခဲ့တယ်.....။ နောက်ကျမှ သိလိုက်ရတာ လီကျန်းကောရဲ့ ကောင်မလေးက သူ့မိဘတွေ သဘောတူတဲ့ လူနဲ့ ယူဖို့ သူ့ရဲ့ ကောကို အဆက်အသွယ်ဖျက်ခဲ့တယ်တဲ့.....။ ကောင်မလေးတို့ ဘက်က မျိုးရိုးက ရှေးခေတ် မြင့်မြတ်တဲ့ မြို့စား အနွယ်တွေက ဆင်းသက်လာတာတဲ့ .....။ ရှင်းရှင်းပြောရရင်တော့ မျိုးရိုးမြင့်တဲ့ သူတွေပေါ့.....။
ပေးခဲ့တဲ့ ဆင်ခြေလေးက ရိုးရိုးရှင်းရှင်းလေး ရွှေကိုရွှေချင်းထပ်မှ မြတ်သတဲ့.....။

ကောင်မလေးက ကောကို ချစ်ပေမယ့် မိဘတွေရဲ့ သဘောကို မလွန်ဆန်နိုင်ခဲ့တာ လို့လီချန်းကောက ဖာထေးပြီးပြောပေးပေမယ့် သူခန့်မှန်းမိရသလောက်မှာ အဲ့ဒိကောင်မလေးက လည်း သူ့ရဲ့ကောကို တကယ်မချစ်ခဲ့ဘူး......။ ဒီတိုင်း အပျင်းပြေ ကစားခဲ့ယုံသပ်သပ်ပဲ.....။ လွယ်လွယ်ပြောမလား....စိန်တွေနဲ့ ဇယ်တောက်တိုင်း ကစားနေကျ ကလေးမလေးက အပျင်းပြေ ရွဲလုံးလေးတွေနဲ့ ခဏတာ ကစားခဲ့သလိုပေါ့.....။
အမြဲတမ်း မှိုင်ထွေပြီး အရက်နာကျနေတဲ့ သူ့ရဲ့ကောက မနေ့တုန်းက ရုတ်တရက်ကြီး ဆိုလာတယ်....။ မနက်ဖြန်ကျင်းပမယ့် သူ့ကောင်မလေးရဲ့ မင်္ဂလာပွဲကို အဝေးကနေသွားကြည့်ချင်တယ်တဲ့.....။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ လီချန်းကော အကြီးအကျယ် စကားများခဲ့တယ်....။

ကိုယ် မပိုင်တော့တဲ့ လူတစ်ယောက် ကိုယ် နဲ့ မဆိုင်တော့တဲ့ လူတစ်ယောက် ....ငွေမျက်နှာတစ်ခုတည်းနဲ့ ကိုယ့်ကို ထားခဲ့တဲ့ လူတစ်ယောက်ကို ဘာတွေ မျှော်ပြီး သွားကြည့်နေဦးမှာလဲ လို့ သူရင့်ရင့်သီးသီး ပြောဆိုခဲ့တယ်......။ သူသောင်းကျန်းခဲ့တာကြောင့် သူ့ရဲ့ကောက သူမသွားတော့ဘူး ဆိုတဲ့ အကြောင်းကို ကတိပေးခဲ့ပါတယ်.....။
ဒါကြောင့် ဒီနေ့မနက်မှာ သူ့ရဲ့ကောကို အိမ်မှာ တစ်ယောက်တည်း စိတ်ချလက်ချ ထားသွားခဲ့ပြီး မနက်စာ ထွက်ဝယ်ခဲ့တာ.....။

အဟား....သူလေ....လူတွေရဲ့ အချစ်နဲ့ ပတ်သက်တဲ့ ရူးသွပ်မှုတွေကို လျော့တွက်သွားမိခဲ့တယ်.....။ အဲ့ဒိထဲမှာ လီချန်းကောလည်း ခြွင်းချက်မရှိပါဘူး....။သူသိပ်ချစ်လွန်းတဲ့ ကောင်မလေးရဲ့ မျက်နှာကို မြင်ရဖို့ အရက်မူးမူးနဲ့ ကားမောင်းထွက်သွားရင်း မတော်တဆ ဖြစ်ပြီး အခုတော့ သူ့ဘဝရဲ့ တစ်ဦးတည်းသော ညီလေးကို တောင်ထားရစ်ခဲ့တယ်လေ.....။
ရှောင်းကျန့် သူ့အစ်ကိုရဲ့ ကိုယ်ထည်ရှိရာ ရေခဲတိုက်ကနေပြန်လာ အပြီးမှာ ဆေးရုံ မျက်နှာစာမှာ ပြသထားတဲ့ တီဗီက အကြောင်းအရာကို ခဏမျှရပ်ကြည့်ရင်း မဲ့ပြုံးတစ်ခုပြုံးလိုက်သည်။

တီဗီမှာ ပထမဦးဆုံး လာတဲ့ သတင်းက မြို့တွင်းမှာ အရက်မူးပြီးမောင်းလာတဲ့ ကားက ရပ်ထားတဲ့ ကုန်တင်ကားကို တိုက်မိမှု.....။

ကားမောင်းတဲ့သူက ရစရာမရှိဒဏ်ရာပြင်းထန်စွာရနေတာကို တွေ့မြင်ရတာတောင် လူတွေက သနားစိတ်လေးနဲ့ မကြည့်နိုင်ဘဲ အရက်သောက်ထားလို့ နည်းတောင် နည်းသေးတယ်လို့ ပြစ်တင်သံတွေ တီးတိုးထွက်လာကြသေးတယ်.....။ဒီလောကကြီးမှာ လူတွေဆိုတာ.....နိမ့်ကျတဲ့ သူတွေဆို ဆွဲမတင်ကြဘူး.....ဝိုင်းပြီး ထိုးနှက်ကြမယ် အပြစ်တင်ကြမယ်....။
သူ တရားတောင်ပေါက်မိပါတယ်.....။သူ့အစ်ကိုရဲ့ မတော်တဆ မှု ကို သတင်းမှာ ဖျတ်ခနဲ ပြပြီးတဲ့ အခါမှာ နောက်ထပ်သတင်းတစ်ပုဒ်က တီဗီရှေ့က လူတွေကို အုန်းအုန်းကြွကြွဖြစ်စေခဲ့တယ်.....။ ခုနတုန်းက ပြစ်တင်ဝေဖန်နေတဲ့ သူတွေက အခုတော့ ကောင်းချီးဩဘာတွေညံလို့.....။

တိုးတိုးတိတ်တိတ် အားကျနေသူများ တစ်ယောက်နဲ့တစ်ယောက် မစားရဝခမန်းတွေ လိုက်ပြောရင်း တကြတ်ကြိတ်နဲ့ ဖြစ်နေကြသူများ....တကယ်ကို စုံတာ။ ဒီလို လူတွေအတွက် လူ့အသက်နဲ့ ဆိုင်တဲ့ ကိစ္စက ဒီလို သတင်းတစ်ပုဒ်လောက်တောင် စိတ်ဝင်စားဖို့ မကောင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သတင်းခေါင်းစဉ်က.....

ဘေကျင်းမြို့ရဲ့ အကြီးဆုံး ဝမ်လုပ်ငန်းစု၏ဆက်ခံသူနှင့် ယန်မျိုးရိုး သမီးကြီးတို့  မင်္ဂလာပွဲ

တီဗီ မျက်နှာပြင်မှာ မြင်နေရတဲ့ မင်္ဂလာမောင်နှံက မင်္ဂလာ ကိတ်မုန့်လေးကို ဓားလေးနဲ့ တိတိပပလေး ခွဲတယ်.....

ကိတ်မုန့်ပေါ်က ကော်ဓားလေးဘယ်လောက်ထက်လဲ.....သူနဲ့ သူ့အစ်ကိုတောင် သေကွဲ ကွဲခဲ့ရတယ်....။